Saturday, January 2, 2010

လစာနည်းဝန်ထမ်းများ လစာငွေတိုးမြှင့်မည့် သတင်းထွက်

2010-01-02 ( RFA )

မြန်မာစစ်အစိုးရဟာ အခုလကုန် ဇန်နဝါရီ ၃၁ ရက်နေ့က စပြီး လစာနည်း ဝန်ထမ်းတွေကို လစာတွေ တိုးမြှင့်ပေးသွားလိမ့်မယ်လို့ အမည်မဖော်လိုတဲ့ အစိုးရအရာရှိကြီိးတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး အေပီသတင်းဌာနက ဒီကနေ့ ဖော်ပြလိုက်ပါတယ်။ ဒီအစီအစဉ်အရ လက်ရှိ လစာငွေ ကျပ် ၁ သောင်းခွဲကနေ ၈ သောင်းအကြား ရရှိနေတဲ့ အရပ်ဖက် ဌာနဆိုင်ရာ ဝန်ထမ်းတွေကို နောက်ထပ် ၂ သောင်း တိုးပေးသွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီအထဲမှာ လစာငွေ ၁ သိန်းနဲ့အထက် ရရှိသူတွေတော့ အကျုံးဝင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။


မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့လယ်ရှိ လူလတ်တန်းစား တိုက်ခန်းအဆောက်အအုံ တခု ဖြစ်ပါသည်။ (Photo: AFP)

အခုလို လစာတိုးမယ့် အစီအစဉ်ကို အစိုးရသတင်းဌာနတွေက တရားဝင် ထုတ်ပြန်ကြေညာတာ မရှိပေမယ့် တချို့ဌာနဆိုင်ရာ ရုံးတွေမှာတော့ တရားဝင် အကြောင်းကြားထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

စစ်အစိုးရအနေနဲ့ ဝန်ထမ်းတွေတင်မက စစ်တပ် အတွင်းမှာပါ လစာတွေ တိုးမြှင့်ပေးသွားဖို့ ရှိတယ်လို့သိရပါတယ်။ စစ်သားတွေအနေနဲ့ နောက်ထပ်တိုးပေးမယ့် လစာ ကျပ် ၂ သောင်းအပြင် တနေ့စာ ပေးနေတဲ့ ရိက္ခာငွေ ၁ဝဝ ကျပ်ကနေ ၃ဝဝ ကျပ်အထိ ပေးမှာဖြစ်တယ်၊ ဒါကြောင့် စစ်သားတဦးအနေနဲ့ လစာငွေ ကျပ် ၇ သောင်းခွဲအထိ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

အခုလို တိုးပေးလိုက်တာဟာ လစာနည်းပါးပြီး ကုန်ဈေးနှုန်းတွေ ကြီးမြင့်တဲ့အတွက် အစိုးရ ဝန်ထမ်းတွေအကြား မကျေမနပ်ဖြစ်နေတာကို ချွေးသိပ်ဖို့ ကြိုးစားတာဖြစ်တယ်လို့ ဝေဖန်ပြောဆိုမှုတွေ ရှိနေတဲ့အပြင် ဒီနှစ်ထဲမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲအတွက် ထောက်ခံမှုရရှိအောင် မြန်မာစစ်အစိုးရက လုပ်ဆောင်နေတာ ဖြစ်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

မြန်မာစီးပွားရေးနဲ့ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ် နေသူတွေကတော့ ဒီလို လစာတိုးမြှင့်လိုက်တာဟာ စစ်အစိုးရရဲ့ မက်လုံးပေးမှုသာ ဖြစ်ပြီး တကယ်တမ်း လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မှာ မဟုတ်ဘူးလို့ သုံးသပ်ကြပါတယ်။ ဒါ့အပြင် မြို့ပြနဲ့ ကျေးလက် လူတန်းစားကွာဟမှု ပိုပြီး ကြီးမားလာနိုင်တယ်လို့လည်း ယူဆကြပါတယ်။

