Wednesday, October 12, 2011

တကယ်ဆို ...... ...... ...... ပဲ လိုတယ်

မြန်မာပြည် အကြောင်းကို ပြောရဦးမယ်ဆိုရင် စိတ်ထဲအချဉ်ပေါက်နေတာ ဖြစ်နေတာ ကြာပြီ။ မရေးတော့ပါဘူး ဆိုပေမယ့် ပြောရဦးမယ်။ အထက်လူကြီးတွေ နဲနဲလေးတော့ ကွင်းဆင်းလေ့လာ သင့်နေပြီ ထင်ပါတယ်။ ရန်ကုန်တိုင်း မြောက်ဥက္ကာပမြို့နယ်က လမ်းတွေဟာ အင်မတန် ဆိုးရွားလွန်းလှပါတယ်။ လကမ္ဘာက ပြန်ပြီး အဖေပြန်ခေါ် ရလောက်အောင်ကို ဆိုးရွားတဲ့ လမ်း ဖြစ်နေတာ မြန်မာပြည်သူတွေ အသိပါ။

လမ်းမကောင်းလို့ တော်ရုံအဌားကား မောင်းသူများ မလိုက် ချင်ပါဘူး။ မြောက်ဥက္ကလာပမြို့နယ်ဟာ သေရေးရှင်ရေး ဖြစ်နေတာတောင်မှ လမ်းမကောင်းတဲ့အတွက် တက္ကစီသမားတွေတောင် တော်ရုံမလိုက်ချင်တဲ့ မြိုနယ်တခုပါ။ တနေ့တို့များ သေဆုံးကြရင် မဖြစ်မနေ လာရမှာက ရေဝေးသုဿာန်ရှိတဲ့ မြောက်ဥက္ကလာပကိုပါ။

နိုင်ငံခြား ထွက်ဖို့ လေဆိပ်သွားချင်လား ပြည်လမ်းအပြင် ဒီမြောက်ဥက္ကာလာက ကျောက်ရေတွင်းနေရာကနေ ချိုးထွက်ရင် ရောက်ရှိတာပါ။ အားလုံးသိတဲ့အတိုင်း မြောက်ဥက္ကလာပ မြို့နယ်ဆိုတာ လူစည်ကားဆုံး မြို့နယ်တစ်ခုပါ။ လူဦးရေ ထူထပ်တဲ့ မြောက်က္ကလာပမှာ လိုင်းကားများလည်း မကြာခဏ မှောက်၊ ချိုင့်ခွက်များကို ရှောင်ရှားမောင်း ရတဲ့တွက် လူ၊စက်ဘီး၊ဆိုက်ကားနှင့် လိုင်းကားများ မကြာခဏ မှောက်ခြင်းကို ကြုံရပါတယ်။ ကားအဌားခက်တဲ့ မြို့ကားမောင်းလို့ မရနိုင်လောက်အောင်ကို အဖြစ်ဆိုးနေတဲ့ လမ်းကို ဘီဘီစီ သတင်းရဲ့ ရိုက်ခတ်မှုကြောင့်လား ၊ အစိုးရ ၀န်ကြီးတွေက သူတို့ကိုယ်တိုင်ပဲကြုံ ခဲ့မိရ လို့လားတော့ မပြောတတ်ပါဘူး ပြင်ဆင်ဖို့ လုပ်ဆောင်နေပါတယ်။

