Tuesday, February 2, 2010

ကျွမ်းကျင်ရာ - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း


ယနေ့ လူ့ ကမ္ဘာလောကကြီးတွင် သူ့ကျွမ်းကျင်ရာနှင့်သူ၊ သူ့နေရာနှင့်သူ၊ ကိုယ်စီတာဝန်များကို ထမ်းဆောင်ကာ နှစ်ပေါင်း ကြာရှည် ပုံမှန်လည်ပတ်နေသည်မှာ အားလုံးအမြင်၊ တံမြက်စည်းလှည်းတံပြုလုပ်သူ ရှိသကဲ့သို့ လေယာဉ်တီထွင် ပြုလုပ်သူ ကလည်း ရှိသည်။ အလားတူ လေယာဉ် ပြုလုပ်သူ၏ အိမ်တွင် တံမြက်စည်း လှည်းတံ မရှိရင် မဖြစ်သကဲ့သို့ တံမြက်စည်း လှည်းတံပြုလုပ်သူကလည်း ရပ်ဝေး ခရီးသွားရန်အတွက် လေယာဉ်ကို စီးသွားရမည်ပင်။


ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဆရာဝန်မကြီးအား လူမသေ “ဆေး” မေးနေပုံ

အားလုံးက သူ့နေရာနှင့်သူ အံဝင်ခွင်ကျ လှုပ်ရှားသွားလာနေကြခြင်း ဖြစ်သည်။ တံမြက်စည်းလှည်းတံ ပြုလုပ်သူက လေယာဉ်တည်ဆောက်ခွင့် မရလို့ စိတ်ပျက်နေစရာ မလိုသလို လေယာဉ်တည်ဆောက်သူကလဲ အသေးစား တံမြက်စည်း ပြုလုပ်သည့် လုပ်ငန်းကို ၀င်ရောက်စွက်ဖက်ခြင်းငှာ သင့်တော်မည် မဟုတ်ပေ။

ကမ္ဘာလောကကြီး ဤသို့ ဤပုံ လည်ပတ်နေပေမယ့်လို့ ကမ္ဘာကြီးနှင့် ဆန့်ကျင်စွာ မြန်မာပြည်ကြီးကတော့ဖြင့် တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း၍ တမူထူးခြားစွာ သီးခြားလည်ပတ်နေသည်ကတော့ အံ့သြဖွယ်ရာပင်။ စစ်သားဟူသော ဝေါဟာရသည် စစ်တိုက်ရန်၊ ဆရာဝန်ဟူသော ဝေါဟာရသည် ဆေးကုသရန်၊ အင်ဂျင်နီယာသည် တံတားဆောက်ရန်၊ လမ်းဖောက်ရန်၊ အဆောက်အဦး တည်ဆောက်ရန်၊ တောင်သူလယ်သမားသည် စပါးအသီးအနှံစိုက်ရန်၊ တံငါသည်သည် ငါးဖမ်းရန် စသည် စသည်ဖြင့် သူ့ကျွမ်းကျင်ရာနှင့်သူ တာဝန်ထမ်းဆောင်နိုင်ကာမှ လုပ်ငန်းအောင်မြင် ပြီးစီးမည် ဖြစ်သည်။ ထိုသို့မှမဟုတ် ဆရာဝန်အား စစ်တိုက်ခိုင်း၍ အင်ဂျင်နီယာအား ဆေးကုခိုင်းကာ တံငါသည်အား တံတားဆောက်ခိုင်းလျှင် ဖြင့်တော့ ရှေ့ဆက် အကျိုးဆက်အား တွေးရဲမည် မဟုတ်ပေ။

ယနေ့မြန်မာပြည်ကြီးကတော့ ဆရာဝန်အား စစ်မတိုက်ခိုင်းသော်လည်း စစ်သားများ ကတော့ ယူနီဖောင်းကြီး တကားကား နှင့် ခွဲစိတ်ခန်းအတွင်းမှာ ပါရဂူ ဆရာဝန်များကို ညွှန်ကြားချက်ပေးနေသည်မှာ အံ့သြဖွယ်ရာပင်။ အစိုးရ အသံလွှင့်ဌာနများ မှာလည်း ၎င်းမြင်ကွင်းများကို နေ့စဉ်နှင့်အမျှ မြင်နေကျပင်။ ပါရဂူ ဆရာဝန်များက လက်ကလေးတွေ နောက်ပစ်၊ အချို့ဆို လက်အုပ်ကလေးတွေ ချီ၍ စစ်သားများ၏ ညွှန်ကြားချက်များကို ခေါင်းလေးညိတ်ကာ နာခံနေကြသည်ကိုတွေ့တော့ အနည်းငယ် စဉ်းစားမိသည်။ အနှီစစ်သားများသည် ဆရာဝန်များကို မည်သည့် ညွှန်ကြားချက်တွေ ပေးနေသနည်း။

ဖျားနာနေသည့် လူနာအား စစ်တပ်၏ ဇာတ်ကြမ်းတိုက် ကုသနည်းဖြစ်သော တပ်မတော်အရက် (Army Rum) ကိုများ တိုက်ခိုင်းနေသည်လား၊ ဒဏ်ရာရ လူနာအား မော်ဖိန်းထိုးခိုင်း နေသည်လား။ ခြေဖြတ် လက်ဖြတ် ရမည့် လူနာအတွက် အသားလှီးဓါးမကို မြိနေအောင် သွေးခိုင်းနေမည်လား၊ စစ်တပ်၏ ဆေးကုသမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များ ဆိုလျှင် ၎င်းအချက်များမှ လွဲ၍ မည်သည့် ညွှန်ကြားချက်မှ ပေးနိုင်လိမ့်မည် မထင်။ အဘယ်ကြောင့် ဆိုသော် စစ်သားသည် ဆေးကုသရန် မဟုတ်သောကြောင့် ဖြစ်သည်။ (စစ်ဆရာဝန်များ ရှိပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ယေဘုယျ ခြုံငုံပြောခြင်း ဖြစ်သည်)။

