Wednesday, January 12, 2011

လှိုင်သာယာ စက်မှုဇုန်တွင် ဆန္ဒပြ

ရန်ကုန်တိုင်း လှိုင်သာယာ စက်မှုဇုန်ရှိ ကိုရီးယားပိုင် ဂလိုဘယ်ဟဲ ဆံပင်တုစက်ရုံမှာ အခုလ ၇ ရက်နဲ့ ၈ ရက် နေ့က အလုပ်သမား ၂ဝဝ ခန့် ဆန္ဒပြခဲ့ကြောင်း သိရပါတယ်။ လုပ်အားခ နည်းတာ၊ အချိန်ပို ခိုင်းတာနဲ့ ရုံးပိတ်ရက် မရှိတာတွေအပေါ် ဆန္ဒပြတာဖြစ်တယ်လို့ အလုပ်သမားမိသားစုဝင်တဦးက ပြောပါတယ်။

“အချိန်ပိုလည်း ဆင်းရတယ်။ အချိန်ပိုလည်း ည ၁ဝ နာရီအထိ ဆင်းရတယ်။ ဆင်းပြီးတော့ ထမင်း မကျွေးတော့ဘူး။ ထမင်းကျွေးမယ်ဆိုရင်လည်း ဒီထမင်းဖိုးကို ဖြတ်မယ်။ ကားခ ဖြတ်တာရယ်၊ ဒီထမင်းဖိုး ဖြတ်မယ့်ဟာတွေ မကျေနပ်ဘူး။ နောက်တခါ သူတို့ အစတုန်းက ၆ဝ ရာခိုင်နှုန်းဆိုရင် (ဘောနပ်) ကြေးကို အပြည့်အဝ ပေးမယ်ဆိုပြီးတော့ ပြောထားတယ်။ ပြောထားပြီးတော့ လစာ ထုတ်တဲ့အခါကျ ၈ဝ ကျော်မှ (ဘောနပ်) ကြေး ပေးမယ်ဆိုတော့ လစာနဂိုက ခြောက်သောင်းကျော်ရတဲ့ ကလေးတွေက လေးထောင်ကျော်လေးပဲ ရကြတယ်။ ကားခတွေ ဘာတွေ နုတ်ဆိုတော့ အဲ့ဒါတွေကို မကျေနပ်ကြဘူး။ မကျေနပ်တဲ့အတွက် ပထမတခါတုန်းကလည်း ဆန္ဒပြထားတယ်။ ဆန္ဒပြတဲ့အခါမှာ လေဘာရုံးကနေ ဖြေရှင်းပေးတယ်လို့ ပြောကြတယ်။

လေဘာရုံးက ဘာပြောလဲဆိုတော့ လူကြီးတွေက သူတို့ကို လာပြီးတော့ ပြောတယ်တဲ့။ သူတို့ကို မကျေနပ်လို့ရှိရင် ဆန္ဒမပြကြပါနဲ့ လေဘာရုံးကိုတိုင်၊ လေဘာရုံးကနေ အခက်အခဲတွေ ဖြေရှင်းပေးမယ်လို့ ပြောတယ်။ ပြောတဲ့အခါကျတော့ ကလေးတွေကလည်း လေဘာရုံးကိုလည်း စာတင်ကြတယ်လို့ ပြောသံကြားတယ်။

လေဘာရုံးက ဘာမှ မလုပ်ပေးတော့ သူတို့က နေပြည်တော် လေဘာရုံးကိုတခါ စာထပ်တင်တယ်။ တင်တဲ့အခါမှာလည်း ဘာမှ ထူးခြားမှု မရှိဘူး။ မရှိတဲ့အတွက် ကလေးတွေက အဲ့ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဆန္ဒပြတယ်။”

နောက်ပိုင်းမှာ အလုပ်သမားခေါင်းဆောင် ၁၅ယောက်ကို ဆွေးနွေးဖို့ စက်ရုံမှာ ခေါ်ထားပြီး လူစုခွဲ လိုက်တယ်လို့ သိရပါတယ်။

ဒီဗွီဘီ

source by : http://burmese.dvb.no