Thursday, May 28, 2009

အဖွဲ့ချုပ်ရုံးတွင် ရွေးကောက်ပွဲ အောင်ပွဲနေ့ ကျင်းပ ဒေါ်အောင်ဆန်းစုကြည် ၏ တရားရုံးရေးသားဖေါ်ပြချက် ထုတ်ပြန်

အဖွဲ့ချုပ်ရုံးတွင် ရွေးကောက်ပွဲ အောင်ပွဲနေ့ ကျင်းပ

ဒေါ်အောင်ဆန်းစုကြည် ၏ တရားရုံးရေးသားဖေါ်ပြချက် ထုတ်ပြန်




NEJ / ၂၇ မေ ၂၀၀၉



အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ယနေ့ကျင်းပသည့် (၁၉) နှစ်မြောက် ရွေးကောက်ပွဲအောင်ပွဲနေ့ အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအားစွဲဆိုထားသည့်အမှုနှင့်ပတ်သက်၍ တရားရုံးသို့ ရေးသားတင်ပြချက်ကို ထုတ်ပြန်ခဲ့သည်။

အဆိုပါ ကြေညာချက်ပါ ဒေါ်အောင်ဆန်းစုကြည်၏ ရေးသားတင်ပြချက် တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုအမှုဖြစ်ပွားရသည့် အရင်းခံ အကြောင်းရင်းမှာ လုံခြုံရေးလစ်ဟင်းမှု သို့မဟုတ် လုံခြုံရေးဖောက်ဖျက်မှု ဖြစ်သော်လည်း ယခုအချိန်အထိ လုံခြုံရေးဆိုင်ရာ တာဝန်ရှိမှုနှင့်စပ်လျဉ်းပြီး အရေးယူခြင်းမရှိဘဲ ၎င်းကိုသာ အရေးယူတရားစွဲခြင်းမှာ ဘက်လိုက်ဆောင်ရွက်ခြင်းဖြစ်သည်ဟု ဖော်ပြထားသည်။

အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦးနှင့် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၀၃ ခု မေ (၃၀) ရက်တွင် ဒီပဲယင်းမြို့အနီးတွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် နအဖစစ်အစိုးရက ၎င်းတို့အား နေအိမ်အကျယ်ချုပ်ဖြင့် ထိန်းသိမ်းထားခဲ့သည်။

ထိုသို့ထိန်းသိမ်းထားစဉ်အတွင်း ယခုနှစ်မေလတွင် ဒေါ်အောင်ဆန်းစုကြည်ခြံထဲသို့ အမေရိကန်နိုင်ငံသား မစ္စတာယက်တောက တိတ်တဆိတ်ရေကူးဝင်ရောက်ခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်က ခေတ္တနေခွင့်ပြုခဲ့သဖြင့် နအဖစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ဖောက်ဖျက်မှုဖြင့် တရားစွဲဆိုကာ အမှုစစ်ဆေးလျက်ရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ယင်းအမှုကို မကျူးလွန်ကြောင်း ယမန်နေ့က တရားရုံးတွင် စာရေးသားထွက်ဆိုခဲ့ပြီး ယင်းထွက်ဆိုချက်ကို ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါစာတွင် ဒေါ်အောင်ဆန်းစုကြည့်က ယမန်နှစ် နိုဝင်ဘာ (၃၀) ရက်တွင် ပထမအကြိမ် မစ္စတာယက်တော ၎င်း၏ နေအိမ်ခြံအတွင်းရောက်ရှိခဲ့စဉ်က ဒေါက်တာတင်မျိုးဝင်းမှတဆင့် ယင်းအဖြစ်အပျက်အား အာဏာပိုင်များ သတင်းပေးပို့ခဲ့သော်လည်း အာဏာပိုင်များက စုံစမ်းမေးမြန်းခြင်းမလုပ်ခဲ့ဟုလည်း ဖော်ပြထားသည်။

ယခုနှစ် မေလ (၄) ရက် ဒုတိယအကြိမ် မစ္စတာယက်တော ၎င်း၏နေအိမ်ခြံဝင်းအတွင်း ရေကူးဝင်ရောက်ခဲ့မှုတွင် ၎င်းအနေဖြင့် မည်သူ့ကိုမျှ အဖမ်းအဆီးအချုပ်အနှောင်ခံရစေရန် တွန်းမပို့နိုင်ဟူသော နိုင်ငံရေးခံယူချက်အရ ခေတ္တခိုလှုံခွင့်ပေးခဲ့ကြောင်း တင်ပြထားသည်။

ယင်းကျူးကျော်ဝင်ရောက်မှုနှင့်ပတ်သက်၍ လစဉ်ဆေးစစ်ဆေးရန်လာသည့် ဒေါက်တာတင်မျိုးဝင်းမှတဆင့် သက်ဆိုင်ရာသို့အကြောင်းကြားရန် ရည်ရွယ်ခဲ့သော်လည်း ရဲတပ်ဖွဲ့ဝင်များသာရောက်လာပြီး ဒေါက်တာတင်မျိုးဝင်း ၀င်ခွင့်မရခဲ့ကြောင်းလည်း ဖော်ပြထားသည်။

(ယင်းစာအပြည့်အစုံကို ကြည့်ရန်) >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။