Sunday, April 3, 2011

ပြောက်ကျားတိုက်ပွဲများ

တိုက်ပွဲ(၁)- ပြက္ခဒိန် ပိုစတာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- မန္တလေးတိုင်း

"ဘယ်လိုပဲ ဖြစ်ဖြစ်ကွာ။ ငါတို့ ဒီအတိုင်း ငြိမ်ခံနေလို့ မဖြစ်တော့ဘူး။ တခုခုတော့ လုပ်ရမယ်"
"ငါလဲ မင်းလိုပဲ စဉ်းစားမိတယ်။ ဘယ်နဲ့ကွာ။ စစ်မတိုက်ချင်လို့ စစ်တက္ကသိုလ်မတက်ပဲ ရိုးရိုးတက္ကသိုလ်တက်တာပေါ့။ ဘွဲ့ရပြီးကာမှ ငါတို့က စစ်သားဝင်လုပ်ရမှာလား"
"အေးကွာ။ တတိယကမ္ဘာစစ်ဖြစ်နေတာလဲ မဟုတ်ဘူး"
"တတိယကမ္ဘာစစ်ဖြစ်နေတာ မဟုတ်ဘူးဟေ့။ လူသတ်ပွဲဖြစ်နေတာ။ ရွှေဝါရောင်တော်လှန်ရေးတုန်းက ဘုန်းကြီးတွေ၊သီလရှင်တွေကို ပစ်သတ်တာ၊ ရိုက်သတ်တာ မတွေ့ဘူးလား။ ငါတို့ကို စစ်မိန့်နဲ့ အဲလို သတ်ခိုင်းဖို့ ကြံစည်နေတာ"
"မိုက်ရိုင်းတယ်ကွာ။ ငါကတော့ စစ်မိန့်တွေ၊ဘာတွေ ဂရုမစိုက်ဘူး။ ဦးနှောက်ရှိတဲ့ လူကွ။ ငါ့ကိုလာပြီး ဘုန်းကြီးသတ်ခိုင်းလို့ကတော့ ငါ့သေနတ်ပြောင်းဝမှာ ဘုန်းကြီးတွေ မရှိစေရဘူး။ သေနတ်ပြောင်းပြန်လှည့်မှာပဲ"


"သေနတ်ပြောင်းပြန်လှည့်တာက နောက်မှကွ။ ပြန်မလှည့်ခင် ငါတို့ကို တိုင်းရင်းသားလက်နက်ကိုင်တပ်တွေနဲ့ တိုက်ခိုင်းမယ်၊ ရွာတွေ မီးရှို့ခိုင်းမယ်၊ မိုင်းကွင်းဖြတ်ခိုင်းမယ်၊ လူသတ်ခိုင်းမယ်။ ဒါတွေ လုပ်ဖို့ စစ်တပ်မှာ အင်အားအပြည့် မရှိတော့ဘူးကွ။ သူတို့တပ်တွေမှာ ဗိုလ်တွေပဲ ရှိပြီး၊ အရာခံ၊ အကြပ်၊ တပ်သားဖွဲ့စည်းပုံတွေ မပြည့်ဘူးလို့ ကြားတယ်။ အဲဒီပြဿနာကို ဖြေရှင်းတာ"
"ဒါတခုတည်းတင် မဟုတ်ဘူးကွ။ ငါတို့တိုင်းပြည်က နောင်တခေတ်ရဲ့ ခေါင်းဆောင် လူငယ်မျိုးဆက်သစ်တွေကို စစ်ဗိုလ်တွေရဲ့ အမိန့်အောက်မှာ ပြားပြားဝပ်နာခံရပြီး၊ ဦးကျိုးသွားအောင် လုပ်တာ။ ဒါမှလဲ သူတို့ရဲ့ စစ်သွေးကြွနိုင်ငံတော် တည်ဆောက်ရေး စီမံချက်ကြီး အောင်မြင်သွားမှာပေါ့"
"အေး၊ ဟုတ်တယ်ကွ။ ခုဆို ရွေးကောက်ပွဲမှာလဲ အရပ်ဝတ်ဗိုလ်တွေနဲ့ ကြံ့ဖွတ်တွေပဲ အနိုင်ရကြတယ်။ လွှတ်တော်ထဲမှာလဲ ရွေးကောက်ပွဲမ၀င်ပဲ အချောင်ပါလာတဲ့ ဖားတပိုင်း၊ ငါးတပိုင်းတွေကလဲ ရှိသေးတယ်ကွာ။ ဒီတော့ လွှတ်တော်နိုင်ငံရေးမှာ သူတို့ပဲ ကြီးစိုးထားတာ။ ဒါပေမယ့် လွှတ်တော်ပြင်ပ နိုင်ငံရေးကိုတော့ သူတို့ ကြောက်တယ်ကွ။ ဒါကြောင့် လူငယ်တွေ ဦးကျိုးသွားအောင် ချိုးဖို့ လုပ်တာ"
"အဲလိုဆိုရင် ငါတို့ တိုင်းပြည်ရဲ့ အနာဂတ်မျိုးဆက်တွေအားလုံး စစ်ကျွန်ဘ၀ရောက်ပြီပေါ့ကွ။ လွှတ်တော်တွင်းမှလဲ ဖားတပိုင်း၊ ငါးတပိုင်းတွေ၊ လွှတ်တော်ပြင်ပမှာလဲ စစ်မှုထမ်းဟောင်းတွေပဲ ဖြစ်ကုန်ပြီပေါ့။ အရပ်ဘက်- စစ်ဘက် ဆက်ဆံရေးကို ဘယ်လို တည်ဆောက်ကြမှာလဲ"
"တောက်၊ ခံပြင်းတယ်ကွာ"
"ခံပြင်းနေလို့ မပြီးဘူးကွ။ ဒါကို ငါတို့က ငြိမ်ခံနေကြမှာလား။ ငါတော့ကွာ။ စစ်မှုထမ်းပြီး ဦးချိုးခံရ၊ စစ်မြေပြင်မှာ ခွေးသေ၊ ၀က်သေ အသေခံရတာထက်စာရင် မတရားတဲ့ ဒီအမိန့်အာဏာတွေကို ဖီဆန်ပြီး သေရတာကမှ တော်သေးတယ်လို့ မြင်တယ်"
"ဟုတ်တယ်ကွ။ ငါတို့ တိုင်းပြည်မှာ စစ်အာဏာရှင်စနစ်ကြောင့် ဒီလိုဖြစ်နေရတာ။ ဒီစနစ်ကို မဖယ်ရှားမချင်း ငါတို့ ဘ၀အနာဂတ်တွေ မရေမရာဖြစ်နေဦးမှာပဲ"
"ငါတို့ ဘာလုပ်ကြမလဲ"
"အေး၊ ဟုတ်တယ်။ ငါတို့ တခုခုလုပ်ရမယ်။ ဒါပေမယ့် ငါတို့မှာ အဆက်အသွယ် မရှိဘူးကွ"
"မန္တလေးဘက်မှာတော့ ကျောင်းတုန်းက သူငယ်ချင်းတချို့ရှိတယ်။ သူတို့ကတော့ အင်တာနက်ပေါ်ကနေ ပိုစတာလေးတွေ ရတယ်။ အဲဒါလေးတွေ ပရင့်ထုတ်ပြီး၊ ပိုစတာကင်ပိန်း လုပ်တယ်ကွ"
"မင်းကလဲကွာ။ ပိုစတာကပ်ရုံနဲ့ ဒီအစိုးရက ပြုတ်ကျမှာတဲ့လား"
"အဲလိုတော့ မဟုတ်ဘူးလေကွာ။ တဘက်ရန်သူက အင်အားကြီးတယ်။ ငါတို့ အုပ်စုလေးမှာက လူ ၅ယောက်ပဲ ရှိတာ။ ဒီအတိုင်းပဲ ထွက်တိုက်လိုက်ရင် အင်အားချင်းမမျှဘူးလေ။ ဒီတော့ ပြောက်ကျားတိုက်ပွဲ လုပ်ရမယ်။ ဒီလို လုပ်တာမှာလဲ ငါတို့လိုမျိုး စစ်အာဏာရှင်စနစ်ကို တိုက်ချင်တဲ့ လူတွေအားလုံး ပါဝင်လာအောင် လှုံ့ဆော်ဖို့ ပိုစတာကင်ပိန်း လုပ်ဖို့လိုတယ်"
"ဒါပေမယ့် ငါတို့ဆီမှာ ပိုစတာမှ မရှိတာ"
"သားတို့ ဘာတွေ ပြောနေကြတာလဲ"

