Tuesday, February 2, 2010

ကျွမ်းကျင်ရာ - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်သိုးထိန်း


ယနေ့ လူ့ ကမ္ဘာလောကကြီးတွင် သူ့ကျွမ်းကျင်ရာနှင့်သူ၊ သူ့နေရာနှင့်သူ၊ ကိုယ်စီတာဝန်များကို ထမ်းဆောင်ကာ နှစ်ပေါင်း ကြာရှည် ပုံမှန်လည်ပတ်နေသည်မှာ အားလုံးအမြင်၊ တံမြက်စည်းလှည်းတံပြုလုပ်သူ ရှိသကဲ့သို့ လေယာဉ်တီထွင် ပြုလုပ်သူ ကလည်း ရှိသည်။ အလားတူ လေယာဉ် ပြုလုပ်သူ၏ အိမ်တွင် တံမြက်စည်း လှည်းတံ မရှိရင် မဖြစ်သကဲ့သို့ တံမြက်စည်း လှည်းတံပြုလုပ်သူကလည်း ရပ်ဝေး ခရီးသွားရန်အတွက် လေယာဉ်ကို စီးသွားရမည်ပင်။


ဒုဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ဆရာဝန်မကြီးအား လူမသေ “ဆေး” မေးနေပုံ

အားလုံးက သူ့နေရာနှင့်သူ အံဝင်ခွင်ကျ လှုပ်ရှားသွားလာနေကြခြင်း ဖြစ်သည်။ တံမြက်စည်းလှည်းတံ ပြုလုပ်သူက လေယာဉ်တည်ဆောက်ခွင့် မရလို့ စိတ်ပျက်နေစရာ မလိုသလို လေယာဉ်တည်ဆောက်သူကလဲ အသေးစား တံမြက်စည်း ပြုလုပ်သည့် လုပ်ငန်းကို ၀င်ရောက်စွက်ဖက်ခြင်းငှာ သင့်တော်မည် မဟုတ်ပေ။

ကမ္ဘာလောကကြီး ဤသို့ ဤပုံ လည်ပတ်နေပေမယ့်လို့ ကမ္ဘာကြီးနှင့် ဆန့်ကျင်စွာ မြန်မာပြည်ကြီးကတော့ဖြင့် တစ်ကျောင်း တစ်ဂါထာ တစ်ရွာ တစ်ပုဒ်ဆန်း၍ တမူထူးခြားစွာ သီးခြားလည်ပတ်နေသည်ကတော့ အံ့သြဖွယ်ရာပင်။ စစ်သားဟူသော ဝေါဟာရသည် စစ်တိုက်ရန်၊ ဆရာဝန်ဟူသော ဝေါဟာရသည် ဆေးကုသရန်၊ အင်ဂျင်နီယာသည် တံတားဆောက်ရန်၊ လမ်းဖောက်ရန်၊ အဆောက်အဦး တည်ဆောက်ရန်၊ တောင်သူလယ်သမားသည် စပါးအသီးအနှံစိုက်ရန်၊ တံငါသည်သည် ငါးဖမ်းရန် စသည် စသည်ဖြင့် သူ့ကျွမ်းကျင်ရာနှင့်သူ တာဝန်ထမ်းဆောင်နိုင်ကာမှ လုပ်ငန်းအောင်မြင် ပြီးစီးမည် ဖြစ်သည်။ ထိုသို့မှမဟုတ် ဆရာဝန်အား စစ်တိုက်ခိုင်း၍ အင်ဂျင်နီယာအား ဆေးကုခိုင်းကာ တံငါသည်အား တံတားဆောက်ခိုင်းလျှင် ဖြင့်တော့ ရှေ့ဆက် အကျိုးဆက်အား တွေးရဲမည် မဟုတ်ပေ။

ယနေ့မြန်မာပြည်ကြီးကတော့ ဆရာဝန်အား စစ်မတိုက်ခိုင်းသော်လည်း စစ်သားများ ကတော့ ယူနီဖောင်းကြီး တကားကား နှင့် ခွဲစိတ်ခန်းအတွင်းမှာ ပါရဂူ ဆရာဝန်များကို ညွှန်ကြားချက်ပေးနေသည်မှာ အံ့သြဖွယ်ရာပင်။ အစိုးရ အသံလွှင့်ဌာနများ မှာလည်း ၎င်းမြင်ကွင်းများကို နေ့စဉ်နှင့်အမျှ မြင်နေကျပင်။ ပါရဂူ ဆရာဝန်များက လက်ကလေးတွေ နောက်ပစ်၊ အချို့ဆို လက်အုပ်ကလေးတွေ ချီ၍ စစ်သားများ၏ ညွှန်ကြားချက်များကို ခေါင်းလေးညိတ်ကာ နာခံနေကြသည်ကိုတွေ့တော့ အနည်းငယ် စဉ်းစားမိသည်။ အနှီစစ်သားများသည် ဆရာဝန်များကို မည်သည့် ညွှန်ကြားချက်တွေ ပေးနေသနည်း။

