Monday, April 12, 2010

ဒေါ်စု ဆေးရုံတွင် ကျန်းမာရေး စစ်ဆေးမှု ခံယူ

မြင့်မောင် | နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ယမန်နေ့ ညပိုင်းတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့ရကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီခေါင်းဆောင်များက ပြောသည်။

“တိတိကျကျတော့ မသိရသေးဘူး။ ကျနော်သိတာက ဆေးရုံမှာ လာပြီးတော့ စမ်းသပ်တယ်၊ Check up လုပ်တယ်။ လုပ်ပြီးတော့ အိမ်ကို ပြန်သွားတယ်။ အဲဒီလောက်ပဲ သိတယ်” ဟု ပါတီပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ပါတီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်ကလည်း “ဒေါက်တာတင်မျိုးဝင်းဆီက ပြန်ကြားရတာက ဒေါ်စုရဲ့ ကျန်းမာရေးက ကောင်းပါတယ်တဲ့။ ဒါပေမဲ့ တနင်္ဂနွေနေ့ ညမှာ ပြန်ကြားရတာက ဒေါ်စုကို ရန်ကုန်ဆေးရုံကြီးကို ခေါ်ပြီးတော့ နှလုံးစမ်းတဲ့ စက်တွေဘာတွေ စမ်းရတယ်။ စမ်းသပ်တာက ၄၅ မိနစ် ကြာတယ်။ ECG ယူတာလောက်ဆိုရင် ဒေါ်စုအိမ်မှာ လုပ်လို့ ရပါတယ်။ တခြားစမ်းသပ်စရာတွေရှိလို့ ခေါ်သွားတာ ထင်တယ်” ဟု ပြောသည်။

ယမန်နေ့ ည ၉ နာရီ ၁၅ မိနစ်မှ ၉ နာရီ ၃၀ မိနစ်အထိ ဆေးရုံကြီးတွင် အီးစီဂျီရိုက်ခြင်း အပါအဝင် ဆေးစစ်ပြီး နေအိမ်သို့ ၉ နာရီ ၄၅ မိနစ်တွင် ပြန်ရောက်ခဲ့သည်။

ယခုလ ၈ ရက်နေ့တွင် မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းသည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ECG ရိုက်စက်များကို သယ်ယူသွားကာ စစ်ဆေးမှုများ ပြုလုပ်ခဲ့သေးသည်။ ဤသည်မှာ မိသားစု ဆရာဝန်အနေဖြင့် တလအတွင်း ဒုတိယအကြိမ်မြောက် သွားရောက်စစ်ဆေးခဲ့ရခြင်း ဖြစ်သည်။

လစဉ် ပထမဆုံး ကြာသပတေးနေ့ (ယခုလ ၁ ရက်နေ့) တွင် ကျန်းမာရေးအတွက် ပုံမှန်စစ်ဆေးမှုများ ရရှိထားရာမှ လိုအပ်ချက်အရ ထပ်မံသွားရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

သွေးပေါင်ကျဆင်းခြင်းနှင့် အစာအိမ်ဝေဒနာအတွက် ဆေးဝါးသုံးစွဲနေရကြောင်း လွန်ခဲ့သည့် ရက်ပိုင်းများအတွင်း သူမ၏ အမှုကိစ္စများအတွက် တွေ့ဆုံဆွေးနွေးခွင့် ရရှိစဉ် ဒေါ်အောင်ဆန်းစုကြည်က သူမ၏ ရှေ့နေများကို ပြောကြားခဲ့သည်။ ပြီးခဲ့သည့်နှစ် မေလအတွင်းကလည်း ကြွက်တက်သည့် ဝေဒနာ ခံစားခဲ့ရသေးသည်။

ဒေါ်အောင်ဆန်းစုကြည်၏ လက်ရှိ ကျန်းမာရေးအခြေအနေကို သိရှိနိုင်ရန်အတွက် ဒေါက်တာတင်မျိုးဝင်းထံ ဆက်သွယ်ကြည့်ရာ ဆက်သွယ်၍ မရခဲ့ပါ။

ပြီးခဲ့သည့်နှစ် မေလဆန်းတွင် အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံ ယက်တောဆိုသူသည် သူမ၏ နေအိမ်အတွင်းသို့ အင်းယားကန်မှ ရေကူးကာ၊ တိတ်တဆိတ် ဝင်ရောက်ခဲ့သဖြင့် သူမအား နေအိမ်အကျယ်ချုပ်စည်းကမ်း ဖောက်ဖျက်သည်ဟု စွပ်စွဲကာ သြဂုတ်လထဲတွင် တရားရုံးက ပြစ်ဒဏ် ၃ နှစ် ချမှတ်ခဲ့သည်။ သို့သော် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ပြစ်ဒဏ်ကို ၁၈ လအထိ လျှော့ပေါ့ပေးကာ၊ နေအိမ်၌ အထိန်းသိမ်းခံရန် ညွှန်ကြားခဲ့သည်။ ကျန် ၁၈ လကိုမူ ဆိုင်းငံ့ပြစ်ဒဏ်အဖြစ် သတ်မှတ်ထားသည်။

source by : http://www.mizzimaburmese.com