အဖေ ၀င်လာသဖြင့် လူငယ်တစု ပြောနေသော စကားဝိုင်း ရပ်သွားသည်။ သူတို့ လူငယ်များ အချင်းချင်းဆွေးနွေးနေသော စကားလုံးများကို အဖေများ ကြားသွားလေသလားဟူသော စူးစမ်းကြည့်ဖြင့် မိုးအေးက လှမ်းကြည့်သည်။ အဖေက ခပ်အေးအေးပင်။
"သားတို့တွေ၊ ပိုစတာလုပ်ချင်လို့လား။ လူငယ်ဆိုတာ မရှိတာကို အကြောင်းပြတာထက်၊ ရှိအောင် ဘယ်လိုလုပ်မလဲ ဆိုတာ စဉ်းစားရတယ်။ လိုရင်ကြံဆ၊ နည်းလမ်းရပေါ့ကွာ။ သြော်-သား၊ မင်းအမေ သိမ်းထားတဲ့ ပြက္ခဒိန်ဟောင်းတွေ အများကြီးရှိတယ်လေ။ ပြက္ခဒိန် စာမျက်နှာ အလွတ်တဘက်မှာ မင်းတို့ဆွဲချင်တဲ့ ပုံဆွဲပြီး၊ ကြွေးကြော်သံတွေ ရေးလိုက်ရင် ပိုစတာဖြစ်ပြီပေါ့ကွ။ ကွန်ပျူတာတွေ၊ ဂရပ်ဖစ်တွေ မပေါ်တဲ့ ခေတ်တုန်းက အဖေတို့တွေ ဒီလိုပဲ လုပ်ခဲ့ကြတာပဲ"
"အဖေ"
မိုးအေးက ၀မ်းသာအားရဖြင့် လှမ်းခေါ်တော့ အဖေက သားပခုံးကို လှမ်းဖက်လိုက်သည်။
"ပိုစတာသွားကပ်ရင်တော့ သတိထားကြကွာ။ သတိရှိရှိနဲ့လုပ်။ တိုက်ပွဲဖော်တယ်ဆိုတာ သတိရှိရတယ်"

ထူးခြားသော အားအင်တခုက အဖေဆုပ်ကိုင်ထားသော လက်မောင်းများမှတဆင့် မိုးအေးကိုယ်ထဲသို့ စီးဝင်သွားသည်။ အခန်းထဲမှ မိုးအေးသူငယ်ချင်းများတွင်လဲ အပြုံးကိုယ်စီဖြင့်။

မည်သို့ဆိုစေ၊ သေချာသည်ကတော့ မကြာမီရက်ပိုင်းအတွင်းတွင် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ပြက္ခဒိန် ပိုစတာများ မိုးအေးတို့ မြို့လေးတွင် ပျံ့နှံ့သွားပေတော့မည်။ အခြားမြို့များ၊ ရွာများသို့လည်း အဆိုပါ ပြောက်ကျားတိုက်ပွဲလေးများ ဆက်လက်ပျံ့နှံ့သွားပါက …...................................။


တိုက်ပွဲ (၂) – ဗလာစာရွက်၊ ဖြန့်ဝေစာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ပဲခူးတိုင်း

