Saturday, July 18, 2009

“အာဇာနည်နေ့အဓိဌာန်”



◊ အာဇာနည်ဆိုတာ

ကိုယ့်ဘာသာကိုယ် လုပ်ထားတဲ့

ပုခုံးဒေါက်က ကြယ်ပွင့်များမဟုတ်။

◊ ဖေါ်ရှိုးပြထားတဲ့

ရင်ဘတ်က တံဆိပ်များလဲမဟုတ်။

◊ ကိုယ့်ကိုယ်ကို အစွံထုတ်တဲ့

ဗိုလ်ချုပ်မှူးကြီး ရာထူးလဲမဟုတ်။

◊ ဘယ်သူမှ အတုလုပ်မရတဲ့

အနှိုင်းမဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။

◊ အာဇာနည်ဆိုတာ

တုပြိုင်ဘက်ကင်းတဲ့

စွန့်လွှတ် အနစ်နာခံခြင်းရဲ့သရုပ်။

◊ ရယူလိုမှုကင်းတဲ့

အဆုံးမဲ့ ပေးဆပ်ခြင်းရဲ့ပြရုပ်။

◊ လူသား ဖြစ်တည်မှုရဲ့

ကြီးမြတ်တဲ့ ဂုဏ်ပုဒ်ဖြစ်တယ်။

◊ လူတဦးရဲ့ လုပ်ရပ်ကို

သမိုင်းက အဖြေထုတ်သလို

အာဇာနည်ဆိုတဲ့ ဂုဏ်ပုဒ်ကို

လူထုရဲ့ နှလုံးသားက ထုလုပ်တယ်။

◊ အဲဒီဂုဏ်ပုဒ်ကို

ဦးညွတ် အလေးပြုကြ။

အာဇာနည် စိတ်ဓါတ်ကို

လက်ဆင့်ကမ်း သယ်ဆောင်ကြ။

သူတို့ ရည်မှန်းတဲ့

ဒီမိုကရေစီ ပန်းတိုင်ဆီ

တိုက်ပွဲဝင် ချီတက်ကြ။

အမျိုးသားရေး အောင်လံကို

အမြင့်မားဆုံး လွှင့်ထူကြ။


ရွက်စိမ်း