အဖြစ်အပျက်လေးကတော့ နေမင်း ဘယ်ကထွက်လာလို့ ဘယ်ကိုပြန်ဝင်သွားမှန်းမသိ၊ လေတိုက်ရင် တရှဲရှဲမြည်နေတဲ့ဝါးရွက်တွေ၊ တပင်နဲ့တပင် ပွတ်တိုက်မိရင် အသံမျိုးစုံပေးတဲ့ ဝါးပင်ကြီးတွေနဲ့ ရေက သစ်ပင်ကြီးတွေရဲ့အောက်မှာပေါ့။
အမိုးက တောင်အုန်းရွက်၊ အကာဝါးခြမ်းနဲ့ မိုးမလုံ လေမလုံ၊ အဝင်တိုက် အထွက်တိုက် “…အဟီး…” သူ့အရပ်ရှည်တော့ ပိုဆိုးတာပေါ့။ တိုက်လေးမှာ သူနဲ့ မီးအိမ်ရှင် ကြင်စဦး ဇနီးမောင်နှံ နေထိုင်ကြတယ်။ အဲ့ဒီတဲလေးမှာနေရင်း လေး ငါး လ လောက်အကြာ လူကြီးတွေလာစုံကြတယ်။ သူ့လူကြီးက “…ဟေး…….. နင်တို့ပျင်းနေမှာပေါ့ ပျားရည်ဆမ်း ခရီးထွက်ကြပါလားတဲ့ ”
မီးအိမ်ရှင်တို့လည်း တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ကာ ပုဆိုးအထူလောက်ရှိတဲ့ မုဒုံစောင်ပါလေးတစ်ထည်၊ မီးအိမ်ရှင်အတွက် အဝတ်ပိုတစ်စုံ၊ သူ့အတွက် ပုဆိုးအပိုတစ်ထည် လွယ်အိပ်ထဲ ကောက်ထည့်ပြီး သုံးနာရီလောက် လမ်းလျှောက်ရတဲ့ အသိအမတစ်ယောက်ရဲ့ တောင်ယာထဲ သုံးရက်လောက် သွားအပန်းဖြေကြတယ်လေ။ သုံးရက်လောက်နေပြီး ပြန်လာကြတယ်။ ပြန်လာတာ နေဝင်ချိန်မို့ မှောင်ရီဝိုးတဝါးပေါ့။ သွားရတဲ့လမ်းက သစ်ပင် ဝါးပင်အရိပ်အောက်ဆိုတော့ ပိုမှောင်တယ်လေ။
ဗလကောင်းတဲ့သူက လက်နှိပ်ဓါတ်မီးတစ်လက်နဲ့ အရှေ့ကသွားပြီး မီးအိမ်ရှင်ကို အနောက်ကနေ လိုက်ခိုင်းတယ်။ မီးအိမ်ရှင်လည်း မမြင်တမြင်နဲ့ အနောက်ကနေ ဟိုဟိုဒီဒီ အတွေးနဲ့ပေါ့။ ပိုလည်းမှောင်လာပြီဆိုတော့ မီးအိမ်ရှင်တစ်ယောက် ဝါးတပြန်အလိုလောက်မှာ
ကြိုးစားလိုက်လာရင်း အတွေးထဲ စိတ်ကူးတခုဝင်လာမိတယ်။ “ဒီအချိန်မှာ ငါအော်လိုက်ရင် ဒီလူ ငါ့ဆီပြန်ပြေးလာမှာဘဲ” ပြီးမှ “မှောင်တယ် ငါမမြင်ရဘူး၊ ကြောက်လဲကြောက်တယ်” ဆိုပြီး အတူတူသွားမယ်ပေါ့။
အဲ့ဒါနဲ့ မီးအိမ်ရှင်ရဲ့အတွေးစိတ်ကူးကို အကောင်အထည်ဖေါ်ဖို့ “အမလေး” ဆိုတဲ့အသံနဲ့အော်လိုက်ရော၊ မီးအိမ်ရှင်ရဲ့အရှေ့မှာသွးနေတဲ့သူ လူရော ဓါတ်မီးအရောင်ပါ ဘယ်ရောက်သွားမှန်းမသိ။ မီးအိမ်ရှင်တစ်ယောက် အမှေင်ထဲမှာ ငါးမိနစ်လောက်ကြာမှ “ဟေ့… ငါမမြင်ရဘူး၊ ငါ့ကိုလာခေါ်အုံးလို့” အသံပေးလိုက်မှ ဘာကြီးလဲဆိုတဲ့ အသံနဲ့အတူ ဓါတ်မီးရောင်လေးကိုပါ ပြန်မြင်ရတော့တယ်။ မီးအိမ်ရှင်လည်း ဘာမှမပြောဘဲ ပြန်ပြီးခရီးဆက်ချိန်မှာ မီးအိမ်ရှင်ရဲ့ အနောက်ကပြန်ကျန်တဲ့ သူ့ဆီမှ အသံတခုကြားလိုက်တယ်။ “ဘာဖြစ်သွားသေးလဲ…. ရန်သူထင်လို့ မီးပိတ်ပြီး ငါဝပ်နေတယ်တဲ့…”
အသံကြားတာနဲ့ ဘယ်ရောက်သွားမှန်းမသိတဲ့ သူ့ကို မီးအိမ်ရှင်တစ်ယောက် စိတ်ထဲကနေပြုးလျှက် နားလည်ပေးလိုက်တယ်လေ၊ သတိ..... သတိ ဆိုတာလေးကိုပေါ့။
ဖြစ်တတ်ပါတယ်၊ “သတိ” ဆိုတာလေးလဲ ရှိသင့်ပါတယ်။
မီးအိမ်ရှင်