အော်.... ပြင်မယ်ဆိုတော့ တို့များမြို့နယ်ကို ဖြတ်သန်းသွားလာမယ့် ကားတွေ ဒဏ်ရာဒဏ်ချက်တွေ သက်သာလောက်မယ်။ လမ်းတွေမှာ လကမ္ဘုာက အဖေပြန် ခေါ်ရလောက်အောင်ကို ပျက်ဆီးနေတဲ့ လမ်းပေါ်မှာ သွားလာနေရတဲ့ ကားတွေဟာ ပျက်စီးခြင်းမှ မကြာခင် ကင်းလွတ်ခွင့်တွေ ရတော့မယ်၊ ကားလမ်းဆိုးရွားခြင်းကြောင့် ကားတိုက်သေဆုံး ကြရတဲ့သူတွေ နည်းပါးတော့မယ် တို့များမြို့နယ် လမ်းများကောင်းပြီ ဆိုပြီး စာရေးသူ အပါအ၀င် မြန်မာပြည်သူတွေ ပျော်ရွှင်မိတာပါ။ မကြာခင်က မြောက်ဥက္ကလာပက လမ်းတွေကို ပြုပြင်ပေးရန် သမ္မတကြီး သိအောင် ပြောဆိုပေးဖို့ အားကိုးတကြီးနဲ့ ဘီဘီစီ ကနေတဆင့် အသံလွတ်တာကို ကြားခဲ့ရပါတယ်။

သိပ်မကြာခင်ကပဲ လမ်းတွေခင်းတာ မဟုတ်ပဲ ပျက်နေတဲ့ လမ်းကို ဖာထေးခြင်း၊ ချိုင့်ခွက်များကို ခဲလုံးဖို့ခြင်းကို တွေ့ရှိခဲ့ရပါတယ်။ မည်သို့ပင်ဆိုစေ ထိုသို့လုပ်ဆောင်ပေးခြင်းက ဘာမှမလုပ်ဆောင်ခြင်းထက် ကောင်းနေသေးသည် မဟုတ်ပါလား။ ဘာပဲပြောပြော ၀န်ကြီးရေ တို့များပြည်သူတွေကတော့ ကျေးဇူးတင်နေလိုက်တာပါပဲ။

စာရေးသူလည်း တော်ရုံကိစ္စကို မပြောလိုပါ။ ယခုမူ လွန်ခဲ့တဲ့ (၉၊၁၀၊၂၀၁၁) က စည်ပင်သာယာရေးမှ မြောင်းဖောက်မည် ဆိုပြီးမြေထိုး စက်ကား ကြီးများဖြင့် လမ်းဘေးတလျှောက်ကို ထိုးဆွပါသည်။

အဲဒီလို ထိုးကော်ခြင်း အားဖြင့်

ကားလမ်းဘေး မြောင်းစပ်ဆိုတာ အိမ်တိုင်းက သွယ်တန်းထားတဲ့ ရေပိုက်လိုင်းတွေ အများကြီးရှိတာပါ။ ရေပိုက်လိုင်းတွေ အားလုံး ပျက်စီးခြင်းကို ခံရပြီး အိမ်တိုင်းရေပြတ်လပ် သွားပါတယ်။ ထိုသို့ပျက်စီးခြင်းကို ပြန်လည်ပြင်ဆင် တပ်ဆင်ပေးခြင်းလည်း မပြုပါဘူး။ ဒီတော့ လမ်းထဲမှ သူများက မနေနိုင်တော့ပဲ လူတစ်ရပ်လောက်ရှိတဲ့ မြောင်းထဲကို ကိုယ်တိုင်ဆင်းပြီး မိမိတို့ပိုက်ကို ပြန်လည်ဆက် ကြရပါတယ်။ မြောင်းထဲကို မဆင်းချင်သူများက ပိုက်ဆက်ပေးမယ့်သူကို လိုအပ်တဲ့ ပိုက် ၊ ကော်၊ စသည်ဖြင့် ၀ယ်ပေးရပြီး ပိုက်ဆက်ပေးခ အဖြစ် တစ်အိမ်သုံးထောင်ကျပ် ငွေပေးပြီး ကိုယ့်ပိုက်ကို ဆက်ခိုင်းရပါတယ်။ တကယ်ဆို ဒါတွေက မဖြစ်သင့်တဲ့ အရာပါ။

တကယ်ဆို အချစ်ပဲလိုတယ် ဆိုတဲ့ ချမ်းချမ်းသီဆိုထားတဲ့ သီချင်းကို တကယ်ဆို တာဝန်ယူမှု (သိတတ်မှု)ပဲလိုတယ် လို့ပြန်ပြောင်းဆိုရမလို ဖြစ်နေပါပြီ။

