Saturday, February 5, 2011

ရန်သူ နအဖ စစ်တပ်စခန်းကို KNLA တပ်မဟာ(၇)မှ သွားရောက် ထိုးစစ်ဆင်သည့် ဗွီဒီယို...


source by : http://www.youtube.com/user/TheD9d

အပြည့်အစုံ ဖတ်ရန် ...

တန်ဖိုးချင်းတော့ မတူနိုင်ပါ

http://www.freemoneyfornewlives.com.au/

မကြာသေးမီက email group တွေမှာ ပြန့်နေတဲ့စာ တွေထဲမှာ အဏ္ဏဝါစစ်သည် ဆိုသောအမည်နဲ့ ရေးသား ထားသော စာတစောင်လည်း ပါဝင်ပါတယ်။ သူက နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အမိန့်ပြန်တမ်းပါ ပြည်သူ့ စစ်မှုထမ်းဥပဒေ(သူ့အခေါ် အမျိုးသား စစ်မှုထမ်းဥပဒေ) နဲ့ ပတ်သက်လို့ သူတွေ့ကြုံ ဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကို အခြေခံကာ ဖြစ်နိုင်ခြေများကို သုံးသပ်တင်ပြထားပါတယ်။

……….

…..

ဆောင်းပါးရေးတဲ့သူဟာ ရေတပ်ကအရာရှိတဦးဖြစ်တယ်ဆိုတာကို သူ့ရေးသားချက်တွေအရ သိနိုင်ပါတယ်။ ကျနော်တို့ နိုင်ငံမှာကျင့်သုံးလာခဲ့တဲ့ စစ်မှုထမ်းခြင်းဆိုင်ရာ ကိစ္စရပ်ကို စစ်ဘက်ဥကဒေ အထောက်အထား၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက်တွေနဲ့ အကိုးအကားပြုပြီး အတော်ပြည့်ပြည့်စုံစုံ တင်ပြထားပါတယ်။ သူ ကိုးကားတင်ပြတဲ့ ဥပဒေတွေနဲ့ ပတ်သက်ပြီး ငြင်းချက် ထုတ်စရာမရှိပါ။ သို့သော် သတ်မှတ် ပြဋ္ဌာန်းထားသောဥပဒေနဲ့အညီ အတိအကျကျင့်သုံးပါရဲ့လား။ ဥပဒေပြဋ္ဌာန်းသူတွေ ကိုယ်တိုင်ကရော ဥပဒေကို လေးစားလိုက်နာမှု ရှိပါရဲ့လား ဆိုတာတွေကတော့ မေးစရာမေးခွန်းတွေ ဖြစ်လာပါတယ်။ တခါ ဥပဒေ အကျိုးသက်ရောက်မှု ကင်းမဲ့တဲ့ တိုင်းပြည်တခုမှာ ဥပဒေပါအချက်တွေကို အကိုးအကား ပြုပြီး သက်သေထူ ပြောဆိုနေတာတွေက အတော်ရယ်စရာကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။

ပြီးတော့ အဲဒီဆောင်းပါးရှင် ကြုံတွေ့ဖြတ်သန်းခဲ့ရတဲ့ ကာလတွေဟာလည်း တော်လှန်ရေးကောင်စီ တက်ခါစ အခြေအနေနဲ့ လမ်းစဉ်ပါတီလက်ထက်က လုပ်ဆောင်ချက်တွေ ဖြစ်နေတာကို တွေ့ရပါတယ်။ ဆောင်းပါးရှင်ဟာလည်း တပ်မတော်သားတဦးဖြစ်နေတယ်ဆိုတော့ လမ်းစဉ်ပါတီခေတ်မှာပဲ တပ်က အနားယူသွားလို့ ၁၉၈၈ နောက်ပိုင်း တပ်မတော်ထဲ မှာဖြစ်ပျက်နေတာတွေကို မျက်ခြေပြတ်သွားတာလားလို့ သူ့ဖက်ကို အကောင်းမြင်သဘောနဲ့ ဖြည့်တွေးကြည့်မိပါတယ်။ ဒါပေမယ့်လည်း ခိုင်လုံမှုတော့ မရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ စစ်မှုထမ်းဆောင်ဖူးသူတဦးဆိုတာ အရာရာကို သတိနဲ့ ယှဉ်ပြီး နိုးနိုးကြားကြားကြည့် တတ်မြင်တတ်ရပါတယ်။ အထူးသဖြင့် တပ်ကအနားယူပြီးသူတဦးဟာ တပ်အသိုင်းအ၀ိုင်းနဲ့ အနေဝေးသွားပြီး သာမန်ပြည်သူတဦးအဖြစ်နဲ့ ပြည်သူလူထုရဲ့ နေ့စဉ်ဘ၀ကို အနီးကပ် သိမြင်တွေ့ကြုံ ခံစားနိုင်သူ ဖြစ်ရမှာပါ။

အထက်ပါ ရေတပ်အရာရှိဟောင်းဟာ တပ်ကအနားယူပြီးတဲ့နောက် ရေတပ်သားတို့ထုံးစံအတိုင်း နိုင်ငံရပ်ခြားမှာသင်္ဘောသားအရာရှိဘ၀နဲ့ ကမ္ဘာပတ်ရင်းအချိန်တွေ ကုန်ဆုံးသွားလို့ အမိတိုင်းပြည်ရဲ့အခြေ အနေမှန်ကို မသိနိုင်တာလား။ ဒါမှမဟုတ် အငြိမ်းစားတပ်မတော်အရာရှိ တဦးဆိုတဲ့ ဂုဏ်ပုဒ်နဲ့လျော်ညီစွာ ခြံစည်းရိုးအလုံကာထားတဲ့ သီးသန့်အိမ်ယာတွေ၊ ဥယျာဉ်မြို့တော်တွေမှာ အခြေချနေထိုင်သူဖြစ်လို့ သာမန် လက်လုပ်လက်စား ပြည်သူတွေရဲ့ဘ၀နဲ့ အလှမ်းဝေးနေတာ လားတော့ မသိပါဘူး။

ကျနော်ကတော့ ၁၉၈၈ နောက်ပိုင်းမှာမှ တပ်မတော် (ရေ) မှာ ၀င်ရောက် အမှုထမ်းတာမို့ ကိုယ်သိမီကြုံတွေ့ရတဲ့ အဖြစ်အပျက် အခြေအနေတွေကို ပြည်သူလူထု သိအောင် ရေးသား တင်ပြပေး နေတာပါ။ အထူးသဖြင့် တပ်မတော်နဲ့ ပြည်သူလူထုအကြားမှာ ယုံမှား သံသယတွေ ကွယ်ပျောက် သွားစေချင်ပါတယ်။ တပ်မတော်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ အာဏာရှင်ဆိုတဲ့ သရုပ်ကို ကွဲကွဲပြားပြား ဖြစ်စေချင်ပါတယ်။ ကျနော်တို့ တပ်ထဲရောက်ပြီး သုံးလေးနှစ်အကြာမှာ ခေတ်မီတပ်မတော် ထူထောင်ရေး လုပ်ငန်းစဉ်ကို အကောင်အထည်ဖော်ဆောင်ရွက်လာတာပါ။ အသစ်ထပ်မံတိုးချဲ့ဖွဲ့စည်းလာတဲ့ ဌာနတွေ၊ စစ်တိုင်းဌာနချုပ်တွေ၊ တပ်စခန်းတွေ အတွက် အရာရှိ/စစ်သည် အင်အားတွေအများကြီး လိုအပ်လာပါတယ်။ အရာရှိ သင်တန်းတွေအနေနဲ့ကတော့ စိစစ်ရွေးချယ်မှုစံနှုန်းတွေ လျှော့ပေါ့ပေးလိုက်တဲ့အခါ တပ်မှာ စစ်မှုထမ်းလိုတဲ့ လူငယ်အတော်များများအတွက် အခွင့်အလမ်းတွေ ပွင့်သွားတာ မှန်ပါတယ်။

ခုနောက်ပိုင်း သာမန်အောက်ခြေ ပြည်သူမိသားစုတွေထဲက မွေးဖွားလာတဲ့ လူငယ်တွေ စစ်တက္ကသိုလ် တက်ခွင့်ရတာကို ၀မ်းသာမိပါတယ်။ စစ်တက္ကသိုလ်မှာဆိုတော့ မိဘကသိပ်ပြီး တာဝန်ယူစရာ မလိုတော့ဘူး။ သူတို့စရိတ်နဲ့သူတို့ အဆင့်မြင့်ပညာတွေကို သင်ကြားနိုင်ကြတယ်။ အနာဂတ်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ဘယ်လောက်အကျိုးပြုနိုင်မလဲ ဆိုတာကတော့ သူတို့အသိဥာဏ်နဲ့ အမြော်အမြင်ရှိမှုပေါ်မှာ မူတည်ပါ လိမ့်မယ်။ အရင်ကလည်း စစ်သည်မိသားစုတွေထဲက စစ်တက္ကသိုလ်တက်ခွင့်ရပြီး အရာရှိဖြစ်သွားသူတွေ အများကြီး ရှိပါတယ်။ သူတို့ထဲမှာလည်း တချို့က စစ်သည်တွေအပေါ် စာနာစိတ် ကြီးမားတတ်ကြပေမယ့် တချို့ကျပြန်တော့ သင်တန်းသားအရာရှိဘ၀မှာပဲ ကိုယ့်အဖေ တပ်ကြပ်ကြီးကို စစ်စည်းကမ်းအရ အရေးယူတဲ့ ဗိုလ်မှူးသက်ထွန်းဦး လိုလူတွေလည်း ပါပါတယ်။ ဘာပဲဖြစ်ဖြစ် အရာရှိဆိုတာ ရှေ့တက် လမ်း မက်လုံးတွေ အများကြီးရှိနိုင်တာမို့ အရာရှိအင်အား စုဆောင်းရေးမှာတော့ သိပ်ပြီးအခက်အခဲမရှိပါဘူး။ အဲဒီတော့ Voluntary Service လို့ ပြောနိုင်တာပေါ့။