ဖျားနာနေသည့် လူနာအား စစ်တပ်၏ ဇာတ်ကြမ်းတိုက် ကုသနည်းဖြစ်သော တပ်မတော်အရက် (Army Rum) ကိုများ တိုက်ခိုင်းနေသည်လား၊ ဒဏ်ရာရ လူနာအား မော်ဖိန်းထိုးခိုင်း နေသည်လား။ ခြေဖြတ် လက်ဖြတ် ရမည့် လူနာအတွက် အသားလှီးဓါးမကို မြိနေအောင် သွေးခိုင်းနေမည်လား၊ စစ်တပ်၏ ဆေးကုသမှုနှင့် ပတ်သက်သော ညွှန်ကြားချက်များ ဆိုလျှင် ၎င်းအချက်များမှ လွဲ၍ မည်သည့် ညွှန်ကြားချက်မှ ပေးနိုင်လိမ့်မည် မထင်။ အဘယ်ကြောင့် ဆိုသော် စစ်သားသည် ဆေးကုသရန် မဟုတ်သောကြောင့် ဖြစ်သည်။ (စစ်ဆရာဝန်များ ရှိပါသည်။ ကျွန်တော် ဆိုလိုသည်မှာ ယေဘုယျ ခြုံငုံပြောခြင်း ဖြစ်သည်)။

အလားတူပင် စစ်သားများသည် အင်ဂျင်နီယာများကိုလည်း ညွှန်ကြားချက်များ ပေးလေ့ရှိသည်။ မည်သည့် ညွှန်ကြားချက်များကို ပေးနေသနည်း။ ဟိုဘက်ကမ်း ဒီဘက်ကမ်း တံတားထိုးဖို့အတွက် သစ်တိုင်ရှည်ရှည်တွေကိုများ ရှာခိုင်းနေသည်လား၊ ရေနက်တိုင် စိုက်ဖို့အတွက်များ စီးနေသည့် မြစ်ရေ ချောင်းရေများကို ပိတ်ဆို့တားဆီး ခိုင်းနေသည်လား။ မြစ်ကူးတံတားတစ်ခုကိုများ သုံးလအတွင်း အပြီးဆောက်ခိုင်း နေသည်လား။ ဒီထက်ပို၍ စစ်သားများအနေနှင့် အင်ဂျင်နီယာ ပညာရပ်နှင့် ပတ်သက်ပြီး မည်သည့် ညွှန်ကြား ချက်တွေ ပေးနိုင်မည်နည်း။

သို့ပေမဲ့ မြန်မာစစ်ဗိုလ်ချုပ်များသည့် နေ့စဉ်နှင့်အမျှ ကိုယ်နှင့်မဆိုင်သော ကိစ္စများတွင် ၀င်၍ ဆရာလုပ်ကာ အလုပ်မရှိ အလုပ်ရှာနေကြသည်မှာ တကယ်ကို စိတ်ပျက်စရာပင်။ အစိုးရ အသံလွှင့်ဌာနများမှ ကြည့်လိုက်လျှင် မြန်မာစစ်ဗိုလ်ချုပ်များသည် ၎င်းအလုပ် များကိုပင် နေ့စဉ်နှင့်အမျှ လုပ်ကိုင်ပြနေလေ့ရှိသည်။ သူတို့ထက်ပိုပြီး လုပ်နိုင်မည့်သူ မရှိသည့် ပုံစံမျိုး ချိုးနေသည်။

အမှန်စင်စစ် စစ်ဗိုလ်ချုပ်များ စီမံကိန်းခွင်များတွင် ပြောနေကျ စကားလုံးများမှာ သတ်မှတ်အရည်အသွေး စံချိန်စံညွှန်း မှီရန်၊ သတ်မှတ်ရက်ထက် ဆောလျင်စွာ ပြီးစီးရန်၊ အလေအလွင့် ဆုံးရှုံးမှု မဖြစ်ရန်၊ လုပ်ငန်းခွင်တွင် ဘေးအန္တရာယ် ကင်းရှင်းရန်၊ နေ့မအား ညမအား ကြိုးစားဆောင်ရွက်ရန် စသည့် အပ်ကြောင်း ထပ်နေသော စကားများသာ ဖြစ်သဖြင့် ပညာရှင်များ ငြီးငွေ့လာကြသည်။ ပညာရှင်များက လိုလားသည်မှာ စီမံကိန်းခွင်အတွင်း ပံ့ပိုးမှု ဘိလပ်မြေ၊ သံချောင်း၊ အုတ်၊ သဲ၊ ငွေကြေးဆိုင်ရာ လိုအပ်ချက်များ ဖြည့်ဆည်းချက်ကို မျှော်လင့်ခဲ့ပါသည်။ လက်တွေ့နယ်ပယ်တွင်မူ ဗိုလ်ချုပ်များက အပြစ်ရှာရန်နှင့် သတ်မှတ်ရက်ထက် စောစီးစွာ ပြီးစီးရန် လာရောက် ဖိအားပေးခြင်းသာ ကြုံတွေ့နေရသည်။