အကြောင်းစုံကို မအင်ကြင်းနိုင်က စုံစမ်းမေးမြန်း တင်ပြထားပါတယ်။

စုံစမ်းမေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ် ပါ ခင်ဗျား။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Friday, January 1, 2010

လွတ်မြောက်ရေး စာတမ်းပါ ငွေစက္ကူတွေ မန္တလေးမြို့မှာ ဖြန့်ဝေ

2010-01-01 ( RFA )

၂ဝဝ၉ ခုနှစ်ရဲ့နောက်ဆုံးည၊ ၂ဝ၁ဝ ခုနှစ်ရဲ့ ပထမဆုံးနေ့ကို ကူးပြောင်းတဲ့အချိန် မန္တလေးမြို့က လူငယ်တွေ မြို့အနှံ့ လျှောက်လည်ပြီးတော့ နှစ်သစ်ကို နှုတ်ခွန်းဆက်နေကြတဲ့အချိန်မှာ အခုလက်ရှိ သုံးစွဲနေကြတဲ့ ၅ ကျပ်တန်ကနေ ၂ဝဝ တန်အထိ ငွေစက္ကူတွေပေါ်မှာ FREE 2010 ဆိုတဲ့ စာတမ်းကို တံဆိပ်တုံးနဲ့ ရိုက်နှိပ်ပြီးတော့ လူထုလှုပ်ရှားမှု ဖော်ဆောင်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး အင်အားစုအဖွဲ့က ဖြန့်ဝေခဲ့ပါတယ်။

အခြေခံဥပဒေမူကြမ်း ဆန္ဒခံယူပွဲ ကျင်းပခါနီး အချိန်ကလည်း ကန့်ကွက်မဲပေးကြဖို့ ဤကဲ့သို့ ကြက်ခြေခတ်ထားသည့် ငွေစက္ကူများဖြင့် ပြည်သူလူထုကို လှုံ့ဆော် တိုက်တွန်းမှုများ ပေါ်ပေါက်ခဲ့ပါသည်။ (Image: RFA)

အဲဒီလို လူထုလှုပ်ရှားမှု ဖော်ဆောင်ရေးအဖြစ်နဲ့ ဖြန့်ဝေတယ်ဆိုတာ သိရတဲ့အတွက် အာအက်ဖ်အေက လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ လူငယ်တဦးကို ဆက်သွယ်ပြီး ဘယ်လိုနေရာတွေမှာ ဘယ်လို ရည်ရွယ်ချက်နဲ့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်ခဲ့ကြတယ်ဆိုတာ မေးကြည့်ခဲ့ပါတယ်။

လူငယ်တဦး။ ။'အဲ့ဒီလို ပိုက်ဆံတွေပေါ်မှာ ‘ဖရီး၊ ၂ဝ၁ဝ’ ကို မှင်နဲ့ရိုက်ပြီးတော့ ကျနော်တို့က ဖြန့်တာပါ။ တမြို့လုံး လိုက်ကြဲတာပါခင်ဗျ။ မနေ့တုန်းကတော့ ကျနော်တို့က ကျုံးဘေးတလျှောက်မှာတော့ လုံခြုံရေးတွေ တအား ထူထပ်နေတဲ့ အတွက် ကျနော်တို့ အဲ့ဒီကို မလုပ်ခဲ့ပါဘူး။ ကျနော်တို့ လုပ်ခဲ့တာတော့ ကျုံးရဲ့အနောက်ကပေါ့။ တောင်ဖက်လမ်းပေါ့နော်၊ ၂၇ လမ်း၊ ၂၈ လမ်း၊ ၇၃ လမ်း၊ ၆၈ လမ်းမှာလုပ်တယ်၊ ၃၅ လမ်းမှာ လုပ်တယ်။ ၈၆ လမ်းကနေ ၈၉ လမ်း ဘက်တွေမှာလည်း ကျနော်တို့ လုပ်ဖြစ်ပါတယ်။ လူထုက ကျနော်တို့ ပိုက်ဆံကြဲတော့ New Year အပျော်ကြဲတာပဲဆိုပြီး တရုန်းရုန်းနဲ့ အကုန်ဝိုင်းကောက်ကြတာ တွေ့ရပါတယ်။ ကျနော်တို့က ပြည်သူလူထုကို နှိုးဆွပေးတဲ့ ရည်ရွယ်ချက်ပေါ့။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ လုပ်တော့်မယ်ဆိုပြီး စစ်အစိုးရက လေသံပစ်နေတယ်။ သူတို့က အဲ့လိုသာ လေသံပစ်နေတယ်၊ ဖမ်းထားတဲ့ နိုင်ငံရေး အကျဉ်းသားတွေကိုတော့ လွှတ်မပေးသေးဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အဖမ်းဆီးခံ နိုင်ငံရေးသမားတွေကို ချက်ခြင်းလွှတ်ပေးဖို့ ကျနော်တို့က တောင်းဆိုတဲ့အနေနဲ့ ‘ဖရီး’ ဆိုတဲ့ လှုပ်ရှားမှုကို လုပ်ရခြင်း ဖြစ်ပါတယ်'

