Friday, June 18, 2010

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံးလွှတ်ရန် ကမ္ဘာ့ခေါင်းဆောင်များ တောင်းဆို

ခက်ထန် | စစ်အစိုးရနှင့် အတိုက်အခံများ၊ တိုင်းရင်းသား အုပ်စုများ၊ ဘာသာရေး အဖွဲ့အစည်းများ အကြား ရင်ကြား စေ့ရေးအတွက် ကုလသမဂ္ဂ၏ ဆောင်ရွက်နေမှုကို အာဆီယံနှင့် နိုင်ငံတကာက အသိုင်းအဝိုင်းက ပံ့ပိုးကူညီကြပါရန် ဒေါ်အောင်ဆန်းစုကြည်၏ ၆၅ နှစ်မြောက် မွေးနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ ခေါင်းဆောင်ဟောင်းများ အဖွဲ့ (The Elders) က တိုက်တွန်းကြောင်း သိရသည်။
ဂျိုဟန်နက်စ်ဘတ်တွင် ပြုလုပ်သည့် အစည်းအဝေးပြီးနောက် ဒေါ်အောင်ဆန်း စုကြည်အတွက် ပြင်ဆင်ထားသော လစ်လပ်နေသော ခုံနေရာနှင့် The Elders အဖွဲ့ဝင်များ (ဓာတ်ပုံ - theelders.org)

“တဦးနဲ့ တဦးအကြား ဆွေးနွေးမှုနဲ့ ရင်ကြားစေ့ရေး မလုပ်ဘဲ ငြိမ်းချမ်းရေးနဲ့ ရသင့် ရထိုက်တဲ့ သာယာ ဝပြောမှုကို ဘယ်တော့မှ ရနိုင်မှာ မဟုတ်ပါဘူး”ဟု The Elders အဖွဲ့ ဥက္ကဋ္ဌ ဒက်စ်မွန် တူးတူးက ပြောကြောင်း အဆိုပါအဖွဲ့၏ ထုတ်ပြန် ကြေညာ ချက်တွင် ဖော်ပြ ထားသည်။

ယမန်နေ့က တောင်အာဖရိက နိုင်ငံ၊ ဂျိုဟန် နက်စ်ဘတ်၌ ပြုလုပ်သော အစည်း အဝေးတွင် The Elders အဖွဲ့သားများ ဖြစ်သည့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်၊ အမေရိကန် သမ္မတဟောင်း ဂျင်မီကာတာ၊ အာဖရိကန် ဘုန်းတော်ကြီး ဒက်စမွန် တူတူး စသူတို့ တက်ရောက် ကြသည်။ ဒေါ်အောင်ဆန်း စုကြည်အတွက် ထိုင်ခုံနေရာ ကိုလည်း ပြင်ဆင်ထားပြီး ထိုနေရာမှာ လစ်လပ်နေသည်။


The Elders အဖွဲ့ကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင် မင်ဒဲလားက ၂၀၀၇ တွင် စတင် တည်ထောင်ခဲ့ပြီး သြဇာ တိက္ကမ ရှိသော ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ ပါဝင်သည်။

ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ အိုဟေး ကင်တားနား ကလည်း ကြေညာချက်တစောင်ထုတ်ပြန်၍ ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် တောင်းဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမြန်ဆုံး လွှတ်ပေးရန် ကုလသမဂ္ဂမှ လွတ်လပ်သော လူ့အခွင့်အရေး အဖွဲ့အနေဖြင့် မြန်မာ အစိုးရကို တိုက်တွန်းလိုကြောင်း၊ အားလုံး ပါဝင်နိုင်သည့် ရွေးကောက်ပွဲ ဖြစ်ရန် ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသည့် နိုင်ငံရေး အကျဉ်းသားများကို လွှတ်ပေးစေလိုကြောင်း ကင်တားနား၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ကင်တားနား၏ တိုက်တွန်းချက်ကို ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးက ကြိုဆိုလိုက်ပြီး နိုင်ငံရေး အကျဉ်းသား ၂၁၀၀ ကျော်ကို ခြွင်းချက် မရှိ လွှတ်ပေးရန် ထပ်မံ တိုက်တွန်းထားသည်။

ဗြိတိန် နိုင်ငံခြားရေး ဝန်ကြီးဌာနက လူမှုကွန်ရက် Face Book စာမျက်နှာ (http://www.facebook.com/fcoburma) တွင် ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ အမှတ်တရအတွက် စကားလက်ဆောင် လာရောက် ရေးသားကြပါရန်လည်း ဖိတ်ခေါ်ထား သည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ဇွန်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် မွေးနေ့ပွဲ ဆိုင်ရာ အခမ်း အနားကို ပြည်ပအခြေစိုက် ဒီမိုကရေစီ တပ်ပေါင်းစု ၁၀ စုတို့မှ ဦးဆောင်ပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရှိရသည်။


source by :ဧရာဝတီ

အပြည့်အစုံ ဖတ်ရန် ...

