မင်းနိုင်သူ/ ၁၄ ဇန်န၀ါရီ ၂၀၀၉
မကွေးဆေးတက္ကသိုလ်မှ လက်ထောက်ကထိကတဦးနှင့် မန္တလေးဆေးတက္ကသိုလ်မှ သရုပ်ပြဆရာ ဆရာဝန် (၇) ဦးတို့အား တာဝန်မှ စွန့်ခွာခြင်း၊ ၀န်ထမ်းစည်းမျဉ်းဖောက်ဖျက်ခြင်း ဆိုသည့် စွပ်စွဲချက်များဖြင့် ၀န်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ထားသည်။
ခေတ်ပြိုင်မှ ဖတ်ရှုခွင့်ရသည့် အဆိုပါအမိန့်ကို ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၂၆) ရက် နေ့စွဲဖြင့် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ကျန်းမာရေးဝန်ကြီးကိုယ်စား ဆေးသိပ္ပံပညာဦးစီးဌာန ဒု-ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းဇော်မြင့်က လက်မှတ်ထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
အလုပ်ဖြုတ်ခံရသည့် ဆရာဝန်များမှာ ဒေါက်တာအေးအေးထွန်း (လက်ထောက်ကထိက-မကွေး) နှင့် မန္တလေးဆေးတက္ကသိုလ်တွင် သရုပ်ပြရာထူးဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသော ဒေါက်တာကျော်ဇင်သန့်၊ ဒေါက်တာသော်သော်၊ ဒေါက်တာမြမွန်အောင်၊ ဒေါက်တာဧကရီသိန်းလင်း၊ ဒေါက်တာသက်ဝင်း ၊ ဒေါက်တာငြိမ်းချမ်းဦး၊ ဒေါက်တာအေးခိုင်ဇာလတ်တို့ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာန အမိန့်စာတွင် ဖော်ပြထားပြီး အဆိုပါအမိန့်စာကို နအဖ ကောင်စီဥက္ကဋ္ဌရုံး၊ စရဖ၊ သတင်းတပ်ဖွဲ့၊ မှုခင်းတပ်ဖွဲ့တို့အပါအ၀င် ဌာနပေါင်း (၂၂) ဌာနသို့ ဖြန့်ဝေထားကြောင်း သိရသည်။
အလုပ်ထုတ်ခံရပြီး ပြည်ပနိုင်ငံတခုသို့ ရောက်ရှိလာသည့် ဆရာဝန်တဦးကို ခေတ်ပြိုင်က မေးရာ အလုပ်ထုတ်ခံရသည့် ဆရာဝန်များကို ဆမလိုင်စင်ပါ သိမ်းလိုက်ကြောင်း ပြောပြသည်။
“အလုပ်ကနေ ထွက်ခဲ့ကြတယ်ဆိုတာက ပွင့်ပွင့်လင်းလင်းပြောရရင် ရတဲ့လစာနဲ့မလောက်လို့ပါ။ ကျနော်တို့ ကျူတာဘ၀ဆိုတော့ ရတာက ရှစ်သောင်းခွဲပေါ့။ အဲဒီငွေနဲ့က ဘယ်လိုမှ အဆင်မပြေဘူးလေ။ ဆီဝယ်ထည့်ရင်တောင် တလစာဒီဇယ်ဖိုးမရဘူးလေ။ ကျနော်တို့လို ကျောင်းမှာစာသင်ကြားနေတဲ့ လူတွေအဖို့က အပြင်ဝင်ငွေဆိုတာလည်း ရှိတာမဟုတ်ဘူးလေ။ သင်ကြားရေးကို ၀ါသနာပါလို့ သင်ကြားရေးပိုင်းကို ၀င်ခဲ့ကြတာပါ။ နောက် တချို့ကလည်း မြို့ပေါ်မှာ နေလို့ရပြီး အပြင်အလုပ်ကလေးတွေ လုပ်လို့ရနေတာလည်း
တပိုင်းပေါ့လေ။ နောက်ဝန်ထမ်းတွေကို လစာတိုးပြီးနောက်ပိုင်း အလုပ်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မနက် (၉) နာရီကနေ ညနေ (၄) နာရီအထိ ရှိရမယ်တို့ဖြစ်လာတော့ အရင်ကတည်းက လုပ်ချင်စိတ်မရှိတော့တဲ့အထဲ ပိုပြီးတွန်းအားပေးလိုက်သလိုဖြစ်ပြီး အလုပ်ကနေထွက်ခဲ့ကြတာပေါ့” ဟု ၎င်းက ဆိုသည်။