"မမဆီမှာ ပိုက်ဆံ အပိုနည်းနည်းများ ရှိလားဟင်"
"ဟဲ့၊ မိသူ။ နင်ငါ့ကို ဒီလိုတခါမှ မမေးဖူးပါဘူး။ ဘာဖြစ်လို့လဲ။ အမေက မုန့်ဖိုးမပေးဘူးလား"
"မုန့်ဖိုးတော့ ပေးပါတယ်။ ဒါပေမယ့် ငွေနည်းနည်းလိုနေလို့ပါ"
"မဟုတ်သေးပါဘူးဟယ်။ မိသူ၊ နင်မှန်မှန်ပြောစမ်း။ ဘာလုပ်မလို့လဲ။ နင့်မှာ ရည်းစားရှိနေပြီလား။ ဆယ်တန်းကျောင်းသူ ရည်းစားထားကို မမခွင့်မပြုဘူးနော်"
"မဟုတ်ပါဘူး၊ မမရဲ့။ ရည်းစားမထားပါဘူး။ ညီမလေးက ဒီစာရွက်လေးတွေကို ကော်ပီကူးပြီး ဖြန့်ချင်လို့ပါ"
သူသူ့လက်ထဲမှ စာရွက်လေးတွေကို ကြည့်ပြီး၊ မမမျက်လုံးပြူးသွားသည်။
"ဟဲ့၊ ဒါက စစ်အစိုးရဆန့်ကျင်ရေးကြေငြာချက်တွေပဲ"
"ဟုတ်တယ်မမ။ ညီမလေး ဒါတွေကို ဖြန့်ချင်လို့။ အဲဒါ ကော်ပီဆွဲဖို့ ငွေလိုနေတာ"
"ဘာလို့ လုပ်ချင်ရတာလဲ မိသူရယ်။ နင်အဖမ်းခံရလိမ့်မယ်"
မမရယ်၊ အဖမ်းခံရမှာကို ညီမလေး မကြောက်ပါဘူး။ ညီမလေးတို့ ဘ၀တွေ ဘယ်လောက်ခက်ခဲနေတယ်ဆိုတာ မမအသိဆုံးနေမှာပါ။ မမဆိုရင် အဝေးသင်နဲ့ ဘွဲ့ရပြီးပြီ။ ဒီဘွဲ့လေးရအောင် စတိုးဆိုင်မှာ အလုပ်လုပ်ရင်း မမ ဘယ်လောက် ကြိုးစားခဲ့ရလဲ။ မုဆိုးမအမေလဲ ဘယ်လောက်ရုန်းကန်ခဲ့ရလဲ။ ဟော- ခုဘွဲ့ရတော့ကော မမဘ၀က တိုးတက်လာလား။ မမဘွဲ့ရရင် ရုံးတရုံးမှာ အရာရှိဖြစ်မှာပဲလို့ မျှော်လင့်ချက်လေးနဲ့ အမေ့မှာ ရုန်းကန်ခဲ့ရတာ။ ၀န်ထမ်းရွေးချယ်ရေးက အဝေးသင်ဘွဲ့ရတွေကို အရာရှိအလုပ် မလျှောက်ရဘူးဆိုတော့ ခုမမ ဘာလုပ်နေရလဲ။ မနက်မှာ စတိုးဆိုင်အရောင်းစာရေး၊ ညနေမှာ စားသောက်ဆိုင် အဆိုတော်။ ခုညီမလေး ဆယ်တန်းအောင်ပြီးရင်ကော၊ ဘာဖြစ်လာမှာလဲ။ ဘယ်မှာလဲ ညီမလေးတို့ ကျောမွဲကျောင်းသူတွေရဲ့ အနာဂတ်"

သူသူ့ အပြောကြောင့် မမ ငိုင်သွားသည်။ ဘွဲ့ရရင်တော့ ဘ၀ အပြောင်းအလဲလေး တစုံတရာဖြစ်မလားလို့ မမ မျှော်လင့်ခဲ့ဖူးသည်။ သို့ပေမယ့် ဘ၀ပြောင်းဖို့နေနေသာသာ၊ မယိုင်လဲအောင်တောင် မနည်းထိန်းနေရသည်။ အမေမျှော်လင့် ခဲ့သလို၊ ရုံးအရာရှိဖြစ်ဖို့ဝေးစွ။ ရုံးစာရေးအလုပ်ပင် အဆက်အသွယ်ကောင်းရှိမှ ရသည်တဲ့။ ဖခင်ကလဲ မရှိ၊ ဆွေမျိုး သားချင်းလဲ မရှိသော မုဆိုးမအမေနှင့် ညီအစ်မနှစ်ယောက်ဘ၀မှာ ဘယ်လိုအဆက်အသွယ် ရှိပါမည်တဲ့လဲ။ စားသောက်ဆိုင် အဆိုတော် အလုပ်လေး ရတာတောင် ကံကောင်းပေလွန်းလို့။

"မမရယ်။ ညီမလေးတို့ဘ၀တွေ ဒီလိုနဲ့ပဲ အဆုံးသတ်ရတော့မှာလားဟင်။ ညီမလေးတို့ မရေရာ၊ မသေချာ ဘ၀နဲ့ပဲ မဆုံးချင်ဘူး။ ကျောင်းမှာလဲ ကျူရှင် မတက်နိုင်တော့ သိပ်မျက်နှာငယ်တာပဲ။ ဒီကြားထဲ ရေအိုးဖိုး၊ တံမြက်စည်းဖိုး၊ အချိန်ပိုဖိုး၊ ဆရာကန်တော့ပွဲအလှူငွေဆိုပြီး တမျိုးပြီးတမျိုးတောင်းကြသေးတယ်။ ဟိုနေ့တုန်းကဆို အေတန်းက ဗိုလ်မှူးသမီး တယောက်က ညီမလေးတို့ကို မဆီမဆိုင်ချိုးချိုးဖဲ့ဖဲ့လာပြောလို့ ညီမလေးတို့ ဘီတန်းက ကျောင်းသူတွေနဲ့ စကားများကြတယ်။ ဆရာမတွေက ဘာလုပ်လဲသိလား မမ။ အကောင်သမီးနဲ့ ရန်ဖြစ်လို့တဲ့။ ညီမလေးတို့ကို ရိုက်ပြီး သူ့ကိုတောင်းပန်ခိုင်းတယ်။ ညီမလေးတို့ဘ၀တွေက ဘာဖြစ်နေပြီလဲဟင်။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ တန်းတူညီမျှ အခွင့်အရေး။ ဘယ်မှာလဲ။ ကျောင်းသားတွေရဲ့ အနာဂတ်ပန်းတိုင်"

သူသူက ပြောရင်း မျက်ရည်များကျလာသည်။ မမလဲ မျက်ရည်ကို မနည်းထိန်းထားရသည်။ ဆိုင်မှာ ပြောနေကြသော ဇိုင်းဂနိုင်း လူသတ်ပွဲကို သတိရလာသည်။ စားသောက်ဆိုင်ကအပြန် လူငယ်ချင်းရန်ဖြစ်တာကို တဘက်စစ်ဗိုလ်က စစ်တပ်ခေါ်လာပြီး လမ်းမပေါ်မှာတင် လူငယ်တွေကို ပစ်သတ်သတဲ့။ မမတို့ တိုင်းပြည်ကြီး ဘာဖြစ်နေပြီလဲ။ ရောမခေတ်ကလို ကျွန်ဇာတ်သွင်းခံနေရပြီလား။ ဒါဆို ဘယ်သူတွေက သခင်တွေလဲ။ ဘယ်သူတွေက ကျွန်တွေလဲ။ ပြည်သူလူထုက စစ်အာဏာရှင်တွေရဲ့ ကျွန်တွေ ဖြစ်နေပြီလား။

"ညီမလေးကို ပိုက်ဆံနည်းနည်းပေးပါ မမရယ်။ ကော်ပီဆွဲပြီး၊ ကြေငြာချက်လေးတွေ သွားဖြန့်ချင်လို့ပါ"