သူတို့အဖွဲ့က လှုပ်ရှားသလိုမျိုး တိုင်းပြည်နေရာအနှံ့မှာ လှုပ်ရှားကြမယ်ဆိုရင် နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှုကြီးတရပ် အထိအောင် တက်လှမ်းနိုင်ဖွယ်ရာ ရှိတယ်လို့လည်း ခုနက လူငယ်ကပဲ ဆက်ပြောပါတယ်။

လူငယ်။ ။'ဗမာပြည်မှာရှိတဲ့ တနိုင်ငံလုံး လူငယ်လူကြီးတွေပေါ့နော် ကိုယ်နိုင်သလောက်လေးပေါ့။ အဲ့ဒီ ‘F.R.E.E’ ဒါမှာ မဟုတ်ရင် မြန်မာလို ဆိုရင်တော့ ‘လွှတ်’ ပေါ့။ အဲဒီ စကားလုံးလေးတွေကို ဘောလ်ပင်နဲ့ဖြစ်ဖြစ်၊ ဆော့ပင်နဲ့ဖြစ်ဖြစ်၊ မှုတ်ဆေးနဲ့ဖြစ်ဖြစ်၊ သင်္ဘောဆေးနဲ့ဖြစ်ဖြစ် နံရံတွေ ပိုက်ဆံတွေပေါ်မှာ အဲ့လိုမျိုး ရေးသား ဖြန့်ဝေပေးရင် ပိုကောင်းမယ်လို့ ထင်ပါတယ်ခင်ဗျ။ နေရာတိုင်းမှာ FREE၊ ဟိုမှာကြည့်လည်း FREE၊ ဒီမှာကြည့်လည်း FREE ဆိုရင်တော့ FREE၊ FREE၊ FREE နဲ့ ဆိုပြီးတော့ ကျနော်တို့ အတိုင်းအတာတခုအထိတော့ အောင်မြင်တဲ့ သဘောပေါ့၊ ကျနော်တို့ နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု တခု ဖြစ်သွားနိုင်တာပေါ့နော်'

လူထုလှုပ်ရှားမှု ဖော်ဆောင်ရေးနဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအင်အားစု အဖွဲ့က လူငယ်တဦး ပြောသွားတာပါ။ သူတို့အဖွဲ့ဟာ ၂ဝဝ၇ စက်တင်ဘာ သံဃာ့အရေးအခင်းအပြီး သံဃာတွေ၊ နိုင်ငံရေးတက်ကြွသူ လူငယ်တွေနဲ့ အထက်မြန်မာပြည်ကို အခြေခံကာ ဖွဲ့စည်းထားတာဖြစ်ပြီး အခါ အားလျော်စွာ ပြည်သူလူထုကို နိုင်ငံရေးအသိပေးတဲ့ နှိုးဆော်စာတွေ ဒေါ်အောင်ဆန်းစုကြည် ဓာတ်ပုံတွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 31, 2009