အလားတူပင် စစ်သားများသည် အင်ဂျင်နီယာများကိုလည်း ညွှန်ကြားချက်များ ပေးလေ့ရှိသည်။ မည်သည့် ညွှန်ကြားချက်များကို ပေးနေသနည်း။ ဟိုဘက်ကမ်း ဒီဘက်ကမ်း တံတားထိုးဖို့အတွက် သစ်တိုင်ရှည်ရှည်တွေကိုများ ရှာခိုင်းနေသည်လား၊ ရေနက်တိုင် စိုက်ဖို့အတွက်များ စီးနေသည့် မြစ်ရေ ချောင်းရေများကို ပိတ်ဆို့တားဆီး ခိုင်းနေသည်လား။ မြစ်ကူးတံတားတစ်ခုကိုများ သုံးလအတွင်း အပြီးဆောက်ခိုင်း နေသည်လား။ ဒီထက်ပို၍ စစ်သားများအနေနှင့် အင်ဂျင်နီယာ ပညာရပ်နှင့် ပတ်သက်ပြီး မည်သည့် ညွှန်ကြား ချက်တွေ ပေးနိုင်မည်နည်း။

သို့ပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်များသည့် နေ့စဉ်နှင့်အမျှ ကိုယ်နှင့်မဆိုင်သော ကိစ္စများတွင် ၀င်၍ ဆရာလုပ်ကာ အလုပ်မရှိ အလုပ်ရှာနေကြသည်မှာ တကယ်ကို စိတ်ပျက်စရာပင်။ အစိုးရ အသံလွှင့်ဌာနများမှ ကြည့်လိုက်လျှင် မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းအလုပ် များကိုပင် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ပြနေလေ့ရှိသည်။ သူတို့ထက်ပိုပြီး လုပ်နိုင်မည့်သူ မရှိသည့် ပုံစံမျိုး ချိုးနေသည်။

အမှန်စင်စစ် စစ်ဗိုလ်ချုပ်များ စီမံကိန်းခွင်များတွင် ပြောနေကျ စကားလုံးများမှာ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်း မှီရန်၊ သတ်မှတ်ရက်ထက် ဆောလျင်စွာ ပြီးစီးရန်၊ အလေအလွင့် ဆုံးရှုံးမှု မဖြစ်ရန်၊ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ် ကင်းရှင်းရန်၊ နေ့မအား ညမအား ကြိုးစားဆောင်ရွက်ရန် စသည့် အပ်ကြောင်း ထပ်နေသော စကားများသာ ဖြစ်သဖြင့် ပညာရှင်များ ငြီးငွေ့လာကြသည်။ ပညာရှင်များက လိုလားသည်မှာ စီမံကိန်းခွင်အတွင်း ပံ့ပိုးမှု ဘိလပ်မြေ၊ သံချောင်း၊ အုတ်၊ သဲ၊ ငွေကြေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းချက်ကို မျှော်လင့်ခဲ့ပါသည်။ လက်တွေ့နယ်ပယ်တွင်မူ ဗိုလ်ချုပ်များက အပြစ်ရှာရန်နှင့် သတ်မှတ်ရက်ထက် စောစီးစွာ ပြီးစီးရန် လာရောက် ဖိအားပေးခြင်းသာ ကြုံတွေ့နေရသည်။

ထိုသို့ အဓိပ္ပာယ်မရှိသော ညွှန်ကြားချက်များကို (၂) နာရီခန့် ဗိုလ်ချုပ်များ လာရောက် ပေးရန်အတွက် ၎င်းတို့မလာခင် (၃) ရက်ခန့်ကတည်းက အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း လုံခြုံရေးကို ယူပေးရသည်။ ထို့ပြင် ဧည့်ခံကြိုဆိုရေးအတွက်လည်း ဖတ်ဖတ်မောနေအောင် အပြေးအလွှား လုပ်ကြရသည်။ လုံခြုံရေးယူရသော စစ်သားများ၏ စားသောက်ရေးအတွက် နီးစပ်ရာ ရွာများ၊ မြို့နယ်များက တာဝန်ယူပေးရသေးသည်။ ပြည်သူများသည် ၎င်းစစ်ဗိုလ်ချုပ်များ၏ ခရီးစဉ်မပြီးမချင်း လွတ်လပ်စွာ သွားလာခွင့်မရကြ။ သူတို့ လာလျှင် ဆေးရုံ၊ ဆေးခန်း ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် နလံထ လူနာများပင်မကျန် ပန်းအတုများကို အရေးပေါ် စိုက်ခိုင်းရသည်။ ဆေးရုံမှာ မည်သည့်အခါမှ သုံးလေ့မရှိသော (X –ray) ကဲ့သို့ ကုသမှု စက်ကိရိယာများကို ထုတ်၍ ပြသထားရသည်။

ဆရာဝန်များက တကယ်လိုအပ်ချက်ဖြစ်သော လူနာများအား ဂရုစိုက်ကုသမှုအတွက် အချိန်မပေးနိုင်တော့ပေ။ ၎င်း စစ်ဗိုလ်ချုပ်ကြီးများကို ဧည့်ခံကျွေးမွေးဖို့အတွက် ၀ယ်ခြမ်း ချက်ပြုတ်ရသေးသည်။ လူနာများအား အသင့်အနေအထားနှင့် အစစ်ဆေးခံရန် ပြင်ဆင်ခိုင်းထားရသည်။ လူအများလည်း မသက်သာပေ။ အဓိပ္ပာယ်မရှိသော ညွှန်ကြားချက်များ ပေးရန်အတွက် ပုံမှန်လှုပ်ရှားနေသော ယန္တယားတစ်ခု အဘယ်မျှ ရပ်ဆိုင်းသွားရသနည်း။ စဉ်စားကြည့်ကြစေချင်ပါသည်။

