Friday, December 24, 2010

မြန်အောင်မြို့က ရဲ ဆိုးတယောက်အကြောင်း

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတဦးက စားသောက်ဆိုင်တခုမှာ အလုပ်လုပ်တဲ့ မိန်းမပျိုတဦးကို အတင်းအဓမ္မ သားမယားအဖြစ်ပြုကျင့်ခဲ့တဲ့ အဖြစ်အပျက်တခုပါ။

၁၂.၈.၂ဝ၁ဝ နေ့ ညပိုင်း ၇ နာရီလောက်မှာ မြန်အောင်မြို့နယ် ရဲစခန်းမှ နယ်ထိန်း အင်ချပ် ဒုရဲအုပ် မင်းမင်းစိုး ဟာ အမှတ် (၁) အတွင်းမှာ ဖွင့်ထားတဲ့ ဘမ်းဘူးဟောက် စားသောက်ဆိုင် သီးသန့်ခန်းထဲတွင် အရက်သေစာ သောက်စားခဲ့ပါတယ်။

အဲဒီအခန်းထဲမှာ မသီတာဆိုသူ မိန်းခလေးတဦးနှင့် စက်ဖွင့်သူ လူငယ်တဦးဟာ သူနဲ့ အတူရှိနေပါတယ်။ သူတို့နှစ်ဦးဟာ ဒုရဲအုပ် မင်းမင်းစိုးကို ဧည့်ခံနေတာပါ။ ဒုရဲအုပ် မင်းမင်းစိုး မူးလာချိန်မှာ စက်ကိုင်တဲ့လူငယ်ကို အခန်းပြင်ထွက်ခိုင်းလိုက်ပြီး သီးသန့်ခန်း ထဲမှာ မသီတာ တယောက်ပဲ နေခိုင်းပါတယ်။

ထို့နောက် ဒုရဲအုပ်မင်းမင်းစိုး ဟာ အခန်းတံခါးကို သေချာပိတ်ပြီး ကောင်မလေးကို အတင်းတွန်းလှဲ သားမယားအဖြစ် ပြုကျင့်ရန် ကြံစည်ပါတော့တယ်။ မသီတာ က အတင်း ရုန်းကန်ပေမယ့် နောက်ဆုံးတွင် သားမယား ပြုကျင့်တာကို ခံလိုက်ရပါသည်။ မသီတာ က သက်သေအဖြစ် အောက်ခံဘောင်းဘီကို သိမ်းဆည်းထားပြီး မန်နေဂျာ ဦးခင်မောင်ဦး ကို တိုင်ခံပါတယ်။

မန်နေဂျာက ငါရှင်းပေးမယ် စိတ်အေးအေးထားပါလို့ ပြောပြီး ဆိုင်ရှင် ဦးမြကြီး၊ ဦးသိန်းဌေး၊ ဦးဌေးလွင် တို့ကို ပြောပြရာ ဆိုင်ရှင်မှ စခန်းမှူး ဦးမောင်မောင်တာနှင့် ဆွေးနွေး တိုင်ပင်ခဲ့ပါတယ်။ စခန်းမှူး ဦးမောင်မောင်တာ က ဒုရဲအုပ်မင်းမင်းစိုး ကို ဥပဒေအညီ အရေးယူ ဆောင်ရွက်ပေးပါမယ်လို့ ပြောခဲ့ပေမယ့် ယခုအချိန်အထိ အရေးယူခြင်း မရှိသေးပါ။

မြန်အောင်မြို့နယ်ဆိုတာ ရဲအရာရှိဆိုရင် အလွန်ကြောက်ရပါတယ်။ သူတို့မြို့နယ် သူတို့ ရဲစခန်းက ရဲအရာရှိကို ပြန်ပြီးအမှုဖွင့်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။ သက်ဆိုင်ရာအာဏာပိုင်များ သိစေရန် ယခုလို တင်ပြရခြင်း ဖြစ်ပါတယ်။

စားသောက်ဆိုင်မှာလုပ်တဲ့ မိန်းခလေးတိုင်းဟာ မိန်းမပျက် မဟုတ်ပါဘူး၊ နယ်ထိန်း အင်ချပ်ဒုရဲအုပ် မင်းမင်းစိုးဟာ သူ့မှာ သားမယားရှိပါလျှက် သားသမီးခြင်း၊ နှမခြင်းကိုယ်ချင်း မစာနာဘဲ မသီတာဆိုသူ မိန်းခလေးကို သားမယားပြုကျင့်သည်မှာ အင်မတန်မှ အရုပ်ဆိုး အကျည်းတန်လှပါတယ်။ ဥပဒေကို ကိုင်ဆောင်ထားတဲ့ ဥပဒေဘက်တော်သားတဦးက ပြည်သူလူထုမှ အပ်နှင်းထားသော အာဏာနဲ့ လုပ်ပိုင်ခွင့်ကိုသုံးပြီး သားပျို၊ သမီးပျိုကို ဖျက်စီးတာဟာ အင်မတန် ကြေကွဲဖွယ်ရာကောင်းတဲ့ ဖြစ်ရပ်တခုပါ။

မြန်အောင်မြို့နယ်ရဲ့ နေရာတိုင်းမှာ လူသတ်မှု ကျုးလွန်ရင် ထောင်ဒါဏ် တသက်တကျွန်း ကျခံရမည်။ မုဒိန်းမှု ကျူးလွန်ရင် ထောင်ဒါဏ် တသက်တကျွန်း ကျခံရမည် ဆိုတဲ့ ဆိုင်းဘုတ်တွေ လမ်းဆုံ လမ်းခွမှာ စိုက်ထူထားပြီး တာဝန်ကျ ရဲဝန်ထမ်းကိုယ်တိုင် ကျူးလွန်နေတော့ ပြည်သူတွေအပေါ် စော်ကားရာရောက်သလို ပြည်သူလူထုနဲ့ မြန်အောင် မြို့သူ မြို့သားတွေက ဘယ်လိုလုပ်ပြီး တာဝန်ကျ ရဲတပ်ဖွဲ့အပေါ် ယုံကြည်မှု ရှိနိုင်ပါမလဲ ဆိုတာ သက်ဆိုင်ရာ အာဏာပိုင်များသိစေရန် တင်ပြလိုက်ပါတယ်။

( ဖြစ်စဉ် အကျဉ်းချုပ်လောက်သာဖြစ်ပါတယ်။ )

ပေးပို့ … လွင်မြင့်

source by : http://www.naytthit.net