၂၀၁၀ နှစ်သစ် မင်္ဂလာကို ကြိုဆိုခြင်း


၂၀၁၀ နှစ်သစ် မင်္ဂလာကို ရွှင်လန်းဝမ်းမြောက်စွာဖြင့်

ကြိုဆိုပါ၏ ။



zwani.com myspace graphic comments


၂၀၁၀ နှစ်သစ်မှာ အမိမြန်မာပြည် စစ်အာဏာရှင် လက်အောက်မှ
အမြန်ဆုံး လွတ်မြောက်ပါစေသား ...။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, December 30, 2009

ဒေါ်အောင်ဆန်းစုကြည်ထံ ဗြိတိန်ဝန်ကြီးချုပ် စာပေးပို့


NEJ/ ၃၀ ဒီဇင်ဘာ ၂၀၀၉


ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်းက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ရဲစွမ်းသတ္တိကို ချီးမွမ်း ဂုဏ်ပြုလိုက်ကာ ဒီမိုကရေစီရေးအတွက် ဆက်လက်အားပေး ထောက်ခံသွားမည့် အကြောင်း ပေးစာတစောင်ကို ဒေါ်အောင်ဆန်းစုကြည်ထံ ပေးပို့လိုက်ကြောင်း အေအက်ဖ်ပီသတင်းတွင် ဖော်ပြသည်။

မြန်မာစစ်ခေါင်းဆောင်များအားလည်း လာမည့် ၂၀၁၀ ရွေးကောက်ပွဲကို ပေးထားသည့်ကတိအတိုင်း လွတ်လပ်၊ တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် ကျင်းပပေးရန် တောင်းဆိုလိုက်ပြီး ယင်းသို့မဖြစ်ပါက ပြစ်တင်ရှုတ်ချမှုများကြောင့် မြန်မာနိုင်ငံသည် အကျပ်အတည်းနှင့် နိုင်ငံတကာ၏ ၀ိုင်းကျဉ်မှုကို ပိုမိုခံရလိမ့်မည်ဟုလည်း သတိပေးပြောကြားလိုက်သည်။

ယခုရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အတိုက်အခံခေါင်းဆောင်များ မပါဝင်ဘဲ၊ နိုင်ငံတကာ၏ စောင့်ကြည့်မှု အောက်တွင် မရှိဘဲ ရွေးကောက်ပွဲကို ကျင်းပမည်ဆိုပါက မြန်မာနိုင်ငံသည် သံတမန်အသိုင်းအ၀ိုင်းအလယ်တွင် အထီးကျန်ခြင်း၊ စီးပွားရေး တိုးတက်မှုမရှိခြင်းတို့ ပိုမိုဖြစ်ပေါ်လာကာ မြန်မာစစ်ခေါင်းဆောင်များသည် ပြစ်တင်ခံရလိမ့်မည်ဟုလည်း မစ္စတာ ဂေါ်ဒွန်ဘရောင်းက ယမန်နေ့က ထုတ်ပြန်သည့်စာတွင် ပြောကြားထားကြောင်း သိရသည်။

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်မှန်သည့်တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ရန်လည်း စစ်အစိုးရကို ဗြိတိန် ၀န်ကြီးချုပ်က တိုက်တွန်းထားသည်။

စစ်အစိုးရသည် ၎င်း၏ပြင်းထန်သည့် အပြုအမူများကို ရပ်တန့်ရန် နိုင်ငံတကာ၏ တောင်းဆိုမှုများကို သာမက ဒေသတွင်း နိုင်ငံများ၏ ဖျောင်းဖျပြောဆိုမှုများကိုလည်း ယခုအချိန်အထိ နားထောင်သည့် အရိပ်လက္ခဏာ မပြသေးသည့်အတွက် ဒေါ်အောင်ဆန်းစုကြည်အား ဆက်လက်ထိန်းသိမ်းထားခြင်းသည် ၎င်းတို့၏ သဘောထား ရိုးသားမှုမရှိခြင်းကို ပြသရာ ရောက်သည်ဟုလည်း ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဘရောင်းက ပြောကြားလိုက်သည်။