ထိုသို့ အဓိပ္ပာယ်မရှိသော ညွှန်ကြားချက်များကို (၂) နာရီခန့် ဗိုလ်ချုပ်များ လာရောက် ပေးရန်အတွက် ၎င်းတို့မလာခင် (၃) ရက်ခန့်ကတည်းက အတွင်းစည်း၊ အပြင်စည်း၊ အဝေးစည်း လုံခြုံရေးကို ယူပေးရသည်။ ထို့ပြင် ဧည့်ခံကြိုဆိုရေးအတွက်လည်း ဖတ်ဖတ်မောနေအောင် အပြေးအလွှား လုပ်ကြရသည်။ လုံခြုံရေးယူရသော စစ်သားများ၏ စားသောက်ရေးအတွက် နီးစပ်ရာ ရွာများ၊ မြို့နယ်များက တာဝန်ယူပေးရသေးသည်။ ပြည်သူများသည် ၎င်းစစ်ဗိုလ်ချုပ်များ၏ ခရီးစဉ်မပြီးမချင်း လွတ်လပ်စွာ သွားလာခွင့်မရကြ။ သူတို့ လာလျှင် ဆေးရုံ၊ ဆေးခန်း ပတ်ဝန်းကျင် စိမ်းလန်း စိုပြေရေးအတွက် နလံထ လူနာများပင်မကျန် ပန်းအတုများကို အရေးပေါ် စိုက်ခိုင်းရသည်။ ဆေးရုံမှာ မည်သည့်အခါမှ သုံးလေ့မရှိသော (X –ray) ကဲ့သို့ ကုသမှု စက်ကိရိယာများကို ထုတ်၍ ပြသထားရသည်။

ဆရာဝန်များက တကယ်လိုအပ်ချက်ဖြစ်သော လူနာများအား ဂရုစိုက်ကုသမှုအတွက် အချိန်မပေးနိုင်တော့ပေ။ ၎င်း စစ်ဗိုလ်ချုပ်ကြီးများကို ဧည့်ခံကျွေးမွေးဖို့အတွက် ၀ယ်ခြမ်း ချက်ပြုတ်ရသေးသည်။ လူနာများအား အသင့်အနေအထားနှင့် အစစ်ဆေးခံရန် ပြင်ဆင်ခိုင်းထားရသည်။ လူအများလည်း မသက်သာပေ။ အဓိပ္ပာယ်မရှိသော ညွှန်ကြားချက်များ ပေးရန်အတွက် ပုံမှန်လှုပ်ရှားနေသော ယန္တယားတစ်ခု အဘယ်မျှ ရပ်ဆိုင်းသွားရသနည်း။ စဉ်စားကြည့်ကြစေချင်ပါသည်။

ကျွန်တော် အထက်တွင် ဖော်ပြထားသည့် အချက်များမှာ ဥပမာ - တစ်ခုတစ်လေမျှသာ ဖြစ်သည်။ စစ်ဗိုလ်ချုပ်များ၏ ကိုယ်နှင့်မဆိုင်သော ကိစ္စများတွင် ၀င်၍ ဆရာလုပ်သော ကိစ္စများကိုသာ ချရေးရလျှင် အတော်ရှည်လျားသော ဆောင်းပါးတစ်ပုဒ် ဖြစ်သွားမှာစိုး၍ အနည်းငယ်သာ ဖော်ပြရခြင်း ဖြစ်သည်။ မြန်မာစစ်ဗိုလ်ချုပ်များသည် လယ်သမားများ ကိုလည်း ညွှန်ကြားချက်ပေးသည်။ ပညာရေးနှင့် ပတ်သက်သော ကိစ္စရပ်များကိုလည်း ၀င် ဆရာလုပ်သည်။ မွေးမြူရေးနှင့် ပတ်သက်လျှင်လည်း အလွတ်မပေး။ ကူးသန်းရောင်း ၀ယ်ရေးနှင့် ပတ်သက်လျှင်လည်း လက်ဝါးကြီး အုပ်သေးသည်။ ၎င်းတို့နှင့် လွတ်သောနေရာ ဘယ်နေရာများ ရှိသေးသနည်း။ ဤတွင် နိုင်ငံ၏ ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်းကို ပြေး၍ သတိရမိသည်။ ဂျပန် အပြေး အင်္ဂလိပ်အ၀င်မှာ အင်္ဂလိပ်တို့ ပေးသော (၉၁) ဌာန အုပ်ချုပ်ရေးကို မကျေနပ်၍ ကျဆုံးသည်အထိ ပြီးပြည့်စုံသော လွတ်လပ်ရေး ရအောင် တိုက်ပွဲဝင်သွားခဲ့သည်။ အခုခေတ်ကာလမှာများ အဖ ဗိုလ်ချုပ် အောင်ဆန်း ရှိနေခဲ့လျှင် (၉၁) ဌာန အုပ်ချုပ်ရေးကို မကျေနပ်ခဲ့သော ဗိုလ်ချုပ် အောင်ဆန်းသည် ယနေ့ ဘာဌာနမှ မရသော ပြည်သူတွေအတွက် ဘာလုပ်ပြလေမည်နည်း။


အပိုင်း (၂) ကို နောက်တစ်ပတ်တွင် ဆက်လက် ဖေါ်ပြပါမည်။

source by : http://www.photayokeking.org