နောက်ပြီး တပ်မတော်နဲ့ ပြည်သူလူထုဆက်ဆံရေးအခြေအနေ။ ၁၉၈၈ နောက်ပိုင်း မြန်မာပြည်သူလူထုရဲ့ တပ်မတော်အပေါ် မြင်တဲ့အမြင်ဟာ အရင်ကထက် အများကြီး ဆိုးရွားသွားခဲ့တယ်။ အရင်တုန်းက တပ်မတော်ရဲ့အထက်မှာ လမ်းစဉ်ပါတီရှိနေသေးတော့ ပြည်သူလူထုနဲ့ ထိပ်တိုက်တွေ့တဲ့ကိစ္စ သိပ်မရှိခဲ့ဘူး။ ခုနောက်ပိုင်းမှာတော့ ပြည်သူလူထုဟာ နေရာတကာမှာ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံနေရတယ်။ လုပ်အားပေး စေခိုင်းတဲ့ကိစ္စ၊ စီးပွား ကူးသန်းရောင်းဝယ်တဲ့ကိစ္စ၊ လုပ်ငန်း လိုင်စင်ချပေးတဲ့ကိစ္စ နေရာတကာမှာ စစ်တပ်ကိုရှောင်လွှဲလို့ မရအောင်ဖြစ်လာတယ်။ အဲဒီမှာ ဆက်ဆံရေး ရိုင်းပြပြီး နိုင်ထက်ကလူပြုတဲ့ စစ်ဗိုလ်စစ်သားတချို့ရဲ့ လုပ်ရပ်ကြောင့် ပြည်သူတွေကြားမှာ တပ်မတော်ရဲ့ ပုံရိပ် ပိုပြီးညှိုးနွမ်း လာရတယ်။ ပြည်သူလူထုအနေနဲ့ တပ်မတော်ကို တပ်မတော်လို့ မခေါ်တော့ပဲ စစ်တပ်လို့ သုံးနှုန်းလာတာဟာ တပ်မတော်အတွက် ဆုံးရှုံးနစ်နာမှုကြီး ဖြစ်ပါတယ်။

အဆိုးဆုံးကတော့ အမျိုးသမီးတွေအပေါ် မတော်မတရားပြုမှုနဲ့ ကလေးစစ်သားစုဆောင်းတဲ့ ကိစ္စပါပဲ။ သားသမီးဇောနဲ့ သောကမီးတောက်လောင်နေတဲ့ တောသူတောင်သား လူရိုးကြီးတွေ သူတို့ တခါမှ မရောက်ဖူးတဲ့ မင်္ဂလာဒုံ စစ်သားစုဆောင်းရေး၊ တပ်မတော်မှတ်တမ်းရုံးနဲ့ လေ့ကျင့်ရေးကျောင်းတွေအထိ ရောက်လာကြတာကို တွေ့မြင်ဖူးပါတယ်။

ပြီးတော့ စစ်သားစုဆောင်းတဲ့နေရာမှာလည်း အတင်းအကျပ် ချွေးတပ်ဆွဲသလို အဓမ္မစုဆောင်းမှု (အတိုင်းအတာတခုထိ) ရှိနေတာကို အားလုံးအသိပါပဲ။ မြို့တိုင်းရွာတိုင်း ကလေးစစ်သားမရှိတဲ့ နေရာမရှိပါဘူး။ အချိန်မရွေး လက်ဆွဲခေါ်ပြလို့ ရပါတယ်။ ရန်ကုန်ဘူတာကြီး၊ မော်တင်သင်္ဘောဆိပ်၊ သီရိမင်္ဂလာဈေးနဲ့ အဝေးပြေးဂိတ်တွေဟာ တပ်သားသစ် စုဆောင်းရေးသမားတွေ ကျင်လည်ခဲ့တဲ့ အဓိက နေရာတွေပါ။ ဒီကိစ္စတွေကို အထက်လူကြီးတွေ မသိ၍ မဟုတ်ပါ။ ၂၀၀၀ ပြည့်နှစ်လောက်က ပဲခူးဘူတာအလွန်နားမှာ ၁၅ နှစ်အရွယ်လောက်ရှိတဲ့ လူငယ်လေးတဦး လက်ထိပ်နောက်ပြန်ခတ်လျှက်နဲ့ ရထားလမ်းဘေးမှာ သေဆုံးနေတယ်။ သူ့ဆံပင်ကို ရှေ့တလက်မ နောက်ပြောင် ညှပ်ထားတယ်။ (သူ့ကိုယ်မှာလည်း စာရေးထားတယ်လို့သိရတယ်) အဲဒီအဖြစ်ကို ပမာပြုပြီး အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး ခင်ညွန့် ရဲ့ လက်မှတ်နဲ့ တပ်သားသစ် အဓမ္မ မစုဆောင်းကြဖို့ ညွှန်ကြားချက်ထုတ်ထားတာ ရှိပါတယ်။

တခါက တပ်မတော် (ရေ) တပ်ထိန်းစစ်သည်များ ခေါ်ဆောင်လာသော စစ်ပြေးစစ်သည်တဦးဟာ အသက် (၁၅) နှစ်သာ ရှိသေးပြီး စစ်မှုထမ်းသက် (၂) နှစ်ရှိနေပါပြီ။ ကလေးငယ်ဟာ ရှေ့တန်းစစ်မျက်နှာမှာ ငှက်ဖျားမိလာပြီး မိဘထံမှာဆေးကုသခံနေရာမှ မိဘများက တပ်ကိုပြန်မလွှတ်တော့။ ရဲကဖမ်းပြီး ရေတပ် တပ်ထိန်းကို အပ်နှံလိုက်တာပါ။ ပိုပြီးထူးဆန်းတာက အဲဒီ ကလေးငယ်ဟာ ရေတပ်က စစ်သည်တဦးရဲ့ သား ဖြစ်နေပါတယ်။ မေးမြန်းစုံစမ်းကြည့်လို့ ရပါတယ်။ ရေတပ်မှာလည်း အဓမ္မဆွဲခေါ် စုဆောင်းတာမျိုး မရှိဘူးဆိုပေမယ့် ငွေပေးပြီးဝယ်ရာက ပြည်တွင်းလူမှောင်ခို လုပ်ငန်းတခုလို ဖြစ်နေခဲ့တာ ကြာပါပြီ။ အသေအချာသိချင်ရင် တပ်သားသစ်စုဆောင်းလက်ခံရာ အမှတ် (၃၃) ရေတပ်အုပ်ချုပ်ရေးတပ် က တပ်မှူးတွေဖြစ်ခဲ့တဲ့ ဗိုလ်မှူးကြီးမိုးအောင် (ယခု- ရလရ-၁မှူး)၊ ဗိုလ်မှူးကြိုင်လျှမ်း (ယခု SO Learning Center နည်းပြချုပ်)၊ ဗိုလ်မှူးမင်းသူသွင်၊ ဗိုလ်မှူးကျော်ထွေးတို့နဲ့ အရာရှိ/စစ်သည်တွေကို စုံစမ်းကြည့်နိုင်ပါတယ်။

ဒါတွေဟာ ဥပဒေမဲ့ လုပ်ရပ်တွေပါ။ လက်ရှိတည်ဆဲ စစ်မှုထမ်းဆိုင်ရာဥပဒေတွေမှာ အသက် (၁၈) နှစ်အောက် လူငယ်တွေအပါအ၀င် တပ်သားသစ်တွေကို တပ်ထဲဆွဲသွင်းခွင့်ရှိတယ် (သို့) တပ်ထဲဝင်ဖို့ ငွေပေးပြီး မြှူဆွယ်စည်းရုံးခွင့်ရှိတယ် ဆိုတဲ့ အချက်တွေ မပါဝင်ပါ။ လက်တွေ့မှာတော့ တပ်သားသစ် ရရေးကို နည်းလမ်း ပေါင်းစုံသုံးပြီး စုဆောင်းနေပါတယ်။ တပ်မတော်အောက်ခြေပိုင်းမှာ ဥပဒေမဲ့ဆောင်ရွက်နေတာ (အမှန်ကတော့ အထက်ကညွှန်ကြားချက်အတိုင်း အကောင်အထည်ဖော်ပေးနေရတာပါ။ ဒီအခြေအနေကို အမှီပြုပြီး ကိုယ်ကျိုးစီးပွားရှာသူတွေလည်း ရှိပါတယ်) ကိုယ့်ထိပ်သီးခေါင်း ဆောင်ကြီးတွေ မသိလိုက် မသိဘာသာလုပ်နေတဲ့ တိုင်းပြည်မျိုးမှာ အမှန်တရားကို မျက်ကွယ်ပြုပြီး အခြေအနေမှန်ကို လက်ခံဖို့ ငြင်းဆန်လေလေ ပြည်သူလူထုက ယုံကြည်မှု ကင်းလေလေ ဖြစ်နေမှာပဲ။ အဲဒီလုပ်ရပ်ဟာ တပ်မတော်အတွက် သိက္ခာကျစရာဖြစ်သလို ပြည်သူလူထုကလည်း တပ်မတော်အပေါ် အကြည်ညို တန်စေပါတယ်။

ကျနော်တို့ တပ်ထဲစတင်ဝင်ရောက်ချိန်မှာ တန်းပြည့်စစ်မှုထမ်းချိန် (၅) နှစ်၊ အရန်စစ်မှုထမ်း (၅) နှစ် စုစုပေါင်း (၁၀) နှစ် စာချုပ်ရပါတယ်။ သဘောက မဖြစ်မနေ (၅) နှစ် စစ်မှုထမ်းရမယ်။ (၅) နှစ်ပြည့်လို့ မပျော်ရင် တပ်ကနှုတ်ထွက်ခွင့် ရှိတယ်။ (၁၀) နှစ်ပြည့်မှ နှုတ်ထွက်မယ်ဆိုရင်တော့ အငြိမ်းစား ပင်စင်ရမယ်လို့ ဆိုတာပါ။ တကယ်တမ်းမှာတော့ အဲဒီလို မဖြစ်ပါဘူး။ (၁၀) နှစ်ပြည့်ပြီးမှ နှုတ်ထွက်ခွင့်တင်တာတောင် မရပါဘူး။ ဗိုလ်ချုပ် စိုးသိန်း ဦးစီးအရာရှိချုပ် (ရေ) ဘ၀မှာတုန်းက မနေချင်တဲ့စစ်သည်တွေ တပ်ကထွက်နိုင်တယ်ဆိုလို့ အများစု နှုတ်ထွက်ခွင့် တင်ခဲ့ပါတယ်။ သူဦးစီးချုပ် (ရေ) ဖြစ်သွားတဲ့အခါ စီမံ G2 ဗိုလ်မှူးကျော်ရွှေထွန်းက စစ်သည်တွေ နှုတ်ထွက်လွှာကိစ္စ တင်ပြမိတာ အဆူခံထိပါတယ်။ အရာရှိတွေနှုတ်ထွက်ခွင့် တင်တဲ့အခါမှာလည်း ဝေးလံခေါင်ဖျားတဲ့ ကျွန်းစခန်းတွေကို အပို့ခံရတာ ရှိပါတယ်။ ဆန္ဒအလျှောက် စစ်မှုထမ်းစနစ် ကျင့်သုံးသော တပ်မတော်တရပ်မှာ ဆက်လက်အမှုမထမ်းလိုတော့တဲ့ အရာရှိ/စစ်သည်တွေကို ကြည်ကြည်ဖြူဖြူ နှုတ်ထွက်ခွင့် ပြုသင့်ပါတယ်။