“စစ်အစိုးရအနေနဲ့ ကျနော်တို့နဲ့ ဆက်ဆံမှုတွေ လုပ်ဆောင်သွားဖို့ တောင်းဆိုလိုက်ပါတယ်။ ရန်ကုန်မှာရှိတဲ့ သံတမန်များနဲ့ ဆက်သွယ်ဖို့အတွက်ရော၊ မြန်မာပြည်သူတွေရဲ့ အနာဂတ်နဲ့ မျှော်လင့်ချက်တွေ ပြန်လည်ရရှိဖို့ စစ်မှန်တဲ့တွေ့ဆုံဆွေးနွေးမှု စတင်ဖို့အတွက်ပါ အခွင့်အလမ်းပေးထားပါတယ်” ဟု ၎င်းက ပြောသည်။

ဗြိတိန်နိုင်ငံဝန်ကြီးချုပ် ဂေါ်ဒွန်ဘရောင်း၏ပေးစာကို မြန်မာနိုင်ငံ ရန်ကုန်မြို့ရှိ ဗြိတိန်သံရုံးမှတဆင့် စစ်အစိုးရအာဏာပိုင်များထံ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့်အနှစ် (၂၀) ကာလအတွင်း အကျယ်ချုပ်ဖြင့် (၁၄) နှစ်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပြီးခဲ့သည့် သြဂုတ်လတွင် အမေရိကန်နိုင်ငံသား မစ္စတာယက်တော ဒေါ်အောင်ဆန်းစုကြည်နေအိမ်သို့ ရေကူးဝင်ရောက် ခဲ့သည်ကို လက်ခံခဲ့မှုအတွက် နောက်ထပ် (၁၈) လ နေအိမ်အကျယ်ချုပ် ထပ်မံချထားခြင်းခံရသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါတီသည် ၁၉၉၀ ခုတွင် ကျင်းပခဲ့သည့် ရွေးကောက်ပွဲတွင် ပြည်လုံးကျွတ် အနိုင်ရရှိခဲ့သော်လည်း စစ်အစိုးရက ယခုတိုင် အာဏာလွှဲပြောင်းပေးခြင်း မရှိခဲ့ပေ။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, December 29, 2009

ကိုညီညီအောင် ကို သာမန်အကျဉ်းတိုက်ပဲ ပြောင်းထားပေးဖို့ အမေရိကန်တောင်းဆို


2009-12-29 ( RFA )

အင်းစိန်ထောင်မှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင် (ခေါ်) ကိုကျော်ဇောလွင်ကို ထောင်အာဏာပိုင်တွေက အကျဉ်းထောင်တွင်း အစာငတ်ခံ ဆန္ဒပြမှုအတွက် သီးသန့် တိုက်ပိတ် အပြစ်ပေးထားတာကနေ သာမန်အကျဉ်းတိုက်မှာပဲ ပြန်ထားပေးဖို့ အမေရိကန် သံရုံးက စာရေးသား တင်ပြထားတယ်လို့ ရန်ကုန် အမေရိကန်သံရုံး ပြောခွင့်ရပုဂ္ဂိုလ် Mr. Richard Mei က ပြောပါတယ်။

ကိုညီညီအောင်ဟာ အကျဉ်းထောင် အာဏာပိုင်တွေက အကျဉ်းသားတွေအပေါ် ဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး ကန့်ကွက်တဲ့အနေနဲ့ ဒီဇင်ဘာလ ၃ ရက်နေ့ ကနေ ၁၅ ရက် နေ့အထိ အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

