Wednesday, February 16, 2011

သိန်းစိန် အစိုးရ အလိုမရှိ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ ရန်ကုန်မှာ တောင်းဆိုနေကြပြီ

ရန်ကုန်မြို့ ကမ္ဘာအေးလမ်းရှိ ဇွဲစုံဘုရား ဘုန်းကြီးကျောင်း မုဒ်ဝရှေ့နားမှာ ဒီနေ့မနက် ၆ နာရီလောက်က လူငယ်တချို့ ပိုစတာတွေကို နံရံပေါ်မှာ ကပ်တာတွေ ပြုလုပ်ခဲ့ပြီး တချို့ကိုတော့ သစ်ပင်ပေါ်မှာ ကပ်ထားခဲ့ကြပါတယ်။ တချို့က ကမ္ဘာအေးဘုရားလမ်း တလျှောက်မှာ ဖြန့်ကြဲချထားခဲ့ကြပါတယ်။ အခုလို စာရွက်စာတမ်းတွေကို ဖြန့်ဝေနေတဲ့ လူငယ်တွေကို တွေ့ကြရတဲ့ သူတွေက စာရွက်စာတမ်းတွေကို တောင်းယူခဲ့ကြတယ်လို့ စာရွက်ဖြန့်ဝေတဲ့ လူငယ်တဦးက ပြောပြပါတယ်။

မနက်အစောကြီး အငှားကားတွေနဲ့သွားကြတဲ့ ခရီးသည် တွေကလည်း ကားတွေရပ်ပြီး တောင်းယူသွားကြရင်း သူတို့ရဲ့မြို့တွေကို ရောက်သွားလို့ရှိရင် မြို့နေလူထုတွေကို သက်သေ အထောက်အထားနဲ့ ပြသပေးမယ်လို့ ပြောဆို သွားကြပါတယ်လို့ သိရပါတယ်။

သိန်းစိန်

ဒီကနေ့ သိန်းစိန်အလိုမရှိ ကမ်ပိမ်းကို ပြုလုပ်ကြတဲ့ သူတွေထဲမှာ လူငယ်တွေအပြင် အကျဉ်းကျရာမှ လွပ်မြောက်ခဲ့ကြတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေလဲ ပါဝင်ကြတယ်လို့ သိရပါတယ်။

သိန်းစိန်အစိုးရ အလိုမရှိ။ ကြားဖြတ်အစိုးရ ချက်ချင်းဖွဲ့ဖို့ တောင်းဆိုတဲ့ ပိုစတာကမ်ပိမ်းကို နိုင်ငံအနှံ့ လှုပ်ရှားသွားမယ်လို့ ကြေညာထားပါတယ်။ သိန်းစိန်အစိုးရကို ဒီနေ့ မပြုတ်ကျရင် မနက်ဖြန် ပြုတ်ကျရမယ်။ မနက်ဖြန်မပြုတ် ကျရင် သဘက်ခါ ပြုတ်ကျရမယ်ဆိုတဲ့ လှုပ်ရှားမှုနဲ့ ဆက်တိုက် အရှိန်အဟုန်ပြင်းပြင်းနဲ့ ဆောင်ရွက် သွားမယ်လို့ ကမ်ပိမ်းမှာ ပါဝင်တဲ့ လူငယ်တဦးက ပြောပြပါတယ်။ အခုလို လှုပ်ရှားမှုတွေဟာ တောင်ဒဂုံ၊ သင်္ဃန်းကျွန်းနဲ့ ပုဇွန် တောင် လိပ်ကန်ပန်း ခြံအနီးမှာလည်း လှုပ်ရှားခဲ့ကြတယ်လို့ သိရပါတယ်။

အီဂျစ် သမတ မူဘာရက် နိုင်ငံက ထွက်ပြေးခဲ့ရပြီးနောက် သန်းရွှေတို့ နအဖစစ်အုပ်စုကို ချက်ချင်း မြန်မာနိုင်ငံက ထွက်ပြေးရအောင် အမြန်ဆုံး ပြုလုပ်တာဖြစ်တယ်လို့လဲ အဲဒီလူငယ်က ပြောဆိုပါတယ်။ အထူးသဖြင့် သိန်းစိန်အစိုးရကို ပြုတ်ကျသွားဖိုနဲ့ အဓိက ဒီမိုကရေစီ အစိုးရတရပ်ကို အမြန်ဆုံး အကောင်အထည် ဖေါ်ဆောင်သွားဖို့ကို ကမ်ပိမ်းမှာ ဦးဆောင်တဲ့ လူငယ်တွေက စီစဉ်ဆောင်ရွက် လှုပ်ရှားသွားမယ်လို့ ပြောပြပါတယ်။

၂၀၁၁ ဖေဖော်ဝါရီလ ၄ ရက်နေ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက ကြံ့ဖွံ့ပါတီ ဥက္ကဋ္ဌ၊ စစ်အစိုးရ ၀န်ကြီးချုပ် ဟောင်း ဦးသိန်းစိန်အား နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တာဖြစ်ပါတယ်။


source by : http://www.naytthit.net