တပ်မတော် ခေါင်းဆောင်ကြီးတွေကိုယ်တိုင်က ဥပဒေကို မလေးစား၊ ပြောထားတဲ့ကတိတွေလည်း မတည်တာကြောင့် ပြည်သူလူထုက တပ်မတော်ကို ယုံကြည်ဖို့ ခက်နေတာပါ။ တကယ်တမ်း ရိုးသားတယ်ဆိုရင် ဖြစ်ပြီးသမျှအမှားတွေကို ၀န်ခံလိုက်ပြီး နောင်ဘယ်လိုဆက်ပြီး ပြုပြင် ဆောင်ရွက်သွားမယ်ဆိုတဲ့ ကတိအ၀တ်တွေနဲ့ ရဲရဲအာမခံလိုက်ပါ။ ယခုလောက် ခါးခါးသည်းသည်း ဖြစ်နေစရာ မရှိပါဘူး။ သိက္ခာရှိတဲ့ တပ်မတော်တရပ်ဖြစ်လာဖို့ အရင်ကြိုးစားရမှာပါ။ ဒါဆိုရင် ပြည်သူ တွေကို ဆင့်ခေါ်စရာမလိုဘဲ အလိုလိုဝန်းရံလာပါလိမ့်မယ်။ ဗမာ့တပ်မတော်ရဲ့အစ BIA ဆိုတာ ပြည်သူလူထုကိုယ်တိုင်က လိုလိုလားလားနဲ့ ကိုယ်ကျိုးစွန့်အနစ်နာခံပါဝင် ဖွဲ့စည်းခဲ့တဲ့ Voluntary Army သက်သက်ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာ စစ်ကြီးပြီးတဲ့နောက် အနာဂတ်တိုင်းပြည် ကာကွယ်ရေးနဲ့ ထူထောင်ရေး အတွက်လိုအပ်ရင် အရွယ်ရောက်သူအားလုံး စစ်မှုမထမ်း မနေရ လုပ်သင့်လုပ်ရမယ်လို့ ဗိုလ်ချုပ်အောင်ဆန်း ပြောတော့ ဘယ်သူက ငြင်းချက်ထုတ်လို့တုန်း။ ကျနော့ အမြင်တော့ ဒီကိစ္စမှာ ပြည်သူလူထုက ခေါင်းဆောင်အပေါ် အကဲဖြတ်တဲ့ တန်ဖိုးက အရေးကြီးတယ်လို့ ထင်ပါတယ်။

ကျနော်တို့ သင်တန်းတက်တုန်းက သင်တန်းနည်းပြ ဗိုလ်ကြီးတစ်ဦး (ဗိုလ်ကြီး ညိုဝင်း) ပြောဖူးတာ ရှိပါတယ်။

လူတယောက်ရဲ့ တန်ဖိုးက အရေးကြီးတယ်တဲ့။

ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးချိန်က သူ့ကို မြင်ဖူးသူရော မမြင်ဖူးသူပါ တတိုင်းပြည်လုံး ယူကျုံးမရ ငိုကြွေးခဲ့ကြတယ်။ ခုလည်း နိုင်ငံခေါင်းဆောင်ကြီးတွေ တယောက်ပြီး တယောက် သေနေကြတာပဲ ဘယ်သူက အရေးလုပ်ပြီး ငိုကြလို့လဲ။ အဲဒါ လူတယောက်နဲ့ တယောက် တန်ဖိုးချင်း မတူကြတာပဲ.. တဲ့။

တိုင်းပြည်ခေါင်းဆောင်တွေ မှတ်သားစရာပါ။


တပ်ကြပ်ကြီး-နေမင်းသူ

source by :http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ထာဝရနှင်းဆီအဖွဲ့ မလေးရှားနိုင်ငံတွင် ဖျော်ဖြေ

အံ့ဘုန်းမြတ် | ခေတ်နဲ့ စနစ်တွေကို သရော်ထားတဲ့ ပျက်လုံးတွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေ ရရှိနေတဲ့ ဒါရိုက်တာမောင်မျိုးမင်း ဦးဆောင်တဲ့ ထာဝရနှင်းဆီအဖွဲ့သားတွေရဲ့ ဖျော်ဖြေပွဲတခုကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ဒီကနေ့ ကျင်းပပြုလုပ်ခဲ့ပါတယ်။

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ Menara Pgm ခန်းမမှာ ဒီကနေ့ နေ့လည် ဒေသစံတော်ချိန် ၁နာရီက စတင်ပြီး ကပြ ဖျော်ဖြေသွားတာပါ။

ဒီလို ကပြဖျော်ဖြေနေတာနဲ့ ပတ်သက်ပြီး ပြဇာတ်ဆရာအဖြစ် တာဝန်ယူ ထားတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က အခုလို ပြောပါတယ်။

“Menara Pgm ခန်းမမှာ ကျနော်တို့ ထာဝရနှင်းဆီအဖွဲ့ ကပြ ဖျော်ဖြေ နေပါတယ်။ ကျနော်တို့ ဒီထဲမှာ နေတိုး။ မိုးမိုး။ ထွန်းထွန်း။ ကျော်ကျော်ဘို။ ရဲလေး ဒါက လူရွှင်တော်တွေပေါ့။ မင်းသမီးတွေကတော့ ဖူးစုံ။ မေကဗျာ။ မိုးယုစံတို့ ပါလာ ပါတယ်။ ၂ဝ၁၁ အကယ်ဒမီပွဲကို ကျနော်တို့ ပျက်လုံးလေးတွေ ထုတ်ထားတာ ရှိပါတယ်။ အဲဒီ ပျက်လုံးလေးတွေကို ပရိသတ်တွေလည်း သဘောကျတယ် ထင်ပါတယ်၊”

ဒီဖျော်ဖြေပွဲကို မလေးရှားနိုင်ငံမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုး ၁ဝဝဝ ကျော်လောက် လာရောက် အားပေးခဲ့ကြပြီး ပျက်လုံးတွေကိုလည်း အထူး အားပေးခဲ့ကြတယ်လို့လည်း ဒါရိုက်တာမောင်မျိုးမင်းက ဆိုပါတယ်။

ဒီလိုပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေထိုင်နေကြတဲ့ မြန်မာလူမျိုးတွေကို လှည့်လည် ဖျော်ဖြေပေးနေတဲ့ အပေါ်ကိုလည်း ဒါရိုက်တာမောင်မျိုးမင်းက ခုလို ပြောပါတယ်၊

“သူတို့တွေအားလုံးကိုပေါ့နော် ကိုယ်ချင်းစာတယ်။ အဝေးကို ရောက်နေတဲ့ အချိန်မှာ ဘာပဲပြောပြော မြန်မာပြည်ကို သတိရတယ်။ ရွှေတိဂုံဘုရားကို သတိရမယ်။ ငယ်ငယ်တုန်းက သူငယ်ချင်းတွေကို သတိရမယ်။ မြန်မာ့ပွဲလမ်းသဘင်တွေကို သတိရမယ်ပေါ့နော် သတိရစရာတွေ အများကြီးရှိတယ်။ အဲဒီလိုပဲ ကျနော်တို့ ဒီမှာ သူတို့အတွက် ထွက်ပေါက်တခုအနေနဲ့ရော၊ သူတို့အတွက် ကျေနပ်မှုတခုအနေနဲ့ရော အချိန်ခဏလေး အတွင်းမှာပဲဖြစ်ဖြစ် မြန်မာပြည်ကို ပြန်ရောက်ရသလို။ မြန်မာ အနုပညာရှင်တွေနဲ့ တွေ့ရတယ်ဆိုတဲ့ ပီတိကို ခံစားနိုင်အောင်လို့ ကျနော်တို့ လာပြီးတော့ ဖျော်ဖြေတင်ဆက် ကပြခြင်း ဖြစ်ပါတယ်၊”

ထာဝရနှင်းဆီ အဖွဲ့သားတွေအနေနဲ့ လာမယ့် ၆ ရက်နေ့မှာလည်း မလေးရှားနိုင်ငံ ပီနမ်မှာလည်း ကပြ ဖျော်ဖြေကြဦးမှာ ဖြစ်ပါတယ်။

source by : http://burmese.dvb.no

အပြည့်အစုံ ဖတ်ရန် ...

Friday, February 4, 2011

ဒီဇိုင်းအဆင် အမျိုးအစားသစ်များစွာဖြင့် ရွေးချယ်ဝတ်ဆင်မှု

ယခင်နှစ်ကုန်ခါနီးလများ ကတည်းက စမ်းသပ်တီထွင်လျက်ရှိသော အမရပူရမြို့နယ်ရှိ ပိုးထည်၊ ချည် ထည်၊ အချိတ်ထမီ လုပ်ငန်းများမှနေ၍ ထမီ အဆင်ဒီဇိုင်းသစ်များကို ဇန်န၀ါရီလပိုင်းတွင် စတင် ရက်လုပ်လျက်ရှိနေပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

အမျိုးသမီးဝတ် အချိတ်ထမီ ပိုးထည်များမှာ အမျိုးသား ၀န်ကြီးများ၏ ကြောင်တောင်တောင် ၀တ်ဆင်မှုကြောင့် ယခုနှစ်တွင် ဈေးကွက်အတွင်းနေရာယူ လာသည်နှင့်အမျှ ထပ်မံ၍ ထမီအဆင်သစ်များ တီထွင်ရက်လုပ်နေကြောင်း အမရပူရမြို့ အချိတ်ပန်းချီ လုပ်ငန်းရှင်တစ်ဦး ပြောသည်။

"ချိတ်ထမီတွေက အရင်တုန်းက ဆိုရင် အမျိုးသမီးတွေပဲ သီးသန့် ၀တ်တော့ ဈေးကွက်က အမျိုးသမီး ဈေးကွက်ပဲ ရှိတာပေါ့ဗျာ။ အခုတော့ အမျိုးသား ၀န်ကြီးတွေပါ ၀တ်ဆင်လာတော့ ဈေးကွက် နှစ်ဆ တိုးတာပေါ့။

မကြာမီ လွှတ်တော်တက်မယ့် အမတ်မင်းတွေလဲ လွှတ်တော်ထဲမှာ ၀န်ကြီးများ နည်းတူ ထမီဝတ်ကြမယ်လို့ မျှော်လင့်ပါတယ်။ သူတို့ ထမီ ၀တ်လေ ကျွန်တော်တို့အတွက် အဆင်ပြေလေ ပေါ့ဗျာ"ဟု ဆက်လက်ရှင်းပြသည်။

ယခုကဲ့သို့ မြန်မာ့ရိုးရာ အချိတ် ထမီများအား အမျိုးသား ၀န်ကြီးများက ခေတ်နှင့်အညီ ဒီဇိုင်းအဆင် အမျိုးအစားသစ်များစွာဖြင့် ရွေးချယ်ဝတ်ဆင်မှု များပြားလာသည်နှင့်အမျှ ဈေးကွက်ခိုင်မာမှု ရှိလာသောကြောင့် အဆင်ဒီဇိုင်း အမျိုးအစားသစ်များကို ပိုမိုတီထွင် ရက်လုပ်မှု များပြားလာလျက်ရှိကြောင်း သိရှိရပါသည်။

ကိုးကား အမရပူရမြို့ ပိုးထည်၊ ချည်ထည်၊ ဆေးရေးပန်းချီခြယ် လုပ်ငန်းများ ယခုနှစ်အတွက် အမျိုးအစားဒီဇိုင်း အသစ်များ စတင်ရက်လုပ်လျက်ရှိ

အပြည့်အစုံ ဖတ်ရန် ...

