Saturday, September 13, 2008

၈၈ မျိုးဆက် ကျောင်းသားများ ရုံးထုတ် မိသားစု ကြားနာခွင့်ရ


ထင်ရှားသည့် ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၃၀ ကျော်ကို စက်တင်ဘာ ၉ ရက် အင်္ဂါနေ့က ရန်ကုန်အရှေ့ပိုင်းခရိုင် တရားရုံးအနေနှင့် အင်းစိန် အကျဉ်းထောင် အတွင်း၌ ရုံးထုတ်ကြောင်း ရှေ့နေ ဦးညီညီလှိုင် ကပြောပြသည်။ဦးညီညီလှိုင်က “ကျနော်တို့ကို ထောင် အနှစ် တထောင် ပဲချချ ဖုန်းကွယ်ထားလို့မရပါဘူး၊ ကျနော်တို့ အနေနဲ့ ဥပဒေဘောင် အတွင်းကနေ ဆက်လက်ရင်ဆိုင်သွားမှာဖြစ်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က တရားသူကြီး ကို ပြောကြားခဲ့သည်ဟု ပြောသည်။

ဦးညီညီလှိုင်သည် ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့အား စွဲဆိုသည့်အမှုများကို လိုက်ပါဆောင်ရွက်နေသော ရှေ့နေ တဦးဖြစ်သည်။

အင်္ဂါနေ့က မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ၃၄ ဦးကို ပုဒ်မ ၃၃(က)၊ ၁၇(၁) တို့ဖြင့် စွဲဆို၍ ရုံးထုတ်ခြင်း ဖြစ်ပြီး နအဖ ကြေညာချက် ၅/၉၆ အရ အမျိုးသားညီလာခံကို နှောင့်ယှက်ဖျက်ဆီးမှု၊ ပြစ်မှုပုဒ်မ ၁၃၀ (ခ) အရ နိုင်ငံခြား တိုင်းပြည်များအား အကြည်ညိုပျက်စေမှုများဖြင့်လည်း ၎င်းတို့အား စွဲဆိုထားကြောင်း ဦးညီညီလှိုင်က ပြောသည်။

ယင်းပုဒ်မ ၁၃၀(ခ)မှာ ၂၀၀၇ ခုနှစ် ဇန်န၀ါရီလ အတွင်းက မြန်မာနိုင်ငံနှင့်ပတ်သက်ပြီး ကုလသမဂ္ဂလုံခြုံရေး ကောင်စီ၏ ဆုံးဖြတ်ချက်ကို တရုတ်နှင့် ရုရှ နိုင်ငံတို့က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည့်အပေါ် ဝေဖန်သော ကြောင့် စွဲဆိုသည့် ပုဒ်မ ဖြစ်ကြောင်း သိရသည်။

အင်္ဂါနေ့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့ရုံးထုတ်သည်ကို မိသားစုဝင်များ အပါအ၀င် တခြားသော မည်သူ တဦး တယေက်ကိုမျှ အသိပေးခြင်းမရှိဟုလည်း ၎င်းက ဆိုသည်။

ယခု ဖမ်းဆီး တရားစွဲဆိုခံထားရသည့် ၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ အများစုသည် စစ်အစိုးရ၏ ထောင် ၁၅ နှစ်ကျော် ပြစ်ဒဏ်ချမှတ်ခံရပြီးသူများဖြစ်ပြီး ယမန်နှစ် သြဂုတ်လအတွင်းက လောင်စာဆီဈေးကို အစိုးရက အဆမတန်မြှင့်တင်သည့် အတွက် လမ်းလျှောက် ဆန္ဒပြသောကြောင့် ဖမ်းဆီးခံထားရသူများ ဖြစ်သည်။

ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမြအေး၊ ကိုကျော်မင်းယု(ခ) ကိုဂျင်မီ၊ ကိုမင်းဇေယျ အပါအ၀င် အဆိုပါ ၈၈ မျိုးဆက် ကျောင်းသားများအား ယမန်နှစ်ကဖမ်းဆီးထားပြီး ပုဒ်မအမျိုးမျိုးဖြင့် ပြောင်းလဲစွဲဆို၍ ထောင်သွင်းထားခဲ့သည်မှာ တနှစ် ကျော်ကြာခဲ့ပြီဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားခေါင်း ကိုမင်းကိုနိုင်အား ပြည်ပ သတင်းမီဒီယာ အင်တာနက် စာမျက်နှာများတွင်ပါရှိသည့် အင်တာဗျူးများ၊ ပြောဆိုမှုများကို အထောက်အထားအဖြစ် တင်ပြစွဲဆိုမှုများလည်းရှိသည်ဟု ဦးညီညီလှိုင် က ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၇ ရက်က ပထမဆုံးအကြိမ် ရုံးထုတ်ရာတွင် လက်မထိပ်မခတ်ဘဲ ရုံးထုတ်ရန်နှင့် မိသားစု ၀င်များ အပါအ၀င် အများပြည်သူ ကြားနာနိုင်သော တရားစီရင်သည့် တရားရုံးတွင် အမှုစစ်ဆေးရန်တို့ကို ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်များက တောင်းဆိုထားသည်။

“မိသားစုတွေ နားထောင်ခွင့်တော့ ရပါပြီ၊ အခုထိတော့ လက်ထိပ်နဲ့ ရုံးထုတ်နေတုန်းပါပဲ”ဟု ရှေ့နေကြီးဦးအောင် သိန်းက ပြောသည်။

ယခု တရားစွဲဆို ထားသူများအား အပြစ်ရှိသူများဟု သတ်မှတ်ထားသောကြောင့် အာဏာပိုင်များအနေနှင့် လွတ်လပ်မျှတ သည့် တရားရုံးအဖြစ်လက်ခံဆောင်ရွက်ရန် သံသယရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။

“တရားရုံးရဲ့ ဆုံးဖြတ်ချက်မချမီ ကျနော်တို့က ကိုယ့် ယူဆချက် ထင်မြင်ချက်ပေးလို့တော့ မရဘူး၊ အမှုတခုကို တရားရုံးက စစ်ဆေးလို့မပြီးခင် ဘာမှပြောခွင့်မရှိဘူး၊ အခု ရဲချုပ်က သတင်းစာရှင်းလင်းပွဲတွေမှာ အပြစ်ရှိတယ် လို့ ပြောနေတာတွေရှိ တယ်၊ အဲဒါတောင် လုပ်ခွင့်မရှိဘူး၊ သူတို့က အာဏာပိုင်ဆိုတော့ လုပ်ခွင့်ရရင် ရမှာပေါ့ဗျာ၊ ကျနော်တို့ ရှေ့နေတွေ က အဲဒီလိုကိစ္စမျိုးတွေမှာ ကြိုတင်ပြီးတော့ ကိုယ့်ရဲ့ ယူဆချက် ထင်မြင်ချက်ကို ပေးလို့ မရဘူး၊ သူတို့ဟာ သူတို့ ထုတ်ပြန် ကြေညာတာပေါ့၊ ကျနော်တို့ကတော့ တရားရုံးပေါ်မှာ တင်ထားတော့ တရားရုံး ပုံစံနဲ့ အဓိက သွားရမှာပဲ”ဟု ဦးအောင်သိန်းက ဆက်ပြောသည်။
၈၈ မျိုးဆက်ကျောင်းသားအဖွဲ့မှ ကိုထွန်းမြင့်အောင်၊ ကိုစိုးထွန်းနှင့် ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရသော မနီလာသိန်း အပါအ၀င် ၉ ဦးအား တရားခံပြေးအဖြစ် အာဏာပိုင်များက သတ်မှတ်ထားပြီး တရားလိုများကို အင်္ဂါနေ့က စစ်ဆေးကြောင်းလည်း သိရသည်။


မှတ်ချက် ။ ။ ဒဂုံနက် မှ ကူးယူ ပြီး တင်ပြပါ၏