Tuesday, May 26, 2009

ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ချေပ

ဥပဒေ မချိုးဖောက်ဟု ဒေါ်အောင်ဆန်းစုကြည် ချေပ

Tuesday, 26 May 2009 20:23 ကိုစိုး

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ၎င်းအား စွဲချက်တင်ထားသော တားဆီးကန့်သတ်မိန့် ချိုးဖောက်မှုနှင့် ပတ်သက်ပြီး မည်သည့် ဥပဒေကိုမျှ ကျူးလွန် ချိုးဖောက်ခြင်းမရှိကြောင်း အင်းစိန်ထောင်တွင်း အထူးတရားရုံးတွင် ယနေ့ ထွက်ဆိုသွားသည်။

အဆိုပါ အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထော ၎င်း၏ အိမ်သို့ ရေကူးဝင်ရောက်သည့် အမှုနှင့်ပတ်သက်ပြီး တရားရုံးက စစ်ဆေး မေးမြန်းသည်ကို ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေနှင့် မည်သည့် ဥပဒေမျှမချိုးဖောက် ခဲ့ဟု တရားခွင်သို့ရောက်ရှိနေသော သတင်းထောက်များနှင့် သံတမန်များ၏ ရှေ့မှောက်တွင် ပြန်လည်ဖြေ ကြား သွားကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်က ဂျွန် ဝီလျံ ယက်ထောအမှုနှင့်ပတ်သက်ပြီး ရှင်းလင်းချက်များကို Statement (ကြေညာချက်) တစောင် ရေး၍ တရားရုံးသို့ တင်ပြပြီး တရားရုံး၏ စစ်ဆေး မေးမြန်းချက်များကို ခုခံဖြေဆို သွားသည်ဟု ဒေါ်အောင်ဆန်း စုကြည်၏ ရှေ့နေ တဦးဖြစ်သည့် ဦးဉာဏ်ဝင်းကလည်း ပြောဆိုသည်။

“သူ့ Statement မှာ ဘယ်လိုပြစ်မှုမှ မကျူးလွန်ကြောင်း အခိုင်အမာ ပြောထားပါတယ်၊ ဘာကြောင့်လည်း ဆိုတော့ သူဟာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ အထိန်းသိမ်းခံနေရသူ တဦးဖြစ်နေတယ်လို့လည်း ဆိုပါတယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဂျွန် ယက်ထော ၎င်းအိမ်ဝင်ရောက်လာခြင်းနှင့် ပတ်သက်ပြီး အတူနေသူ ဒေါ်ခင်ခင်ဝင်း တို့ သားအမိကိုလည်း အသိအပေးနှိုးဆော်ထားသည်ဟု ဆိုသည်။

“ကျမ သူ့ကို ခဏတာ ခွင်ပြုခဲ့ပါတယ်”ဟု တရားရုံး၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားလိုက်ပြီး အစားအစာများလည်း ဂျွန်ယက်ထောကို ကျွေးမွေး ခဲ့ကြောင်း ပြောဆိုခဲ့သည်။

၎င်း ဂျွန် ယက်ထော ဝင်ရောက်လာခြင်းအား သက်ဆိုင်ရာသို့ သတင်းပို့မှုမရှိခြင်းနှင့် ပတ်သက်ပြီး တရားရုံး၏ မေးမြန်းချက်ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က ၎င်းအနေနှင့် လုံခြုံရေးများဖြင့် အကျဉ်းချခံထားရသူတဦးဖြစ်၍ သတင်းမပို့နိုင်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