ရွေးကောက်ပွဲ မပျက်ရေးနှင့် ကြံ့ဖွံ့ပါတီအား ၀န်းရံရေး နအဖ ချမှတ်

ပေါက်ပေါက် | ပြီးခဲ့သည့်မေလအတွင်း နေပြည်တော် ကာကွယ်ရေးဝန်ကြီးဌာန စစ်ရုံးချုပ်တွင် ပြုလုပ်ခဲ့သည့် တိုင်းမှူး၊ တပ်မမှူးများ၏ ၂ဝ၁ဝ ပထမ လေးလပတ်အစည်းဝေးတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပသွားနိုင်ရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် ကျောထောက်နောက်ခံ ပြုသွားရန် ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။


ပြည်သာယာ စစ်ဆင်ရေး ညွှန်ကြားချက်ဟု အမည်ပေး ထားသည့် နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ တိုင်းမှူး၊ တပ်မမှူးများသို့ ညွှန်ကြားချက်တွင် နိုင်ငံရေး တိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပသွားနိုင်ရေး၊ ကြံ့ဖွံ့ပါတီအား ကျောထောက် နောက်ခံပြု ဝန်းရံပေးရေး အတွက် ဖော်ပြထားသည်ဟု စစ်ဘက်သတင်း ရပ်ကွက်အရ သိရသည်။ အပစ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စများကိုလည်း ရပ်ဆိုင်းထားကာ နောင်တက်လာမည့် အစိုးရသစ် လက်ထက်၌ ဆက်လက် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ယခုကာလအတွင်း စစ်တိုင်းဒေသအတွင်း နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေး၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ်များအတွက် စီမံချက်များ ရေးဆွဲပြင်ဆင်ထားရန် ညွှန်ကြားထားကြောင်း စစ်ဘက်နှင့် နီးစပ်သူတဦးက ပြောသည်။

နအဖအနေဖြင့် ယခင် ဗိုလ်ချုပ်ကြီးနေဝင်း လမ်းစဉ်အတိုင်း ကျင့်သုံးနေပုံရပြီး ယခုကာလအတွင်း စစ်ရေးထက် နိုင်ငံရေးတိုက်ပွဲအနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအား မဖြစ်ဖြစ်အောင် ကျင်းပသွားရန်ရှိသည်ဟု တရုတ်-မြန်မာနယ်စပ် စစ်ရေးအကဲခတ် ဦးအောင်ကျော်ဇောက ပြောသည်။

၎င်းက “ဗိုလ်နေဝင်းတုန်းကလည်း သန့်ရှင်းနဲ့ တည်မြဲကွဲတော့ တည်မြဲကို ကျောက်ထောက်နောက်ခံ ပြုခဲ့သေးတယ်၊ မဟန်တော့မှ ဖြုတ်ထုတ်တာတွေ လုပ်ခဲ့တာ။ ၁၉၇၄ တုန်းကလည်း စစ်ဗိုလ်ယူနီဖောင်းချွတ်ပြီး အာဏာယူခဲ့ကြတယ်။ အခုလည်း ဗိုလ်နေဝင်း လုပ်တဲ့အတိုင်း ဆက်လုပ်နေတာပါ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အာဏာရဖို့၊ အောင်မြင်စွာ ကျင်းပဖို့ လုပ်သွားမယ်။ ဒီကြားထဲ ငြိမ်းအဖွဲ့တွေကို ဖိအားပေးတာတွေ ဘာတွေ မလုပ်တော့ဘူး။ ကိုးကန့်ကို တိုက်ခဲ့တာ အခုချိန်အထိ တပ်မ (၃၃) ကို ပြန်မထုတ်နိုင်သေးဘူး။ တိုက်ပွဲဖြစ်ရင် ရွေးကောက်ပွဲနဲ့ အရမ်းကပ်နေပြီ။ ပြီးတော့ နိုင်ငံတကာနဲ့ တရုတ်ကြီးကလည်း နယ်စပ်ဒေသမှာ တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ တိုက်တာခိုက်တာကို မလိုလားဘူး” ဟု ပြောသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် နအဖစစစ်ခေါင်းဆောင်များနှင့် စစ်တိုင်းမှူးများက ထူထောင်ထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးအသင်းမှ နာမည်ပြောင်းထားခြင်းဖြစ်ပြီး ပါတီဥက္ကဋ္ဌ တာဝန်အား လက်ရှိ နအဖဝန်ကြီးချုပ် ဦးသိန်းစိန်က တာဝန်ယူထားသည်။


