Friday, February 5, 2010

ကရင်စစ်ပြေး ဒုက္ခသည်များကို ထိုင်းက မြန်မာဘက် စတင်ပြန်ပို့

ရဲရင့် / ၅ ဖေဖော်ဝါရီ ၂ဝ၁ဝ



ထိုင်းအခြေစိုက် လူ့အခွင့်အရေးဆောင်ရွက်နေသည့် အဖွဲ့အစည်းများနှင့် နိုင်ငံတကာမှ အစိုးရမဟုတ်သော အဖွဲ့ပေါင်း (၇၀) ကျော်က ထိုင်းအစိုးရကို မေတ္တာရပ်ခံနေသည့်ကြားမှ ကရင်စစ်ပြေးဒုက္ခသည် အိမ်ထောင်စု (၃) စုကို ထိုင်းအာဏာပိုင်များက ယနေ့နံနက်တွင် အတင်းအကျပ် နေရပ်ပြန်ပို့လိုက်သည်။

ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရန်းမြို့နယ်ရှိ နောင်ဘိုးယာယီဒုက္ခသည်စခန်းမှ ဒုက္ခသည် (၁၀) ဦးပါဝင်သည့် မိသားစု (၃) စု ကို ဒေသခံလုံခြုံရေး တပ်ဖွဲ့ဝင်များက အတင်းအကျပ် မြန်မာဘက်သို့ ပြန်ပို့လိုက်ခြင်းဖြစ်သည်။

မျက်မြင်သက်သေ ဒုက္ခသည်တဦးက “ဒီမနက်အစောကြီးဘဲ ထိုင်းစစ်တပ် (ထာ့ဟန်ဖန်း) က သူတို့ကို အတင်းကားပေါ် တက်ခိုင်းပြီး ဟိုဘက်ကမ်းပြန်ပို့လိုက်တယ်၊ စခန်းထဲမှာလည်း အရပ်ဝတ်တွေနဲ့ ကရင်လိုတတ်တဲ့ ထိုင်းစစ်သားတွေက ဒုက္ခသည်တွေကို ပြန်ဖို့ လိုက်ပြီး ပြောဆိုနေတယ်” ဟု ပြောသည်။

ဒုက္ခသည်များက အန္တရာယ် ရှိသည့်အတွက် လောလောဆယ်တွင် နေရပ်ပြန်ရန် မဖြစ်နိုင်သေးကြောင်း ပြောပြီး ယာယီဒုက္ခသည် စခန်းအတွင်းမှာပင် ဆက်လက် နေထိုင်လျက် ရှိသည်ဟု သိရသည်။

ဒုက္ခသည်အရေး ဆောင်ရွက်နေသူတဦးက “ဒီနေ့မနက် စခန်းထဲကို ယူအန်အိပ်ခ်ျစီအာက လူတွေလာတော့ သူတို့ နည်းနည်း ရှိန်သွားတယ်။ ယူအန်ကလူတွေ ရှေ့မှာတော့ ဆိုးဆိုးဝါးဝါးမလုပ်ရဲကြဘူး။ ဒီညကိုတော့ သတိထားရမယ်၊ ဒုက္ခသည်တွေ ကြောက်တာက ညဘက်ဖမ်းပြီး ပြန်ပို့မှာကိုကြောက်တယ်။ အခုအခြေအနေကတော့ ဒီလူတွေက နအဖ၊ ဒီကေဘီအေ ထက်တောင် ဆိုးနေတယ်၊ ကိုယ်ချင်းစာတရားမရှိဘူး” ဟု ပြောသည်။

ယနေ့နံနက်က နောင်ဘိုး ယာယီဒုက္ခသည်များ၏ နေအိမ်များကိုလည်း အာဏာပိုင်များက ၀င်ရောက် စစ်ဆေးမှုများပြုလုပ်ရာ လက်ကိုင်ဖုန်းတလုံးကို တွေ့ရှိသွားပြီး “မင်းတို့က ဒီဖုန်းတွေနဲ့ ယူအန်နဲ့ သတင်းဌာနတွေကို သတင်းပေးနေကြတယ်” ဟုဆိုကာ သိမ်းဆည်းသွားသည်။

