Monday, January 31, 2011

စစ်ဖိနပ်နဲ့ ဖွတ်ကြီး

ကျနော်အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကိုတော့ ဟိုင်းကြီးကျွန်း ပမ္မ၀တီရေတပ်စခန်းဌာနချုပ်မှာ တာဝန်ထမ်း ဆောင်ဖူးသူတွေ ကြားဖူး သိဖူး လိမ့်မယ်ထင်ပါတယ်။

ဟိုင်းကြီးကျေးရွာသားတွေ ပါးစပ်ဖျားမှာ ရေပန်းစားလှတဲ့ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို တကယ့် အဖြစ်အပျက်ကလေးလိုလို အကြောင်းအရာလေးတခုပါ။

ရှေ့ဆောင်းပါးအချို့မှာ ကျနော်တင်ပြခဲ့သလို ၁၉၉၃ ခုနှစ်မှာ ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်တော့ ရေ တပ်နဲ့ ကျေးရွာလူထုအကြားမှာ ထိပ်တိုက်တွေ့မှုတွေ မကျေမလည်ဖြစ်မှုတွေ တခုပြီးတခု ကြုံတွေ့ခဲ့ရတာပါ။ ဟိုင်းကြီး ရွာက လူတွေဟာ ရေတပ်နဲ့ ရဲတပ်ဖွဲ့အပေါ်မှာ ဆက်ဆံတာချင်း မတူပါဘူး။ ရေတပ်သားတွေအပေါ်မှာ သူတို့အမုန်းပွား ကြပေမယ့် ရဲတပ်သားတွေနဲ့တော့ ဆက်ဆံရေး အဆင်ပြေကြတယ်။

ညညတွေမှာ ရွာထဲကို အလည်လွန်တဲ့ ရေတပ်သားတွေကို ရဲကတွေ့ရင် စစ်လားဆေးလား မေးလားမြန်းလားနဲ့ ပြဿနာ ရှာတတ်ကြတယ်။ တခါတော့ ရေတပ်သားအချို့နဲ့ ရဲတပ်ဖွဲ့ဝင်အချို့ အချင်းများ ရန်ဖြစ်ရာက သူ့ဖက်ကိုယ့်ဖက် လူတွေ ပါဝင်လာလို့ ပြဿနာအကျယ်ကျယ် မဖြစ်ရအောင် ဌာနချုပ်မှူးက A2 ဗိုလ်မှူး မောင်မောင်သန်း ကို စေလွှတ်ပြီး ရဲစခန်းမှူးနဲ့ သွားရောက်ဆွေးနွေးတဲ့အခါမှ ပြဿနာ ပြေလည်သွားတယ်။

အဲဒီမတိုင်မီကတည်းက ဟိုင်းကြီးရွာသား အများအပြား (အထူးသဖြင့် ကျေးရွာသူတွေ) က ကျနော်တို့ကို နံနှိမ်သေး သိမ်စေတဲ့ ပုံပြင်တခုကို ပြောကြတယ်။ ကျနော်တို့ သွားရောက် လည်ပတ်တဲ့ အိမ်တွေက အိမ်ရှင်တွေကို သူတို့က မကြာခဏ သတိပေးတတ်တယ်။ “စစ်ဖိနပ်နဲ့ ဖွတ်ကြီး ” အကြောင်း မေ့နေပြီလားတဲ့။

ကျနော်တို့နဲ့ ခင်မင်သူတွေက သူတို့ကြားထားတဲ့ စကားကို အရင်းအတိုင်း ပြန်ပြောပြကြတော့ ကျနော်တို့က ဘယ်သ ဘာပေါက်မှာလဲ။ ဆိုပါအုံး.. အဲဒါဘာကိုဆိုလိုတာလဲလို့ ပြန်မေးရတယ်။

သူတို့ပြောပြတော့လည်း စိတ်ထဲမှာ ကသိကအောက်ဖြစ်ရပေမယ့် စိတ်ဝင်စားဖို့တော့ အကောင်းသား။

သူတို့ရွာနားက ဟိုင်းကြီးတောင်ပေါ်မှာ ဧရာမဖွတ်ကြီးတကောင် ရှိပါသတဲ့။ အဲဒီဖွတ်ကြီးဟာ တခါတခါ ရွာထဲကိုလာပြီး သူစိတ်ကူးတည့်ရာအိမ်ကို တက်လေ့ရှိတယ်။ “ဖွတ်တက်ရင်မွဲတယ်” ဆိုတဲ့ စကားလည်းရှိတယ် မဟုတ်လား။ ဒီတော့ သူတက်ပြီးသွားတဲ့အိမ်ဟာ တနေ့တခြား ဆင်းရဲ မွဲပြာကျတော့တာပဲတဲ့။ ဒါပေမယ့်သူတို့ ရွာသားတွေဟာ အဲဒီဖွတ်ကြီးကို သတ်ချင်သော်လည်း စိတ်နဲ့တောင် မပြစ်မှားရဲဘူး ဖြစ်နေတယ်။ သူ့ကိုသတ်မယ်လို့ စဉ်းစားလိုက်တိုင်း အိပ်မက်ဆိုးတွေ မက်ကြတယ်တဲ့။ ဒါကြောင့် ဖွတ်ကြီးရွာထဲဝင်တာကိုမနှစ်မြို့ပေမယ့် လက်ပိုက်ကြည့်နေကြရတယ်။