source by
:NEJ

အပြည့်အစုံ ဖတ်ရန် ...

Tuesday, June 15, 2010

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂)ဦးအား ဘာသာရေးအစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့

ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဆိုမာလီ ဘောလုံးပရိသတ် (၂) ဦးအား ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းမှ ကွပ်မျက်ခဲ့သည်။ အချိန်နှင့်ငွေဖြုန်းတီးသည့် အလုပ်ကို တားဆီး ထားသော်လည်း မလိုက်နာခြင်းကြောင့် ဟု ထုတ်ပြန်။

ဆိုမာလီ ဘောလုံးပရိသတ်(၂) ဦးအား ကမ္ဘာ့ဖလားပြိုင်ပွဲကို ကြည့်ရှုမိသဖြင့် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခုမှ သတ်ဖြတ်ကွပ်မျက်ခဲ့သည်ဟု ဗြိတိန်သတင်းစာ Telegraph ၏ တောင်အာဖရိက အခြေစိုက် သတင်းထောက်တစ်ဦးက ရေးသားဖော်ပြခဲ့သည်။



ယင်းပရိသတ်(၂)ဦးသည် မိုဂါ ဒစ်ရှူးမြို့အနီးရှိ ၄င်းတို့၏နေအိမ်တွင် နိုက်ဂျီးရီးယားနှင့် အာဂျင်တီးနားပွဲ ကြည့်ရှု နေချိန်တွင် ဘာသာရေး အစွန်းရောက် အဖွဲ့အစည်းတစ်ခု (အယ်လ်ရှာဟတ်) ၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရခြင်း ဖြစ်သည်။ ၄င်းတို့နှင့်အတူ အခြား (၁၀)ဦးမှာ ဖမ်းဆီးခံခဲ့ရပြီး၊ ၄င်းတို့(၂)ဦးမှာမူ ခုခံကာကွယ်မှုများ ပြုလုပ်သဖြင့် ကွပ်မျက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ယင်းပရိသတ်(၂)ဦး၏ ကိုယ်ရေး အချက်အလက်များနှင့် ပတ်သက်၍ လုံးဝရရှိခြင်း မရှိသေးကြောင်းလည်း သိရှိရသည်။

ဆိုမာလီနိုင်ငံ၏ မြို့များစွာကို အစိုးရက ထိန်းချုပ်နိုင်ခြင်း မရှိချေ။ အယ်လ်ရှာဟတ် အဖွဲ့အစည်းကသာ စိုးမိုးထားပြီး ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုသူများကို မိမိတို့ အပြစ်ပေး အရေးယူမည်ဟုလည်း ကြိုတင် ကြေညာထားသည်။

နိုင်ငံသားအားလုံးကို မြင့်မြတ်သည့် ဘာသာရေးအလုပ်ကိုသာ ပြုလုပ်ရန် ညွှန်ကြားထားကြောင်းလည်း သိရှိရသည်။ ယင်းအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ရှိတ်မိုဟာမက်အဒီအာရို့စ် က 'ကျွန်တော်တို့က ဆိုမာလီမှာရှိတဲ့ လူငယ်အားလုံးကို ကမ္ဘာ့ဖလားပွဲတွေ မကြည့်ဖို့ သတိပေးထားပြီးသားပါ။ ဒါဟာ တကယ်တော့ ငွေနဲ့အချိန်ကို ဖြုန်းတီးတဲ့အလုပ်ပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ တားမြစ်မှုကို မလိုက်နာလို့ ဒဏ်ခတ်ခဲ့တာပါ'ဟု ထုတ်ပြန်ခဲ့သည်။ ယင်းနေ့မတိုင်မီ တစ်ရက်ဖြစ်သည့် သောကြာနေ့က ဂျာမနီနှင့်သြစတြေးလျတို့ ကစားသည့်ပွဲတွင်လည်း ဆိုမာလီ ပရိသတ်(၃၀)ခန့်မှာ ဖမ်းဆီးခံခဲ့ရသည်ဟု သိရှိရသည်။ ဆိုမာလီတွင် ကမ္ဘာ့ဖလားပြိုင်ပွဲ ကြည့်ရှုရန် အသက်အန္တရာယ် လုံခြုံသည့်နေရာမှာ တစ်နေရာသာရှိပြီး အင်အားချိနဲ့သည့် အစိုးရမှ ထိန်းချုပ်ထားသည့် ဒါမူကီရုပ်ရှင်ရုံ ဖြစ်ကြောင်း သိရှိရသည်။