ဝန်ကြီးချုပ်သိန်းစိန် သမ္မတအဖြစ် အရွေးခံရ


ဒီကနေ့ကျင်းပတဲ့ ပြည်ထောင်စုလွှတ်တော်ကနေ နိုင်ငံတော်သမ္မတအဖြစ် ဦးသိန်းစိန်ကို ရွေးချယ်လိုက်ပြီ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးအင်အားစုတွေက ၀ါရင့်သတင်းစာဆရာကြီး တဦးကတော့ ပုလင်းအသစ် ထဲက ၀ိုင်အရက်ဟောင်းပါပဲလို့ ဟာသနှောပြီး မှတ်ချက်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဟာ လက်ရှိနိုင်ငံတော် ၀န်ကြီးချုပ်နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌဖြစ်သလို ဒုသမ္မတ အဖြစ် ရွေးချယ်ခံရသူ ၂ ဦးကလည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဖြစ်ကြတာကြောင့် မကြာမီဖွဲ့စည်းမယ့် ပြည်ထောင်စု အစိုးရသစ်ရဲ့ အဓိကကျတဲ့ ၀န်ကြီးဌာနတွေကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကပဲ ရယူနိုင်တယ်။ ဒါပေမဲ့ အစိုးရသစ်ဟာ ပိုမို ပျော့ပြောင်းလာနိုင်တယ်လို့ သုံးသပ်မှုတွေ ရှိနေပါတယ်။ ဒီသတင်းအပြည့်အစုံကိုတော့ ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဒီကနေ့ မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့တဲ့ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကနေ ဗိုလ်ချုပ် ကြီးဟောင်းဦးသိန်းစိန်ကို နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်လိုက်တာ ဖြစ်ပါတယ်။ မနေ့က ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ကနေ ဒုသမ္မတအဖြစ် အရွေးချယ်ခံရတဲ့ ဦးသိန်းစိန်ဟာ အခြား ဒုသမ္မတအဖြစ် ရွေးကောက်ခံရတဲ့ အမျိုးသားလွှတ်တော်က စိုင်းမောက်ခမ်းနဲ့ တပ်မတော်သား အစုအဖွဲ့က သီဟသူရ ဦးတင်အောင်မြင်ဦးတို့ကို ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

ဒီကနေ့ သမ္မတအဖြစ် မဲပေးဆုံးဖြတ်ခဲ့ကြတဲ့ အခြေအနေကိုတော့ ပြည်ထောင်စုလွှတ်တော်ကို တက် ရောက်နေတဲ့ ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က အခုလို ပြောပါတယ်။

“ဦးသိန်းစိန်က ပထမနော်။ နိုင်ငံတော် သမ္မတကြီး ဖြစ်သွားတာပေါ့ဗျာ။ ဦးသိန်းစိန်က ၄၀၈ မဲ ရပါတယ်။ ဒုတိယ သမ္မတကြီးကတာ့ သီဟသူရ ဦးတင်အောင်မြင့်ဦး ဖြစ်ပါတယ်။ ၁၇၁ မဲရပါတယ်။ ဒေါက်တာ စိုင်းမောက်ခမ်းက ၇၅ မဲရပါတယ်။ ပယ်မဲက ၅ မဲ ရပါတယ်။ စုစုပေါင်း ၆၅၉ မဲပါ။ မဲကတော့ လွတ်လွတ် လပ်လပ် ပေးကြပါတယ်ဗျာ။ တိုင်းရင်းသားတွေကလည်း ကိုယ်စီကိုယ်ငှပဲ ဒေါက်တာစိုင်းမောက်ခမ်းဆီ ကို ပေးကြတာတွေ့တယ်။”

ဒီကနေ့ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲဟာ နေ့ခင်း ၂ နာရီကျော်လောက်မှာ ပြီးဆုံး သွားတာဖြစ်ပါတယ်။

အခုလို ရွေးချယ်တင်မြောက်ခံရတဲ့ သမ္မတနဲ့ဒုသမ္မတတွေဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ က ကိုယ်စားလှယ်တွေဖြစ်တာကြောင့် အသစ်ဖြစ်ပေါ်လာမယ့် အစိုးရအဖွဲ့မှာလည်း သူတို့ပါတီကပဲ အဓိကကျတဲ့ ၀န်ကြီးဌာနတွေကို ရယူထားလိမ့်မယ်လို့ ဒေါက်တာအေးမောင်က ရှုမြင်ပါတယ်။

“အရေးကြီးမယ်လို့ ယူဆရတဲ့ ၀န်ကြီးဌာနတွေကို ပြည်ခိုင်ဖြိုးပါတီက အမာခံပုဂ္ဂိုလ်တွေကပဲ ဦးဆောင် မယ်လို့ ယူဆရပါတယ်။ ကျန်တဲ့ ဖွံ့ဖြိုးတိုးတက်မှုကို လုပ်ပေးနိုင်တဲ့ဒေသတွေကိုတော့ဖြင့် ကျနော် ထင် ပါတယ်။ ပျော့ပြောင်းညင်သာစွာ သွားမယ့်လမ်းကို ဦးတည်မယ်လို့ ကျနော်တို့ ထင်ပါတယ်။ ကျနော်တို့ ရေးရာကော်မတီတို့ ပြည်ထောင်စုနဲ့ပတ်သက်တဲ့ အဖွဲ့အစည်းတွေမှာလည်း အားလုံးပါဝင်တဲ့ အကုန်လုံး ထင်သာမြင်သာရှိမယ့် ပူးပေါင်းပါဝင်မှုမျိုးကို ပုံဖော်နိုင်မယ်လို့ ကျနော်တို့ ယူဆနေကြပါတယ်။”

ဒီမိုကရက်တစ်ပါတီ (မြန်မာ) ရဲ့ ဥက္ကဋ္ဌ ဦးသုဝေကလည်း အသစ်ဖြစ်ပေါ်လာမယ့် အစိုးရမှာ ကြံ့ခိုင်ဖံွ့ဖြိုး ရေးပါတီက လွှမ်းမိုးထားပေမဲ့ လူထုအကြိုက်ကို ပိုမိုဆောင်ရွက်လာနိုင်ကြောင်း သုံးသပ်ပါတယ်။

“သူတို့ကတော့ သမ္မတတွေရော၊ ဥက္ကဋ္ဌတွေရော ဖြစ်လာတော့ ဟိုဝန်ကြီးအဖွဲ့မှာလည်း အစိုးရအဖွဲ့မှာ လည်း ကြံ့ခိုင်ရေးပါတီ အစိုးရအဖွဲ့ပဲ ဖြစ်မှာပေါ့။ အဲလိုဖြစ်ပေမဲ့ ကျနော်တွက်ထားတာကတော့ ဦးသိန်းစိန်တို့ကတော့ ဟိုတုန်းက အခြေအနေနဲ့ အခုအခြေအနေ မတူဘူးပေါ့ဗျာ။ သာမန်အားဖြင့် ပြောရင် ဟိုတုန်းကတော့ သူက နအဖအနေနဲ့ အစိုးရအဖွဲ့ထဲပါတာပေါ့။ အခုကတော့ကာ ကြံ့ခိုင်ရေး ပါတီရဲ့ အစိုးရအဖွဲ့ဖြစ်လာတော့ ဒါက လွှတ်တော်ကရွေးတဲ့ အစိုးရအဖွဲ့ဖြစ်လာတဲ့အခါကျတော့ ဒါ လူထုရဲ့အကြိုက်ကို လိုက်လုပ်လာနိုင်တယ်လို့ မျှော်မှန်းရပါတယ်။ သို့သော် အခုအချိန်ထိတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာပေါ့။”

ဇန်န၀ါရီလ ၃၁ ရက်နေ့ကစတင်ခဲ့တဲ့ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ လွှတ်တော်တွေမှာလည်း ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌ စတဲ့ ထိပ်ပိုင်းနေရာတွေကို ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက ရယူထားတာဖြစ်ပါတယ်။

နိုင်ငံတော် အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီကထုတ်ပြန်ထားတဲ့ ဥပဒေတွေ၊ နည်းဥပဒေတွေ အရ ဆိုရင် ပြည်ထောင်စုအစိုးရ၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေရဲ့ အစိုးရအဖွဲ့ဝင်တွေကို နိုင်ငံတော် သမ္မတက ရွှေးချယ်ပြီး သက်ဆိုင်ရာ လွှတ်တော်တွေက အတည်ပြုခန့်အပ်မှာဖြစ်ပါတယ်။

အခုလို လွှတ်တော်ထဲမှာ စစ်အစိုးရခေါင်းဆောင်တွေနဲ့ သူတို့နဲ့ဆက်နွယ်သူတွေ ရွေးချယ်ခံရတဲ့အပေါ်မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကတော့ မအံ့သြမိသလို ဒါဟာလည်း မျှော်လင့် ထားပြီး ဖြစ်တယ်လို့ ပြောဆိုတဲ့အကြောင်း ရန်ကုန်ကလာတဲ့ အေပီ သတင်းတပုတ်မှာ ဖော်ပြပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Thursday, February 3, 2011

ဒုတိယသမ္မတ ၃ ဦး ရွေးချယ်

နေပြည်တော်မှာ ကျင်းပနေတဲ့ လွှတ်တော် စည်းဝေးပွဲတွေကနေ ဒီကနေ့ ဒု-သမ္မတလောင်း ဆန်ကာတင် ၃ ယောက်ကို ရွေးချယ်လိုက်ကြပါပြီ။ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက ပမာဏ ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၅ ယောက်ထဲကနေ ဒီ ၃ ယောက်ကို ဆန်ကာတင် ရွေးချယ်လိုက်ကြတာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

အခု ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ဦးကတော့ စစ်အစိုးရ အတွင်းရေးမှူး ၁ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဘက်က လက်ရှိ ၀န်ကြီးချုပ်တာဝန် ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်တို့အပြင် တိုင်းရင်းသား ကိုယ်စားလှယ်ထဲကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမည်စာရင်း တင်သွင်းထားတဲ့ ရှမ်းတိုင်းရင်းသား အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ စိုင်းမောက်ခန့်တို့ ဖြစ်ပါတယ်။

ဒီသမ္မတလောင်း ၃ ယောက်ဟာ လက်ရှိ စစ်အစိုးရ ထိပ်ပိုင်းမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ၂ ယောက်အပြင် စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကနေ အမည်စာရင်း တင်သွင်းထားတဲ့ ကိုယ်စားလှယ်တွေပါ။

ပြည်သူ့လွှတ်တော်အတွက် အမည်စာရင်း ၂ ယောက် တင်သွင်းထားတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ၀န်ကြီးချုပ် ဦးသိန်းစိန်နဲ့ ဖလုံစဝေါ်ပါတီက ဦးစောသိန်းအောင်တို့ကို လွှတ်တော်အတွင်း မဲခွဲရွေးချယ်ကြတဲ့ အခြေအနေတွေကိုတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ စမ်းချောင်းမြို့နယ်ကနေ ရွေးကောက်တင်မြှောက် ခံထားရတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစိုးဝင်းက ပြောပြပါတယ်။