တနေ့မှာ ဖွတ်ကြီး တောင်ပေါ်ကဆင်းလာတယ်။ ဒီတခါ ဘယ်သူ့အိမ်များ အလှည့်ကျလေမလဲလို့ ရွာသားတွေ စိုးရိမ်တကြီး စောင့်ကြည့်နေကြတုန်း အိမ်တအိမ်ရှေ့အရောက်မှာ ဖွတ်ကြီးရပ်တန့်သွားတယ်။ အိမ်ပေါ်ကိုမော့ကြည့်လိုက် လှေကားခြေရင်းကို ကြည့်လိုက်နဲ့ ခဏကြာတော့ ပြန်လှည့်ထွက်သွားပြီး တောင်ပေါ်က သူ့တောင်ပို့ထဲကို တန်းတန်း မတ်မတ် ၀င်သွားတော့တယ်။ ရွာသားတွေလည်း ဖွတ်ကြီးရဲ့ ထူးဆန်းလှတဲ့ အပြုအမူကို ဝေခွဲမရဖြစ်နေကြတယ်။

အဲဒီညမှာပဲ နေ့လည်တုန်းက ဖွတ်ကြီးလာကြည့်သွားတဲ့ အိမ်ရှင်ကို အိပ်မက်ပေးတယ်။ အိပ်မက်ထဲမှာ ဖွတ်ကြီးက အိမ်ရှင်ကိုပြောသတဲ့။ “နေ့လည်က ငါနင့်အိမ်ကို တက်ဖို့လာတာ ဒါပေမယ့် နင့်အိမ်လှေ ကားခြေရင်းမှာ စစ်ဖိနပ်တရံချွတ်ထားတာ တွေ့ရတယ်။ နင်တို့မိသားစုမှာ ဆင်းရဲမွဲတေဖို့ အကြောင်း လုံလောက်သွားပြီမို့ ငါတက်စရာမလိုတော့ဘူး” လို့ ပြောသွားတယ် ဆိုပဲ။

ပြောရက်လိုက်တာဗျာ။ ကျနော်တို့ကို ဘယ်လောက်အထိနာစေတဲ့ စကားလုံးလည်း။ ဖွတ်ကတောင်အရှုံးပေးလောက် တဲ့ ရေတပ်သားတွေဆိုတဲ့ သဘောရောက်မသွားပေဘူးလား။ စိတ်ထဲမှာ အတော့်ကိုချုပ်တည်းအောင့်အီးထားခဲ့ရတယ်။ သူငယ်ချင်းလူပျိုတွေကိုလည်း ရွာထဲရောက်ရင် တွေ့ရာအိမ်ကို တက်မလည်ဖို့ သတိပေးရတယ်။

အဲဒီအကြောင်းတွေက ကြာခဲ့ပါပြီ။ သို့ပေမယ့် အခုတလော ကျနော့် နားထဲမှာ “စစ်ဖိနပ်နဲ့ ဖွတ်ကြီး” ပုံပြင်ကို ပြန်ကြား ယောင်နေမိသလိုပဲ။ ဟိုင်းကြီးတောင်မှာရှိတဲ့ ဖွတ်ကြီးက သစ္စာရှိပုံရတယ်။ သူ့အဓိဋ္ဌာန်အရ အကြောင်းကံမသင့်သူကို ဆင်းရဲမွဲတေအောင် ပြစ်ဒဏ်ခတ်လေ့ရှိပေမယ့် နှစ်ထပ်ကွမ်းနစ်နာအောင်တော့ မလုပ်ဘူးဗျ။ သူရည်ရွယ်ထားတဲ့သူဟာ အခြားနည်းနဲ့ ဆင်းရဲဖို့ အကြောင်းလုံလောက်နေပြီိဆိုရင် သူက လက်ရှောင်ပေးတယ်။

တကယ်လို့များ စစ်ဖိနပ်ကလည်း ဖိနပ်ချွတ်မှာရှိနေတုန်း ဖွတ်ကြီးက မအောင့်နိုင်မအီးနိုင်နဲ့ အိမ်ပေါ်ကိုထပ်တက်သွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ဆန်ကော (ဇကော) ဆင်နင်းသလို ဖြစ်မလား… ငပိရည်ခွက်ထဲ ဆားခဲကျသလို ဖြစ်သွားလေမလား… ဟိုလိုလား… သည်လိုလား….? စာဖတ်ပရိသတ်လည်း စဉ်းစားကြည့်ပါအုံး..။

နောက်တခေါက် ဟိုင်းကြီးကျွန်းကိုရောက်မှ ရွာသားတွေကို မေးမြန်းကြည့်ရပေဦးမည်။


တပ်ကြပ်ကြီး-နေမင်းသူ

source by :http://www.naytthit.net