Tuesday, August 11, 2009

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့် (၁) နှစ်ခွဲ ထိန်းသိမ်းဦးမည်

ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖြင့်
(၁) နှစ်ခွဲ ထိန်းသိမ်းဦးမည်

NEJ / ၁၁ သြဂုတ် ၂၀၀၉


အင်းစိန်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည်အား အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်ချမှတ်လိုက်သော်လည်း နအဖအကြီးအကဲ၏ ကြေညာချက်အရ နေအိမ်အကျယ်ချုပ် (၁၈) လ ဦးစွာကျခံရမည်ဖြစ်သည်။

ထိုကဲ့သို့ အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၃) နှစ်ချမှတ်ခဲ့ပြီးနောက် နအဖစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက သြဂုတ် (၁၀) ရက် နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးသို့ပေးပို့ခဲ့သော အမိန့်ကြေညာစာကို ဆက်လက်ဖတ်ကြားခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်ဒဏ်ဆိုင်းငံ့နှင့် လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ကို သြဂုတ်လ (၁၀) ရက်နေ့စွဲဖြင့် ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ထားကြောင်း မြန်မာ့ရုပ်မြင်သံကြားကလည်း မွန်းလွဲ (၁၂) နာရီခွဲတွင် ထုတ်ပြန်ကြေညာသွားသည်။

နအဖဥက္ကဋ္ဌ၏ အမိန့်ကြေညာချက်တွင် ဒေါ်အောင်ဆန်းစုကြည်အား တရားရုံးက မည်သည့်ပြစ်ဒဏ် ချမှတ်သည်ဖြစ်စေ ထိုချမှတ်သည့် ပြစ်ဒဏ်တ၀က်ကိုသာ ကျခံစေရန်၊ ကျန်ပြစ်ဒဏ်တ၀က်ကို ဆိုင်းငံ့ထားပြီး သူမ၏နေအိမ်၌ပူးတွဲပါ စည်းကမ်းချက်များနှင့်အညီ ပြန်လည်နေထိုင်ခွင့်ပြုကြောင်း၊ ပြစ်ဒဏ်တ၀က်ကျခံနေရစဉ်အတွင်း ကောင်းမွန်စွာနေထိုင်ပါက ကျန်ပြစ်ဒဏ်တ၀က်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုကြေညာချက်တွင် နအဖစစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်သည် လွတ်လပ်ရေးကို အရယူပေးခဲ့သည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်ခြင်းကြောင့်လည်းကောင်း၊ ရပ်ရွာအေးချမ်းသာယာရေးနှင့်တည်ငြိမ်ရေးကို ရှေးရှု၍လည်းကောင်း၊ တဦးအပေါ်တဦး အာဃတများ မရှိစေရေးအတွက်လည်းကောင်း၊ ဒီမိုကရေစီလမ်းကြောင်းတွင် အနှောင့်အယှက်မဖြစ်စေရေးအတွက်လည်းကောင်း ရည်စူး၍ မိမိ၏လုပ်ပိုင်ခွင့်အာဏာအတွင်းမှ ဒေါ်အောင်ဆန်းစုကြည်အပေါ် စာနာထောက်ထားညှာတာမှု ပြုခဲ့သည်ဟုလည်း ဖော်ပြထားသည်။

ယင်းကြေညာချက်အရ နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ်ဖြင့် (၁) နှစ်ခွဲ ဆက်လက်ထိန်းသိမ်းသွားမည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့်အတူနေ ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ကိုလည်း အင်းစိန်အထူးတရားရုံးက အလုပ်ကြမ်းနှင့် ထောင်ဒဏ် (၃) နှစ်စီချမှတ်ခဲ့ပြီး နအဖ အကြီးအကဲက ဒေါ်အောင်ဆန်းစုကြည်နည်းတူ ပြစ်ဒဏ်ဆိုင်းငံ့နှင့် လွတ်ငြိမ်းချမ်းသာ ခွင့်ပေးလိုက်သဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အတူနေထိုင်ခွင့်ဖြင့် နေအိမ်အကျယ်ချုပ်ချခံလိုက်ရသည်။

နေအိမ်အတွင်း ရေကူးဝင်ရောက်ခဲ့သူ အမေရိကန်နိုင်ငံသား ဂျွန်ဝီလျံယက်တောကို အင်းစိန်အထူးတရားရုံးက ထောင်ဒဏ် (၇) နှစ် စီရင်ချက်ချမှတ်ခဲ့သည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။