အမှန်ဖြစ်သင့်တာက ထိုသို့စည်ပင်က လုပ်ဆောင်ချင်တယ်ဆိုရင်

အိမ်တိုင်း(သို့မဟုတ်) ရပ်ကွက်လူကြီး(သို့မဟုတ်) ရက်ကွက်ကောင်စီရုံးကို ကြိုတင် အကြောင်း ပေးသင့်ပါတယ်။ ထိုသို့လုပ် ဆောင်ခြင်းကြောင့် ရေပိုက်တွေ ကျိုးပဲ့ပျက်စီး သွားခဲ့ရင်လည်း ပြန်လည်ပြုပြင်ပေးသင့်ပါတယ်။ ခုတော့ တာဝန်ယူမှု မရှိတဲ့အပြင် မဆီမဆိုင် လမ်းထဲမှ သူများက ရပ်ရွာအကျိုးကို မျှော်ကိုးပြီး ငွေပေးပြီး ပြန်လည်ပြုပြင်နေရပါတယ်။

ကဲ…………… ရန်ကုန်တိုင်း မြို့တော်ဝန်ကြီးရေ………………စာရေးသူပြောချင်တာကတော့

တကယ်ဆို တာဝန်ယူဖို့ပဲ လိုတယ်ကွယ်။း)

စာရေးသူတို့ ရပ်ကွက်မှာ အ.မ.က (၂၇) ဟုခေါ်သော အခြေခံမူလတန်း ကျောင်းရှိတယ်။

ကျောင်းအရှေ့မှာ ဈေးကြီးရှိပါတယ်။ ကျောင်းနဲ့ဈေးမှာ အလယ်က ကားလမ်းခြားပါတယ်။ ဈေးဘေးမှာ ကားလမ်းမဘေးမှာ ဈေးနှင့် ရပ်ကွက်များမှ စွန့်ပစ်အမှိုက်ပုံရှိပါတယ်။

အဲဒီအမှိုက်အနံ့ဆိုးများကြောင့် ပတ်ဝန်းကျင်တခုလုံး အနံ့မခံနိုင်အောင် ဖြစ်ရပါတယ်။ ဘတ်ပေါင်းစုံ ရှု့ထောင့်ပေါင်းစုံမှ ကြည့်ရင်လည်း ကျန်းမာရေး မညီညွတ်ပါဘူး။ အနံ့ဆိုးထွက်ရှိခြင်းကြောင့် ကျောင်းသူကျောင်းသား ကလေးများရဲ့ ကျန်းမာရေး အပြင် ပတ်ဝန်းကျင်ရှိ သက်ကြီးရွယ်အို များအတွက် ကျန်းမာရေး များစွာ ထိခိုက်ပါတယ်။

ထို့ကြောင့် ၄င်းအမှိုက်ပုံအား လူနေအိမ် မရှိသော တခြားနေရာများသို့သာ ပြောင်းရွှေ့ထား ပေးပါက အင်မတန် ကျေးဇူးတင်မိမှာ ဖြစ်ပါကြောင်း ပြောကြားချင်ပါတယ် ကျန်းမာရေးဌာနမှ ၀န်ကြီးရယ် ။

ချမ်းချမ်းသီချင်းထဲက စာသားလိုမျိုးဆိုရင်တော့ တကယ်ဆို သန့်ရှင်းမှုပဲလိုတယ်ပေါ့း)