အဆိုပါအမိန့််စာနှင့်စပ်လျဉ်း၍ နေပြည်တော်ရှိ ဒေါက်တာသန်းဇော်မြင့်သို့ ဆက်သွယ်မေးမြန်းရာ ဒေါက်တာသန်းဇော်မြင့်က ၎င်းလက်မှတ်ထိုးသော စာဟုတ်မဟုတ် အတည်ပြုပေးနိုင်ခြင်းမရှိဘဲ အခြားဖုန်းနံပါတ်တခုသို့ ဆက်သွယ်ရန်သာ ပြန်ကြားခဲ့သည်။ ယင်းဖုန်းရှိ အမျိုးသမီး ၀န်ထမ်းတဦးကလည်း အတည်ပြုပြောဆိုနိုင်သော ပုဂ္ဂိုလ်မရှိပါကြောင်း ပြန်ကြားပြီး ဖုန်းချသွားခဲ့သည်။
အထုတ်ခံရသည့် ဆရာဝန်တဦးကမူ တရားဝင်ထွက်စာတင်ခွင့်မရသည့်အတွက် အကြောင်းမကြားဘဲ ထွက်ခဲ့ရခြင်းဖြစ်သည်ဟု ခေတ်ပြိုင်သို့ ပြောသည်။
“မလုပ်ချင်တော့လို့ ထွက်တာလည်း ကျနော်တို့က တရားဝင်ထွက်စာတင်လို့မရဘူးဗျ။ ထွက်စာတင်လို့မရလို့ အကြောင်းမကြားဘဲ ထွက်ခဲ့ကြတာပေါ့။ ကျနော်တို့ကို သက်ဆိုင်ရာတက္ကသိုလ်မှာ အလုပ်စ၀င်ကတည်းက (၁၈) နှစ်လုပ်ရမယ်ဆိုပြီး လက်မှတ်ထိုးခိုင်းထားတာတော့ ရှိတာပေါ့လေ။ ဒါပေမယ့် လစာနဲ့ လောက်င မှုမရှိတဲ့အပြင် လွတ်လပ်စွာ ပညာသင်ကြားခွင့်မရတဲ့အတွက် ကျနော်တို့ ကျောင်းကို မသွားခဲ့ကြတာပါ။ တခြားပြစ်ချက်တစုံတရာမရှိခဲ့ပါဘူး။ လွတ်လပ်စွာပညာသင်ကြားခွင့် မရဘူးဆိုတာက တခြားဝန်ကြီးဌာနမှာ တော့မရှိဘူး။ ကျနော်တို့ ကျန်းမာရေးဝန်ကြီးကတော့ ဘာထုတ်ထားလဲဆိုတော့ ဘွဲ့လွန်တက်မယ်ဆိုရင် ဇီးပင်ကြီးမှာရှိတဲ့ ပုံမှန်သုံးလခွဲသင်ကြားပေးနေတဲ့ ၀န်ထမ်းလေ့ကျင့်ရေးဆိုတာကို မတက်မနေရ တက်ရမယ်။ အဲဒါမတက်ထားတဲ့ ၀န်ထမ်းသည် ပြည်တွင်း၊ ပြည်ပ မည်သည့်ဘွဲ့လွန်ကိုမျှ ဖြေဆိုခွင့်မရှိဆိုပြီးတော့ကို ထုတ်ထားတာပေါ့။ ကျနော်သိသလောက်တော့ တခြားဝန်ကြီးဌာနတွေမှာ အဲဒီစည်းမျဉ်း မရှိဘူးဗျာ။ အဲဒီသင်တန်းမတက်ရင် ရာထူးမတက်တာဘဲရှိတာ။ ကျနော်တို့ ၀န်ကြီးကတော့ အလိုတော်ရိဆိုတော့ အဲလိုမျိုးကိုထုတ်ထားတော့ ကျနော်တို့မှာ ဘွဲ့လွန်တက်ချင်ပေမယ့် တက်လို့မရဘူး။ တက်ချင်တဲ့လူတွေ သုံးလခွဲလောက် အောင့်အည်းပြီး တက်ကြရတာပေါ့။ ကျနော်ကတော့ ခံယူချက်တမျိုးဆိုတော့ မတက်ဘဲနဲ့ ထွက်လိုက်တာပါပဲ” ဟု ပြည်ပသို့ရောက်ရှိလာသော ဆရာဝန်က ၎င်းတို့အနေဖြင့် လွတ်လပ်စွာ ပညာသင်ကြားခွင့်မရခဲ့ခြင်းနှင့် အလုပ်ထွက်ရခြင်း အကြောင်းရင်းကို ရှင်းလင်းပြောဆိုသည်။
ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဘွဲ့လွန်ကြေးနှင့် ပညာသင်လျော်ကြေးငွေ (၅) သိန်းစီ ပေးလျော်ရမည့်သူ (၅) ဦး၊ ဆမလိုင်စင် အကန့်အသတ်မရှိ ပိတ်သိမ်းခံရသူ (၅) ဦးနှင့် ဆမလိုင်စင် (၅) နှစ် ပိတ်သိမ်းခံရသူ (၃) ဦးပါရှိကြောင်းကိုလည်း ထည့်သွင်းဖော်ပြထားသည်။
“ကျနော်သိစေချင်တာက အလုပ်မ၀င်သေးတဲ့ ကျောင်းပြီးစကျောင်းသားတွေ မလုပ်ခင် စဉ်းစားကြဖို့ပေါ့။ ကျနော်တို့ဆိုရင် ဆမလိုင်စင် အသိမ်းခံရတယ်။ နောက် ပြည်ပထွက်ခွင့်မရအောင် ကျနော်တို့ စာရင်းတွေကို ပတ်စ်ပို့ရုံးကို ပေးထားတယ်။ ကျနော်တို့ဆို ကိုးတန်းအောင်နဲ့ ထွက်ခဲ့ရတာ။ ထွက်သွားပြီးတဲ့သူတွေ ပြန်လာရင်လည်း လေဆိပ်မှာတင် ပတ်စ်ပို့သိမ်းတယ်။ အလုပ်လုပ်ကိုင်ခွင့် မပြုဘူး။ နောက်ပြီး ကျနော် သိသလောက်ဆိုရင် စရဖတွေ ဘာတွေအထိ ပို့ထားတာပေါ့လေ။ တကယ်ဆိုရင် ဒါတွေက နိုင်ငံရေးလုပ်နေ တာမဟုတ်ဘူးလေ။ ကျနော်တို့ ပြည်ပမှာ ကျောင်းတက်ချင်တယ်၊ ဘွဲ့ထပ်ယူချင်တယ်ဆိုလည်း ထောက်ခံချက်မပေးဘူး။ ထောက်ခံချက် မပေးရုံတင်မကဘူး။ ဒီဘက်ကျောင်းက လှမ်းမေးရင်တောင်မှ ဒီဆရာဝန်ကို မသိဘူး။ မဟုတ်ဘူးဆိုပြီး ငြင်းတာမျိုးအထိတောင် လုပ်တယ်ဗျာ။ အဲလိုလုပ်တဲ့အခါကျတော့ ကျနော်တို့က ဆေးဘက်ဆိုင်ရာ ကျင့်ဝတ်ချိုးဖောက်မှုတွေ လုပ်ခဲ့လို့လားဆိုပြီး အထင်ခံရတာတွေရှိတယ်။ သူများနိုင်ငံက ဆရာဝန်တွေ ထွက်ပြေးတယ်ဆိုတာက ဒါမျိုးတွေကြောင့်ဆိုပေမယ့် မြန်မာနိုင်ငံက ဆရာဝန်တွေ ထွက်ကုန်ကြတာက အလုပ်လုပ်လို့မရလို့ပါ။ တကယ်ဆို ကျနော်တို့လည်း ကိုယ့်နိုင်ငံအတွက် လုပ်ခဲ့ကြတာပါပဲ။ ကျနော်ဆိုရင် လစာခုနှစ်ထောင့်ငါးရာ ကစပြီး လုပ်ခဲ့တာပေါ့နော်။ ဒါပေမယ့် သူတို့အလုပ် ဆက်မလုပ်တဲ့အခါကျတော့ တကယ့်ရန်သူကြီးလို အဆက်ဆံခံကြရတာပါ” ဟု အထက်ပါပုဂ္ဂိုလ်က ဆိုသည်။
ယင်းကဲ့သို့ ဆရာဝန်များအလုပ်မှ ထွက်ခွာမှုမှာ ဆေးသိပ္ပံပညာဦးစီးဌာနအတွင်း အများဆုံးဖြစ်ပွားနေပြီး ကျန်းမာရေးဦးစီးဌာနမှ ဆရာဝန်များလည်း ၂၀၀၈ ခုနှစ်အတွင်း အလုပ်ထွက်ခွာမှုများရှိခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၀၈ ခုနှစ် သြဂုတ်လအတွင်း သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက အလုပ်မှထွက်ခွာသွားသော ပါရဂူဘွဲ့ရ ဆရာ၊ ဆရာမ (၂၃) ဦးအား ၎င်းတို့ပိုင်ဝက်ဘ်ဆိုက်မှ ထုတ်ပြန်ကာ လျော်ကြေးငွေတောင်းခံခဲ့ကြောင်း ခေတ်ပြိုင်က ဖော်ပြခဲ့သည်။ လျော်ကြေးငွေ တောင်းခံမှုတွင် သက်ဆိုင်ရာဘွဲ့များအလိုက် မြန်မာငွေ (၅) သိန်းမှ (၃၄) သိန်းအထိ ပါဝင်သည်။
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါ၏ ။