သျှမ်းပြည်တပ်မတော် ဝမ့်ဟိုင်းဌာနချုပ်အနီး မြန်မာစစ်တပ်ကတဖန် ထပ်မံ အင်အား တိုးဖြည့် ချဉ်းကပ် ထားသဖြင့် SSPP/SSA က အသင့်အနေ အထား တပ်လှန့်ထားကြောင်း သိရသည်။
ကျနော်တို့က ခံစစ်ရှင်အနေအထားနဲ့ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ပြင်ဆင်ထားတယ်။ အန္တရာယ်ဖြစ်မှာစိုးလို့ ဟိုး အရင်ကတည်းက လူထုကိုလဲ တခြားကို ရွှေ့ထားလိုက်ပြီ။ လူသူလက်နက်အင်အားအဆင်သင့်။ ကတုတ်ကျင်းတွေ၊ ဗုံးခိုကျင်းတွေ အဆင်သင့်ဘဲ” ဟု SSPP/SSA အရာရှိတဦးက ပြောသည်။
ဝမ့်ဟိုင်းမြောက်ဖက် မိုင်းရယ်ကျေးသီး လမ်းခွဲတဝိုက်၌ အင်အား တစ်ရာနီးပါး၊ ဝမ့်ဟိုင်းတောင်ဖက် မိုင်းရှူး၊ မိုင်းနောင် လမ်းခွဲ ပါခီးရွာတဝိုက်၌ အင်အား တစ်ရာနီးပါး၊ ယခု ၂ ရက် ၃ ရက်အတွင်း တဖန်ဖြည့်တင်းလာခြင်း ဖြစ်ကြောင်း ဝမ့်ဟိုင်းမှ အဆိုပါအရာရှိက ပြောသည်။
“မြန်မာစစ်တပ် အခုလို အင်အားတခါ ထပ်ဖြည့်လာတာ ကျနော်တို့ကို ခြိမ်းခြောက် ချင်တာဘဲ ဖြစ်ဖြစ်၊ တကယ် တိုက်ဖို့ဘဲ ဖြစ်ဖြစ်၊ ကျနော် တို့ဘက် က အသင့်ပြင်ထားရမှာဘဲ” ဟုဆို၏။
၁၃ ရက် မနက် ၉: ၄၅ နာရီ ကလည်း လွယ်ချိုတောင်တပ်စခန်းအနောက်ဖက်သံလွင်မြစ် တာ့ဝန်းကျိုင်း ကူးတို့ဆိပ် အဆင်းလမ်း၌ မိုင်းရှူး အခြေစိုက် မြန်မာစစ်တပ်နှင့် သျှမ်းပြည်တပ်မတော် တပ်မဟာ ၇၄ တပ်ရင်း ၁၉၆ တို့ နာရီဝက်ကြာ ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွါးခဲ့ရာ မြန်မာစစ်တပ်ဖက်မှ ၄ ယောက် သေ၊ ၅ ယောက် ဒဏ်ရာရရှိကြောင်း SSPP/SSA တပ်မှူးတဦးက ပြောသည်။
“၁၂ ရက်နေ့က မိုင်းရှူးမြောက်ဖက်(နမ့်ငချောင်းဖျား) ဟိုင ဖက်မှာ မိုင်းရှူးတပ်နဲ့ ကျနော်တို့ တပ်မဟာ ၇၄ နဲ့ မိနစ် ၂၀ လောက် တိုက်ပွဲဖြစ်တယ်။ ဗမာစစ်သား ၂ ယောက်သေတယ်။ ၁၂ ယောက် ဒဏ်ရာရပြီး ဆေးရုံ ပို့ ထားတယ် လို့ ကြားတယ်” ဟု ၎င်းက သျှမ်းသံတော်ဆင့်သို့ ပြောပြသည်။
ထို့အတူ မိုင်းရှူးမြို့အရှေ့ဘက် ၁၀ မိုင်အကွာ ဝမ့်လွယ်နှင့် လွယ်ချိုတပ်စခန်းကြား နမ့်ငချောင်း အလှည့်ကျ ရေဆင်း ချိုး သည့် တပ်သား ၄ ယောက်အနက် ကင်းစောင့်စစ်သားတယောက် မိမိကိုယ်မိမိ ဗုံးခွဲအဆုံးစီရင်ကြောင်း၊ မိုင်းရှူးမြို့ရှိ သျှမ်းပြည်တပ်မတော် ယခင် ဆက်ဆံရေးရုံး(ဟောင်း) တွင်လည်း ဗုံးတစ်လုံး ပေါက်ကွဲသဖြင့် မြန်မာတပ်သား ၃ဦး သေဆုံးပြီး ၃-၄ ယောက် ဒဏ်ရာရကြောင်း မိုင်းရှူးမှ ကျန်းမာရေး ဝန်ထမ်းတဦးက ပြောပါသည်။
ဇွန် ၁၃ ရက်က သျှမ်းပြည် တိုင်းချုပ် ဒုဗိုလ်ချုပ်ကြီး အောင်သန်းထွဋ် (ရမခ) အရှေ့မြာက်ပိုင်းတိုင်း စစ်ဌာချုပ်၌ တိုင်းမှူးနှင့် အရာရှိများအား ခေါ်ယူ တွေ့ဆုံပြီး နောက်တရက် အဆိုပါ မြန်မာစစ်တပ်အင်အား ၂၀၀ခန့် ဝမ့်ဟိုင်း ဌာနချုပ်အနီး တဖန်ဖြည့်တင်း ချဉ်းကပ်လိုက်ခြင်း ဖြစ်သည်။
source by : http://www.mongloi.org