စာရေးသူတို့ မြန်မာနိုင်ငံမှာ လမ်းပန်းဆက်သွယ်ရေး အင်မတန် ညံ့ဖျင်းပါတယ်။ ဒါကတော့ မြန်မာလူမျိုးသားတိုင်း သိထားကြပါတယ်။ မနေ့က (၁၀.၁၀.၂၀၁၂)မှာ စာရေးသူ ဖုန်းဘေလ်ဆောင်ရန် ကိုယ်တိုင်သွားရောက်ခဲ့ပါတယ်။ ရည်ရွယ်ချက်ကတော့ ယခုနောက်ပိုင်း ဖုန်းဘေလ်တွေ အရမ်းတက်လာတာကြောင့် ဘာကြောင့် ဒီလိုတွေ ဖြစ်တယ်ဆိုတာကို စုံစမ်းကြည့်ချင်တာကြောင့် ကိုယ်တိုင်ကိုယ်ကျ အပင်ပန်းခံပြီး ငွေစာရင်းဌာနကို သွားရောက်ခဲ့ပါတယ်။ အရင်တုန်းကတော့ စာရေးသူဟာ သူများကို ပိုက်ဆံပေးပြီး လစဉ်ကြိုတင်ငွေပေး ဆောင်ခိုင်းပါတယ်။ ဒီတစ်ခေါက်တော့ စာရေးသူကိုယ်တိုင် သွားရောက်ခဲ့ပါတယ်။ ကိုယ်တွေ့ကြုံခဲ့တဲ့ အဖြစ်လေးနဲ့ လုပ်ထုံးလုပ်နည်း လေးတွေကိုပါ သိရအောင် ပြန်လည်မျှဝေပါ့မယ်။

ပထမဦးဆုံး ငွေကြိုသွင်းဖို့အတွက် ငွေလက်ခံကောင်တာကို သွားပါတယ်။ လူတန်းရှည်ကြီးမှာ ကိုယ့်အလှည့်ရောက်ဖို့ကို တန်းစီခဲ့ရပါတယ်။ ကိုယ့်အလှည့်လဲ ရောက်ရော ရုံးစာရေးက ငွေသွင်းမည့်စာရွက်ကို တောင်းပါတယ်။ ဒါနဲ့ စာရေးသူလည်း မရှိကြောင်း၊ အဲဒီဖောင်စာရွက် ဘယ်မှာရနိုင်မလဲ မေးသည့်အခါ အဲဒီက ငွေလက်ခံသူ ရုံးစာရေးက ငွေကြိုသွင်း ဖောင်စာရွက်မှာ အရင်ရေးရကြောင်း အဲဒီစာရွက်ကို နောက်ဝင်ပေါက် တစ်ခုရဲ့ အခန်းတစ်ခုမှာ သွားရောက်ယူဖို့ ပြောပါတယ်။ ဒါနဲ့ကိုယ်လည်း စာရွက်သွားယူလိုက်ပါတယ်။ စာရွက်ကို ထုတ်ပေးဖို့ ရုံးဝန်ထမ်း အချင်းချင်း အာလာပ သာလာပ အတင်းစကား ပြောနေတာကို ပြီးတဲ့အထိ စောင့်ရပါတယ်။