ကျွန်တော် အထက်တွင် ဖော်ပြထားသည့် အချက်များမှာ ဥပမာ - တစ်ခုတစ်လေမျှသာ ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ၏ ကိုယ်နှင့်မဆိုင်သော ကိစ္စများတွင် ၀င်၍ ဆရာလုပ်သော ကိစ္စများကိုသာ ချရေးရလျှင် အတော်ရှည်လျားသော ဆောင်းပါးတစ်ပုဒ် ဖြစ်သွားမှာစိုး၍ အနည်းငယ်သာ ဖော်ပြရခြင်း ဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်များသည် လယ်သမားများ ကိုလည်း ညွှန်ကြားချက်ပေးသည်။ ပညာရေးနှင့် ပတ်သက်သော ကိစ္စရပ်များကိုလည်း ၀င် ဆရာလုပ်သည်။ မွေးမြူရေးနှင့် ပတ်သက်လျှင်လည်း အလွတ်မပေး။ ကူးသန်းရောင်း ၀ယ်ရေးနှင့် ပတ်သက်လျှင်လည်း လက်ဝါးကြီး အုပ်သေးသည်။ ၎င်းတို့နှင့် လွတ်သောနေရာ ဘယ်နေရာများ ရှိသေးသနည်း။ ဤတွင် နိုင်ငံ၏ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ပြေး၍ သတိရမိသည်။ ဂျပန် အပြေး အင်္ဂလိပ်အ၀င်မှာ အင်္ဂလိပ်တို့ ပေးသော (၉၁) ဌာန အုပ်ချုပ်ရေးကို မကျေနပ်၍ ကျဆုံးသည်အထိ ပြီးပြည့်စုံသော လွတ်လပ်ရေး ရအောင် တိုက်ပွဲဝင်သွားခဲ့သည်။ အခုခေတ်ကာလမှာများ အဖ ဗိုလ်ချုပ် အောင်ဆန်း ရှိနေခဲ့လျှင် (၉၁) ဌာန အုပ်ချုပ်ရေးကို မကျေနပ်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် ယနေ့ ဘာဌာနမှ မရသော ပြည်သူတွေအတွက် ဘာလုပ်ပြလေမည်နည်း။


အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက် ဖေါ်ပြပါမည်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့ အရေးအတွက် အိုဘားမား ဒေါ်လာ ၃၆.၅ သန်း အဆိုတင်သွင်း

Tuesday, 02 February 2010 16:06 လာလစ် ကေဂျာ့

အမေရိကန် သမ္မတ အိုဘားမားက မြန်မာနိုင်ငံ အတွင်းနှင့် မြန်မာ - ထိုင်း နယ်စပ် တလျှောက်ရှိ ဒီမိုကရေစီနှင့် လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီ လုပ်ငန်းစဉ်များ အထောက် အပံ့အတွက် အမေရိကန် ဒေါ်လာ ၃၆.၅ သန်းပေးရန် လွှတ်တော်သို့ အဆို တင်သွင်းလိုက်သည်။

စီးပွားရေး အထောက် အပံ့ရန်ပုံငွေ (Economic Support Fund) ၏ ၂၀၁၁ ခုနှစ် ဘတ်ဂျက်ကို လွှတ်တော်သို့ တင်သွင်းရာ၌ သမ္မတ အိုဘားမားက နိုင်ငံတွင်းနှင့် မြန်မာ - ထိုင်းနယ်စပ် တလျှောက်ရှိ မြန်မာ့ ဒီမိုကရေစီရေးနှင့် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီ လုပ်ငန်းများ အတွက် အထောက်အပံ့ ပေးနိုင်ရန် ယင်းငွေ ပမာဏကို အသုံးပြု သင့်သည်ဟု ထည့်သွင်း အဆိုပြုခြင်း ဖြစ်သည်။ ၂၀၁၁ ခုနှစ် ဘတ်ဂျက်သည် ၂၀၁၀ အောက်တိုဘာ လတွင် စတင် အသက်ဝင်မည် ဖြစ်သည်။

ပြည်ပ အခြေစိုက် မြန်မာ ကျောင်းသား အဖွဲ့များနှင့် တခြား အဖွဲ့အစည်းများ၏ လုပ်ငန်း ဆောင်တာများနှင့် နယ်စပ်များ တလျှောက်ရှိ မြန်မာ ဒုက္ခသည်များ အတွက် လူသားချင်း စာနာမှုဆိုင်ရာ အကူအညီများသည် ဤထောက်ပံ့မှု၌ အကြုံးဝင်ကြောင်း သိရသည်။

သမ္မတအိုဘားမား၏ အစိုးရအဖွဲ့သည် ရွှေ့ပြောင်းနေထိုင်သူများနှင့် ဒုက္ခသည်များဆိုင်ရာ အကူအညီ (Migration and Refugee Assistance) ခေါင်းစဉ်အောက်ရှိ မြန်မာဒုက္ခသည်များအတွက် အကူအညီ၌ ဒေါ်လာ ၄ သန်း တိုးမြှင့်ချမှတ်ပေးရန်ကိုလည်း အဆို ပြုခဲ့သည်။ အဆိုပါ ဒေါ်လာ ၄ သန်းမှာ မြန်မာနိုင်ငံအရှေ့ပိုင်းရှိ ပြည်တွင်း ရွှေ့ပြောင်း ဒုက္ခသည်များ(IDP)အား အစားအစာ၊ ဆေးဝါးနှင့် တခြား လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများ ထောက်ပံ့ကူညီနေသော ထိုင်းအခြေစိုက် လူမှုအခြေပြု လူ့အဖွဲ့ အစည်း များကို ပံ့ပိုးနိုင်ရန်ဖြစ်သည်။