source by :New-Eleven

အပြည့်အစုံ ဖတ်ရန် ...

Tuesday, June 8, 2010

မြန်မာနိုင်ငံ၌ နျူကလီးယားလက်နက် မလိုအပ်ဟု NLD ပြော

ဖနိဒါ | စစ်အစိုးရအနေဖြင့် နျူကလီးယားလက်နက် စီမံကိန်းအစား ပြည်သူများ လက်တွေ့ ခံစားနေရသည့် ဒုက္ခများကို ဖြည့်ဆည်းပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။

“အမှန်ကတော့ လူတွေ ငတ်ပျက်နေတာ။ မီးရေမလာတာတွေ ဖြည့်ဆည်းပေးစမ်းပါဗျာ။ အဲဒါတွေ လုပ်ပေးရင် သူတို့ကို လေးစားဂုဏ်ယူမှာပါ” ဟု ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံမဟုတ်ခြင်း၊ ကျွမ်းကျင်သည့် သိပ္ပံပညာရှင်များ မရှိ သေးခြင်းတို့ကြောင့် အန္တရာယ်ရှိလာနိုင်သည်ဟု ဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေ ဆိုရင်လည်း ချစ်ခင်ရင်းနှီးနေတာဘဲဗျာ။ မလိုဘူး ထင်ပါတယ်။ သိပ္ပံနည်းတွေ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မှ စဉ်းစားရမဲ့ ကိစ္စပါ။ ကျနော်တို့ နိုင်ငံက ပေါတီးပေါ့စလုပ်တတ်တာ တွေရှိတော့ မတော်တဆ ဖြစ်ရင်လည်း သိပ်အန္တရာယ် ကြီးမားပါတယ်” ” ဟု သူက ပြောသည်။

စစ်အစိုးရသည် နျူကလီးယား နည်းပညာဆိုင်ရာ သင်တန်းများ တက်ရောက်ရန် စစ်တပ်မှ ရွေးချယ်၍ ရုရှနိုင်ငံသို့ စေလွှတ်သည်မှာ ၁ဝ နှစ်ခန့်ရှိပြီဖြစ်သောကြောင့် “အထိုက်အလျောက်” တတ်မြောက် လာပြီး လက်နက် ထုတ်လုပ်နိုင်ရေး စတင်လုပ်ဆောင်နေပုံရသည်ဟု သူက သုံးသပ်သည်။

ယခု နှစ် ဖေဖော်ဝါရီလ၌ ပြည်ပသို့ထွက်လာသူ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ လျို့ဝှက်လက်နက် ထုတ်စက်ရုံမှ အကြီးအကဲတဦးဟု ဆိုသူ ဗိုလ်မှူးစိုင်းသိန်းဝင်းက စာရွက်စာတမ်းနှင့် ဓာတ်ပုံ အထောက်အထားများကို နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB သို့ လွှဲပြောင်းခဲ့ခြင်းဖြစ် သည်။ ယင်းကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ယခုလ ၄ ရက်နေ့က ထုတ်လွှင့်သွားသည်။

ကမ္ဘာ့နျူကလီးယားဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့် ကြပ်မတ်နေသော နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အဖွဲ့ကြီး၏ ဒါရိုက်တာဟောင်း ရောဘတ် ကယ်လီကလည်း ယင်း အထောက်အထားများအရ စစ်အစိုးရသည် နျူကလီးယားလက်နက်အတွက် လိုအပ်သော ယူရေနီ ယမ်သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း ထင်ရှားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းရှင်းရေးဇုံ Treaty on South East Asia Nuclear Weapon Free Zone (SEANWFZ) ကို ၁၉၉၅ ခု ဘန်ကောက်တွင် ကျင်းပသည့် ASEAN အစည်းအဝေး၌ လက်မှတ်ထိုးထားသည်။

နောက်ဆုံးထွက်လာသည့် အစီရင်ခံစာနှင့် ပတ်သက်၍ IAEA က လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက စစ်အစိုးရအား မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

source by :မဇ္ဈိမ

အပြည့်အစုံ ဖတ်ရန် ...