မစောင့်နိုင်တော့ပဲ သူတို့ကို ပြောသည့်အခါ ဆောင့်အောင့်၍ စိတ်မရှည်စွာနဲ့ မဲ့ရွဲ့ပြီး စာရွက်ပိုင်းလေးကို ထုတ်ပေးခဲ့ပါတယ်။ ကိုယ်လည်း ယူလာခဲ့ပြီး ခုနက ငွေသွင်းရမယ့် ကောင်တာဆီကို ပြန်လာခဲ့ပြီး ငွေသွင်းခဲ့ပါတယ်။ ကောင်တာမှာ ရုံးဝန်ထမ်း တစ်ယောက်က ငွေလက်ခံရယူနေပြီး ကျန်တစ်ယောက်မှာ ကွန်ပြူတာနဲ့ ဂိမ်းကစားနေပါတယ်။ ကျသင့်ငွေသည် ဖုန်းခေါ်မှုထက် ပိုမို၍ ကျနေသည့် အတွက် အသေးစိတ် ဖုန်းခေါ်စာရင်း ထုတ်ကြည့်ချင် ပါသောကြောင့် မည်သည့်နေရာတွင် ထုတ်ယူရမည်ကို မေးမြန်းသည့်အခါ အပေါ်ထပ်တွင် ထုတ်ယူနိုင်ကြောင်း သိရ၍ အပေါ်ထပ်သို့ သွားရောက်ခဲ့ပါတယ်။ သွားသည့်အချိန်မှာ (၂)နာရီ ထိုးဖို့ ၄၀မိနစ်လောက် လိုပါသေးတယ်။ ဒီတေးလ်ကောလ် ထုတ်ချင်ရင် စောစောလာ ၊ ဘာလုပ်မှာလဲ ဘာလုပ်ချင်တာလဲ ဖုန်းနံပါတ် ဘယ်လောက်ဟာကို ကြည့်ချင်တာလဲ အမြန်ပြော ရုံးဝန်ထမ်းတွေ ရဲ့အခြေမငံ ပြောဆိုဆက်ဆံခြင်းကို ခံရသည့်အပြင် ငွေငါးသောင်းဆိုရင် တစ်ထောင်ကျပ် နှုန်းဖြင့် ဖုန်းဘေလ်အသေးစိတ် ကို ထုတ်ယူနိုင်ပါတယ်။ စာရေးသူရဲ့ဖုန်းက ခြောက်သောင်းကျော် ဖြစ်နေသည့် အတွက် ငွေထောင့်ငါးရာပေးခဲ့ရပါတယ်။ ဖုန်းဘေလ်ဒီတေးလ်ကို နေ့ချင်းပြီး ယူလို့မရတဲ့အတွက် စာရေးသူကို လေးရက်ချိန်းပြီး ပြန်လာခိုင်းပါတယ်။

တကယ်ဆို ဖြစ်သင့်တာက ၀န်ဆောင်မှုကောင်းကောင်း လိုအပ်နေတာပါ။ ရုံးဝန်ထမ်းတွေ သုံးစွဲသူ ပြည်သူလူသူ့အပေါ်မှာ လူလိုသူလို ဆက်ဆံရေး ကောင်းမွန်စေချင်ပါတယ်။

အကောင်းဆုံး ၀န်ဆောင်မှု မပေးနိုင်ရင်တောင် အဆင်ပြေအောင် လုပ်ဆောင်သင့်ပါတယ်။

ငွေသွင်းရမည့်နေရာနှင့် ဖောင်စာရွက်အား တစ်နေရာတည်း ထားရှိစေချင်ခြင်း ၊ ဒီတေးလ်ကောလ်လစ် အား လိုချင်တဲ့သူများအား သုံးလေးငါးရက် မချိန်းပဲ နေ့ချင်းပြီး ချက်ချင်း ထုတ်ပေးလို့ ရအောင် စီစဉ်ပေးခြင်း၊ ဖုန်းခေါ်ဆိုမှုအား ကျသင့်ငွေ တန်ဖိုးပါ ထည့်သွင်း၍ မတ်ဆေ့ခ်ျပို့ အကြောင်းကြားခြင်း၊ ဖုန်းခေါ်ဆိုထားသော ဒီတေးလ်ကောလ်အား ဒီတစ်လတခါ သို့မဟုတ် သုံးလတခါ အိမ်တိုင်ရာရောက် စာပို့ပြီး အကြောင်းကြားခြင်း တို့အား ပြုလုပ်ပေးခဲ့မယ် ဆိုရင်ဖြင့် ဆက်သွယ်ရေး ၀န်ကြီးအား ဖုန်းကိုင်ဆောင်သူ ပြည်သူလူထုမှ အင်မတန်မှ ကျေးဇူးတင်မိမှာပါ။

ဆက်သွယ်ရေး ၀န်ကြီးရေ… ချမ်းချမ်း သီချင်းစာသား ထဲကလိုပဲ အော်ဆိုချင်ပါတယ်။ တကယ်ဆို ၀န်ဆောင်မှုပဲ လိုတယ် ပေါ့ ။း)

တကယ်ဆို ၀န်ဆောင်မှုလေး တစ်ခုပါပဲ ၀န်ကြီးရယ် ။


ဒီဒီ