အစာငတ်ခံ ဆန္ဒပြခဲ့တယ် ဆိုတာကို ကိုညီညီအောင်က မနေ့က သံရုံးကောင်စစ်ဝန်နဲ့ ၁ နာရီကြာ တွေ့ဆုံရာမှာ အတည်ပြု ပြောကြားခဲ့တယ်လို့ သံရုံးပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။ အဲဒီလို ဆန္ဒပြတဲ့ အတွက် ထောင်အာဏာပိုင်တွေက တယောက်ထဲ တိုက်ပိတ် အရေးယူ အပြစ်ပေးခဲ့တာ ဒီကနေ့အထိ ဖြစ်ပါတယ်။

အမေရိကန်သံရုံးအနေနဲ့ ကိုညီညီအောင်ကို သာမန်အကျဉ်းတိုက်မှာပဲ ပြန်ထားဖို့ သံတမန်ရေးအရ တောင်းဆိုစာ ပေးပို့ထားကြောင်း၊ ဒါပေမယ့် မြန်မာအာဏာပိုင်တွေဖက်က တစုံတရာ တုံ့ပြန်ပြောဆိုမှု မရှိကြောင်း Mr. Richard Mei က ပြောပါတယ်။

မြန်မာစစ်အစိုးရ အာဏာပိုင်တွေက ကိုညီညီအောင့်အပေါ် နိုင်ငံခြားငွေကိုင်ဆောင်မှု၊ စာရွက်စာတမ်း အတု ပြုလုပ်လိမ်လည်မှု စတာတွေနဲ့ စွဲချက်တင်သင့်၊ မတင်သင့် ဒီကနေ့ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဒီကနေ့ ရုံးချိန်းဟာ ၁ဝ ကြိမ်မြောက် ရုံးချိန်းဖြစ်တယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် စွဲချက်အမှုကို ဆုံးဖြတ်ချက်ချ ခဲ့တာ မရှိဘဲ လာမယ့် ဇန်နဝါရီလ ၁ ရက် သောကြာနေ့ကို ရုံးချိန်း ပြန်ရွေ့ခဲ့တယ်လို့ ကိုညီညီအောင် ရဲ့ ရှေ့နေတဦးဖြစ်တဲ့ ဦးဥာဏ်ဝင်းက ပြောပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 27, 2009

ကိုညီညီအောင် အမှု စွဲချက်အမိန့်အတွက် ရှေ့နေများပြင်ဆင်


2009-12-27 ( RFA )


လာမယ့် ဒီဇင်ဘာ ၂၉ ရက် အင်္ဂါနေ့မှာ အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်ရဲ့ အမှုကို တရားရုံးက စွဲချက်တင်သင့် မတင်သင့် အမိန့်ချဖို့ ရှိတဲ့အတွက် ရှေ့နေတွေအနေနဲ့ အထိန်းသိမ်းခံထားရတဲ့ ကိုညီညီအောင်နဲ့ မနက်ဖြန် တွေ့ဖို့ရှိတယ်လို့ သိရပါတယ်။


ဒါဟာ ဒီဇင်ဘာလ ၃ ရက်နေ့နောက်ပိုင်း ထောင်တွင်း အစာငတ်ခံ ဆန္ဒပြခဲ့အပြီး ရက်သတ္တ ၃ ပတ်အကြာမှာ ကိုညီညီအောင်ကို ရှေ့နေတွေနဲ့ ထောင်အာဏာပိုင်တွေက ပထမဆုံး တွေ့ခွင့်ပြုတာ ဖြစ်ပါတယ်။