“ကျနော်တို့ ပြည်သူ့လွှတ်တော်မှာတော့ ဦးသိန်းစိန် ဒု-သမ္မတ အရွေးခံရပါတယ်။ ဦးသိန်းစိန်က ထောက်ခံမဲ ၂၇၆ မဲ ရပါတယ်။ ဦးစောသိန်းအောင်က ၃၈ မဲ ရပါတယ်။ ပယ်မဲက ၁၁ မဲပါ။”

NDF ပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်းက ပြောပြခဲ့တာ ဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်အတွင်း သမ္မတလောင်း ရွေးချယ်တဲ့ အခြေအနေတွေကိုတော့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်တွေကို ကိုယ်စားပြုပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ပါတီကနေ အမျိုးသားလွှတ်တော်အတွက် ရွေးကောက်တင်မြှောက် ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပြပါတယ်။

“ကျနော်တို့ အမျိုးသားလွှတ်တော်က ကျနော်တို့ပါတီက ဒေါက်တာ စိုင်းမောက်ခန့်ကို တင်ထားပါတယ်။ တခြား ပါတီက NDF ကနေပြီးတော့ ဒေါက်တာ မြတ်ဉာဏစိုးနဲ့ ကျန်တဲ့အဖွဲ့တွေက ဒေါက်တာ အေးမောင်ကို တင်ထားတယ်။ တင်ထားပြီး ဒီနေ့ မဲနဲ့ ရွေးကြတဲ့ အချိန်မှာ ကျနော်တို့ပါတီက ဒေါက်တာ စိုင်းမောက်ခန့်က မဲပေါင်း ၁၄၀ နဲ့ အနိုင်ရရှိသွားတယ်။ ပယ်မဲက တမဲဖြစ်ပြီး ဒေါက်တာ အေးမောင်က ၂၇ မဲ ရပါတယ်။ အားလုံး ၁၆၈ ဦးလုံး မဲထည့်ပါတယ်။

“အဲဒါနဲ့ ကျနော်တို့ အမျိုးသားလွှတ်တော်ကနေပြီး ဒေါက်တာ စိုင်းမောက်ခန့်ကို ဒု-သမ္မတ အနေနဲ့ တင်ပြီးဖြစ်တဲ့ အတွက်ကြောင့် မနက်ဖြန်မှာ ပြည်ထောင်စု လွှတ်တော်ကြီး ခေါ်ပါမယ်။ ခေါ်ပြီးရင်တော့ ကျနော်တို့ဆီက ဒေါက်တာ စိုင်းမောက်ခန့်၊ ပြည်သူ့လွှတ်တော်က ဗိုလ်ချုပ်ကြီး သိန်းစိန်၊ နောက် တပ်မတော်က တက်လာတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၊ အဲဒီ ၃ ဦးထဲက သမ္မတ ရွေးသွားမယ်၊ မနက်ဖြန်ကျရင်။”

တပ်မတော်ဘက်ကတော့ ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးကို တင်တယ်၊ သူတယောက်တည်း တင်တယ်ဆိုတော့ သူတို့ဘက်ကတော့ ပြိုင်ဘက်မရှိ သူပဲ သမ္မတ…၊

“အပြိုင်အဆိုင် မရှိဘူးပေါ့ဗျာ။”

ဆိုတော့ အဲဒီ ၃ ယောက်ကို မနက်ဖြန် မဲခွဲကြမယ်ပေါ့။ သမ္မတ ဘယ်သူဖြစ်သင့်တယ်ဆိုတာ။

“သမ္မတ ဘယ်သူ၊ ဒု-သမ္မတ ၂ ယောက် ခန့်ပါမယ်။”

အန်ကယ် ဘယ်သူရမယ် ထင်လဲ။

“ဗိုလ်ချုပ်ကြီး သိန်းစိန်ပဲ ရဖို့များပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိလည်း သူက နိုင်ငံတော်ရဲ့ ၀န်ကြီးချုပ် ဖြစ်တဲ့အပြင် နိုင်ငံတကာ အတွေ့အကြုံကလည်း အများဆုံးပုဂ္ဂိုလ် ဖြစ်နေပါတယ်။”

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

မနက်ဖြန်မနက် ၁၀ ရီမှာ ပြန်စမယ့် လွှတ်တော် ၂ ရပ်ပေါင်းရဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ဒီကနေ့ ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ယောက်ကို မဲခွဲဆုံးဖြတ်ပြီး မဲအများဆုံး ရတဲ့သူက နိုင်ငံတော် သမ္မတ၊ ဒုတိယအများဆုံး ရတဲ့သူက ဒု-သမ္မတနဲ့ တတိယအများဆုံး ရတဲ့သူကတော့ ဒု-သမ္မတ ၂ ဖြစ်လာမှာပါ။

မဲခွဲပြီး ထွက်လာတဲ့ အဖြေကို ချက်ချင်း ကြေညာမယ်လို့ လွှတ်တော်အမတ် တချို့က ပြောနေပေမဲ့ လက်တွေ့မှာ တကယ် ကြေညာခြင်း ရှိမရှိတော့ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခု ရွေးချယ်လိုက်တဲ့ သမ္မတလောင်း ၃ ယောက်စလုံးဟာ စစ်အစိုးရ ဗိုလ်ချုပ်ကြီးတွေနဲ့ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ရေးပါတီက ကိုယ်စားလှယ်တွေ ဖြစ်နေတာကြောင့် လက်ရှိ စစ်အစိုးရအတွင်းက သူတွေပဲ အသွင်ပြောင်းပြီး အုပ်ချုပ်ရေးအာဏာကို ယူကြဦးမှာ ဖြစ်တယ်လို့ အကဲခတ်တွေက သုံးသပ် ပြောဆိုနေကြတာပါ။

ဒါ့ကြောင့်လည်း ပါတီစုံ ဒီမိုကရေစီစနစ် ပုံစံပေါက်အောင် စစ်အစိုးရက နည်းအမျိုးမျိုးသုံးပြီး ကြိုးစားနေပေမဲ့လည်း လွှတ်တော် ၂ ရပ်စလုံးမှာ စစ်အစိုးရပါတီပဲ ကြီးစိုးထားသလို စစ်တပ်ကိုယ်စားလှယ် ၂၅% ကလည်း ရှိနေတဲ့အပြင် ကျန် အတိုက်အခံပါတီတွေ အနေနဲ့ ပြောရေးဆိုခွင့် လုံးဝမရှိအောင် ဘက်ပေါင်းစုံက ပိတ်ဆို့ တားဆီးထားတာကြောင့် ဒါဟာ တပါတီ အာဏာရှင်စနစ်ပဲလို့ နိုင်ငံရေး အကဲခတ်တွေက ဝေဖန် ပြောဆိုနေကြပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Wednesday, February 2, 2011

တပ်ပြေး ခလေးစစ်သားကို ထောင်ဒဏ် အပြစ်ပေး

soldiers

မြန်မာစစ်တပ်ထဲမှာ ကလေးစစ်သား စုဆောင်းမှုတွေရှိ

မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ်က အသက်၁၇ နှစ်အရွယ် ခလေး စစ်သားတဦး တပ်က ထွက်ပြေးပြီး မိဘထံ ပြန်ပြေးလာတာကို စစ်တပ်က ပြန်ဖမ်းပြီး တပ်ပြေး အဖြစ် ထောင်ဒဏ် တစ်နှစ် ချမှတ်လိုက်ပါတယ်။

၉တန်း ကျောင်းသားတဦး ဖြစ်တဲ့ စနေ ( ခေါ် ) မောင်ထက်ထက်အောင် ဟာ ၂၀၀၉ ခုနှစ်က စစ်သားအဖြစ် စုဆောင်းခံခဲ့ရအပြီး သင်တန်း ပြီးလို့ ၈လအကြာမှာ တပ်ကနေ ထွက်ပြေးသွား ခဲ့တာပါ။

ဒီဇင်ဘာလတုန်းက သူ့ကို မိခင် တပ်ရင်းက ပြန်ဖမ်းပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၅ရက်နေ့က ထောင်ဒဏ် ၁နှစ် ချမှတ်လိုက်ပါတယ်။

အခုလောလောဆယ် မောင်ထက်ထက်အောင်ဟာ လွိုင်ကော်အကျဉ်းထောင်မှာ အကျဉ်းကျ ခံနေရပါတယ်။

ဒီကိစ္စကို မိဘတွကေ ILO ကို ဆက်သွယ် တိုင်ကြားထားခဲ့ပေမဲ့ ကူညီမှုလုပ်ငန်းက အင်မတန် နှေးကွေးနေတယ်လို့ မောင်ထက်ထက်အောင်ရဲ့ ဦးလေးဖြစ်သူက ဘီဘီစီကို ပြောပြပါတယ်။

မောင်ထက်ထက်အောင်ဟာ ဦးနှောက်ထဲမှာ ငှက်ဖျားပိုး ဝင်ထားဖူးပြီး အခု ထောင်ထဲမှာ ငှက်ဖျားရောဂါ ပြန်ထနေတဲ့ အတွက် မိသားစုက စိုးရိမ် ပူပန်နေတယ်လို့လည်း ပြောပါတယ်။

အလားတူပဲ ဇန်နဝါရီလ ၁၉ရက်က မန္တလေးတိုင်း အမရပူရ မြို့နယ် ဆင်ရွာ မြင်းမူးအရပ်က မောင်ကျော်ရဲအောင် ဆိုတဲ့ အသက်မပြည့်သေးတဲ့ ခလေးတဦးကိုလည်း တပ်ပြေးဆိုပြီး ကျောက်ဆည် ခလရ ၁၄က တပ်ကြပ်တဦးက ခြိမ်းခြောက် ဖမ်းဆီးသွားပြီး အခုအခါ သူဘယ်မှာ ရောက်နေသလဲဆိုတာ မိဘတွကေ စုံစမ်းလို့ မရ ဖြစ်နေပါတယ်။

ပြီးခဲ့တဲ့ လကလည်း ပဲခူးတိုင်း ဝေါမြို့နယ် တောစွန်းရွာမှာ တပ်က ပြေးလာတဲ့ အသက် ၁၄နှစ် အရွယ် မောင်ဇင်အောင်ကို မိဘနဲ့နေတာကြာကာမှ ဖမ်းသွားပြီး ထောင်ဒဏ် ၃နှစ်ခွဲ အပြစ်ပေးခဲ့ပါတယ်။

source by : http://www.bbc.co.uk

အပြည့်အစုံ ဖတ်ရန် ...

