Friday, August 26, 2011

ဖွတ် မိကျောင်းဖြစ်... မြစ် မချမ်းသာ - အပိုင်း (၂)

အပိုင်း(၁) ကို ဒီမှာ ဖတ်နိုင်ပါတယ်...

စွယ်တော်
| အခါအခွင့်ကို စောင့်နေတဲ့ အဲဒီအရာရှိအတွက် အခွင့်အရေး ရသွားပါတယ်။ စစ်တပ်မှာ တော်လေးတော်ရှိရာမှာ အဖားတော် ဆိုတဲ့ အင်္ဂါရပ်ကို အဲဒီအရာရှိလေးက ကြိုးစားဖန်တီး လိုက်ပါတော့တယ်။ လေတပ်စခန်းမှူး အသစ်ဟာ သူသိထားတဲ့ သတင်းတွေကို အနီးဆုံးမှာရှိနေတဲ့ အဲဒီအရာရှိကို မေးချိန်မှာ သူစုဆောင်းထားတဲ့ အုပ်ချုပ်ရေးတပ်မှူးရဲ့ အတွင်းသတင်းများစွာကို ဖွင့်ချလိုက်ပါတယ်။ အဲဒီလေတပ်စခန်းမှူးသစ်ရဲ့ အကျင့်ကလည်း လူယုံမွေးပြီးသတင်းစုကာ ကွပ်ကဲမှုယူတတ်သလို၊ သူ့စိတ်နဲ့ အခန့်မသင့်သူ ဘာလုပ်လုပ် အဆိုးမြင်တတ်ပြီး၊ သူ့ Impression ရှိသူ ဘာလုပ်လုပ် အကောင်းမြင်တတ်သူ ဖြစ်ပါတယ်။ အဲဒီမှာတင် မုန်တိုင်းစပါတော့တယ်။

အုပ်ချုပ်ရေးတပ်မှူးကလည်း အရင်လိုပဲထင်ပြီး သူစီမံထားတဲ့အတိုင်း လေတပ်စခန်းမှူးက အရုပ်လို နေမယ်ထင်ရာကနေ ဘီလူးဆိုင်းတီးကာ ပွဲကြမ်းတဲ့အခါ ပညာမျိုးစုံ ပြပါတော့တယ်။ လေတပ်စခန်းမှူးကလည်း Commander ဖြစ်ကြောင်း ဟိုအရာရှိ ပေးထားတဲ့ သတင်းများကို အသုံးချကာ ပညာသားပါစွာ ထိုးနှက်ပါတော့တယ်။ အုပ်ချုပ်ရေးတပ်မှူး တင်ပြသမျှကို လေတပ်စခန်းမှူးအနေဖြင့် အတည်ပြုပေးရန် ဖြစ်သော်လည်း “ရစ်” တဲ့အနေနဲ့ မေးခွန်းပေါင်းများစွာနှင့် မှတ်ချက်ရေးပြီး အောက်သို့ ပြန်ချပေးပါတယ်။ လိုအပ်က စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့ပါဆိုတဲ့ ပြဿနာကို မီးထိုးရှာတဲ့ ပုံစံမျိုး ခင်းပါတယ်။ ဒါ့အပြင် တင်ပြချက်တွေ ပြည့်စုံအောင်ဆိုပြီး အထောက်အထား အကိုးအကားများ၊ ရည်ညွှန်းချက်စာများ တစ်စိတ်ကို တစ်အိတ်လုပ်ကာ ပြန်တင်ခိုင်းတာမျိုး “ရစ်” ပါတော့တယ်။

ရှမ်းတဲ လေတပ်စခန်း ( ဓါတ်ပုံ - www.mmmilitary.blogspot.com )

အုပ်ချုပ်ရေးတပ်မှူးရဲ့ လူဖြစ်သော အရာရှိများအားလုံးကို လုပ်ပိုင်ခွင့်အာဏာ ဘာမှ မပေးတော့ပဲ၊ သူစိတ်ချယုံကြည်ရမယ်လို့ ဟိုအရာရှိ အကြံပေးသူအရာရှိ အချို့နဲ့ အစားထိုး ကွပ်ကဲမှုယူသလို၊ ရပေါက်ရလမ်းအားလုံးကို လေတပ်စခန်းမှူးကိုယ်တိုင် ကိုင်လိုက်ပါတော့တယ်။ ထိုဌာနများရဲ့ တာဝန်ခံအရာရှိ အသစ်ကတော့ ဘယ်သူရှိဦးမှာလဲ လေတပ်စခန်းမှူးထံ ပြေးကပ် ဖားလိုက်သော ဟိုအရာရှိပဲ ဖြစ်သွားတာပေါ့ဗျာ။ ဇာတ်လမ်းက ဒီမှာတင် ပြီးမသွားပါဘူး။