"မမဆီမှာလဲ ငွေပိုငွေလျှံ သိပ်မရှိဘူး သူသူ။ ပြီးတော့ ကော်ပီသွားဆွဲတုန်း ကော်ပီဆိုင်က အစိုးရလူတွေကို သတင်းပေးလိုက်ရင် ဘယ်လို လုပ်မလဲ။ ဒီလိုလုပ်ပါလား။ မမတို့ ရှိတဲ့ ပိုက်ဆံလေးတွေနဲ့ ဗလာစာအုပ်လေးတွေ ၀ယ်မယ်လေ။ ပြီးရင် အချိန်အားတွေမှာ ဗလာစာရွက်တွေပေါ်မှာ ကူးရေးမယ်။ မမသူငယ်ချင်းတွေကိုလဲ ကူရေးခိုင်းမယ်၊ သူသူ့သူငယ်ချင်းတွေကိုလဲ ကူရေးခိုင်း။ ပြီးရင် စုပြီး ဖြန့်မယ်လေ"

"ကောင်းတယ်မမ။ အဲဒါကောင်းတယ်။ ညီမလေးက ငွေမရှိလို့ စိတ်ဆင်းရဲနေတာ။ ခုလိုဆို ငွေကုန်ကြေးကျ သက်သက်သာသာနဲ့ ကြေငြာချက်တွေ ဖြန့်လို့ ရပြီပေါ့နော် မမ"

သူသူက မျှော်လင့်ချက်မျက်ဝန်းလေးများဖြင့် ၀မ်းသာအားရ ပြောသည်။ မမလည်းပျော်ပါသည်။ အချိန်အားရတာနှင့် ကြေငြာချက်စာလေးများကို ဗလာစာအုပ်ထဲမှာ ကူးပြီး စာရွက်လေးတွေ လိုက်ဖြန့်မည်။ သူငယ်ချင်းများကိုလဲ ကူးပြီး ဖြန့်ခိုင်းမည်။ ငွေမရှိလို့ စစ်အာဏာရှင်စနစ်ကို မတိုက်နိုင်တာ မဖြစ်စေရ။ ဗလာစာရွက်၊ ဖြန့်ဝေစာများဖြင့် စစ်အစိုးရကို တိုက်မည်။ ဗလာစာရွက်၊ ဖြန့်ဝေစာလေးများ တပြည်လုံးအနှံ့၊ ပျံ့နှံ့သွားသော တနေ့မှာ …............................။


တိုက်ပွဲ (၃) - နှုတ်ခမ်းနီ လှုံ့ဆော်စာ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရှမ်းပြည်နယ်၊ တောင်ကြီးတက္ကသိုလ်

"ဟဲ့။ ကျော်အောင်။ သား ဒါဘာလုပ်နေတာလဲ"

ကျောင်းသို့ အစောကြီးလာပြီး၊ ပြတင်းပေါက်မှန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုံ့ဆော်စာများ လိုက်ကပ်နေသော ကျော်အောင်တယောက်၊ နောက်မှ အသံကြောင့် ရုတ်တရက်လန့်သွားရသည်။ လှည့်ကြည့်လိုက်တော့ ကျော်အောင်တို့ ဌာနမှ ကထိက ဆရာမ။
"ကျွန်တော် လုပ်သင့်လုပ်ထိုက်တာကို လုပ်နေတာပါ ဆရာမ"
"ကဲလာလာ၊ ဆရာမတို့ ကင်တင်းဘက်သွားရအောင်၊ ဒီနားမှာ ရပ်နေလို့ သိပ်မကောင်းဘူး"

ပြောပြောဆိုဆိုဖြင့် ဆရာမက ကင်တင်းဘက်ထွက်သွားတာကြောင့် ကျော်အောင်လဲ ဆရာမနောက်သို့ လိုက်သွားရသည်။

"ဘာလို့ ဒီလို လုပ်ရတာလဲ သားရယ်။ သားက စာလဲတော်တယ်။ မိဘတွေ မရှိတော့ပေမယ့် ကိုယ့်ထူးကိုယ်ချွန်ကြိုးစားရင်း အလုပ်လုပ်နေရတာ။ ဆရာမနဲ့ တွေ့တာမဟုတ်ပဲ တခြားလူတွေနဲ့ တွေ့သွားရင် သားဘ၀ပျက်သွားမှာပေါ့"
"ကျွန်တော်တို့ လူငယ်တွေရဲ့ ဘ၀တွေက ပျက်ပြီးသားပါ ဆရာမရယ်။ ဒီလိုကျောင်းတက်နိုင်အောင် ကျွန်တော် ဘာလုပ်နေရတယ်လို့ ဆရာမထင်လဲ"
"သားပြောမှ ဆရာမသိမှာပေါ့"
"ကျွန်တော်ဆယ်တန်းအောင်ပြီးတော့ တက္ကသိုလ် မတက်ခင် အလုပ်ရှာတယ်ဆရာမ။ အလုပ်က လွယ်လွယ်ကူကူ မရဘူး။ နောက်တော့ အသိတယောက်အဆက်အသွယ်နဲ့ လိုင်စင်မဲ့ဆိုင်ကယ်သွင်းတဲ့ အလုပ်ရတယ်။"
"လိုင်စင်မဲ့ဆိုင်ကယ်။ ဒါဆို ဥပဒေနဲ့ ဘယ်ကင်းပါ့မလဲ"
ဆရာမက အံ့သြတကြီးနှင့် ကျော်အောင့်ကို ကြည့်သည်။

"ဟုတ်တယ်ဆရာမ။ ယိုးဒယားဘက်ကနေ ဆိုင်ကယ်ပစ္စည်းတွေသွင်း၊ ပြန်ဆင်ထားတဲ့ ၀စ်ဒေါက် တွေလေ။ ကျွန်တော်တို့က ဆင်ပြီးသားဆိုင်ကယ်တွေကို တောင်ကြီးအထိ သွားမောင်းယူပေးရတာ"
"အန္တရာယ်များလိုက်တာဟယ်"
"ဟုတ်တယ်ဆရာမ။ အန္တရာယ်များပါတယ်။ ဒါပေမယ့် ငွေလွယ်လွယ်ရတော့ ဒီအလုပ်တွေထဲမှာ လူငယ်တွေ အများကြီးပဲ။ ဆိုင်ကယ်တင်မဟုတ်ဘူး ဆရာမ။ ရာဘဆေးတွေ သွင်းတဲ့လိုင်းတွေ၊ ကားတွေသွင်းတဲ့လိုင်းတွေ အများကြီးရှိတယ်။ ဒါတွေကို ဘယ်သူတွေက လုပ်နေတယ်ထင်လဲဟင် ဆရာမ။ အကျင့်စာရိတ္တမြင့်မားရေးဆိုတာကို လူမှုရေးဦးတည်ချက်ထဲ ထည့်ထားတဲ့ စစ်အာဏာရှင်တွေ ကိုယ်တိုင် လုပ်နေကြတာ။ ကျွန်တော်တို့ကို အဲဒီပခုံးကြယ်ပွင့်ပါ ပုဂ္ဂိုလ်တွေနဲ့ ဆွေမျိုးသားချင်းတွေက ခိုင်းနေကြတာဗျ။ သူတို့အချင်းချင်း စားကျက်လုပြီး သူ့လူ၊ ကိုယ့်လူစားကြရင်လဲ ကျွန်တော်တို့ လူငယ်တွေက မဖြစ်စလောက်ငွေလေးတွေနဲ့ ကြားကနေ ထောင်ကျခံကြရတာပါ"