ဝေါ်လေ မော်သုနေရာမှာ ပြောက်ကျားတိုက်ပွဲတွေဆက်ဖြစ်


ဝေါ်လေဂွင် မော်သုနေရာမှာ ဒီကေဘီအေဘက်မှ နအဖ တပ်မ ၂၂ လက်အောက်ခံ ခမရ ၅၈၆ တပ်ရင်းကို ဒီကနေ့ ညနေ ၃ နာရီခွဲလောက် ဆွဲမိုင်းနဲ့ တိုက်ခိုက်ခဲ့ပါတယ်။ ထိခိုက်ဒဏ်ရာ မသိရသေးပါ။ မနေ့ညကလည်း သေ့ပေါဘိုး နဲ့ ဘရက်တို့ ကြားမှာလည်း နအဖ ကို ဒီကေဘီအေမှ မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်။

အခုလို ပြောက်ကျားတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ဒီကေဘီအေ ဗိုလ်ဆန်းအောင် ပြောပြတာက…

“ကျနော်တို့ ၂၀၁၀ နိုဝင်ဘာ ၇ ရက်နေ့က စပြီး တိုက်ပွဲတွေ စဖြစ်ကတည်းက ဝေါ်လေ မော်ခီကုန်းက နအဖ စစ်တပ်တွေကို ကျနော်တို့ဘက်က အဆက်အသွယ် ထောက်ပံ့ရေး လမ်းကြောင်းတွေ ဖြတ်တောက် လိုက်တာ ဖြစ်တယ်။

အဲဒါကို နအဖ ဘက်က ကြာအင်းဆိတ်ကြီးက တဗျူဟာ မြဝတီ ဘက်ကတဗျူဟာနဲ့ ပိတ်မိနေတဲ့ သူတို့လူတွေကို ပြန်ဆက်ဘို့အတွက် ထိုးစစ်ဆင်လာတာဖြစ်တယ်။ ကျနော်တို့ကလည်း သူတို့လာတဲ့ လမ်းကြောင်းကို အထပ်ထပ်ပိတ်ထားတဲ့ တိုက်ပွဲပုံစံတွေဖြစ်တယ်။ နောက်ပိုင်း ကျနော်တို့ ဘက်က ရန်သူ့ နောက်ကျောဘက်ကို ပြောက်ကျားစစ် ပိုမိုဆင်နွှဲမှာဖြစ်တယ် ” လို့ ပြောပြပါတယ်။

ဝေါ်လေဒေသနဲ့ ဖလူးဒေသတွေမှာ ဇန်နဝါရီလ ၈ ရက်နေ့မှ ၃၁ ရက်ထိ ဒီကေဘီအေနဲ့ နအဖ တို့ရဲ့ တိုက်ပွဲတွေကြောင့် နအဖ ဘက်မှ ၁၈၃ ယောက်သေ ၂၃၃ ယောက် ဒဏ်ရာရ မိုင်းထိတာက ၅၁ ယောက်ရှိခဲ့တယ်လို့ သိရှိရပါတယ်။ ခုဖြစ်နေတဲ့ တိုက်ပွဲမှာ ပါဝင်တဲ့ နအဖ တပ်တွေကတော့ တပ်မ ၂၂ လက်အောက်ခံ (၂၀၃)၊ (၂၀၉)၊ (၂၁၀) ၊ စကခ (၈)၊ တပ်မ ၆၆၊ စကခ (၁၈)၊စကခ (၅)၊ စတဲ့ တပ်တွေဖြစ်ပါတယ်။

source by :http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

ကော့ကရိတ်အနီး တောင်သုံးလုံးစခန်းတိုက်ပွဲ နောက်ဆက်တွဲ

ကော့ကရိတ်မြို့အဝင်က နအဖ အဖွဲ့ပေါင်းစုံထိုင်ပြီး ကားတွေကို စစ်ဆေးတဲ့ ချက်ပွိုင့်ဂိတ်ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဇန်နဝါရီလ ၃၁ ရက်နေ့ ညက ဝင်ရောက် တိုက်ခိုက်ခဲ့ကြတယ်။

တပြိုင်တည်းမှာပဲ နအဖ တောင်သုံးလုံးစခန်းကို တိုက်ခိုက်ခဲ့ကြပြီး နအဖ ဆက်သွယ်ရေး မိုက်ခရိုဝေ့တိုင်ကို ဖျက်ပစ်ခဲ့ကြတယ်။ ဒီကေဘီအေ ဘက်က အကျအဆုံးမရှိပဲ နအဖ ရဲ့ လက်နက်ငယ်တလက် သိမ်းပိုက် ရရှိခဲ့ပါတယ်။

ဇန်နဝါရီလ ၃၀ ရက်နေ့တုန်းကလည်း သင်္ဃန်းညီနောင်နားမှာ ဒီကေဘီအေတပ်တွေက နအဖ ကားတန်းကို တိုက်ခိုက်လိုက်တဲ့အတွက် ကားတစီးချောက်ထဲထိုးကျခဲ့ပါတယ်။ ဒီတိုက်ပွဲမှာ နအဖ ၆ ဦး သေပြီး ၁၃ ဦး ဒဏ်ရာ ရခဲ့တယ်။ ထိခိုက်ဒဏ်ရာထဲမှာ ဗိုလ်ကြီးအဆင့်ရှိသူ တဦးပါသွားခဲ့ပါတယ်။

source by :http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

Tuesday, February 1, 2011

ကြပ်ပြေးနေပြည်တော်မှာ ပြုလုပ်တဲ့ တံခါးပိတ် လွှတ်တော်ဖွင့်ပွဲ အခမ်းအနား (ရုပ်သံ)



ပြည်သူ့လွှတ်တော်ဥက္ကဌက သူရရွှေမန်း၊ ပြည်သူ့လွှတ်တော် သဘာပတိက ဦးဌေးဦး၊ အမျိုးသားလွှတ်တော် ဥက္ကဌက ခင်အောင်မြင့်၊ ဒုဥက္ကဌက ဦးမြညိမ်း၊ အမျိုးသားလွှတ်တော် သဘာပတိက ဦးခက်ထိန်နန်၊ ပြည်ထောင်စုလွှတ်တော် နာယက ခင်အောင်မြင့်၊ ဒုတိယ သမ္မတလောင်းက ဗိုလ်သိန်းစိန်နဲ့ ဦးစောသိန်းအောင် (လှိုင်းဘွဲ့မဲဆန္ဒနယ်) လွှတ်တော် ထဲကို မြန်မာ့အသံက သတင်းရိုက်သူတွေတောင် မ၀င်ရဟု သိရှိရပါကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးမှ ပေးပို့လာပါတယ်...။

source by : http://www.demowaiyan.co.cc

အပြည့်အစုံ ဖတ်ရန် ...

လွှတ်တော် ဒုတိယနေ့ ဒု-သမ္မတလောင်း ၅ ယောက် ရွေးချယ်

ပြည်သူ့လွှတ်တော် အစည်းအဝေး ကျင်းပနေစဉ်။ ဖေဖော်ဝါရီ ၁၊ ၂၀၁၁။ ဓါတ်ပုံ Reuter

ဒီနေ့ လွှတ်တော် စည်းဝေးပွဲတွေမှာ ဗိုလ်ချုပ်ကြီးဟောင်း ၂ ယောက်နဲ့အတူ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင် တချို့ကို ဒုတိယ သမ္မတလောင်းတွေ အဖြစ် ရွေးချယ် လျာထားလိုက်ပါတယ်။ စုစုပေါင်း ဒုတိယ သမ္မတလောင်း နာမည်စာရင်း ၅ ယောက် တင်သွင်းခဲ့ရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က စစ်အစိုးရ အတွင်းရေးမှူး ၁ သီဟသူရ တင်အောင်မြင့်ဦး၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တွေဘက်က လက်ရှိ ၀န်ကြီးချုပ်တာဝန် ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန်တို့အပြင် တိုင်းရင်းသား ကိုယ်စားလှယ်တွေ တချို့ နာမည်တွေကိုပါ အဆိုပြု တင်သွင်းခဲ့ကြတာ ဖြစ်ပါတယ်။ ဒီနေ့ တင်သွင်းတဲ့ နာမည်စာရင်း အပြည့်အစုံကို ဘန်ကောက်ရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဆယ်စုနှစ် ၃ ခုအတွင်း ပထမဆုံးအကြိမ် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသား လွှတ်တော်တွေရဲ့ ဒုတိယနေ့ စည်းဝေးပွဲတွေကို ဒီကနေ့မနက် ၁၀ နာရီမှာ စတင်ကျင်းပခဲ့ကြတာပါ။ ဒီကနေ့ လွှတ်တော် စည်းဝေးပွဲတွေကိုတော့ သူ့လွှတ်တော်နဲ့သူ သီးခြားစီ ခွဲကျင်းပခဲ့ကြတာဖြစ်ပြီး လွှတ်တော် တခုချင်းစီက ဒု-သမ္မတလောင်း ၂ ယောက်စီကို တင်သွင်းခဲ့ကြတာပါ။ အမည်စာရင်း တင်သွင်းခံရသူတွေထဲက အများစုဟာ စစ်တပ်နဲ့ စစ်အစိုးရက ကျောထောက်နောက်ခံ ပေးထားတဲ့ပါတီက ကိုယ်စားလှယ်တွေပဲ ဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်က ဒု-သမ္မတ အမည်စာရင်းတွေ တင်သွင်းတဲ့ အခြေအနေကိုတော့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုက ဒု-ဥက္ကဋ္ဌလည်းဖြစ်၊ စမ်းချောင်းမြို့နယ်ကနေ ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ်တဲ့ ဦးစိုးဝင်းက ပြောပြပါတယ်။

“ပြည်သူ့လွှတ်တော် ဒု-သမ္မတနာမည် တင်တာပေါ့ဗျာ၊ အဆိုတင်တာပေါ့။ ဦးစောသိန်းမောင်နဲ့ ဦးသိန်းစိန်၊ ကျန်တဲ့ဟာ စိစစ်ရေး ကော်မတီ ရွေးတယ်ပေါ့ဗျာ။ သမ္မတ အရည်အချင်း စိစစ်ရေး ကော်မတီပေါ့၊ ဒု-သမ္မတ စိစစ်ရေး ကော်မတီက ပြည်သူ့လွှတ်တော် အနေနဲ့ သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်း အရွေးခံရတယ်။”

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုးဝင်း ပြောပြခဲ့တာဖြစ်ပါတယ်။

အမျိုးသားလွှတ်တော်မှာ ဒု-သမ္မတ အမည်စာရင်း တင်သွင်းခဲ့ကြတဲ့ အခြေအနေတွေကိုတော့ တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တွေကို ကိုယ်စားပြုပြီး အမျိုးသား လွှတ်တော်အတွက် ရွေးကောက် တင်မြှောက်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပြပါတယ်။

