Saturday, August 1, 2009

မြန်မာ့အရေး ဖိလစ်ပိုင်နဲ့ အမေရိကန် ရပ်တည်ချက် တူညီ

မြန်မာ့အရေး ဖိလစ်ပိုင်နဲ့ အမေရိကန် ရပ်တည်ချက် တူညီ

31 July 2009


ဒေါ်အောင်ဆန်းစုကြည်အပေါ် စီရင်ချက်ချမယ့် ဒီနေ့ တရားခွင် ရုံးချိန်းမတိုင်ခင် မနေ့ ကြာသပတေးနေ့က အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေး ၀န်ကြီးဌာနက - ဒီကနေ့ တရားခွင်ကို အထူး အာရုံစိုက် စောင့်ကြည့်နေတဲ့အကြောင်း သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ပြောဆိုခဲ့သလို အမေရိကန်သမ္မတ ဘားရက် အိုဘားမား ကလည်း ဖိလစ်ပိုင် သမ္မတ ကို အိမ်ဖြူတော်မှာ လက်ခံတွေ့ဆုံတဲ့အချိန် မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့အတူ အမေရိကန်က တသဘောတည်း ရှိတဲ့အကြောင်းကို ပြောဆိုခဲ့ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ လက်ရှိ ရပ်တည်ချက် ဘယ်လိုရှိသလဲ ဆိုတာကို နော်ရှိုးက အပြည့်အစုံ တင်ပြထားပါတယ်။

မနေ့တုန်းက ၀ါရှင်တန်ဒီစီမြို့ တော်က အိမ်ဖြူတော်မှာ သမ္မတ အိုးဘားမားက ဖိလစ်ပိုင်သမ္မတ ဂလိုရီယာ မက်ကာပါဂယ်လ် အာရိုယို (Gloria Macapagal Arroyo) ကို လက်ခံတွေ့ဆုံခဲ့ရာမှာ နှစ်နိုင်ငံကြား အရေးကြီးတဲ့ကိစ္စတွေကို အဓိကထား ဆွေးနွေးခဲ့ကြတဲ့အပြင် မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့လည်း ဆွေးနွေးဖြစ်ခဲ့ပါတယ်။ ဖိလစ်ပိုင်သမ္မတ အာရိုယို က မြန်မာနဲ့ မြောက်ကိုးရီးယား နိုင်ငံတို့က လူ့အခွင့်အရေး အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်အစိုးရရဲ့ မားမားမတ်မတ် ရပ်တည်မှုနဲ့အတူ ဖိလစ်နိုင်ငံကလည်း ရှိနေပါတယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အရေးနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်နဲ့ အမေရိကန် နှစ်နိုင်ငံသဘောထားတွေ တူညီနေတယ်လို့ ဖိလစ်ပိုင်သမ္မတ အာရိုယိုက ပြောကြားခဲ့တာနဲ့ပတ်သက်ပြီး သမ္မတ သမ္မအိုဘားမားက -

"သံတမန် လမ်းကြောင်းကနေတော့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် ၂,၁၀၀ လောက်ရှိတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရမယ် ဆိုတဲ့ ကျနော်တို့ရဲ့ သဘောထားကို လူသိရှင်ကြား တစိုက်မတ်မတ် ထုတ်ဖော်ပြောကြား လာနေခဲ့ပါတယ်။ မကြာခင်တုန်းက ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးတုန်းကလည်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ကိုယ်တိုင် အခွင့်အရေးရတိုင်း ဒေါ်အောင်ဆန်းစုကြည်ကို ချွင်းချက်မရှိ ပြန်လွတ်ပေးဖို့ သူ တိုက်တွန်းခဲ့ပါတယ်။"

မနေ့တုန်းကလည်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ပုံမှန် ကျင်းပမြဲဖြစ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီးဌာနရဲ့ ပြောခွင့်ရသူ အီရန် ကယ်လ်လီ (Ian Kelly) က အမေရိကန်နိုင်ငံရဲ့ သဘောထားကို အခုလို ထပ်ပြီး ပြောဆိုပါတယ်။

"မြန်မာနိုင်ငံမှာ နှစ်ရှည်လများ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကအစ မြောက်ကိုးရီးယားရဲ့ နျူးကလီးယား လက်နက်ကိစ္စ အဆုံး အာရှဒေသတွင်း ဖြေရှင်းရမယ့် ကိစ္စတွေနဲ့ပတ်သက်ပြီး ဖိလစ်ပိုင်အစိုးရဘက်က သူတို့ရဲ့ ရပ်တည်ချက်ကို ခိုင်ခိုင်မာမာ ပြောဆိုလာခဲ့တဲ့ အပေါ် ကျနော်အနေနဲ့ အင်မတန် ဂုဏ်ယူကျေးဇူးတင်ပါတယ်။"

နိုင်ငံခြားရေး ၀န်ကြီးဌာန ပြောခွင့်ရသူ မစ္စတာ အီရန် ကယ်လ်လီ ပြောသွားတာပါ။

မကြာသေးခင်တုန်းကပဲ ထိုင်းနိုင်ငံ ဖူးကပ် ကမ်းခြေမြို့မှာ ကျင်းပပြီးစီးသွားတဲ့ ARF ခေါ် အာရှဒေသတွင်း လုံခြုံရေးစည်းဝေးပွဲမှာ တက်ရောက်ခဲ့တဲ့ နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန် က တကယ်လို့ မြန်မာစစ်အစိုးရ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးမယ် ဆိုရင် အမေရိကန် အစိုးရ အနေနဲ့ မြန်မာနိုင်ငံနဲ့ ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ဖို့အတွက် တံခါးဖွင့်ထားတယ်လို့ စကားကမ်းလှမ်းထားခဲ့ပါတယ်။ ဒီလို အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးက မြန်မာအာဏာပိုင်တွေဘက်က ပြောင်းလဲမှုတွေ လုပ်လာအောင် ချော့မော့ ကြိုးစားနေသလို တဖက်မှာ အမေရိကန် သမ္မတ ဘားရက်အိုဘားမား ကလည်း မြန်မာစစ်အစိုးရကို ဖိအားပေးတဲ့အနေနဲ့ မြန်မာစစ်အစိုးရ အပေါ် စီးပွားရေးနဲ့ ကုန်သွယ်ရေးအရ ပိတ်ဆို့ဒဏ်ခတ်မှုတွေ လုပ်ထားတဲ့ အက်ဥပဒေကို သက်တမ်းတိုးပြီး မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို အမေရိကန်နိုင်ငံထဲကို နောက်ထပ် သုံးနှစ်အတွင်း မတင်ပို့ရဘူးလို့ တားမြစ်ပိတ်ပင်ခဲ့ပါတယ်။


အသံဖိုင် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...


မှတ်ချက် ။ ။ http://www.voanews.com မှ ကူးယူ မျှဝေပါသည်။