မယ်လဒုက္ခသည်စခန်းတွင် ၀မ်းရောဂါဖြစ်ပွားမှု စိုးရိမ်စရာရှိ

ရဲရင့် | ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ရက်သတ္တ နှစ်ပတ်ခန့်အတွင်း ကာလ၀မ်းရောဂါဖြစ်ပွားသူ (၅၃) ဦး ရှိပြီဖြစ်သဖြင့် စိုးရိမ်စရာဖြစ်သည်ဟု စခန်းဆေးရုံတာဝန်ခံ ဆရာစောနေဆဲက ပြောကြားသည်။

၎င်းက “အရင်လ (၂၇)ရက်က စပြီး ဒီနေ့အထိ ကာလ၀မ်း ရောဂါဖြစ်သူ (၅၃) ဦးရှိသွားပြီ။ ရေကြောင့် အဓိက ဖြစ်တာပဲ၊ စခန်းမှာသုံးတဲ့ ရေက မသန့်ဘူး၊ လျှော်ဖွတ်တာလည်း ဒီရေပဲ၊ သောက်သုံးတာလည်း ဒီရေပဲ။ နောက်တချက်က အစားအစာပဲ။ အမှဲ့လွန်တဲ့ သစ်သီးတွေနဲ့ မသန့်တဲ့ ဟင်းသီး ဟင်းရွက်တွေကြောင့် ဒီကူးစက်ရောဂါ ဖြစ်ရတာပါ။ အခု ဖြစ်နှုန်းအရဆိုရင် စိုးရိမ်စရာ အဆင့်မှာ ရှိနေပါတယ်” ဟု ပြောသည်။

ရောဂါဖြစ်ပွားနေသူများကို စခန်းအတွင်းရှိ ကာလ၀မ်းရောဂါ ကုသရေးဌာနတွင် ကြပ်မတ်ကုသပေးလျက်ရှိပြီး စိုးရိမ်ဖွယ်ရာလူနာ (၅) ဦးမှလွဲ၍ သေဆုံးသူများ မရှိသေးကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်၍ လုပ်ဆောင်နေကြောင်း စောနေဆဲက ပြောသည်။

ရောဂါထိန်းချုပ်မှုအတွက် သင့်တော်သလိုသာ လုပ်ဆောင်နေရပြီး စခန်းတခုလုံး မပြန့်ပွားရေးအတွက် အထူးကြပ်မတ် လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

“အခုရောဂါဖြစ် ပွားနေတဲ့လူတွေက ရပ်ကွက် (၃) ခုက လူတွေပဲ ရှိသေးတယ်၊ အခြားရပ်ကွက်တွေ မပါသေးဘူး။ အခြားရပ်ကွက်တွေပါ ဖြစ်မယ်ဆိုရင် ကျနော်တို့ဆေးရုံမှာ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး၊ မယ်လစခန်းမှာ အဓိကပြဿနာက ရေပဲ။ ရေမလုံလောက်တော့ လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေတွင်းတွေကို ဖြစ်သလိုတူးပြီး သုံးစွဲကြတော့ တကယ်အန္တရာယ်များပါတယ်။ အဲဒီရေတွင်းတွေကို စစ်ဆေးကြည့်တော့ ကာလ၀မ်းရောဂါပိုးတွေ တွေ့ရတယ်” ဟု စောနေဆဲက ရှင်းပြသည်။

မယ်လဒုက္ခသည်စခန်းတွင် ရပ်ကွက် (၂၂) ခုရှိသည့်အနက် ရပ်ကွက် (၃) ခုတွင် ၀မ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ကျန်ရပ်ကွက်များသို့ ကူးစက်မှုမဖြစ်ရန် ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု စခန်းဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောသည်။

