Sunday, October 16, 2011

ရန်ကုန်လေဆိပ်ရောက် မစုစုနွေး နှင့် လိုတိုရှင်း အင်တာဗျူး




ခန္တီးအကျဉ်းထောင်တွင် ယုံကြည်ချက်ကြောင့် အကျဉ်းကျခံခဲ့ရပြီး ဒုတိယအကြိမ် လွတ်ငြိမ်း ချမ်းသာခွင့်အရ လွတ်မြောက်လာခဲ့သူ မစုစုနွေးသည် ယနေ့ ညနေ ၅ နာရီ ၃ဝ မိနစ်ခန့်တွင် ရန်ကုန်မြို့သို့ ဆိုက်ရောက်လာခဲ့ပြီး ခေတ္တ တည်းခို နေထိုင်မည့် ရန်ကင်းမြို့နယ်သို့ ဆက်လက် ထွက်ခွာသွားပြီ ဖြစ်ကြောင်း The Voice Weekly အကြီးတန်း သတင်းထောက်တစ်ဦးက သတင်းပေးပို့သည်။

မြန်မာ့လေကြောင်းလေယာဉ်ဖြင့် ခန္တီးမြို့မှ ရန်ကုန်မြို့သို့ လိုက်ပါလာသော မစုစုနွေးမှာ ကျွန်းပတ်ခရီးစဉ်ဖြင့် တွေ့ကြုံမှုကြောင့် လေယာဉ်ပေါ်တွင် နာရီပေါင်းများစွာ ကြာအောင် စီးနင်းခဲ့ရပြီး နေပြည်တော်၊မန္တလေး စသော မြို့များသို့ ပါရောက်ရှိခဲ့ကြောင်း မစုစုနွေးနှင့် အတူ လေယာဉ်တစ်စီးတည်း စီးနင်းလာခဲ့သော ခန္တီးဒေသခံများထံမှ သိရှိရသည်။

ရှည်လျားလှသည့် မြန်မာ့လေကြောင်း၏ ကျွန်းပတ်ခရီးစဉ်ကြောင့် ပင်ပန်းနွမ်းနယ်မှု ဒဏ်ခံစားခဲ့ရသော မစုစုနွေးအား ၎င်းခေတ္တတည်းခိုမည့် ရန်ကင်းမြို့နယ် မိုးကောင်း ဘူတာရုံလမ်းသို့မထွက်ခွာမီ The Voice Weekly မှ မေးခွန်းနှစ်ခုကိုသာ သီးသန့် မေးမြန်းခဲ့ရာ

ပထမဆုံးမေးခွန်းဖြစ်သည့် " နိုင်ငံရေးကို ဘယ်လို ဆက်လုပ်သွားမှာပါလဲ " ဟူသည့် မေးခွန်းကို ယုံကြည်ချက်အတိုင်း နိုင်ငံရေးအလုပ်များကို ဆက်လက် လုပ်ကိုင်သွားမည် ဖြစ်ပြီး လက်တလော အနေဖြင့် စိတ်ထဲတွင် ပျော်ရွှင်ဝမ်းသာ ခံစားနေရကြောင်း၊ မိမိလွတ်မြောက် လာသည့်အတွက် ပျော်ရွှင်သော်လည်း လုပ်ဖော် ကိုင်ဖက်များစွာ ကျန်ရစ်ခဲ့သည့်အတွက် ဝမ်းနည်းမိကြောင်း မစုစုနွေးက ဆိုသည်။

ဒုတိယမေးခွန်းဖြစ်သည့် " အထဲမှာ နေရတဲ့အခြေအနေ ဘယ်လိုရှိပါသလဲ " ဟူသော အမေးကိုမူ " ကျွန်မကို အထီးကျန်ဖြစ်အောင် တစ်ယောက်တည်း ထားတယ်။ ဘယ်သူနဲ့မှလည်း စကားပြောခွင့် မရခဲ့ပါဘူး။ ကိုယ့်ကိုကိုယ် အားတင်းပြီးတော့ နေခဲ့ရတာပါ " ဟု ပြန်လည် ဖြေကြားသည်။

မစုစုနွေး မှာ ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ရန်ကုန်မြို့တော်၏ လူအစည်းကားဆုံး နေရာတစ်ခု ဖြစ်သည့် လှည်းတန်း လမ်းဆုံ အနီးတွင် ဆန္ဒပြရန် ကြိုးစားခဲ့ရာ ယခင် စစ်အစိုးရ၏ လက်ရုံးများဖြစ်သော စွမ်းအားရှင် များ၏ ဝိုင်းဝန်း ဖမ်းဆီးခြင်းကို ခံခဲ့ရကာ အကျဉ်းကျခံခဲ့ရခြင်း ဖြစ်သည်။

source by : http://thevoicemyanmar.com