ဆရာမက ဂရုဏာမျက်လုံးဖြင့် လှမ်းကြည့်နေရုံမှတပါး ဘာမှ ဆက်မပြောနိုင်ဖြစ်သွားသည်။
"ဒီစစ်အာဏာရှင်တွေလက်အောက်မှာ ကျွန်တော်တို့ တိုင်းပြည်ကြီးရဲ့ စီးပွားရေးကဏ္ဍကြီးတခုလုံး ခြွတ်ခြုံကျ ပျက်စီးနေတာကို ပညာတတ်ကထိကကြီးဖြစ်တဲ့ ဆရာမက ပိုပြီး သိမှာပါဗျာ။ စီးပွားရေးလုပ်ငန်းတွေကို ဘယ်သူတွေက လုပ်နေကြတာလဲ။ တရားဝင်စီးပွားရေး လုပ်ငန်းတွေမှာလဲ စစ်အာဏာရှင်တွေနဲ့ ဆွေမျိုးသားချင်းတွေ၊ နီးစပ်ရာတွေက ချုပ်ကိုင်ထားကြတာပါ။ တရားမ၀င်စီးပွားရေး လုပ်ငန်းတွေမှာလဲ သူတို့နဲ့ ဝေစားမျှစား လုပ်နိုင်သူတွေကပဲ ချုပ်ကိုင်ထားကြတာပါ။ ပြည်သူတွေဆိုတာက လက်ဝေခံတွေပါ။ ကျွန်တော်တို့ တိုင်းပြည်ကြီးတခုလုံး နွံနစ်နေပြီ ဆရာမ။ အဲဒီနွံထဲမှာ ကျွန်တော်တို့ လူငယ်တွေရဲ့ အနာဂတ်တွေပါ မြှုပ်နေပြီ။ ကျွန်တော်တို့ ဘယ်လို ရုန်းထွက်ရမလဲ။ ဒီစစ်အာဏာရှင်တွေကို မဖြုတ်ချပဲ ကျွန်တော်တို့ တိုင်းပြည်ကြီးကို ဘယ်လိုတည်ဆောက်လို့ ရမှာတဲ့လဲ။ ကျွန်တော်တို့ရဲ့ ဘ၀တွေကို ရိုးရိုးသားသား၊ ကြိုးကြိုးစားစားနဲ့ ဘယ်လို ရုန်းကန်လို့ ရမှာတဲ့လဲ။ တက္ကသိုလ်ပရ၀ုဏ်တွေအထဲထိ ရောက်နေတဲ့ နှစ်လုံးထီ၊ သုံးလုံးထီတွေ၊ ရာဘဆေးတွေ၊ စာကူးချပညာရေးစနစ်တွေ၊ အမှတ်ဝယ်စနစ်တွေကို ကျော်လွှားပြီး ဆရာမတို့ကကော ဘယ်လို ပညာရေးအဆင့်အတန်းကို မြှင့်တင်နိုင်မှာတဲ့လဲ"

တက္ကသိုလ်ကျောင်းတော်ကြီးမှ သင်ကြားထားပေးခြင်းမရှိသော ပကတိအရှိတရား ဘ၀ပညာများကို ရရှိထားသော တပည့်ငယ်ကို ကြည့်ရင်း ဆရာမ ငိုင်သွားမိသည်။ ဘယ်လိုပဲဖြစ်ဖြစ် တပည့်လေးကို သတိကြီးကြီးနှင့် လုပ်စရာရှိတာများလုပ်ဖို့ သတိပေးရသည်။ တပည့်ငယ်နှင့် လမ်းခွဲပြီးချိန်အထိ ကျောင်းသူကျောင်းသားများ၊ ဆရာမများက ကျောင်းပရ၀ုဏ်တွင်းမှ သိပ်မရှိသေးကြ။

ပြတင်းပေါက်မှန်တခုပေါ်မှာ ကြွေးကြော်သံများပါသော စာရွက်လေးကို ကြည့်ရင်း သူမ ပြုံးမိသည်။ ပြီးတော့ သူမအိတ်ထဲမှ နှုတ်ခမ်းနီတောင့်လေးကို ထုတ်ပြီး စာရွက်မကပ်ထားသော ပြတင်းမှန်များပေါ်တွင် စစ်အစိုးရဖြုတ်ချရေး- ဒို့အရေး ဟု လိုက်ရေးလိုက်မိသည်။

ဘယ်လိုပဲဖြစ်ဖြစ် စစ်ဆေးရန်အဖြေလွှာတချို့ ရုံးခန်းထဲ ကျန်ခဲ့တာမို့ ကျောင်းစောစောလာခဲ့မိတာကို ကိုယ့်ဘာသာကိုယ် ကျေနပ်မိတာတော့အမှန်။ လှုံ့ဆော်စာ စာရွက်များ လက်ထဲမှာ မရှိပေမယ့် သူမတို့ မိန်းကလေးများရဲ့ ပိုက်ဆံအိတ်တွေထဲမှာ နှုတ်ခမ်းနီတောင့်များ ကိုယ်စီဆောင်ထားလေ့ရှိပါသည်။ အဆိုပါ နှုတ်ခမ်းနီလေးများဖြင့် လူအများမြင်နိုင်သော မှန်များပေါ်တွင် လှုံ့ဆော်စာများ လိုက်ရေးထားပါက နှုတ်ခမ်းနီ လှုံ့ဆော်စာများကလဲ တနည်းတဖုံဖြင့် လူထုလှုပ်ရှားမှုကို ထောက်ကူပြုမည် မလွဲ............။


တိုက်ပွဲ (၄)- ကြက်ခြေခတ်၊ ဆန္ဒဖော်ထုတ်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ဧရာဝတီတိုင်း