၎င်းက “ကူးစက်မှုအများဆုံးဖြစ်တဲ့ စီဝမ်းဘီ၊ စီသရီးအေနဲ့ စီသရီးဘီ ရပ်ကွက် (၃) ခုမှာရှိတဲ့ လက်လုပ်ရေတွင်းတွေကို ပိုးသတ်ဆေးတွေဖြန်းပြီးပိတ်ထားတယ်။ စခန်းတခုလုံးမှာလည်း ပညာပေးမှုနဲ့ စည်းကမ်းချက်တွေ ထုတ်ထားတယ်၊ ရောဂါကူးစက်မယ့် အစားအစာ ရောင်းချခွင့်တွေကိုလည်း ပိတ်ထားတယ်” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းတည်ရှိရာ ထာ့ဆောင်ရန်းမြို့နယ်၏ ထိုင်းကျန်းမာရေးအရာရှိတဦးက စခန်းအတွင်း ကူးစက်ရောဂါများ အလျင်အမြန်ဖြစ်ပွားရခြင်းမှာ ရေနှင့်မိလ္လာစနစ်မရှိဘဲ လူဦးရေထူထပ်စွာ နေထိုင်ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဒုက္ခသည်တဦးဖြစ်သူ စောကညောက “ဒီလို ကူးစက်ဝမ်းရောဂါဖြစ်တာ စခန်းထဲမှာ ရေမလုံလောက်တော့ ကိုယ့်အိမ်နားမှာပဲ ရေတွင်းတူးကြတယ်။ အိမ်သာနဲ့ရေတွင်းက နီးနီးကပ်ကပ်ဆိုတော့ အန္တရာယ်ရှိတယ်။ နောက်ပြီး ထိုင်းဈေးကွက်မှာ ရောင်းလို့မကုန်တဲ့ သစ်သီးဝလံမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးပေါပေါနဲ့ ကားအစီးလိုက် စခန်းထဲကဈေးမှာ လာရောင်းတာကို စခန်းတာဝန်ရှိသူတွေက ရောင်းခွင့်ပေးတယ်။ ဒီပြဿနာတွေကို တာဝန်ရှိသူတွေ အသေအချာ ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုတယ်” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းဆေးရုံကို ပြင်သစ်အခြေစိုက် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့စည်းတခုဖြစ်သည့် Aide Medical International (AMI) အဖွဲ့နှင့် ပူးတွဲဖွင့်လှစ် လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုစခန်းသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် (၆၅) ကီလိုမီတာအကွာတွင် တည်ရှိပြီး ဒုက္ခသည်(၅) သောင်းခန့် နေထိုင်လျက်ရှိသည်။


source by :ခေတ်ပြိုင်

အပြည့်အစုံ ဖတ်ရန် ...

တောင်ဥက္ကလာပ နေအိမ်တလုံး မီးလောင်၊ တဦး သေဆုံး

မင်းသက် | ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ နေအိမ်တလုံး ယမန်နေ့ နံနက် ၉ နာရီခန့်တွင် မီးလောင်ခဲ့ရာ လူတဦး သေဆုံးခဲ့သည်။

တောင်ဥက္ကလာပ အမှတ် ၁၁ ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ အသက် ၈ဝ ခန့်အရွယ် ဒေါ်ကလေးမ၏ အိမ်အမှတ် ၁၄၄ (ပေ ၂ဝ ၊ ပေ ၃ဝ အကျယ်) သွပ်မိုးပျဉ်ကာ ၂ ထပ်အိမ် မီးလောင်မှုအတွင်း လူပျိုလူလွတ်တဦးဖြစ်သူ အသက် ၄ဝ နှစ်အရွယ် ကိုသက်ထွန်းအောင် သေဆုံးသွားခြင်း ဖြစ်သည်။ သေဆုံးသူသည် ဒေါ်ကလေးမ၏ မြေးတော်စပ်သူဖြစ်ပြီး ကဗျာဆရာမောင်စိမ်းနီ၏ သား ဖြစ်သည်။

သူသည် လွန်ခဲ့သော လပိုင်းအတွင်း အရက်ဖြတ်ခဲ့သူဖြစ်ပြီး လေဖြတ်ဝေဒနာကို ခံစားနေရသူဖြစ်ကြောင်း အကို တော်စပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