“ကျနော်တို့ ဒေါက်တာ စိုင်းမော်ခန်းကို တင်လိုက်တယ်၊ လားရှိုးက။ ဗဟိုကနေပြီးတော့ NDF က ဒေါက်တာ မြတ်ဉာဏစိုးက ဒေါက်တာ အေးမောင်ကို တင်လိုက်တယ်၊ ရခိုင်ပါတီက။ တက်သွားပြီးတဲ့ အချိန်မှာ သူတို့ရဲ့ အရည်အချင်း ပြည့်မပြည့် ဆိုတာကို နိုင်ငံတော်က မနက်ဖြန်တရက် စိစစ်ပါမယ်။ ဒု-သမ္မတ အရည်အချင်း ပြည့်ပြီဆိုရင် သန်ဘက်ခါမှာ အန်ကယ်တို့ မဲနဲ့ ရွေးကြမှာပေါ့။ အမျိုးသားက တယောက်၊ ပြည်သူ့လွှတ်တော်က တယောက်၊ တပ်မတော်က တယောက်၊ ၃ ယောက်ပေါင်းမှာမှ သမ္မတ တယောက် ပြန်ရွေးပါမယ်။ ပြည်သူ့လွှတ်တော်က။”

အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

ဒီကနေ့ ဒု-သမ္မတအဖြစ် ရွေးချယ်ကြတဲ့အထဲ ရှမ်း၊ ကရင်နဲ့ ရခိုင်ပြည်နယ်တွေက တိုင်းရင်းသား ကိုယ်စားလှယ် ၃ ယောက်ပါ ရွေးချယ်ခံကြရပြီး ကိုယ်စားလှယ်တွေကို ဒီမိုကရေစီ အတိုက်အခံ အင်အားစုတွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီတို့က ရွေးချယ်ခဲ့ကြတာပါ။

နိုင်ငံတော် ဒု-သမ္မတကို တိုင်းရင်းသား ကိုယ်စားလှယ်တွေထဲက ခန့်အပ်သင့်တယ်လို့ တိုင်းရင်းသားပါတီတွေ အပါအ၀င် ရွေးကောက်ပွဲမှာ အနိုင်ရခဲ့ကြတဲ့ နိုင်ငံရေးပါတီ တော်တော်များများက တောင်းဆိုထားတဲ့အတွက် အခုလို တိုင်းရင်းသား ကိုယ်စားလှယ်တွေ ပါလာတာလား ဆိုတာတော့ အတိအကျ ပြောရခက်ပါတယ်။

ဒု-သမ္မတလောင်းအဖြစ် ရွေးကောက်တင်မြှောက်ခံရတဲ့ ဒေါက်တာ အေးမောင်ကတော့ သူ့ကို တိုင်းရင်းသားပါတီတွေနဲ့ NDF အမျိုးသား ဒီမိုကရေစီ အင်အားစုတို့က တညီတညွတ်တည်း ရွေးချယ်ခဲ့ကြတာလို့ ဆိုပါတယ်။

“ကျနော့်ကို တိုင်းရင်းသားတွေက အဆိုပြုကြတာပါ။ တိုင်းရင်းသား ပါတီတွေက၊ ရှမ်းပါတီ၊ မွန်ပါတီ၊ ကရင်၊ ချင်း တိုင်းရင်းသားတွေကလည်း လက်မှတ်ထိုးကြတာ ဖြစ်ပါတယ်။ နောက် NDF က ဒေါက်တာ မြတ်ဉာဏစိုးက အဆိုပြုကြတာပါ။ အဲဒါကြောင့် ဒီကိစ္စနဲ့ ပတ်သက်လို့ ကျနော် ဘယ်လိုမှ Comment မပေးချင်သေးပါဘူး။ သမ္မတ တယောက်ရဲ့ အရည်အသွေးနဲ့ ပတ်သက်လို့ စိစစ်မှာပါ။ စိစစ်ရေးအဖွဲ့ မနက်ဖြန် စိစစ်ပါလိမ့်မယ်။ မနက်ဖြန် အားကြပါတယ်၊ အကုန်လုံး။”

ဒု-သမ္မတလောင်းအဖြစ် ရွေးချယ်ခံထားရတဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင် ပြောပြခဲ့တာ ဖြစ်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ လွှတ်တော် တရပ်စီကနေ ဒု-သမ္မတလောင်း တယောက်စီနဲ့ စစ်တပ်ကိုယ်စားလှယ်တွေက ရွေးချယ်တဲ့ ဒု-သမ္မတလောင်းတယောက်၊ ပေါင်း ၃ ယောက်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

တကယ်လို့ ကိုယ်စားလှယ် တယောက်ထက် ပိုနေရင် လွှတ်တော်အတွင်းမှာ ဒု-သမ္မတ ရွေးချယ်ရေး ကော်မတီ ဖွဲ့စည်းပြီး ဆန်ကာတင် ၃ ယောက်ကို ပြန်ရွေးရမယ်လို့ ဖွဲ့စည်းပုံမှာ ဖော်ပြထားတာကြောင့် ဒီကနေ့မှာပဲ ရွေးချယ်ရေး ကော်မတီတွေကို ဖွဲ့စည်းလိုက်တဲ့အကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။ စစ်တပ်ကတော့ သူတို့ကိုယ်စားလှယ်အဖြစ် သီဟသူရ တင်အောင်မြင့်ဦးကိုသာ ရွေးချယ်ခဲ့တဲ့အတွက် သူတို့ဘက်က ပြိုင်ဘက်မရှိ တဦးတည်း ထွက်လာခဲ့တာပါ။

ပြည်သူ့လွှတ်တော် ရွေးချယ်ရေး ကော်မတီအတွက် သိပ္ပံနဲ့ နည်းပညာဝန်ကြီး ဦးသောင်းနဲ့ အမျိုးသားလွှတ်တော် အတွက်ကတော့ မန္တလေးတိုင်းက ဦးမျိုးမြင့်ကို ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။

အခုတင်သွင်းထားတဲ့ ကိုယ်စားလှယ် ၅ ယောက်ထဲကနေ ဆန်ကာတင် ၃ ယောက်ကို ဒီရွေးချယ်ရေး ကော်မတီက မနက်ဖြန် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ရွေးချယ်ပြီး ဖေဖော်ဝါရီလ ၃ ရက်နေ့ ကြာသပတေးနေ့ လွှတ်တော်ပြန်စတဲ့အခါ အဲဒီ ဆန်ကာတင် ၃ ယောက်ရဲ့ အမည်စာရင်းကို ထုတ်ပြန်မယ်လို့ သိရပါတယ်။

အဲဒီ ဆန်ကာတင် ၃ ယောက်ထဲကမှ နိုင်ငံတော်သမ္မတအဖြစ် လွှတ်တော် ၂ ရပ်ပေါင်းရဲ့ ပြည်ထောင်စု လွှတ်တော်ကနေ ရွေးကောက်တင်မြှောက်ကြမှာ ဖြစ်ပြီး သမ္မတအဖြစ်နဲ့ စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးဟောင်း သိန်းစိန်ကို လျာထားပြီး ဖြစ်တယ်လို့ အကဲခတ်တွေက တွက်ဆနေကြပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

ကော့ကရိတ်အနီးက တောင်သုံးလုံးစခန်းကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်


ယမန်နေ့ည ၁၂ နာရီလောက်က ဒီကေဘီအေ တပ်မဟာ ၅ တပ်ဖွဲ့ဝင်တွေဟာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်အနီးက တောင်သုံးလုံး နအဖ တပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ တောင်သုံးလုံးနေရာ မှာ နအဖ တပ်ရင်း ခလရ ၃၂၀ နဲ့ နယ်ခြားစောင့်တပ် ၉၀၇ တပ်ရင်းတွေ ရှိပါတယ်။

တိုက်ပွဲက ပစ်ခတ်သံတွေကို ကြားနေရတဲ့ မြဝတီမြို့ခံတဦး ပြောပြတာက

“ညကတည်းဖြစ်နေတာ ပစ်သံခတ်သံတွေကတော့ ခု နေ့လည် ၁ နာရီထိုးနေပြီး ကြားနေရတုန်းပဲ” လို့ ပြောပြပါတယ်။

တိုက်ပွဲ အခြေအနေကို ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင် ကို မေးကြည့်ရာမှာ…

“ဟုတ်တယ် ကျနော်တို့ဘက်က ကော့ကရိတ်အဝင် တောင်သုံးလုံးစခန်းကို မနေ့ညက ဝင်တိုက်တယ်။ တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ အတိအကျ မသိရသေးဘူး။ အခုတိုက်ပွဲဖြစ်တဲ့ နေရာဟာ ကျနော်တို့နဲ့ ဝေါ်လေတို့ ချောင့်ခက်တို့မှာ လာပြီး ရင်ဆိုင်တိုက်ပွဲလုပ်နေကြတဲ့ နအဖတပ်တွေရဲ့ နောက်ကျောဖြစ်တယ်။

ကျနော်တို့ တော်လှန်ရေးတပ်တွေဟာ ဝေါ်လေတို့ ချောင့်ခက်တို့မှာပဲ ရှိတာမဟုတ်ဘူး နေရာအနှံ့ရှိပြီး ရန်သူကို အချိန်မရွေး ထိုးနှက်တိုက်ခိုက်လို့ ရတယ်ဆိုတာ ဒီလို တိုက်ပွဲမျိုးတွေနဲ့ သက်သေပြ လိုက်တာဖြစ်တယ်” လို့ ရှင်းပြပါတယ်။

တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် မြဝတီ ဘားအံ ကားလမ်း ခရီးသွားလာမှုတွေ ရပ်နားထားရပြီး ဘားအံဆင်းမယ့် ကားတွေကို အလယ်ဘိုတဲနေရာမှာ ရပ်ခိုင်းထားတယ်လို့ ဒေသခံ ကုန်သည်တွေက ပြောပြပါတယ်။

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ဆက်လက်စုံးစမ်းနေတုန်း ဖြစ်ပါတယ်။

source by :http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

စစ်တပ်ချုပ်ကိုင်တဲ့ လွှတ်တော်ကြောင့် အပြောင်းအလဲအတွက် အခွင့်အလမ်း ဆုံးရှုံး


မြန်မာနိုင်ငံမှာ မနေ့ကစပြီး ခေါ်ယူကျင်းပခဲ့တဲ့ လွှတ်တော်တွေမှာ စစ်တပ်အရာရှိတွေနဲ့ စစ်အစိုးရရဲ့ USDP ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက လွှမ်းမိုးထားလိမ့်မယ် ဆိုတာကို မူလကတည်းက မျှော်လင့်ပြီးသား ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စု နိုင်ငံခြားရေးဌာနက ပြောပါတယ်။

မနေ့က ကျင်းပတဲ့ လွှတ်တော်တွေမှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် သူရ ဦးရွှေမန်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ယဉ်ကျေးမှုဝန်ကြီး ဦးခင်အောင်မြင့်တို့ကို ရွေးချယ်ခဲ့ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၇ ရက် ပါလီမန် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး အမေရိကန် ပြည်ထောင်စုက ထုတ်ပြန်ကြေညာပြီးသား ဖြစ်ပါတယ်။