ဤဘတ်ဂျက် အဆိုတင်သွင်းမှုအရ မြန်မာနိုင်ငံအတွက် ချမှတ်ထားသော ငွေကြေးအကူအညီများကို အသုံးပြု၍ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်မည့် အစုအဖွဲ့သည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မူဝါဒလမ်းစဉ်၊ ရည်မှန်းချက်များနှင့် သွေဖီမှုမရှိသည့် လုပ်ငန်းများကိုသာ အထောက်အပံ့ပေးနိုင်မည်ဖြစ်သည်။

ယင်းဘတ်ဂျက်အဆိုတင်သွင်းမှု၌ သမ္မတအိုဘားမား၏ အစိုးရအဖွဲ့အနေနှင့် မြန်မာစစ်အစိုးရသို့ ပေးအပ်မည့် မည်သည့် ချေးငွေ နှင့် ငွေကြေးအကူအညီများကိုမဆို နိုင်ငံတကာတွင် ကန့်ကွက်သွားမည် ဖြစ်ကြောင်း ထည့်သွင်းဖေါ်ပြထားသည်။

"ဘဏ္ဍာရေးဋ္ဌာန အတွင်းရေးမှူးသည် အမေရိကန်ပြည်ထောင်စု ပါဝင်သည့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတိုင်း၌ မြန်မာစစ် အစိုးရသို့ ချေးငွေ သို့မဟုတ် ငွေကြေး သို့မဟုတ် နည်းပညာအကူအညီပေးရန် သို့မဟုတ် ဘဏ်တခုခုမှ မြန်မာစစ်အစိုးရ အတွက် တခြားပုံစံဖြင့် ငွေကြေးသုံးစွဲရန် တင်ပြလာမှုများအား ကန့်ကွက်သွားရန်အတွက် ဦးဆောင်ညွှန်ကြားရေးမှူးကို လမ်းညွှန်သွားရ မည်"ဟုလည်း အဆိုတင်သွင်းမှုတွင် ဖေါ်ပြထားသည်။

တပြိုင်တည်းမှာပင် ဗီအိုအေ သတင်းဋ္ဌာနနှင့် တွေ့ဆုံ မေးမြန်းခန်းတခု၌ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ထပ်လောင်းတောင်းဆိုကြောင်း၊ သမ္မတ အိုဘားမား အစိုးရအဖွဲ့အနေနှင့် မြန်မာစစ်အစိုးရက ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပရန် အစီအစဉ်ဆွဲနေသည့် ရွေးကောက်ပွဲကို လွတ်လပ်၍ တရားမျှတမှုရှိသည့် ရွေးကောက်ပွဲအဖြစ် မြင်တွေ့လိုကြောင်း ပြောကြားသွားသည်။

"ကျမတို့ မြင်တွေ့လိုတာကတော့ မြန်မာပြည်သူတွေ သူ့တို့ရဲ့ ခေါင်းဆောင်တွေကို သူတို့ဘာသာ စိတ်ကြိုက်ရွေးချယ်ခွင့်ရမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ တရားဝင်ရွေးကောက်ပွဲတွေ ပဲဖြစ်ပါတယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တခြားနိုင်ငံရေးအကျဉ်းသားတွေ အမြန်ဆုံး လွတ်မြောက်လာတာကိုလည်း ကျမတို့မြင်လိုပါတယ်"ဟု မစ္စ ဟီလာရီ ကလင်တန်က ပြောကြားသွားသည်။

"ကျမတို့အနေနဲ့ မြန်မာပြည်နဲ့ ဒီ့ထက်ပိုကောင်းတဲ့ နှစ်နိုင်ငံ ဆက်ဆံရေးကို တည်ဆောက်ချင်တာပါ၊ အဲဒါနဲ့ ပါတ်သက်တဲ့ ဖြစ်နိုင်ချေတွေကိုလည်း ကျမတို့ဘက်က ကမ်းလှမ်းမှုတွေ လုပ်ပြီးပါပြီ။ ဒါပေမယ့် ကျမတို့တကယ်မျှော်လင့်ပြီး မြင်တွေ့လိုတဲ့အရာက မြန်မာစစ်အစိုးရအနေနဲ့ မြန်မာပြည်ဟာ အာဏာရှင် စနစ်အောက်က၊ အထီးကျန်မှုအောက်က ရုန်းထွက်လာပြီ၊ လူ့ အခွင့်အရေး ချိုးဖောက်မှုတွေလည်း နည်းလာပြီ ဆိုတာတွေကို ကျမတို့ကို သက်သေပြဖို့ပါပဲ။ အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာပြည်နဲ့ ဒီ့ထက်ပိုကောင်းတဲ့ နှစ်နိုင်ငံဆက်ဆံရေးတည်ဆောက်ဖို့ အဆင်သင့်ပါ၊ မြန်မာပြည်ကို ကူညီဖို့လည်း အဆင်သင့် ပါပဲ။ ဒါပေမယ့် ကျမတို့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေကို အရင်တွေ့လိုပါတယ်"ဟု မစ္စဟီလာရီက ဗီအိုအေသို့ ဆက်လက် ပြောကြားသွားခဲ့သည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးတွင် ပူးပေါင်းပါဝင်ကြပါစို့

လေးစားအပ်ပါသော ပြည်တွင်းပြည်ပမှ မြန်မာလူထုကြီးရှင့်။

မြန်မာတမျိုးသားလုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်စေရန် ရည်သန်၍ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးတွင် ပူးပေါင်း ပါဝင်ကြပါရန် တိုက်တွန်း နှိုးဆော်အပ်ပါတယ်။

အလုပ်သမား၊ တောင်သူလယ်သမား၊ ကျောင်းသားလူငယ်၊ တပ်မတော်သားများ အပါအ၀င် ပြည်သူ လူထုတရပ်လုံးသို့ နှိုးဆော်စာများကို ပူးတွဲပေးပို့အပ်ပါတယ်။

ဘလော့များတွင် တင်၍ဖြစ်စေ၊ ဖိုရမ်များမှ တဆင့်ဖြစ်စေ၊ အီးမေးလ်များ forward လုပ်ခြင်းဖြင့် ဖြစ်စေ၊ ပရင့်ထုတ်၍ ဖြစ်စေ လက်လှမ်းမှီရာ ဖြန့်ဝေခြင်းဖြင့် အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးမှာ ပူးပေါင်း ပါဝင်ကြပါစို့။

လေးစားစွာဖြင့်
ခင်မမမျိုး







အပြည့်အစုံ ဖတ်ရန် ...