‘’သူ့ကို ပြုစုရတယ်။ သူက နွားနို့သောက်ချင်တယ်ပြောတော့ သူ့ကို ကုတင်မှာအိပ်နေတာကနေ ထူပေးခဲ့ပြီး နွားနို့သောက်တယ်။ သူ နွားနို့သောက်နေတုန်း အိမ်ရှေ့လမ်းထောင့်က ဆိုင်မှာ အသုတ် သွားစားတာ။ တပွဲကုန်သွားတယ်။ ‘မီး’ ‘မီး’ လို့ အော်လို့ ကြည့်လိုက်တော့ အိမ်က ဖြစ်နေတယ်။ ကျနော်သွားတော့ အိမ်မှာ မီးတွေက တော်တော်လေးကို ဝါးမျိုနေပြီ။ အရင်ဆုံး အဖွားကို ပြေးယူပြီး သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေကို ပေးတယ်။ ပြီးတော့မှ သက်ထွန်းဆီကို သွားတာ။ သွားလို့ မရတော့ဘူး။ သွားရင် ကျနော်လည်း မီးလောင်သေမှာဆိုတော့ လူတွေကလည်း အော်ကြတယ်။ မသွားနဲ့ မသွားနဲ့ပေါ့ဗျာ။ အဲဒီလိုနဲ့ပဲ သက်ထွန်းကို ကျနော်တို့ မကယ်လိုက်နိုင်တာပါ’’ ဟု သူက ပြောသည်။

နံနက် ၉ နာရီကျော်ကျော်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ၉ နာရီခွဲခန့်တွင် တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနှင့် ဗဟိုမီးသတ်မှ မီးသတ်ကား စုစုပေါင်း ၁၇ စီး လာရောက်ငြှိမ်းသတ်ခဲ့ရာ ၁ဝ နာရီခန့်တွင် မီးငြိမ်းသွားသည်။ နေအိမ်တခုလုံး ပြာကျသွားကာ အနီးမှ အိမ် ၂ လုံးလည်း အနည်းငယ် ကူးစက်ခံခဲ့ရသည်။

နေအိမ်အပေါ်ထပ်တွင် ၂ ခန်း ပြုလုပ်ထားရာ အမျိုးသမီး ၂ ဦးအတွက် တခန်းငှားထားသလို၊ ၃ ဦးပါ မိသားစုတစုကို တခန်းငှားပေးထားသည်။ အောက်ထပ်တွင်မူ သေဆုံးသူ၏ ညီနှင့် ညီမအတွက် သီးသန့်တခန်း၊ အကိုဝမ်းကွဲက တခန်း၊ ဒေါ်ကလေးမနှင့် သေဆုံးသူ ကိုသက်ထွန်းအောင်တို့က တခန်းတွင် နေထိုင်ကြသည်။

သေဆုံးသူသည် ယခင်က အရက် အလွန်အကျွံသောက်ခဲ့ကာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေကြောင်း မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယခုမီးလောင်မှုသည် မီးဖိုမီး မီးကြွင်းမီးကျန်ကြောင့်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောဆိုသည်။

မိသားစုနှင့်နီးစပ်သူများကမူ အပေါ်ထပ်တွင် နေထိုင်သူများသည် ချက်ပြုတ်စားသောက်သူများ မဟုတ်ဘဲ၊ အောက်ထပ်တွင် နေသူများလည်း ထမင်းချက်စားချိန် မဟုတ်သေးကြောင်းနှင့် ကိုသက်ထွန်းအောင်သည် ဆေးလိပ်သောက်တတ်သဖြင့် မီးခြစ်ကို အိပ်ယာဘေးတွင် အမြဲထားရှိသူဖြစ်ကြောင်း ပြောသည်။ သို့သော် ၎င်းတို့အနေဖြင့် မီးလောင်မှု မည်ကဲ့သို့ စတင်ခဲ့ရသည်ကို အတည်ပြုနိုင်ခြင်း မရှိကြပါ။

လူ ၉ ဦး အိုးအိမ်မဲ့ဖြစ်သွားရာ အိမ်ရှင် ဒေါ်ကလေးမကို ဆွေမျိုးများက ခေါ်ဆောင်သွားကာ ကျန်ပုဂ္ဂိုလ်များကို ၁၁ ရက်ကွက် သာသနာ့ဟိတ ဓမ္မာရုံတွင် ဒေသခံများက ကျွေးမွေးစောင့်ရှောက်နေကြသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၅ဝ ကျော်မည်ဖြစ်ကြောင်း ဗဟိုမီးသတ် ကျွမ်းကျင် အရာထမ်းတဦးက ခန့်မှန်းပြောဆိုသည်။


source by :မဇ္ဈိမ

အပြည့်အစုံ ဖတ်ရန် ...