ကရင်စစ်ပြေးဒုက္ခသည်များ နေရပ်ပြန်ပို့ရေးကို ရပ်ဆိုင်းပေးပါရန် ကရင်အမျိုးသမီးအစည်းအရုံး (KWO) နှင့် ထိုင်းရှေ့နေများ ကောင်စီ လူ့အခွင့်အရေးဆပ်ကော်မတီအဖွဲ့က ယမန်နေ့က ဘန်ကောက်မြို့တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်၍ ထိုင်းအစိုးရကို မေတ္တာရပ်ခံခဲ့သည်။

ထိုင်းရှေ့နေများကောင်စီ လူ့အခွင့်အရေး ဆပ်ကော်မတီ ဒု-ဥက္ကဋ္ဌ နိုင်ဆူလဖုံးက “ထိုင်းနိုင်ငံဟာ ငလျင်ဒဏ်ခံရတဲ့ ဟေတီနိုင်ငံကို ကူညီပြီး ကရင်ဒုက္ခသည်တွေကို မကူညီရင် ဝေဖန်ခံရမယ်။ သူတို့ကိုပြန်ပို့ရင် မြေမြှုပ်မိုင်းရှင်းလင်းတဲ့အချိန်ထိ စောင့်ဆိုင်းဖို့ လိုသလို ကူညီရေးအဖွဲ့တွေ စေလွှတ်ပြီး ဒုက္ခသည်တွေကို ဘေးကင်းရာမှာ စောင့်ရှောက်ထားဖို့လည်း လိုတယ်” ဟု ပြောကြားသည်။

KWO ၏ ပြောခွင့်ရပုဂ္ဂိုလ် နော်ဘလူးမင်းနိုက်ဇန်က “များပြားလှတဲ့ မြေမြှုပ်မိုင်းရှိတဲ့နေရာကို ဒုက္ခသည်တွေရဲ့ ဆန္ဒမပါဘဲ ပြန်ပို့တာဟာ သူတို့ကို သေတွင်းထဲ ပြန်ပို့တာနဲ့အတူတူပါပဲ။ သူတို့ကိုပြန်ပို့မယ့် အစီအစဉ်ကို ရပ်ဆိုင်းပြီး သူတို့ကို လုံခြုံတဲ့ နေရာမှာ ထားရှိဖို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။

ထာ့ဆောင်ရန်းမြို့နယ်တွင် ခိုလှုံနေသည့် ကရင်စစ်ပြေးဒုက္ခသည် (၃) ထောင်ကျော်သည် ယမန်နှစ် ဇွန်လတွင် ဒီကေဘီအေ၊ နအဖ ပူးပေါင်းတပ်နှင့် ကေအန်ယူတပ်ဖွဲ့တို့အကြား ဖြစ်ပွားခဲ့သည့် ရက်ရှည် တိုက်ပွဲကာလအတွင်း ထိုင်းနိုင်ငံ ထာ့ဆောင်ရန်း မြို့နယ်ဘက်သို့ ထွက်ပြေးလာကြသူများဖြစ်သည်။

အဆိုပါစစ်ပြေး ဒုက္ခသည်များကို ထိုင်းနယ်ခြားစောင့်တပ်က ယနေ့ ဖေဖော်ဝါရီ (၅) ရက်မှ စတင်ကာ မြန်မာဘက်သို့ အပြီး ပြန်ကြရမည်ဟု အမိန့်ပေးထားကြောင်း ဒုက္ခသည်များက ပြောသည်။

ကရင်စစ်ပြေးဒုက္ခသည်များအား မြန်မာနိုင်ငံပြန်ပို့မည့်အရေးကို အမေရိကန် လွှတ်တော်အမတ် (၂၇) ဦးကလည်း အထူး စိုးရိမ်မကင်းဖြစ်ရကြောင်း၊ ကရင်ဒုက္ခသည်များကို ကာကွယ်ပေးစေလိုကြောင်း ထိုင်းဝန်ကြီးချုပ် မစ္စတာအဖိဆစ်ထံ ဖေဖော်ဝါရီ (၄) ရက်နေ့စွဲဖြင့် လက်မှတ်ရေထိုးကာ စာရေးသား ပေးပို့ခဲ့ကြသည်။


source by : http://www.khitpyaingnews.org