မြန်မာအလုပ်သမားများအသတ်ခံရမှု အာဏာပိုင်များပါဝင်

ရဲရင့် / ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ


မြန်မာအလုပ်သမားများ အုပ်စုလိုက် အသတ်ခံရမှုတွင် အာဏာပိုင် အဖွဲ့ဝင်များ ပါရှိသဖြင့် မကြာမီရက်အတွင်း ၎င်းတို့ကို ဖမ်းဆီးမည်ဟု ထိုင်းအမှတ် (၆) ရဲတိုင်းမှူး ဒု-ဗိုလ်ချုပ်ကြီး ဆူရစီဆွန်ထောင်းဆာရထွန်က မဲဆောက်မြို့တွင် ယနေ့ပြောကြားသည်။


ယခင်သတင်းပတ်အတွင်း တောလမ်းခရီးဖြင့် မဲဆောက်မှ ဘန်ကောက်သို့ သွားသည့် မြန်မာနိုင်ငံသား (၁၂) ဦးထဲမှ (၉) ဦးကို မြန်မာများနှင့် ထိုင်းအာဏာပိုင်အဖွဲ့အစည်းမှ လူအချို့က ဖမ်းဆီးပြီး ငွေတောင်းခံရာမှ ငွေမရသည့်အဆုံးတွင် သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဖြစ်သည်ဟု တိုင်းမှူးက ပြောသည်။

ယနေ့ညနေ (၄) နာရီခွဲက မဲဆောက်ရဲစခန်းတွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ရဲတိုင်းမှူးက “တောထဲမှာ ဒီလူတွေကို ဖမ်းပြီး အာဏာပိုင်အဖွဲ့က လူတချို့နဲ့ မြန်မာတချို့ပေါင်းပြီး အသတ်ခံရသူတွေရဲ့ ဆွေမျိုးတွေရှိရာ မြန်မာပြည်ကို တယ်လီဖုန်းနဲ့ ပိုက်ဆံလှမ်းတောင်းတဲ့ အချက်အလက်တွေ စစ်ဆေးတွေ့ရှိခဲ့တယ်။ ပြစ်မှုကျူးလွန်သူကို ဒီရက်ပိုင်းအတွင်းမှာပဲ ဖမ်းဆီးနိုင်မှာ ဖြစ်တယ်” ဟု ဒေသခံသတင်းထောက်များကို ပြောသည်။

“မြန်မာလူမျိုးတွေ ထိုင်းကို ဘယ်လိုပုံစံနဲ့ပဲ ၀င်လာဝင်လာ အခုလို လုပ်တာမျိုး၊ ဥပဒေမဲ့သတ်ဖြတ်မှုကိုတော့ ဥပဒေအရ ဘယ်လိုမှ ခွင့်မပြုဘူး” ဟုလည်း ၎င်းက ဆက်ပြောသည်။

ဝါရင့်ထိုင်းသတင်းထောက်တဦးကလည်း “ဒီအမှုနဲ့ ပတ်သက်ပြီး မဲဆောက်ကို ရဲတိုင်းမှူးဆင်းလာတယ်။ ရဲလုပ်ငန်းစဉ်အရ စစ်ဆေးမှုတွေ ပြီးသလောက် ဖြစ်သွားပြီး ပြစ်မှုကျူးလွန်သူတွေကိုလည်း ရဲက သိနေတဲ့ သဘောဖြစ်နေပြီဆိုတော့ မနက်ဖြန် လောက်ဆိုရင် ပြစ်မှုကျူးလွန်သူကို ဖမ်းတော့မယ် ဆိုတဲ့သဘောမျိုး ပြောသွားတာဖြစ်တယ်” ဟု ပြောသည်။

ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် ကျိုက်ပေါင်ကျေးရွာမှ ရွာသား (၉) ဦးနှင့် အခြားအမည်မသိရွာမှ (၃) ဦးအပါအ၀င် (၁၂) ဦးပါ အဖွဲ့သည် တဦးလျှင် ဘတ်ငွေ (၁) သောင်းနှုန်းဖြင့် လူကယ်ရီ၏အစီအစဉ်အရ ယခင်လ (၂၇) ရက်က တောလမ်းခရီးဖြင့် ထွက်ခွာရာ နောက်တနေ့တွင် ၎င်းတို့အထဲမှ လူ (၄) ဦး၏ အလောင်းများကို ဖို့ဖတ်မြို့နယ်ရှိ တောထဲတွင် ဒေသခံများက တွေ့ရှိခဲ့ပြီး နောက်ထပ် (၃) လောင်းကို ယခင်လ (၃၁) ရက်နေ့က မဲဆောက်မြို့ပြင် တောထဲတွင် တွေ့ရှိခဲ့ခြင်းဖြစ်သည်။

အဆိုပါသေဆုံးသူများမှာ မဲဆောက်မှတဆင့် ဘန်ကောက်သို့အသွား မဲဆောက်နှင့် ဖို့ဖတ်မြို့နယ်အကြား တောလမ်းခရီးတွင် အမည်မသိ သေနတ်သမားများ၏ သတ်ဖြတ်မှုကြောင့် သေဆုံးရခြင်းဖြစ်သည်။