ဦးဉာဏ်ဝင်းက“သူ မစ္စတာ ယက်ထောကို ဘယ်လို တွေ့ဆုံတယ်၊ ပထမ အကြိမ် မတွေ့ဘူး၊ ဒုတိယအကြိမ် တွေ့တယ်၊ သူက ခေတ္တခွင့်ပြုခဲ့တာတွေ၊ ဒါ သူဘာကြောင့်လုပ်တယ်၊ အဲဒါတွေ သူရှင်းပြထားတယ်၊ ဒါနဲ့ပတ် သက် ပြီး သတင်းမပို့ လို့ ဆိုပြီးစွဲတာကို၊ ဘာဖြစ်လို့ ဒီလိုလုပ်သလဲဆိုတော့ သူ့အနေနဲ့ သတင်းမပို့တာ မှန်တယ်၊ ဘာကြောင့် မပို့ဘူးလဲဆိုတော့ သူကိုယ်တိုင် အကျဉ်းကျနေတယ်၊ ဒီအချိန်မှာ အဲဒီလိုသတင်းပို့တဲ့အလုပ်မျိုး နိုင်ငံရေးယုံကြည်ချက်ကြောင့် သူမလုပ်နိုင်ဘူးလို့ တရားရုံးကို Statement နဲ့ ရှင်းပြပါတယ်”ဟု ဧရာဝတီသို့ ပြောပြသည်။

မစ္စတာ ဂျွန် ဝီလျံ ယက်ထောသည် အင်လျားကန်ဘက်က လာသည်ကိုသာ သိရှိခဲ့ပြီး မည်သည့် လမ်းဘက်က လာသည်ကိုမူ အလင်းရောင်မရှိသည့်အချိန်ဖြစ်၍ မသိရှိဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။
ယနေ့တွင် ၇ ရက်မြောက် ဒေါ်အောင်ဆန်းစုကြည်အမှု စစ်ရာ တရားခွင်သို့ ပြည်တွင်းပြည်ပ သတင်းဌာနများမှ မြန်မာနိုင်ငံသား သတင်းထောက် ၁၀ ဦးခန့်နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံခြား သံတမန်များအပါအဝင် စုစုပေါင်း ၁၀၀ ခန့် ကို စစ်အာဏာပိုင်များက ဒုတိယ အကြိမ် လာရောက်ခွင့်ပြုခြင်းဖြစ်သည်။

ယင်း သံတမန်များနှင့် သတင်းထောက်များက ဒေါ်အောင်ဆန်းစုကြည် တရားခွင်သို့ ရောက်ရှိလာချိန်တွင် လေးစားမှုပြသည့် သင်္ကေတ အနေဖြင့် မတ်တတ်ရပ်ပေးကြကြောင်း၊ တာဝန်ကျ လုံခြုံရေး ရဲက ထိုင်ခိုင်းသော် လည်း မထိုင်ကြဘဲ ဒေါ်အောင်ဆန်းစုကြည် ထိုင်မှ ထိုင်ကြကြောင်း သတင်းထောက် တဦး ကပြောပြသည်။

ထို့နောက် နေ့လယ် ၂ နာရီ ခွဲခန့်တွင် ဒေါ်အောင်ဆန်းစုကြည် အမှုစစ်ဆေးခြင်းကို ရုပ်သိမ်းလိုက်၍ သံတမန် များ၊ သတင်းထောက်များနှင့် ဒေါ်အောင်ဆန်းစုကြည် ရှေ့နေများ ပြန်ခဲ့ကြသော်လည်း မစ္စတာ ယက်ထောကို ဆက် လက် စစ်ဆေးနေကြောင်း သိရသည်။

အင်းစိန်ထောင်တွင်း အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည် တဦးတည်းကို မွန်းလွဲ ၁ နာရီ မှ ၂ နာရီခွဲ ခန့် အထိ စစ်ဆေးမေးမြန်းခဲ့ပြီး ဒေါ်ခင်ခင်ဝင်း၊ မဝင်းမမ စသည့် စစ်ဆေးရန်ကျန်ရှိသူများကို မနက်ဖြန်သို့ ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု ဦးဉာဏ်ဝင်းက ဆိုသည်။