Friday, June 4, 2010

EU ၏ရပ်တည်ချက်တွေ ပြောင်းလည်းတော့မှာလား

တိုကျို - ဂျပန် | ဇွန်လ ၃ ရက်နေ့ မနေ့က NLD - LA (Japan)၊ Burma Office (Japan), ဂျပန်အလုပ်သမား သမဂ္ဂများ အဖွဲ့ချုပ် ကခေါင်းဆောင် တွေနဲ့ EU (European Union) က အထူးကိုယ် စားလှယ် (EU Special Envoy) မစ္စတာ ပီယဲရိုး ဖတ်စီနို (Mr. Piero Fassino) ဦးဆောင်တဲ့ ၇ ဦး အဖွဲ့နဲ့တွေ့ဆုံ ပြီး မြန်မာ့ အရေးကို ဆွေးနွေးခဲ့ကြပါတယ်။


ဒေါက်တာဦးမင်းညို နဲ့ ဦးသောင်းမြင့်ဦး တို့ပါဝင် တဲ့ မြန်မာဖက်ကခေါင်းဆောင်တွေ က အခု စစ်အစိုးရ စီစဉ်နေတဲ့ ရွေးကောက် ပွဲ မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD ခေါင်းဆောင်တွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ တွေ့ဆုံဆွေးနွေးမှု (Unconditional Dialogue) လုပ်ဖို့ အတွက် မြန်မာစစ် အစိုးရ ကို ဖိအားပေး တိုက်တွန်းပေး ဖို့ အဓိကထား ဆွေးနွေးကြ ပါတယ်။

ဒါပေမယ့် မစ္စတာ ဖတ်စီနို က စစ် အစိုးရရဲ့ ရွေးကောက်ပွဲ ကို လက်ခံဖို့ပဲ တိုက်တွန်းဆွေး နွေးသွားတယ် လို့ သိရပါတယ်။ NLD - LA (Japan) နဲ့ ခေါင်းဆောင်တွေ က စစ်အစိုးရ ရွေးကောက်ပွဲ ကိုဆန့်ကျင်သွားမှာ ဖြစ် ပြီး NLD ဗဟိုရဲ့ ရပ်တည် ချက် အတိုင်း၊ မြန်မာတိုင်းရင်းသားပြည်သူတို့ရဲ့ ဆန္ဒကိုထင်ဟတ်နိုင်မယ့် မိမိတို့ရဲ့ သဘောထားကို ထင်သာ မြင်သာအောင် ရှင်းလင်းဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

မစ္စတာဖတ်စီနို တို့ အဖွဲ့ဟာ ဂျပန်က အပြန်မှာ တရုတ်နိုင်ငံကို ၀င်ကြဦး မှာဖြစ်ပြီး ရွေးကောက်ပွဲ ကိစ္စ ကိုပဲ တရုတ်အစိုးရနဲ့ ဆက်လက်ဆွေးနွေး ဖွယ်ရာရှိတယ်လို့သိရပါတယ်။ တကယ်တော့ မစ္စတာ ဖတ်စီနိုဟာ စစ်အစိုးရ စိတ်ကြိုက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ရဲ့ တရားမျှတမှု မရှိတာလဲ သိတယ်လို့ ဆိုပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ ရလဒ် ကိုလဲ တစုံတရာ မှတ်ချက်ပေးခြင်းမရှိပါဘူးလို့လည်း သိရပါတယ်။

ကုလသမဂ္ဂ အထူးသံ ဂမ်ဘာရီ နဲ့ ဥရောပ အထူးသံ ဖတ်စီနို တို့ကြောင့် မြန်မာ့အရေး ဟာ ပိုမို တိုးတက် မလာတဲ့ အပြင် ပိုမဆိုး လာအောင်ပဲ ဆုတောင်းရတော့မလို ဖြစ်နေပြီလို့ မြန့်မာ့ အရေးစောင့်ကြည့်သူ များက မချင့်မရဲပြောဆိုနေ ကြပါတယ်။

ဘာသာပြန် ပေးပို့ပေးတဲ့ ၀၀၉ အား ကျေးဇူးတင်ရှိပါကြောင်း ကျွန်တော်များဘလောက်မှာ မှတ်တမ်းတင် ဖော်ပြအပ်ပါတယ်ခင်ဗျာ။

အပြည့်အစုံ ဖတ်ရန် ...