လာမယ့် အင်္ဂါနေ့ ရုံးချိန်းအမီ စနေနေ့မှာ တွေ့ဆုံခွင့်ပေးဖို့ ရှေနေတွေက ပြီးခဲ့တဲ့ သောကြာနေ့က ထောင်အာဏာပိုင်တွေဆီ စာရေးသား တင်ပြခဲ့ပါတယ်။ ဒါပေမယ့် ဒီကနေ့ တနင်္ဂနွေနေ့ မွန်းလွဲပိုင်းမှာ အခုလို တွေ့ခွင့်ပြုကြောင်း သိရတဲ့တွက် ဒီနေ့တွေ့ဖို့ အလွန် နောက်ကျသွားခဲ့တဲ့အကြောင်း ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။'ဒီညနေ သုံးနာရီလောက်မှာ အင်းစိန်အကျဉ်းထောင်ကနေ ကျနော်တို့ကို တွေ့ခွင့်ရှိတယ်လို့ အကြောင်းကြားတယ်။ ဒါပေမယ့် ကျနော်တို့လည်း အချိန်ကို ဘယ်လိုမှ လုပ်လို့ မရတော့ဘူး။ အဲဒီတော့ ကျနော် ဒီညမှ ဆရာဦးကြည်ဝင်းနဲ့ ဆက်သွယ်ပြီး၊ သူတို့က အင်္ဂါနေ့ဆိုတော့ မနက်ဖြန် ကျနော်တို့ တွေ့နိုင်မလားလို့ ဆရာနဲ့ ကျနော် ညှိရအုံးမှာ။ အကြောင်းကြားတာ သိပ်နောက်ကျနေတော့ ကျနော်တို့လည်း ခက်နေတာပေါ့'

ရှေ့နေတွေအနေနဲ့ လောလောဆယ် တရားလိုဖက်က စွဲချက်တင်ထားတဲ့ ပုဒ်မ ၂၄ (၁) တရားမဝင် နိုင်ငံခြားငွေစက္ကူ ကိုင်ဆောင်မှု၊ ပုဒ်မ ၄၂ဝ စာရွက်စာတမ်း လိမ်လည်ကိုင်ဆောင်မှုတွေနဲ့ ပတ်သက်ပြီး ကိုညီညီအောင် ထွက်ဆိုချက်တွေအရ အပြစ်မရှိကြောင်း တင်ပြဖို့ရှိတယ်လို့ သိရပါတယ်။

ရှေ့နေတွေအနေနဲ့ အမှုစွဲချက်နဲ့ ပတ်သက်လို့ အမိန့်ချမှာဖြစ်တဲ့အတွက် ဒီလိုတွေ့ဆုံခွင့်ရဖို့ အချက်ဟာ အရေးကြီးတယ်လို့လည်း ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဦးဥာဏ်ဝင်း။ ။'အဓိက က တရားရုံးက အခု စွဲချက်အဆင့်ရောက်ပြီ။ စွဲချက်အဆင့်မှာ အင်္ဂါနေ့ကို လျှောက်လဲချက် ပေးကြမယ်။ ပေးပြီးရင် သူက အမိန့်ချမယ်၊ အဲဒီနေ့ ချမလား နောက်နေ့ ချမလားတော့ မသိဘူးပေါ့ဗျာ။ အမိန့်ချလို့ရှိရင် ဒီမှာရှိတဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းအရ ကိုညီညီအောင် ဘာပြောရမလဲ ဆိုတာကို ကျနော်တို့ သူ့ကို နည်းနည်း ပြောပြရအုံးမယ်။ အရေးကြီးတာပေါ့ဗျာ ဒါက'

တွေ့ဆုံတဲ့အခါ စွဲချက်နဲ့ပတ်သက်ပြီး ပြင်ဆင်ထားရမယ့် ကိစ္စတွေကို ဆွေးနွေးမှာ ဖြစ်ပေမယ့် တရားရုံးက အင်္ဂါနေ့မှာ စွဲချက်တင်ဖို့ အမိန့်ချမလားဆိုတာ မသေချာဘူးလို့ သိရပါတယ်။ ကိုညီညီအောင်အမှုနဲ့ ပတ်သက်လို့ အမေရိကန်အစိုးရ နိုင်ငံခြားရေးဌာနကလည်း သံရုံး ကောင်စစ်ဝန် တွေ့ခွင့်ရဖို့ တောင်းဆိုထားသလို သူ့အခြေအနေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်းလည်း ထုတ်ဖော် ပြောဆိုထားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...