Thursday, June 16, 2011

KIA စနိုက်ဘာ တပ်ဖွဲ့လက်ချက်ကြောင့် မြန်မာစစ်သည် အများအပြား ဒဏ်ရာရ

ကချင်ပြည်နယ် မိုးမောက်မြို့နယ် အတွင်းရှိ KIA ဘွန်ဆိုင်း (ထုံးဖို) စခန်းသိမ်း တိုက်ပွဲတွင် KIA ဘက်မှ စနိုက်ဘာမှန်ပြောင်း တပ် လက်ဖြောင့်သေနတ်သမား များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း တိုက်ပွဲအတွင်း ကိုယ်တိုင် သေနတ်ဒဏ်ရာရခဲ့ သည့် မြန်မာ စစ်သည် ကိုမြင့်ဆန်း၏ အဆိုအရ သိရသည် ။

ယမန်နေ့က ကိုမြင့်ဆန်းနှင့်အတူ ဒဏ်ရာရ မြန်မာစစ်သည် ၁၅ ဦး ဗန်းမော်ဆေးရုံသို့ ရောက်ရှိလာရာ ယမန်နေ့ ညပိုင်းက ဆေးရုံ၌ ကိုမြင့်ဆန်းနှင့် တွေဆုံ စကားပြောခွင့်ရခဲ့သည့် ဗန်းမော်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြန်ပြောခြင်းဖြစ်သည်။


ကိုမြင့်ဆန်းသည် ခလရ ၂၃၇ တပ်ရင်းမှ တပ်သားတစ်ဦးဖြစ်ပြီး တိုက်ပွဲအတွင်း နောက်ကျောဘက်မှ ကျည်ဆံ ဖေါက်ဝင် ထားသည့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“သူတို့ (မြန်မာတပ်) တက်တဲ့ နေရာက ဘာ အကာအကွယ်မှ မရှိဘူးလို့ ပြောတယ်။ တောင်စောင်းကြီးပေါ့၊ ကေအိုင်အေ ဘက်ကနေ စနိုက်ဘာမှန်ပြောင်း သေနတ်နဲ့ ချိန်ချိန်ပြီး ပစ်တယ်လို့ ပြောတယ်။ သူကတော့ ကုန်းပြီး တက်နေတဲ့အချိန် နောက်ကျော မှန်သွားတာ။ ကျောရိုးတစ်ခုလုံး စုတ်ပြတ်သွားတယ်။ အရာရှိတွေလည်း စနိုက်ဘာ လက်ချက်နဲ့ကျကုန် တယ်လို့ ပြောတယ် ” ဟု သူက ဆိုသည်။

ကချင်ပြည်လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ ၃ တပ်ရင်း ၁၅ အခြေစိုက်ထားသည့် ဘွန်ဆိုင်း (ထုံးဖို) စခန်းအား ယမန်နေ့မွန်းလွဲ ၁ နာရီကျော်ခန့်တွင် မြန်မာစစ်တပ်မှ သိမ်းဆည်းမိကြောင်း ဆိုသည် ။

KIA တပ်ဖွဲ့အတွင်း စနစ်တကျ လေ့ကျင့်ထားသော စနိုက်ဘာတပ်ဖွဲ့ ဖွဲ့စည်းထားကြောင်း KIA သတင်း ရပ်ကွက်က အတည်ပြု ပြောသော်လည်း ယခုတိုက်ပွဲအတွင်း စနိုက်က်ဘာတပ်ဖွဲ့ ပါဝင်ခြင်းရှိမရှိ မသိရပေ ။

အဆိုပါ တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ဒဏ်ရာရ မြန်မာစစ်သည်များအား ယခုလ ၉ ရက် ၊ ၁၂ ရက်နှင့် ၁၃ ရက်နေ့ များက ဗန်းမော် ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည် ။

ဆေးရုံသို့ ယခုလ ၉ ရက်နေ့က ခမရ ၄၃၇ မှ စစ်သည် ၇ ဦး ၊ ၁၂ ရက်နေ့တွင် ခမရ ၃၄၈ မှ ၆ ဦး ၁၃ ရက်နေ့တွင် ခလရ ၂၃၇ မှ ၁၅ ဦး ရောက်ရှိလာကြောင်း သိရသည် ။

ဆေးရုံတွင် ထပ်မံသေဆုံးသည့် စစ်သည် အနည်းဆုံး ၂ ဦး ရှိပြီး အဆိုပါ တိုက်ပွဲအတွင်း ခမရ ၄၃၇ မှ ဗိုလ်မှူး တစ်ဦး နှင့် ခလရ ၂၃၇ မှ အရာရှိ တစ်ဦး ကျဆုံးကြောင်း သိရသည် ။

source by : http://www.mongloi.org