Wednesday, February 3, 2010

ဖမ်းဆီးထားသူများအား ညှဉ်းပန်း၍ ဖြောင့်ချက်ရယူမှု ရှေ့နေများကောင်စီက စုံစမ်းသွားမည်

ဝီရ/ ၂ ဖေဖော်ဝါရီ ၂ဝ၁ဝ

မြန်မာပြည်တွင်း၌ ဖမ်းဆီးခံရသူများအား စိတ်ပိုင်းနှင့် ရုပ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်မှု ကျူးလွန်သူများဖြစ်သည့် မြန်မာနိုင်ငံ ရဲချုပ်နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတို့အား ထိရောက်စွာ အပြစ်ပေး အရေးယူနိုင်ရန်အတွက် မှတ်တမ်းထားရှိကာ အမှုမှန်ပေါ်ပေါက်ရေးကို ဆက်လက် စုံစမ်းသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ရှေ့နေများကောင်စီက ထုတ်ပြန်ကြေညာ လိုက်သည်။

“နအဖ တာဝန်ရှိသူတွေက ဖမ်းဆီးခံရသူတွေအပေါ် ကျူးလွန်နေတဲ့ပြစ်မှုက လူမဆန်တဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ ဆိုးဝါးပြင်းထန်တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တဲ့အတွက် အရေးယူရလောက်အောင်ကို ကြီးလေးတဲ့ပြစ်မှုအနေနဲ့ မှတ်တမ်းတင်ထားပါတယ်။ ဒါကို ICC နိုင်ငံတကာ ရာဇဝတ်ခုံရုံးမှာ အပြစ်ပေး၊ အရေးယူနိုင်အောင် ဆက်လက် ကြိုးပမ်းသွားမယ်” ဟု မြန်မာနိုင်ငံ ရှေ့နေများကောင်စီမှ ဥပဒေရေးရာ သုံးသပ်ရေးဌာန တာဝန်ခံ ဦးမျိုးက ခေတ်ပြိုင်သို့ ပြောကြားသည်။

ညှဉ်းပန်းနှိပ်စက်မှုများ ကျူးလွန်၍ ဖြောင့်ချက်ရယူခြင်းသည် ပြစ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း၊ အမေရိကန်နိုင်ငံသား ခံယူထားသူ ကိုညီညီအောင်အား စစ်ကြောရေးစခန်းတွင် အိပ်စက်အနားယူခွင့် မပေးခြင်း၊ (၇) ရက်တိုင်တိုင် အစာမကျွေးခြင်း၊ ကန်ကျောက် နှိပ်စက်ခြင်း ပြုလုပ်ခဲ့ကြောင်း၊ ရဲတပ်ဖွဲ့ဝင်တို့၏ ဖမ်းဆီးခြင်းခံရသည့် အခြား သံဃာရှင်လူ (၁၆) ဦးတို့ကိုလည်း အလားတူ လူမဆန်သည့် နည်းလမ်းပေါင်းစုံဖြင့် စစ်ဆေးမေးမြန်း ဖြောင့်ချက်ရယူခဲ့ကြောင်း ဖေဖော်ဝါရီ (၁) ရက် ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဦးမျိုးက “တိုင်းပြည်တာဝန် ထမ်းဆောင်နေတဲ့ ပြည်သူ့ဝန်ထမ်းတွေဆိုတာ ဒီလိုပြစ်မှုမျိုး ကျူးလွန်ခိုင်းဖို့ ဥပဒေမရှိဘူး။ နအဖ ဥက္ကဋ္ဌကအစ ဘယ်အစိုးရအဖွဲ့ဝင်ပဲဖြစ်ဖြစ် ဖမ်းဆီးခံရသူကို နှိပ်စက်ဖို့ အမိန့်ပေးပိုင်ခွင့်မရှိဘူး။ ဘယ်ဥပဒေကမှလည်း အဲဒီလို အခွင့်အာဏာတွေ အပ်နှင်းထားတာမရှိဘူး” ဟု ပြောဆိုသည်။