သေဆုံးသူများမှာ ဦးခေါင်းတွင် သေနတ်ဒဏ်ရာများရှိပြီး ယင်းဒဏ်ရာများမှ ကျည်များကို စစ်ဆေးခဲ့ရာတွင် ဒဿမ (၃၈) နှင့် ဒဿမ (၂၂) ကျည်များဖြစ်ကာ အဆိုပါကျည်များမှာ လက်နက်ကိုင်အဖွဲ့အစည်းများတွင် သုံးသည့် ကျည်များဖြစ်သည်ဟု သိရသည်။

အဆိုပါ မြန်မာ (၁၂) ဦးထဲမှ သေဆုံးသူများ၏အလောင်း (၇) လောင်းကို မဲဆောက်ဆေးရုံနှင့် ဖို့ဖတ်မြို့နယ် ဆေးရုံရှိ ရေခဲတိုက်တွင် ထားရှိပြီး အဆိုပါအလောင်းများကို သင်္ဂြိုဟ်ရန် ဆွေမျိုးသားချင်းများက မဲဆောက်တွင် စောင့်ဆိုင်းလျက်ရှိသည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ထိုင်းရဲမှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီး အလားတူမြန်မာများ အစုလိုက် သတ်ဖြတ်ခံရမှုများ မဲဆောက်နှင့်အနီးဝန်းကျင်ရှိ မြို့နယ်တို့တွင် ဖြစ်ပွားခဲ့ဖူးသည်။


source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

လေမုန်တိုင်း မိတော့မဲ့ လေတပ်

စစ်အာဏာရှင်တွေဟာ စစ်သည်များ အဆင့်တိုးမူကို ၁၀-၁-၂၀၁၀ ကာကွယ်ရေး ဦးစီးချုပ်ရုံး (လေ) ၄ လပတ် အစည်းအဝေးမှာ ပြင်ဆင်ပြီး လတ်တလော လေတပ်မှ စစ်သည်များစွာအား အဆင့်တိုးမြှင့် ပေးလိုက်ပါတယ်။ ဒါဟာ စစ်သည်များ အရေး ဦးစားပေးပါတယ်ဆိုတဲ့ ပညာပြ လှည့်စားမှုတစ်ခုသာ ဖြစ်ကြောင်း လေတပ်အသိုင်းအ၀ိုင်းမှ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ်သို့ သတင်း ပေးပို့လာပါတယ်။ လေတပ်အင်အား ဖြည့်တင်းဖို့ အသစ်ထပ်မံ ရောက်ရှိလာမယ့် MiG 29 နဲ့ Mi-35 လေယာဉ် ရဟတ်ယာဉ်အုပ် အသစ်များဆီ Posting ပို့ရာမှာ အသံမထွက်ကြအောင် ကြိုကန်ထားတဲ့ သဘော ဖြစ်တယ်လို့ လေတပ်အရာရှိများမှ သုံးသပ်ကြပါတယ်။



ဒါ့အပြင် နေပြည်တော်မှာ လေတပ်စခန်း ဌာနချုပ် အသစ်တစ်ခုနဲ့ ရခိုင်ပြည်နယ်ဘက်မှာ "အမ်း လေတပ်စခန်းဌာနချုပ် အသစ်တစ်ခု" ဖွင့်လှစ်ရန်တို့ အတွက် ဖွဲ့စည်းပုံ တိုးချဲ့ဖို့ ပြင်ဆင် စိုင်းပြင်းနေပါတယ်။

၂၃-၁-၂၀၁၀ ရက်နေ့က ဒုဗိုလ်မှူးကြီး ရာထူးတိုးရာမှာ DSA 34,35,36,37 နဲ့ OTS-88,94 တို့မှ လေသူရဲများနဲ့ အင်ဂျင်နီယာအရာရှိ ဗိုလ်မှူး (၉) ဦး ပါဝင်ပြီး သူတို့ဟာ ၁-၂-၂၀၁၀ မှ ၁၀-၂-၂၀၁၀ အထိ နေပြည်တော်မှာ ၂ ပတ်သင်တန်း တက်ရောက်နေကြပြီ ဖြစ်ပါတယ်။

ကျန်တဲ့ အရာရှိများထဲမှ သာမန်ဘွဲ့ရ အရာရှိများ (ယခင် ခွက်ပျောက်စစ်ဗိုလ် ဆောင်းပါးပါ အရာရှိများ)၊ လေကြောင်းလမ်းပြ အရာရှိများကတော့ ပြစ်မှု မရှိပါပဲလျက်နဲ့ အင်ဂျင်နီယာ မဟုတ်ဟု ဆိုကာ ဗိုလ်ကြီးအဆင့်မှာပင် ရှိနေဆဲ ဖြစ်ပါတယ်။ လေသူရဲများထဲမှလည်း မည်သို့မျှ မသိရပဲ အဆင့်တိုး မပါသူ များစွာ ကျန်ရှိနေသေးရာ ထွက်စာ တင်ထားသော အရာရှိများရဲ့ ထွက်စာကိုပင် လေတပ်စခန်းမှူးများမှ အပေါ်ကို ဆက်မတင်ရဲပဲ ကာကွယ်ရေး ဦးစီးချုပ် (လေ) အငြိုငြင် မခံရရေးကိုသာ သတိထား ဆောင်ရွက်နေ ကြရပါတယ်။