"မမ၊ ကော်ဖီသောက်ပါဦးရှင့်"
သူနာပြုဆရာမ ဖျော်ပေးသော ကော်ဖီကို ဟန်ပင်မဆောင်နိုင်တော့ပဲ အားရပါးရ မော့ချလိုက်မိသည်။
"သြ၀ါဒခံယူပွဲ အဆင်ပြေရဲ့လား မမ"
"နော်ဆေးရယ်။ မသိတာလဲ မဟုတ်ပဲနဲ့၊ မေးနေသေးတယ်။ တို့လဲ လူနာတွေ ဆေးကုချင်လို့ ဆရာဝန်လုပ်တာပါဟယ်။ သူတို့နဲ့ကျမှပဲ ကိုယ့်ဘာသာကိုယ် ဆရာဝန်လား၊ မူလတန်းကျောင်းသူလားဆိုတာ မသိတော့ဘူး။"
"တိုးတိုးပြောမမ။ တော်ကြာ ဟိုကြံ့ဖွတ်သူနာပြုမ ကြားသွားလို့ တိုင်နေဦးမယ်"
"အမယ်လေး။ တိုင်စမ်းပါစေဟယ်။ နယ်ပြောင်းခံရရုံမကလို့ အလုပ်ထုတ်ခံရရင်တောင် တို့မှာ နားအေးပါးအေး နေရဦးမယ်။ ခုတော့ တခါလာ ၀န်ကြီး၊ တခါလာ ဒုဝန်ကြီး၊ တခါလာ တိုင်းမှူးနဲ့ တယောက်ပြီးတယောက်လာပြီး သြ၀ါဒပေးနေကြတာ။ တို့မှာ အလုပ်ပျက်၊ အကိုင်ပျက်နဲ့။ ဒီကြားထဲ သူတို့အလာမှာ လက်အုပ်လေးတွေ ချီပြီ ကြိုရသေးတယ်။ ဘယ်နဲ့ဟယ်။ လူ့အသက်ကယ်တဲ့ လက်ဆိုပြီး ကိုယ့်ဘာသာကိုယ်ကျေနပ်နေတာ။ ခုမှပဲ လူသိရှင်ကြား လူသတ်သမားတွေကို လက်အုပ်ချီနေရတယ်။ ကိုယ့်လက်ကိုတောင် ကိုယ် မသတီတော့ဘူး"
"မမ။ ဒီနေ့ တခုခုဖြစ်လာတယ်ထင်တယ်။ ဒီလိုပြောတာ တခါမှ မကြားဖူးဘူး"
"ဘာမှမဖြစ်လာပါဘူးနော်ဆေးရယ်။ တို့စိတ်ကုန်နေတာကြာပြီ။ ပြောမထွက်ပေမယ့် ရင်ထဲမှာ မခံချင်စိတ်တွေ အပြည့်ပဲ။ ရှစ်လေးလုံးတုန်းက ဆေးရုံထဲ ၀င်ပစ်တာတွေ သိပြီးကတည်းက သူတို့ မျက်နှာတွေကို မြင်ရရင် မျက်စိထဲ ဆံပင်မွှေးစူးသလို ခံစားနေရတာ"
"မမတောင် ဒီလိုခံစားရရင် နော်ဆေးတို့ဆို ပိုဆိုးတာပေါ့ မမရယ်။ ရွာမှာတုန်းကဆိုရင်လေ သူတို့ဝင်လာပြီဆိုရင် ဘယ်သူအသတ်ခံရမလဲ၊ ဘယ်သူ မုဒိမ်းကျင့်ခံရမလဲဆိုပြီး တထိတ်ထိတ်နဲ့ နေကြရတာ။ ကလေးတောင် သူတို့လာပြီပြောရင် အငိုတိတ်တယ်။ အဲလောက်ထိ ရမ်းကားကြတာ။ အပြစ်မဲ့ လူတွေကို အပြစ်ရှာပြီး သတ်ဖြတ်တာ၊ ရွာမီးရှို့တာတွေ မြင်ရ၊ ကြားရဖူးတော့ သိပ်မုန်းတာပဲ မမရယ်။ အမှန်ပြောရရင် မြို့ပေါ်မှာ ဗမာဆို မုန်းနေတာ"
"မမလဲ ဗမာပါပဲ နော်ဆေးရယ်။ မမတို့ ဗမာတွေက နော်ဆေးတို့တွေကို ဒီလိုလုပ်နေတာ မဟုတ်ပါဘူး။ စစ်အာဏာရှင်တွေက လူမျိုးပေါင်းစုံ ပါဝင်နေတဲ့ စစ်တပ်ကို ထိန်းချုပ်ပြီး လုပ်နေကြတာပါ။ တကယ်တမ်းကျတော့ ဗမာလူမျိုးတွေအပါအ၀င် တိုင်းရင်းသား ပြည်သူတွေအားလုံးက စစ်အာဏာရှင်စနစ်အောက်မှာ ဖိနှိပ်ခံနေကြရတာပါ"
"ဟုတ်ပါမယ် မမ။ မမတို့နဲ့ နာဂစ်ကယ်ဆယ်ရေး လိုက်မိတော့မှ နော်ဆေး သဘောပေါက်သွားတာပါ။ နော်ဆေးတို့ တိုင်းရင်းသားတွေကိုတင် သတ်ဖြတ်နှိပ်စက်နေတာမှ မဟုတ်ပဲ။ ဗမာလူမျိုးတွေကိုလဲ ဖိနှိပ်လိုက်ကြတာနော်။ ကူညီကယ်တင်မယ့် လူတွေကိုလဲ တိုင်းပြည်ထဲ အ၀င်မခံဘူး။ ဒုက္ခဆင်းရဲ ရောက်နေကြသူတွေကိုလဲ မစောင့်ရှောက်ဘူး။ ဒီကြားထဲ မနေနိုင်လို့ အလောင်းတွေစုပြီး သဂြိုလ်ပေးသူတွေကိုလဲ ဖမ်းလားဆီးလားနဲ့"
"ကျန်းမာရေးစောင့်ရှောက်သူတယောက်အနေနဲ့ ဒီအကြောင်းတွေကို ပြန်ကြားရတိုင်း၊ ပြန်တွေးမိတိုင်း အော့နှလုံးနာမိတယ် နော်ဆေးရယ်။ အရေးထဲ သေစာရင်းလူနာမည်တွေကို သူတို့ ဖွဲ့စည်းပုံအခြေခံဥပဒေ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ လိုက်ထည့်နေတာက တမျိုး"
"ဟုတ်တယ်မမရယ်။ ဒါလား လူထုဆန္ဒ။ မုန်တိုင်းရောက် တမလွန်ရောက်သွားသူတွေရဲ့ အလောင်းတွေကိုကျတော့ ပုပ်ပွနေမှ သဂြိုလ်ကြပြီး၊ ဒီလူတွေရဲ့ နာမည်တွေကိုကျတော့ ထောက်ခံမဲထည့်တဲ့ စာရင်းထဲ ထည့်ထားတာကို လူထုဆန္ဒ အပြည့်အ၀ ရထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေလို့ ပြောနေတာများ၊ သူတို့မို့ မရှက်မကြောက်"
"ဟိုတလောက ရွေးကောက်ပွဲကကော ဘာထူးလို့လဲ နော်ဆေးရယ်။ ကြိုတင်မဲတွေ လိုက်ကောက်ကြတာပဲလေ။ တို့တွေအားလုံး ဆန္ဒအစစ်အမှန်ကို ဖော်ထုတ်ခွင့်မှ မရခဲ့ကြတာ"
"အဲဒီတုန်းက ဖော်ထုတ်ခွင့် မရပေမယ့် အချိန်တော့ မနှောင်းသေးဘူး မမ။ နော်ဆေးတို့တွေ သူတို့လုပ်ရပ်တွေကို လက်မခံဘူးဆိုတဲ့ ဆန္ဒအစစ်အမှန်ကိုတော့ တနည်းနည်းနဲ့ ဖော်ထုတ်ကြရမယ်"
"ပြောပါဦးနော်ဆေး။ နော်ဆေးက ဘယ်လိုနည်းတွေ တွေ့ထားလို့လဲ"
"အထွေထွေ သပိတ်မပေါ်သေးပေမယ့် ပြောက်ကျားတိုက်ပွဲလှုပ်ရှားမှုတော့ လုပ်လို့ရမယ်ထင်တယ် မမ"
"ပြောက်ကျားနည်းဆိုလို့ လူတိုင်းအလွယ်တကူ ပါဝင်နိုင်တဲ့ နည်းတွေနဲ့ စသင့်တယ်ထင်တယ်"
"ဟုတ်တယ် မမ။ ဥပမာ- သတင်းစာတွေ၊ ဂျာနယ်တွေထဲက အစိုးရဦးတည်ချက်ဆိုတာတွေ၊ ကြွေးကြော်သံတွေကို ကြက်ခြေခတ်ပြီး ဆန္ဒဖော်ထုတ်တာကတော့ လူတိုင်းအလွယ်တကူ လုပ်လို့ရတယ်။ အဲဒီကြက်ခြေခတ်ထားတဲ့ သတင်းစာဖြတ်ပိုင်းတွေကို သစ်ပင်တွေ၊ အုတ်နံရံတွေမှာ လိုက်ကပ်ထားလို့လဲ ရတယ်။ ရုံးတွေ၊ ဆိုင်တွေမှာလဲ ဖတ်ပြီးရင် မသိမသာ ကြက်ခြေခတ်ထားလိုက်ရင် နောက်လူက မြင်သွားမှာပဲ"
"ဟုတ်တယ်။ ဒါလဲ လှုပ်ရှားမှုတခုပဲ။ အခြေအနေ၊ အချိန်အခါကြည့်ပြီး လူတိုင်းပါလို့ရတယ်။ ဆန္ဒအစစ်အမှန်ကို ကြက်ခြေခတ်သင်္ကေတနဲ့ ဖော်ထုတ်ပြလို့ရတယ်"
ဒေါက်တာကြူကြူက ပြောရင်းဆိုရင်း၊ သူမရှေ့မှာရှိသော ကျန်းမာရေးစာစောင်၊ မဂ္ဂဇင်းများမှ ဦးတည်ချက်စာမျက်နှာများကို ကြက်ခြေခတ် စလုပ်ချိန်တွင် နော်ဆေးကလဲ ဆေးရုံထဲမှ သတင်းစာများကို သွားယူလေတော့သည်။ ကြက်ခြေခတ် သင်္ကေတများပါသော သတင်းစာများ၊ စာစောင်များ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများဖြင့် စစ်မှန်သော ဆန္ဒကို ဖော်ထုတ်ကြသည့် တိုက်ပွဲများ လူထုကြားသို့ ပျံ့နှံ့လာခြင်းဖြင့်................................။