မကြာသေးခင် လများအတွင်း ဖမ်းဆီးခံရသူများအနက် မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်မှ အရှင်ဥက္ကံသ ခေါ် ဦးဇင်း ဇော်လတ်သည် သံဖြူဇရပ်မြို့နယ် ရဲတပ်ဖွဲ့တို့၏ ညှဉ်းပန်းနှိပ်စက်မှုကြောင့် အဖမ်းခံရသည့်နေ့တွင်ပင် မော်လမြိုင်ဆေးရုံသို့ ဆေးကုသမှု ခံယူရကြောင်းကိုလည်း ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့အပြင် ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၃၃၀) ပြဋ္ဌာန်းချက်တွင် ခြောက်လှန့်၍ ဖြောင့်ချက်ရယူရန်ဖြစ်စေ၊ ပစ္စည်းပြန်ပေးရန် အတင်းအဓမ္မ ပြုလုပ်၍ဖြစ်စေ၊ မိမိအလိုအလျောက် နာကျင်စေမှု ပြုသူ မည်သူ့ကိုမဆို (၇) နှစ် ထောင်ဒဏ်တမျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်ကြောင်း၊ အလားတူ ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ (၃၃၁) ပြဋ္ဌာန်းချက်တွင်လည်း ယင်းကဲ့သို့ ပြစ်မှုကျူးလွန်သူအား ထောင်ဒဏ် (၁၀) နှစ် ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ဖော်ပြပါရှိသည်။

နအဖလက်ထက်တွင် စစ်ကြောရေးစခန်းများတွင် ညှဉ်းပန်းနှိပ်စက်ခြင်းခံရပြီး အသက်ဆုံးရှုံးသွားခဲ့ရသူ အနည်းဆုံး (၁၀) ယောက် ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ) အေအေပီပီ-ဘီမှ အထွေထွေ အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောကြားသည်။

ကိုတိတ်နိုင်က “နိုင်ငံရေးအမှုတို့လို အဖမ်းခံရသူမှန်သမျှက အလားတူ နှိပ်စက်တတ်တဲ့ နအဖ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လူမဆန်တဲ့ စစ်ဆေးမှုတွေကို အားလုံးခံခဲ့ရတယ်။ အဲဒီမှာ သွေးထွက်သံယို ဖြစ်လို့၊ အခြေအနေမကောင်းတော့မှ ဆေးရုံပို့ရင်း ဆုံးပါးသွားသူတွေလည်း ရှိတယ်” ဟု ပြောသည်။

အေအေပီပီ-ဘီ၏ စာရင်းအရ ၂၀၀၈ ခုနှစ်တွင် နိုင်ငံရေးအကျဉ်းသား (၂,၁၆၂) ဦးရှိပြီး ၂၀၀၉ ခုတွင် (၁၅) ဦးတိုးလာကာ (၂,၁၇၇) ဦး ရှိကြောင်း သိရသည်။

မြန်မာအကျဉ်းစခန်းများနှင့် စစ်ကြောရေးစခန်းများတွင် နှိပ်စက်မှု အမျိုးမျိုးအနက် အိပ်စက်အနားယူခွင့်မပေးဘဲ နေ့ရက်ဆက်တိုက် မတ်တပ်ရပ်ခိုင်း၍ စစ်ဆေးမေးမြန်းခြင်း၊ ချွန်ထက်သည့် ကျောက်စရစ်ခဲများပေါ်တွင် ဒူးထောက်ထိုင်စေပြီး အပေါ်မှ လူတက်ဖိ၍ စစ်ဆေးခြင်း၊ မျဉ်းလုံးဖြင့် ရိုက်နှက်ခြင်း၊ ရေနှင့်အစားအသောက် ကျွေးမွေးမှု မရှိခြင်း၊ ခြေဖျားထောက်ခိုင်း၍ ခြေဖနှောင့်အောက်၌ ချွန်ထက်သည့်အရာ ထားရှိ၍ စစ်ဆေးခြင်းတို့ပြုလုပ် ဖြောင့်ချက်ရယူခဲ့ကြောင်း လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသမားဟောင်းများထံမှ သိရသည်။

မြန်မာနိုင်ငံတွင် တပြည်လုံးအနှံ့ အကျဉ်းထောင်ပေါင်း (၄၂) ခု၊ ရဲဘက်စခန်း (၁၀၉) ခုရှိပြီး အကျဉ်းသား/အချုပ်သား ဦးရေစုစုပေါင်း (၂၄၈,၆၆၄) ဦးရှိကြောင်း အကျဉ်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက တရားဝင် ထုတ်ဖော် ပြောကြားခဲ့သည်။


source by : http://www.khitpyaing.org