လောင်းကစားမှု၊ ခွင့်မဲ့ပျက်ကွက်မှု၊ လိမ်လည်မှု စသည်တို့ ကျူးလွန်သော အရာရှိများကိုတော့ သက်ဆိုင်ရာတပ်မှူး၊ စခန်းမှူးတို့မှ မထိန်းနိုင်ရကောင်းလား ဟု မာန်မဲကာ အရေးမယူပဲ ဆုံးမပါဟုသာ ကာကွယ်ရေးဦးစီးချုပ် (လေ) က ဆိုပြန်ရာ အရာရှိကြီးများနှင့် စည်းကမ်းထိန်းသိမ်းလိုသော ကျန်အရာရှိများ အတွက် နားလည်ရခက်နေပါတော့ တယ်။ လေတပ်အတွင်းမှာ မုန်တိုင်း တိုက်ခိုက်တော့မယ့် အနေအထားနဲ့ လေပြေလေညင်း အရင်လာလေသလားရယ်လို့ စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုက်ဒ်ကို သတင်း ပေးပို့ လာပါတယ်ခင်ဗျား။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 31, 2010

နအဖ ရွေးကောက်ပွဲနှင့် စပ်လျဉ်းသည့် တစ်ပတ်အတွင်း နိုင်ငံရေး အဖြစ်အပျက်များ


အပြည့်အစုံ ဖတ်ရန် ...

870 ခေါ် “ဖား” ကောင်းတဲ့ ဗမာ့တပ်မတော်

ဆောင်းပါးရှင် – Lt.Comet (ရုရှားပြန် တပ်မတော် အရာရှိ တစ်ဦး)

အောက်ခြေစစ်သားများဆိုတဲ့ အသုံးအနှုန်းက ဗိုလ်မှ စ၍ ရဲဘော်အထိပါဝင် ပါသည်။ အဘယ်ကြောင့် ဆိုသော် ဗိုလ်ကြီး ဖြစ်သွားပါက ဗိုလ်ကြီးများမှာ တပ်ရင်း၏ ဦး၊ရေး၊ထောက်(စစ်ဆင်ရေး၊ အုပ်ချုပ်မှုနဲ့ သက်ဆိုင်သော စစ်ရေးနဲ့ စစ်ထောက်ကိစ္စရပ်များ) စသည်များကို ကိုင်တွယ်ဖြေရှင်း ရသော အရာရှိများ ဖြစ်သည့်အားလျှော်စွာ လာဘ်စားမှူများကိုပါ ပူးပေါင်းပါဝင်၍ ကြံစည်ကြရသော အရာရှိများအဖြစ်သို့ ရောက်ရှိသွားပြီး ၄င်းတို့ သည်လည်း မိမိ၏ အိတ်ကဒ်ထဲသို့ သာထည့်သော သူများ ဘ၀သို့ရောက်ရှိ သွားပါတော့သည်။

ကျွန်တော်တို့ နိုင်ငံရှိ စစ်သည် (စစ်သည်ဆိုသည်မှာ ဗိုလ်ချုပ်မှူးကြီးမှ ရဲဘော်အထိ သုံးနှူန်းသော စစ်သုံး စကားဖြစ်ပါသည်) အင်အားမှာ ၄ သိန်းရှိသည်ဟု အများပြည်သူတွေကို ကြေငြာထားသော်လည်း ကက (ကြည်း) တွင် အမှန်တကယ်ရှိသော စစ်သည်အင်အားမှာ ၂ သိန်းကျော်မျှသာ ရှိကြောင်း သိရပါသည်။ ထို့အပြင် အမှန်တကယ် မြေပြင်(တပ်ရင်း) တွင်ရှိသော အင်အားမှာ ၂ သိန်းပင် မပြည့်ပါ။ အဘယ်သို့သော အကြောင်းကြောင့် ကက (ကြည်း) စာရင်းတွင် ၂ သိန်းရှိသည်ဟု ဖော်ပြထားသနည်း ဆိုသော် အောက်ခြေ တပ်ရင်းများသည် မိမိတပ်ရင်း အတွင်း၌ ရဲဘော်များ ထွက်ပြေးမှူများကို ချက်ချင်း အကြောင်း မကြားဘဲ ရဲဘော်များ၏ လစာများကို တပ်ရင်းမှူးများ ထံသို့ ဆက်သကြရသောကြောင့် စစ်သည်အင်အား ထိုသို့ကွာဟချက်များ ဖြစ်ပေါ်လာရပါသည်။ ထို့အပြင် တပ်ရင်းတစ်ရင်း၌ ရှိရမည့် အင်အားမှာ ၇၀၀ ဦးခန့်ရှိရမည်ဆိုသော်လည်း အခုလတ်တလောရှိသော အင်အားမှာ ၁၅၀ဦး ရှိသော တပ်ရင်း ၅၀ ရင်းခန့် ရှိမည်ဆိုလျှင် ပင်အတော်ကလေး ကံကောင်းသော တပ်ရင်းများဟု ပြောရမလိုဖြစ်နေပါသည်။ တပ်ရင်းမှူး များသည်လည်း မိမိအိတ်ကဒ်ထဲသို့ ထည့်လိုက်ရသော ငွေများမှာ ကြာရှည်မခံပါ။ အဘယ်ကြောင့်ဆိုသော တပ်မ ၁ ခု၏ လက်အောက်၌ တပ်ရင်း ၁၀ ရင်းရှိပါသည်။

