Saturday, January 2, 2010

လစာနည်းဝန်ထမ်းများ လစာငွေတိုးမြှင့်မည့် သတင်းထွက်

2010-01-02 ( RFA )

မြန်မာစစ်အစိုးရဟာ အခုလကုန် ဇန်နဝါရီ ၃၁ ရက်နေ့က စပြီး လစာနည်း ဝန်ထမ်းတွေကို လစာတွေ တိုးမြှင့်ပေးသွားလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိကြီိးတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းဌာနက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။ ဒီအစီအစဉ်အရ လက်ရှိ လစာငွေ ကျပ် ၁ သောင်းခွဲကနေ ၈ သောင်းအကြား ရရှိနေတဲ့ အရပ်ဖက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို နောက်ထပ် ၂ သောင်း တိုးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ လစာငွေ ၁ သိန်းနဲ့အထက် ရရှိသူတွေတော့ အကျုံးဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။


မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့လယ်ရှိ လူလတ်တန်းစား တိုက်ခန်းအဆောက်အအုံ တခု ဖြစ်ပါသည်။ (Photo: AFP)

အခုလို လစာတိုးမယ့် အစီအစဉ်ကို အစိုးရသတင်းဌာနတွေက တရားဝင် ထုတ်ပြန်ကြေညာတာ မရှိပေမယ့် တချို့ဌာနဆိုင်ရာ ရုံးတွေမှာတော့ တရားဝင် အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ ဝန်ထမ်းတွေတင်မက စစ်တပ် အတွင်းမှာပါ လစာတွေ တိုးမြှင့်ပေးသွားဖို့ ရှိတယ်လို့သိရပါတယ်။ စစ်သားတွေအနေနဲ့ နောက်ထပ်တိုးပေးမယ့် လစာ ကျပ် ၂ သောင်းအပြင် တနေ့စာ ပေးနေတဲ့ ရိက္ခာငွေ ၁ဝဝ ကျပ်ကနေ ၃ဝဝ ကျပ်အထိ ပေးမှာဖြစ်တယ်၊ ဒါကြောင့် စစ်သားတဦးအနေနဲ့ လစာငွေ ကျပ် ၇ သောင်းခွဲအထိ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တိုးပေးလိုက်တာဟာ လစာနည်းပါးပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်တဲ့အတွက် အစိုးရ ဝန်ထမ်းတွေအကြား မကျေမနပ်ဖြစ်နေတာကို ချွေးသိပ်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့အပြင် ဒီနှစ်ထဲမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ထောက်ခံမှုရရှိအောင် မြန်မာစစ်အစိုးရက လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

မြန်မာစီးပွားရေးနဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ် နေသူတွေကတော့ ဒီလို လစာတိုးမြှင့်လိုက်တာဟာ စစ်အစိုးရရဲ့ မက်လုံးပေးမှုသာ ဖြစ်ပြီး တကယ်တမ်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒါ့အပြင် မြို့ပြနဲ့ ကျေးလက် လူတန်းစားကွာဟမှု ပိုပြီး ကြီးမားလာနိုင်တယ်လို့လည်း ယူဆကြပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

စုံစမ်းမေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ် ပါ ခင်ဗျား။


source by : http://www.rfa.org