တိုက်ပွဲ (၅)- အမှောင်တိုက်ပွဲ

အချိန်ကား- ၂၀၁၁ ခုနှစ်
နေရာကား- ရန်ကုန်တိုင်း

"တောက်။ မီးကပျက်ပြန်ပြီကွာ"
ဦးစိတ်တို၏ တောက်ခေါက်သံက အမှောင်နှင့် အတူ ထွက်ပေါ်လာသည်။ အကြောင်းသိသော သားနှင့် သမီးကလဲ အခန်းထဲက ထွက်လာကြသည်။ မီးပျက်လျှင် ဖယောင်းတိုင်ခြွေတာသည့်အနေဖြင့် မိသားစုအားလုံး အခန်းတခန်းထဲမှာပဲ စုနေကြသည်။ စာကျက်သူကလဲ ၀ါကျင့်ကျင့် ဖယောင်းတိုင်မီးရောင်လေးဖြင့် စာကျက်ကြရသည်။ ဖခင်၏ လုပ်စာလေးတခုတည်းနှင့် တအိမ်လုံးစားနေကြရသော မိသားစုလေးအတွက် သူများတွေလို အက်ဗာတာ အိပ်မက်တွေလဲ မမက်နိုင်ပါ။
"အမယ်လေး၊ လာကြပါဦးတော်"
အိမ်နောက်ဖေးဘက်မှ အသံကြားတော့ သားသမီးနှစ်ယောက်က ပြုံးကြသည်။ ဦးစိတ်တိုက ပုဆိုးကို ခပ်တိုတိုပြင်ဝတ်ရင်း ပါးစပ်က တတွတ်တွတ် ရေရွတ်သည်။
"ဒီမိန်းမကွာ။ ကလေးပဲ နှစ်ယောက်ရနေပြီ။ ခုထိ သရဲကြောက်တုန်း"
မကျေမနပ်ဖြင့် ရေရွတ်မိပေမယ့် ထုံးစံအတိုင်း နောက်ဖေးအိမ်သာမှ ပြန်ထွက်လာသော မိန်းမဖြစ်သူကို ဖယောင်းတိုင်လေးဖြင့် သွားကြိုရပြန်သည်။
"ရှင်ကလဲတော်။ မှောင်မှောင်မည်းမည်းကြီးကို။ ကျုပ်ကြောက်တာပေါ့"
အိမ်ထဲပြန်ရောက်လာတော့ ဒေါ်ပိစိကလဲ ထုံးစံအတိုင်း အရှက်ပြေပြောသည်။ ကြားနေကြ စကားမို့ ဘယ်သူမှ ဘာမှ ပြန်မပြောကြ။

