Sunday, September 25, 2011

အဖားတော် ပြည်ထဲရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံကွေး (မြင့်) - အပိုင်း (၂)

ဆောင်းပါးရှင် - ပြည်တွင်းမှ အတွင်းသိသူတစ်ဦး

( အပိုင်း (၁) ကို ဒီနေရာ တွင်နှိပ်၍ ပြန်လည်လေ့လာဖတ်ရှုနိုင်ပါသည်။)

ဒီမိုကရေစီနိုင်ငံတော် တည်ထောင်မည်ဆိုသော သမ္မတကြီး ဦးသိန်းစိန်တစ်ယောက် Good Government ဖြစ်ရမည်ဟု ကြွေးကြော်နေပြီး အဂတိ လိုက်စားမှု တိုက်ဖျက်ကာ သန့်ရှင်းသော အစိုးရ ဖြစ်ရမည်ဟုလည်း သံဓိဌာန် ချထားလေရာ သူ့ရဲ့ အစိုးရအဖွဲ့ဝင် ဒုဝန်ကြီး တစ်ဦးကြောင့် နာမည်ပျက်ရကိန်း ကြုံတွေ့နိုင်ပါကြောင်း စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုက်ဒ်သို့ အတွင်းသိသူ တစ်ဦးက ကျော်ဇံမြင့် အကြောင်းကို နှိုက်နှိုက်ချွတ်ချွတ် ပေးပို့လာတာမို့ တင်ပြပေးလိုက်ရပါတယ်။ အယ်ဒီတာ၊

လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်

အဲ့လိုဖြစ်အောင်လည်း အရာရှိဖြစ်ကတည်းက လေ့လာဆည်းပူးမှု မရှိပါ။ စလုပ်ကတည်းက အီလေးဆွဲ၊ ပြီးကာနီးမှ ဖုတ်ပူမီးတိုက်လုပ်၊ လုပ်ဆောင်နေတဲ့ ကာလအတွင်းမှာလည်း လက်အောက်က တင်ပြလာရင် ခေါင်းရှောင်၊ ခေါင်းလွှဲ၊ ဆုံးဖြတ်ချက်ကို အချိန်မှီ ချမှတ်မပေး၊ ပြဿနာဖြစ်လာရင်တော့ လက်အောက်ကို လွှဲချ စသည်ဖြင့် ခေါင်းဆောင်ကောင်း တစ်ဦး၏ အင်္ဂါရပ်များနှင့် တိုက်ဆိုင် စစ်ဆေးပြီး ရာထူး ပေးကြေးဆိုလျှင် ကျော်ဇံမြင့်တစ်ယောက် လက်ရှိ ရာထူးထိတောင် ရောက်မည်မဟုတ်။
တစ်ပွင့် ဘဝကတည်းက မြောင်းထဲရောက်မှာ သေချာပေါက် ကြိမ်းသေ။

အရာရှိငယ်မှ လက်ရှိရာထူးရောက်သည်အထိ ဆူးလှည်းကြီးနဲ့တူကာ သွားလေရာ လမ်းတစ်လျှောက် ဒါဏ်ရာဗလပွနဲ့ ပွတ်တိုက်သွားတတ်သူဟု တပ်မတော်ထဲမှာ နာမည်ကြီးခဲ့သူပါ။

ကျော်ဇံမြင့်ရဲ့ စစ်တပ်ထဲ ဖြတ်သန်းမှုသမိုင်းကို ကြည့်ရင် အရာရှိငယ်ဘဝ တလျှောက်လုံး ရန်ကုန်မှာပဲနေ၊ ဗိုလ်မှူးဘဝမှာ တောင်ကြီး၊ တပ်ရင်းမှူးက ရန်ကုန်မှာ၊ ဂျီဝမ်းကလည်း ရန်ကုန်၊ ဟိုပုံးက စစ်ကျောင်းတစ်ခုမှာလည်း ကျောင်းအုပ်ကြီးလုပ်၊ ပြီးတော့ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်တက်၊ စကခ (၂) မိုင်းနောင်မှာ စကခမှူးလုပ်၊ စစ်သူနာပြုကျောင်းမှာ ကျောင်းအုပ်ကြီး လုပ်၊ အခုတော့ ပြည်ထဲရေး ဒုဝန်ကြီး။