တပ်ရင်းမှူးများသည် တပ်မမှူး၏ အိမ်သို့ တစ်လ လျှင် ဆန် ၁ အိတ် နှင့် ဆီပုံး ၁ ပုံး ပုံမှန် ပေးကြရပါသည်။ ဤသည်ကား ပုံမှန်ဆက်သရသော ဆက်သမှူမျိုး ဖြစ်ပြီး စစ်ဆင်ရေးကာလများ၌ တပ်မမှူးထံသို့ သွားရောက်ကာ ကြေးကြီး ဆက်သမှူမျိုး ပြုလုပ်ကြရ ပြန်ပါသည်။ ထိုသို့ ပြုလုပ်ခြင်းများ မရှိပါက ယင်းတပ်ရင်းသည် ဆိုးသွမ်းလှသော စစ်ဆင်ရေးနယ်မြေသို့ ရောက်ရှိသွားရပါသည်။ တချို့သော တပ်ရင်းမှူးများမှာ မိမိရဲဘော်များအား သနားချင်သယောင် ရှိသော်လည်း တကယ့်လက်တွေ့တွင်မူ မိမိ၏ အသက်နှင့် မိမိ၏ စည်းစိမ်များ ရာထူးအာဏာများ ဆက်လက် ရှင်သန်ရန်အတွက် တပ်ရင်း စာရင်းဇယား များထဲမှ ငွေများကို အသုံးပြု၍ တပ်မမှူးများကို ဆက်သနေကြရပါသည်။ တပ်ရင်းမှူးများသည် ဤကဲ့သို့သော ဆက်သမှူမျိုးကို ပြုလုပ်ကြသကဲ့သို့ တပ်မမှူးများ သည်လည်း တိုင်းမှူးများထံသို့ အလားတူ ဆက်သမှူမျိုးများကို ပြုလုပ်ကြ ရပါသည်။ ထို့အတူ အချို့တပ်ရင်းမှူးများသည် တပ်မမှူးများနှင့် သင်တန်း တစ်ပတ်စဉ်ထဲ ဆင်းများ ဖြစ်နေပါက ၄င်းတပ်ရင်းသည် မည့်သည့်ကိစ္စကိုမှ ဂရုမစိုက်ဘဲ ယင်းတပ်ရင်းမှူး အိတ်ကဒ်ထဲသို့သာ ငွေများ ၀င်သွားသည့် ဘ၀သို့ရောက်ရပြန်ပါသည်။

ထိုတပ်ရင်းများတွင်ရှိသော ရဲဘော်များမှာ သနားစရာ အကောင်းဆုံး ဘ၀ ဖြစ်ရပါသည်။ ရဲဘော်များသည် သူတို့၏ စိတ်ထဲတွင် စွဲနေသော ခံယူချက်တစ်ခုမှာ ထမင်းစား သစ္စာဆိုရာတွင် ပါဝင်သော အချက်ပင်ဖြစ်ပါသည်။ ယင်းအချက်မှာ “နိုင်ငံတော်မှ ကျွေးသော ထမင်းကိုစား၍ နိုင်ငံတော်၏ သစ္စာကို စောင့်သိရိုသေပါမည်” ဆိုသော အချက်ပင်ဖြစ်ပါသည်။ ရဲဘော်များ၏ စိတ်ထဲတွင်ရှိသော အချက်မှာ တပ်မတော်မှ သူတို့ကို ထမင်းကျွေးထားသည် ဆိုသည့် စကားရပ်ပင် ဖြစ်ပါသည်။ တပ်မတော်မှ ထမင်းကျွေး ထားသောကြောင့် အထက် အကြီးအကဲများ ခိုင်းသော ကိစ္စ ဟူသမျှကို မငြင်းပယ်ဘဲ အရာ အားလုံးလုပ်ပေးသော ရဲဘော်များ၏ ဘ၀မှာ တကယ်ပင် သနားစရာ ကောင်းလှပါသည်။ တပ်မတော် အတွင်း၌ ပြည်သူများကို ပြောဆိုရာတွင် ကျင့်ဝတ် ၆၀ ကို အခြေခံပြီး ပြောဆိုကြသောကြောင့် ပြည်သူ အများမှာ အထင်ကြီးကြပေမဲ့ ကျင့်ဝတ်ဆိုသော စာပုဒ်များသည် စာထဲ၌သာ ရှိပြီး အပြင်ဘ၀တွင် ထို မူကို မူ အနေနဲ့သာထား၍ လူတွေက လုပ်ချင်ရာကိုသာ လုပ်နေကြသော စစ်တပ်၏ သဘောတရားများကို အများပြည်သူသိရှိစေရန် ရေးသားလိုက် ရပါသည်။

ပြည်သူလူထုအပေါ်တွင် မဆိုထားနဲ့ ရဲဘော်ရဲဘက်များအပေါ်တောင်.အမြီးကျက် အမြီးစား၊ ခေါင်းကျက် ခေါင်းစား နိုင်ထက်စီးနင်း အတောမသတ်နိုင်တဲ့ လောဘရှင် စစ်အာဏာရူးတွေ ခေါင်းဆောင်နေသော ဒီမြန်မာနိုင်ငံကတော့ နလံမထူနိုင်တာ ဘာမှမဆန်းပါ။ ဒီစစ်ခေါင်းဆောင်တွေ အကြောက်ဆုံးကလဲ တပ်အတွင်းက လူတွေ ဘက်ပြောင်းမှာ ကိုသာဖြစ်လို့ ဗိုလ်ကြီးဝင်းထိန်ကိုတောင် ပြန်မလွှတ်ရဲဘဲ ပြန်ဆွဲလိုက် တာကိုက သက်သေပြလိုက်ပါသည်။ မြွေမြွေချင်း ခြေမြင် ဆိုသလို ဖေါက်ပြန်နေသော နအဖ အကြောင်းကို တပ်မတော်သားများအားလုံး သိရှိနားလည်ပြီး ဖြစ်၍ ပြည်သူလူထုနဲ့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ်ကို အမြစ်မကျန်အောင် ဖြိုခွင်းကြရန် တိုက်တွန်းနှိုးဆော် လိုက်ရပါသည်။ တဆက်ထဲမှာပင် တပ်အတွင်းကို စည်းရုံး လှုပ်ရှားကြပါရန်နှင့် ဘက်ပြောင်းလာသော တပ်မတော် သားများကို လက်ကမ်းကြိုဆိုကြပါရန် ဒီမိုကရေစီ ဘက်တော်သားများအား မေတ္တာရပ်ခံ တင်ပြအပ်ပါသည်။


source by : http://www.photayokeking.org


အပြည့်အစုံ ဖတ်ရန် ...