"ငါတို့ဘ၀တွေလဲ ဘယ်တော့များကျမှ အမှောင်ထဲက လွတ်မလဲ မသိပါဘူးကွာ"
"ရှင်က ဘယ်အမှောင်ကို ပြောနေတာတုန်း"
"သြော်- ဒီမိန်းမ။ မီးမှောင်တာကို ပြောတာပေါ့။ ငါ့မှာ တနေ့လုံး အလုပ်က ပင်ပန်းလာပြီး အပျင်းပြေစာအုပ်လေး ဖတ်ချင်တာတောင် မဖတ်ရဘူး။ မီးက ပျက်ပြီ"
"သိပါဘူးတော်။ ဈေးမှာ ဟိုကောင်မတွေ ပြောသံကြားတာတော့ အမှောင်က နှစ်မျိုး ရှိတယ်တဲ့။ မီးမလာတဲ့ အမှောင်က တမျိုး။ နောက်တမျိုးက စစ်အစိုးရရဲ့ လက်အောက်မှာ တိုင်းပြည်တခုလုံးကျနေတာကလဲ အမှောင်ထဲ ရောက်နေတာပဲတဲ့"
"ဟ။ မင်းတို့က နိုင်ငံရေးပြောနေကြတာလား"
"နိုင်ငံရေးဆိုတာလဲ ကျုပ်တို့အရေးပါပဲ တော်ရယ်။ ကျုပ်တို့နိုင်ငံကြီးတိုးတက်မှ ကျုပ်တို့ရဲ့ ဘ၀တွေလဲ တိုးတက်မှာပေါ့တော်။ ခုတော့ ကျုပ်မှာလေ၊ ဈေးရောင်းတာတောင် အေးအေးဆေးဆေး မရောင်းရဘူး။ ဈေးခေါင်းတွေ ကြောက်ရ၊ စည်ပင်တွေ ကြောက်ရနဲ့။ ဒီကြားထဲ ဈေးတွေက တက်တော့ အမြတ်မရပဲ အရင်းထဲက မပါသွားအောင်တောင် မနည်းပြောရောင်းနေရတာ။ ခုဆို ကျုပ်ဘုရားရှိခိုးရတာတောင် စိတ်မဖြောင့်ဘူးတော်။ ငါးပါးသီလခံပြီး အလေးခိုးနေရတာ မကောင်းပါဘူးရှင်"
"ငါတို့လဲ မထူးပါဘူးကွာ။ ဒီခေတ်ကြီးမှာ ရုံးကားမောင်းတယ်ဆိုတာနဲ့ ဆီခိုးတာနဲ့က ဒွန်တွဲနေတာပဲ။ ဒီလိုမှ မလုပ်ရင်လဲ လခက လောက်မှ မလောက်တာ"
"တခါတလေ၊ ကျုပ်စဉ်းစားမိတယ်။ ကလေးတွေကြီးလာရင် စာရိတ္တကောင်းဖို့ သင်ပေးရမှာလား၊ အနေအစားချောင်အောင် ဘာမဆိုလုပ်ဖို့ သင်ပေးရမှာလားလို့"
"ဟေ"
ဦးစိတ်တို ငိုင်သွားသည်။ အလင်းရောင်ဖျော့ဖျော့ကြားမှ သူ့မိန်းမမျက်နှာကို ပြန်ကြည့်မိသည်။
"ကျုပ်တကယ်ပြောနေတာ။ ကျုပ်လေ၊ စိတ်မကောင်းဘူး သိလား။ ဈေးထဲမှာ ပြောနေကြတာတော့ ဒါတွေဟာ စစ်အစိုးရကြောင့်တဲ့။ အုပ်ချုပ်သူတွေကိုယ်တိုင်က စာရိတ္တတွေ ချို့ယွင်းပြီး တိုင်းပြည်ဘဏ္ဍာခိုးစားနေကြမှတော့ တတိုင်းပြည်လုံးမှာလဲ သူခိုးကြီး၊ သူခိုးလေးတွေ ပြည့်နေတော့မှာပေါ့တဲ့"

စကားဝိုင်းက အတန်ကြာတိတ်ဆိတ်သွားသည်။ ကလေးများလဲ စာဖတ်ရင်း စားပွဲပေါ်မှာ မှောက်အိပ်နေကြသည်။ ဦးစိတ်တိုက ငုတ်တုတ်ထိုင်နေသည်။ ဒေါ်ပိစိကလဲ နံရံမှီပြီး ငိုက်နေသည်။
"ဟော- မီးလာပြီတော့"
မီးပြန်လာသဖြင့် ဒေါ်ပိစိက ၀မ်းသာအားရ ဖြစ်သွားသည်။
"မီးခလုတ်တွေ သွားပိတ်လိုက်စမ်း"
"ရှင်ဘာပြောတယ်"
"ဟုတ်တယ်။ မီးခလုတ်တွေကို ပိတ်ပစ်လိုက်။ ဒီနည်းနဲ့ ငါတို့တိုင်းပြည်ကို ကယ်တင်ရမယ်"
ဒေါ်ပိစိက အလန့်တကြားဖြင့် ဦးစိတ်တိုကို ကြည့်သည်။
"ငါတို့တွေက သူတို့မီးဖြတ်ရင် မီးမလာဘူးဆိုပြီး စိတ်ညစ်၊ သူတို့မီးပေးရင် မီးလာပြီဆိုပြီး ပျော်နဲ့ သူတို့ခြယ်လှယ်သမျှ ငုံ့ခံနေမှတော့ တတိုင်းပြည်လုံး သူတို့လက်ထဲ ရောက်နေတာ ဆန်းသလားကွ။ ဒီတော့ အာဏာဖီဆန်ရမယ်။ သူတို့မီးပေးတဲ့ နေ့တွေမှာလဲ တတ်နိုင်သမျှ အမှောင်ချပြီး အာဏာဖီဆန်ရမယ်။ မီးမပေးတဲ့ နေ့တွေမှာလဲ မီးပေးဖို့ လျှပ်စစ်ရုံးတွေကို သွားဝိုင်းပြီး တောင်းဆိုရမယ်။ မင်းလဲဒါကို ဈေးထဲမှာပြော။ ငါလဲ လူတွေကို ပြောမယ်။ ဒီလိုအာဏာဖီဆန်တဲ့ တိုက်ပွဲတွေနဲ့မှ ငါတို့ တိုင်းပြည်တခုလုံး အမှောင်ကျနေတာကို ကယ်နိုင်မှာပေါ့ကွ"

ဦးစိတ်တိုစကားဆုံးတော့ ဒေါ်ပိစိက မီးခလုတ်ကို အမြန်သွားပိတ်လိုက်သည်။ အာဏာဖီဆန်သည့် အမှောင်တိုက်ပွဲစလေပြီ။ မတရားသည့် အမိန့်အာဏာဟူသမျှကို တတ်နိုင်သည့်နည်းလမ်းဖြင့် ဖီဆန်သည့် တိုက်ပွဲများ တနိုင်ငံလုံးကို ပျံ့နှံ့သွားခြင်းဖြင့်...........။

ပြောက်ကျားတိုက်ပွဲများမှသည်၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးဆီသို့



ခင်မမမျိုး