အုပ်ချုပ်ရေးတပ်မှူး Senior ကြီးလည်း (၂) လ လောက်တော့ သည်းခံနေပေမယ့် လေတပ်စခန်းမှူးနဲ့ ဟိုအရာရှိရဲ့ ထိုးနှက်ချက် ပညာပေးချက်တွေကို ဘယ်လိုမှ မခံစားနိုင်တော့ပဲ နေပြည်တော်ကို အပြေးတက်ကာ တပ်မတော်(လေ)မှ အမြန်ဆုံးနည်းနဲ့ ထွက်ပါရစေတော့လို့ သံတော်ဦး တင်ပါတော့တယ်။ ကံကောင်းစွာ မကြာခင်မှာပဲ ပို့ဆောင်ရေး ၀န်ကြီးဌာနကို ပြောင်းခွင့် ရသွားပါတယ်။ ဒီမှာတင်ပဲ လေတပ်စခန်းမှာ ဟိုအရာရှိက သူရဲ့ ကျူပင်ခုတ် ကျူငုတ်မကျန် နည်းဗျူဟာကို စပါတော့တယ်။ တပ်မတော်မှာ အရာရှိရော စစ်သည်ပါ အထက်က အမိန့်ကို တရားသော မတရားသော စဉ်းစားမနေအားပဲ နာခံကြရပါတယ်။ အထက်အရာရှိခိုင်းရင် လိုက်လုပ်လိုက်ရတာပါပဲ။ မှားနေလို့ မလုပ်ဘူးဆိုရင် ကိုယ်ရော၊ မိသားစုရော ဒုက္ခရောက်မှာလေ။ ဒီလေတပ်စခန်းမှာလည်း ကိုယ့်အတွက် ရသည်လည်းရှိ၊ မရသည်လည်းရှိသော်လည်း အုပ်ချုပ်ရေးတပ်မှူး ခိုင်းစေမှုတွေကို အကောင်အထည် ဖော်ခဲ့ရသော အရာရှိ/ စစ်သည်များ ရှိပါတယ်။ အထက်လူကြီး ခိုင်းတာကိုတော့ ကျေပွန်အောင် လုပ်ခဲ့ကြပါတယ်။

ဒါတွေကို ဟိုအရာရှိက ချင့်ချိန်ပိုင်းခြားခြင်းမပြုပဲ အာဃာတ တရားဖြင့် တေးမှတ်ထားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူလုပ်တာကိုတော့ အသိအမှတ်မပြုခဲ့သလို၊ တာဝန်တွေလည်း မပေးခဲ့လို့ပါ။ အဲဒီ အကြောင်းရင်းကလည်း အဲဒီ အရာရှိဟာ သူ့အပတ်စဉ်မှာ အစွမ်းအစရှိသူထဲ မပါသလို၊ လူတွေနဲ့ တည့်အောင် မပေါင်းနိုင်တာလည်းပါပါတယ်။ နောက်တစ်ခုက တပ်ရင်းမှူး သင်တန်းလည်း မတက်ရသေးသလို အုပ်ချုပ်ရေးပိုင်းလည်း မကျွမ်းကျင်ပါဘူး။ ဗိုလ်မှူးတွေထဲမှာလည်း Junior ကျပါတယ်။ ဒီအချက်တွေကြောင့် အုပ်ချုပ်ရေးမှာ အံတိုနေတဲ့ အုပ်ချုပ်ရေးတပ်မှူးက မသုံးပဲထားတာကို အရာရှိအများစုက သဘောပေါက်ပါတယ်။

အဲဒီအကျိုးဆက်ကတော့ ကျန်တဲ့အရာရှိတွေကို မယုံကြည်တဲ့ လေတပ်စခန်းမှူးက အဲဒီအရာရှိကို ကျန်သော ဒုဗိုလ်မှူးကြီးတွေ၊ Senior ဗိုလ်မှူးတွေ ကိုကျော်ပြီး အုပ်ချုပ်ရေးတပ်မှူး အဖြစ် ခန့်လိုက်တာကနေ စပါတော့တယ်။ သူဟာ တပ်မတော်ကြည်းက ဖွင့်လှစ်တဲ့ တပ်ရင်းမှူး သင်တန်းလည်း မပြီးသေးတဲ့အပြင် အရာရှိတစ်ဦးရဲ့ အရည်အသွေး အားနည်းချက်လည်း ရှိတဲ့အတွက် စဉ်းစားပါဦးလို့ ကျန် အုပ်မှူး/ တပ်မှူးများကပြောနေပေမယ့် လေတပ်စခန်းမှူးက မပြင်တော့ပဲ ဇွတ်တရွတ်သာ တာဝန်ပေးပါတာ့တယ်။ အဲဒီမှာတင် အဲဒီအရာရှိဟာ လက်ထဲကို တုတ်ရောက်တာနဲ့ စိတ်ကြိုက်ရမ်းပါတော့တယ်။ လေတပ်ကဖြစ်လျက်နဲ့ “အဘလေး” လို့ စစ်သည်တွေက ခေါ်ရင် အရမ်း သဘောကျတဲ့ အုပ်ချုပ်ရေးတပ်မှူး ဗိုလ်မှူးလေးဟာ ကျူပင်ခုတ် ကျူငုတ်မကျန်ဆိုပြီး အရင်အုပ်ချုပ်ရေးတပ်မှူး စိတ်တိုင်းကျ နေရာပေးခဲ့သော တပတ်စဉ်တည်း အရာရှိများ အပါအ၀င် စစ်သည်များကို သုတ်သင်ပါတော့တယ်။

အပိုင်း(၃) ကို နောက် တစ်ပတ်တွင် ဆက်လက်ဖေါ်ပြသွားပါမည်။

source by : http://photayokeking.org