ဟိုပုံးမှာ ကျောင်းအုပ်ကြီးလုပ်စဉ်က စားရိပ်သာတာဝန်ခံ အရာရှိမှ ကျော်ဇံကွေးတို့ လင်မယား သုံးဖို့ စွဲဖို့အတွက် သင်တန်းသားများအား ရိက္ခာမပြည့်မဝ ကျွေးပြီး အိမ်နောက်ဖေးပေါက်မှ ဝင်ကာ ခင်ရဲမွန် လက်ထဲကို ငွေထိုးထည့်ပေးရပါသတဲ့။ ငွေအချိုအချောင်နှိုက်နည်းဗျူဟာကို ကျွမ်းကျင်တဲ့ လင်မယား နှစ်ယောက်ဆိုတော့လည်း တစ်ကျောင်းလုံးကို အချဉ်ဖမ်းလိုက်တာ နောက်ဆုံး ဟိုပုံးမှာရှိတဲ့ သရက်ခင်း ပိုင်ရှင်တွေကိုတောင် အလွတ်မပေးပါ။ ဆက်ကြေးကောက်ပုံစံ တစ်လ ဘယ်လောက်ဆိုပြီး တောင်း၊ အိမ်အတွက် လိုအပ်တဲ့ သံတိုတစ်ချောင်းကအစ၊ ကျော်ဇံကွေးနဲ့ ခင်ရဲမွန် ဝတ်ဖို့ အတွင်းခံအဆုံး ကျောင်းမှ လိုလေသေးမရှိ ဖြည့်ဆည်းပေးရပါသတဲ့။ အချိုအချောင်ရတဲ့ ငွေတွေနဲ့ ဒုဗိုလ်ချုပ်ကြီး ကိုကို (ယခု ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီး) (အဲ့အချိန်က တပခ တိုင်းမှူး)၊ ဒုဗိုလ်ချုပ်ကြီး လှဌေးဝင်း(ယခု ညှိနှိုင်း ကွပ်ကဲရေးမှူး (ကြည်း/ရေ/လေ) (အဲ့အချိန်က စစ်ရုံးမှာ) တို့ကို ဖား။ သူတို့တွေရဲ့ မျက်နှာလို၊ မျက်နှာရဖြစ်ဖို့ သင်တန်းသားတွေ ခမျာ လက်ဖက်ရည်ငတ်၊ ကြက်ဥမစားရ၊ အသားတုံး မမြင်ဖူး၊ ဟင်းရွက်ပြုတ်ရည်နဲ့ ထောင်ထမင်းထက်ဆိုးတဲ့ ဖွဲကြမ်း ဇကွဲသာသာရှိတဲ့ ထမင်းနဲ့ သင်တန်းကာလ လေးနှစ်လုံး ဖြတ်သန်းခဲ့ရပါသတဲ့။ ပြောစမှတ် တွင်စရာ ကောင်းတဲ့ ကျောင်းအုပ်ကြီးပါတဲ့။

ဗိုလ်မှူးချုပ် ဘဝနဲ့ စကခမှူးလုပ်တော့လည်း သစ်ဂွင်လုပ်စားတဲ့ သစ်ကုန်သည်တွေကို လည်ပင်းညှစ်ပြီး မဟားတရားကို တောင်းပါသတဲ့။ စကခမှူး (၂) နှစ် လုပ်သွားတာ မိုင်းနောင်မှာရှိတဲ့ သစ်တော ဧကလည်း မရှိသလောက်ကို ကုန်သွားပါပြီ။ တဖက်ကလည်း နောက်ဖေးပေါက်က ငွေဖန်၊ ဂွင်ဖန်ပြီး ငွေရှာသလို လူကြီးတွေ အမြင်မှာ တိုက်ရည်၊ ခိုက်ရည်ကောင်းတဲ့သူ ဖြစ်အောင်လို့ ရှမ်းရွာ (၄) ရွာကို မီးလောင်တိုက် သွင်းပစ်လိုက်သေးပါတယ်။ တိုင်းမှူးများ ဖြစ်မလားဆိုပြီး ဇွတ်ဆက်လုပ်ပြလိုက်တာ ရွာကိုမီးရှို့၊ လူသတ်ပြီး ဆက်ကြေးကောက်တာတွေ ဘီဘီစီမှာ ပါလာလို့ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ်သိုးထိန်းရဲ့ လာရောက် စုံစမ်းစစ်ဆေးခြင်းကို ခံခဲ့ရပါသေးတယ်။

အဖားတော်ရုံမက အပြုအစုပါ ကောင်းလွန်းလို့ လူရိုး၊ လူမှန်ကြီး ဗိုလ်ချုပ် သိုးထိန်းတောင် အဖြစ်မှန်ကို ထိန်ချန် ပေးထားခဲ့ရသတဲ့။ တိုင်းမှူး ဗိုလ်ချုပ်ရာပြည့် (ယခု တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ်နဲ့ စစ်ဥပဒေချုပ်) ကိုလည်း ရွှေတွေ အချောင်းလိုက်ပေး၊ ဒေါ်သင်ဇာဝင်းစိန် ကိုလည်း အသားကုန် အမ်းလိုက်လို့ ပြဿနာ မတတ်ဘဲ နေမြဲ ဖြစ်သွားတယ်ဆိုပဲ။

ပိုက်ဆံမြင်ရင် အငမ်းမရ၊ ငွေရဖို့ဆိုရင် လူသတ်ရဲတဲ့ သူက အခု ပြည်ထဲရေးမှာ ဒုဝန်ကြီးဆိုတော့ မြန်မာပြည်သူ ပြည်သားတွေအတွက် ရင်လေးစရာပါပဲ။ အပိုင်း (၃) မှာ ဆက်လက် ဖတ်ရှုကြပါကုန်။

အပိုင်း (၃) ကို ဆက်လက်ဖော်ပြသွားပါမည်။

source by : http://photayokeking.org