ယနေ့ တရားခွင်နှင့်ပတ်သက်ပြီး“ကျနော့် အမြင်တော့ ဒေါ်အောင်ဆန်းစုကြည်ဟာ Statement ကလည်း သူ ကိုယ်တိုင်ရေးတာ၊ Statement ရော ထွက်ဆိုချက်ရော အားလုံးဟာ ဒေါ်အောင်ဆန်းစုကြည်ဟာ တကယ့်ကို ရိုးရိုးသားသားနဲ့ အမှန်ကိုအမှန်အတိုင်း သတ္တိရှိရှိ ပြောပြနေတယ်လို့ ကျနော် အဲဒီလိုမြင်တယ်”ဟုလည်း ၎င်းက ဆက်လက်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ဂျွန် ၀ီလျံ ယက်ထော အမှုနှင့်ပတ်သက်ပြီး အာဏာပိုင်များက မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အကျယ်ချုပ်ထားရာနေအိမ်မှ အင်းစိန်အကျဉ်းထောင်သို့ ခေါ်ဆောင်၍ ပုဒ်မ ၂၂ ဖြင့် တရား စွဲဆို လိုက်ပြီး မေလ ၁၈ ရက်နေ့တွင် အမှုရင်ဆိုင်ရန် ရက်ချိန်းပေးလိုက်ခြင်းဖြစ်သည်။

ယင်းမေလ ၁၈ ရက် တနင်္လာနေ့မှ စတင်၍ ပြီးခဲ့သည့် သောကြာနေ့အထိ အစိုးရ တရားလိုပြသက်သေများကို ဆက်တိုက် စစ်ဆေးခဲ့ပြီး ယနေ့တွင်မှ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ဆေးခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ပုဒ်မ ၂၂ အရ ပြစ်မှု ထင်ရှားပါက ထောင်ဒဏ် ၃ နှစ်မှ ၅ နှစ်အထိ ကျခံရနိုင် ကြောင်း သိရသည်။

ယနေ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်တစောင် ထုတ်ပြန်ရာတွင်“ဤအမှုကို လွတ်လပ်ပြီး တရား မျှတခြင်းမရှိဘဲ အမြန်ဆုံးအမိန့်ချမှတ်နိုင်ရန် နေ့စဉ်ရက်ဆက် စစ်ဆေးနေပါသည်၊ ထို့အပြင် ယင်းအမှုနှင့် ပတ် သက်၍ အဓိက တာဝန်ရှိသော လုံခြုံရေးဆိုင်ရာ ပုဂ္ဂိုလ်များနှင့် လုံခြုံရေး ချိုးဖောက်သူကိုလည်း အရေးယူ တရား စွဲဆိုထားခြင်း တစုံတရာ မရှိသေးကြောင်း တွေ့ရှိရပါသည်”ဟု ဖော်ပြထားသည်။

အဆိုပါ ဂျွန် ၀ီလျံ ယက်ထော(Mr. John William Yettaw)သည် အင်းလျားကန်စောင်းရှိ ဒေါ်အောင်ဆန်း စုကြည် ၏ နေအိမ်သို့ ရေကူး၍သွားရောက်ကာ မေလ ၃ ရက် မှ ၅ ရက်နေ့အထိ ၃ ရက်ကြာနေထိုင်ခဲ့ပြီး မေလ ၆ ရက် နေ့တွင် အင်းလျားကန် အတွင်း ၌ ၎င်းအား တွေ့ရှိရသဖြင့် ဖမ်းဆီးခဲ့ကြောင်း မေလ ၇ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၀၃ ခုနှစ် မေလတွင် ဖြစ်ပွားခဲ့သော ဒီပဲယင်းအကြမ်းဖက်တိုက်ခိုက်မှု အပြီးမှ စတင်၍ နေအိမ် အကျယ်ချုပ်ဖြင့် အထိန်းသိမ်းခံနေရသည်မှာ ၅ နှစ် ကျော်ပြီ ဖြစ်သည်။ ၁၉၈၉ ခုနှစ်မှ စ၍ နေအိမ် အကျယ်ချုပ် ဘ၀ဖြင့် နေရချိန် စုစုပေါင်း ၁၃ နှစ် ရှိပြီ ဖြစ်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။