“အခု လွှတ်တော် အခြေအနေနဲ့ ပတ်သက်လို့ ဘာမှ အံ့အားသင့်စရာ မရှိပါဘူး။ အမေရိကန် ပြည်ထောင်စု အနေနဲ့ကတော့ အရင်က ပြောထားတဲ့အတိုင်း နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးပြီး အားလုံး ပါဝင်နိုင်တဲ့၊ လမ်းဖွင့်ပေးထားတဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တရပ်ကို မြင်ချင်ပါတယ်။” လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ ပီ.ဂျေ ခရော်လီ (P.J Crowley) က ပြောသွားပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်တုန်းက ဗဟိုတရားရုံးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို အသိအမှတ်ပြုဖို့ ငြင်းပယ်ခဲ့တာကိုလည်း စိတ်ပျက်မိတဲ့အကြောင်း ပြောပါတယ်။

တကယ်တော့ NLD နဲ့ တခြား ဒီမိုကရက်တစ် ပါတီတွေ၊ တိုင်းရင်းသား ပါတီတွေကို အသိအမှတ်ပြုတာဟာ မြန်မာအာဏပိုင်တွေအတွက် အခွင့်အလမ်းတရပ် ဖြစ်တယ်လို့လည်း ပြောပါတယ်။ ဒါကြောင့် မြန်မာအာဏာပိုင်တွေဟာ နောက်ထပ် အခွင့်အရေးတရပ်ကို ဆုံးရှုံး နစ်နာခဲ့ရတယ်လို့ အမေရိကန် ပြည်ထောင်စု အနေနဲ့ မြင်တဲ့အကြောင်း ပြောသွားပါတယ်။

မနေ့က နေပြည်တော်မှာ ကျင်းပတဲ့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်နဲ့ တပြိုင်တည်းပဲ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေကိုလည်း ခေါ်ယူ ကျင်းပပါတယ်။ နောက်ဆုံးရရှိတဲ့ သတင်းတွေအရ တိုင်းဒေသကြီးနဲ့ ပြည်နယ် လွှတ်တော်တွေမှာလည်း ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်တွေပဲ လွှတ်တော်ဥက္ကဋ္ဌအဖြစ် အရွေးခံရပါတယ်။

သူရ ဦးရွှေမန်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအဖြစ် အရွေးခံရတာကြောင့် ဦးရွှေမန်း နိုင်ငံတော်သမ္မတ ဖြစ်လာမယ်ဆိုတဲ့ မျှော်လင့် ခန့်မှန်းမှုတွေ ကုန်ဆုံးသွားပြီး လက်ရှိ ၀န်ကြီးချုပ် ဦးသိန်းစိန် သမ္မတ ဖြစ်လာနိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ပိုထွက်လာပါတယ်။ ဒီနေ့မှာတော့ ဒုတိယ သမ္မတ ၃ ဦး ရွေးချယ်မှု စတင်မယ်လို့ မျှော်လင့်ရပါတယ်။

အတိုက်အခံ လှုပ်ရှားသူတွေက ဒီလွှတ်တော်ကနေ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ ရရှိလာနိုင်လိမ့်မယ်လို့ မယူဆကြပါဘူး။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

နိမိတ်ကောင်းများ ယူဆောင်လာသော လွှတ်တော်ကြီးများ

လွှတ်တော်သတင်းကြီးများကို မြန်မာ့အလင်း ကြေးမုံတို့က ဝေေ၀ဆာဆာ ထည့်သွင်းထားသည်။ ပုံများကိုသာ မောက်စ်ဖြင့် ကလစ်ပြီး ကြည့်ကြပါလေ။
ကျွဲရောင်းလာကြသော အဲ - ကြွရောက်လာကြသော ကိုယ်စားလှယ်တော်ကြီးများထဲမှ သမ္မတ၊ ဒုသမ္မတ စသဖြင့်ကို ရွေးမည်ဟု ဆိုသည်။ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အဖြစ် တာဝန်ယူရန် သူရဦးရွှေမန်းကို အဆိုပြုခဲ့သူမှာ ဦးသိန်းစိန် ဖြစ်လေသည်။
ဦးသိန်းစိန် သမ္မတဖြစ်ရေးအတွက် ဦးရွှေမန်းက ကျေးဇူးဆပ် အဆိုပြုဖွယ် ရှိသည်။ စောင့်ကြည့်ကြပါကုန်။
ဤ သဘာပတိကား မည်သူနည်း။ တခြား မဟုတ်ပါ၊ "ဗိုလ်ချုပ်မှူးကြီးက နိုင်ငံတော်အပေါ်မှာ အတော်သံယောဇဉ်ရှိပါတယ်။ တိုးတက်ဖို့လည်း အမြဲတွေးတောနေတာပါ" ဟု အတည်ပေါက်ပြောခဲ့သူ
မစ္စတာ ဌေးဦး ဖြစ်ပေသည်။ လွှတ်တော်ထဲတွင် ဗိုလ်ချုပ်မှူးကြီး ချီးမွှမ်းခန်း ဆက်ဖွင့်နေသည်ဟု ယူသော် ရ၏။
ဤပုံတွင် ပါဝင်သူများမှာ နှယ်နှယ်ရရ မဟုတ်ပေ၊ စည်းကမ်းရှိသော ဒီမိုကရေစီကို ၀ိုင်းဝန်းဖော်ဆောင်မည့်သူများပင်တည်း။
တနည်းအားဖြင့် ဗိုလ်ချုပ်ကြီးတို့ စနစ်တကျ တပ်ဆုပ်ရေးအတွက် ကူညီမည့်သူများ ဖြစ်ပေသည်။
တိုင်းရင်းသားတဦးဦး ဒုသမ္မတဖြစ်ရေး အိပ်မက် မက်နေသူများဖြစ်သည်။ ဒုသမ္မတအိပ်မက်အတွက် အဖြေ ရှိပြီးသား ဖြစ်သည်။ သူတို့လည်း အချဉ်မဟုတ်တော့ ထိုအဖြေကို သိကြပြီးလေပြီ။
မြန်မာပြည်အတွက် ဤသို့ စုဝေးနေကြသည့် မြင်ကွင်းမှာ အားရဖွယ် ကောင်းပါဘိ။ ပုံကို ကလစ် တချက် နှစ်ချက် နှိပ်ပြီး ကြည့်လော့၊ သင်တို့မိတ်ဆွေတဦးဦး ပါကောင်း ပါမည်၊ မသေချာ။
စာသင်ကြားပို့ချသည့် ခန်းမကြီးနှင့် ဆင်တူလှသည့် လွှတ်တော်ခန်းမကြီး။
လွှတ်တော်အမည်သာ ပြောင်းသွားသည်၊ ခုံအချင်းအကျင်း မပြောင်းလဲ။
ဤအခင်းအကျင်းက လက်ညှိုးထောင် ခေါင်းညိမ့်သူများအတွက် အထူး သင့်လျော်ပေ၏။
လွှတ်တော်ဥက္ကဋ္ဌ နေရာ အတွက် ဘောင်းဘီချွတ်များဘက်မှ တဦး တင်သွင်းသည်။ ဟုတ်သည်။ ဇာတ်လိုက်ကျော် သူရဦးရွှေမန်း တည်း။ တိုင်းရင်းသားများ၊ ဒီမိုကရေစီအော်ဟစ်ကြသူများကလည်း မျှော်လင့်ချက် တကျပ်ခွဲသားဖြင့် တဦး တင်သွင်းပါ၏။
ထို ၂ ဦးကို မဲခွဲရာ ဦးရွှေမန်း တောင်ပြိုကမ်းပြို နိုင်လေသည်။ ကြိုတင်မဲမဟုတ်ဟု ယူဆရသည်။ ကျေးဇူးရှင် ကြိုတင်မဲ လိုဦးမည်လော။ ကြံ့ခိုင်ရေး အများစု၊ စစ်ဗိုလ်ကြီးများ အစိတ်သား ဟူသော တပ်ပေါင်းစုက ကြိုတင်မဲ သုံးတော့မည် မဟုတ်ပေ။
ရွှေမန်းကြီး ထောက်ခံမဲပေါင်း ၃၇၆ မဲ ရလေ၏ဟု သတင်းစာက ဆိုသည်။ မယုံလျှင် ကလစ်ကြည့်ပါကုန်။
အလို! ၃၇၆ ဆိုတာ ဘာပါလိမ့်။ ဒီ ဂဏန်း ကြားဖူးသလိုလိုပင်။
ဟိုက် - မတရားပြုကျင့်သောသူကို စွဲဆိုတတ်သည့် ပုဒ်မ မဟုတ်လော။
သြော် - တိုက်ဆိုက်လေစွ။ တိုက်ဆိုင်လှပေစွတကား။ လွှတ်တော်ဖွင့်ပွဲကား တိုက်ဆိုင်မှုများဖြင့် အစပြုလေသည်။
စည်းကမ်းရှိသည့် ဒီမိုကရေစီအတွက် အားရှိဖွယ် နိမိတ်တည်း။
ကောင်းလေစွ၊ ကောင်းလေစွ၊ ကောင်းလေစွ -----။

ရန်လိုကျွဲ

source by : http://moemaka.com

အပြည့်အစုံ ဖတ်ရန် ...

Monday, January 31, 2011

စစ်ဖိနပ်နဲ့ ဖွတ်ကြီး

ကျနော်အခုဖော်ပြပေးမယ့် အကြောင်းအရာလေးကိုတော့ ဟိုင်းကြီးကျွန်း ပမ္မ၀တီရေတပ်စခန်းဌာနချုပ်မှာ တာဝန်ထမ်း ဆောင်ဖူးသူတွေ ကြားဖူး သိဖူး လိမ့်မယ်ထင်ပါတယ်။

ဟိုင်းကြီးကျေးရွာသားတွေ ပါးစပ်ဖျားမှာ ရေပန်းစားလှတဲ့ ပုံပြင်လိုလို ဒဏ္ဍာရီလိုလို တကယ့် အဖြစ်အပျက်ကလေးလိုလို အကြောင်းအရာလေးတခုပါ။

ရှေ့ဆောင်းပါးအချို့မှာ ကျနော်တင်ပြခဲ့သလို ၁၉၉၃ ခုနှစ်မှာ ပမ္မ၀တီ ရေတပ်စခန်း ဌာနချုပ် တည်ဆောက်တော့ ရေ တပ်နဲ့ ကျေးရွာလူထုအကြားမှာ ထိပ်တိုက်တွေ့မှုတွေ မကျေမလည်ဖြစ်မှုတွေ တခုပြီးတခု ကြုံတွေ့ခဲ့ရတာပါ။ ဟိုင်းကြီး ရွာက လူတွေဟာ ရေတပ်နဲ့ ရဲတပ်ဖွဲ့အပေါ်မှာ ဆက်ဆံတာချင်း မတူပါဘူး။ ရေတပ်သားတွေအပေါ်မှာ သူတို့အမုန်းပွား ကြပေမယ့် ရဲတပ်သားတွေနဲ့တော့ ဆက်ဆံရေး အဆင်ပြေကြတယ်။

ညညတွေမှာ ရွာထဲကို အလည်လွန်တဲ့ ရေတပ်သားတွေကို ရဲကတွေ့ရင် စစ်လားဆေးလား မေးလားမြန်းလားနဲ့ ပြဿနာ ရှာတတ်ကြတယ်။ တခါတော့ ရေတပ်သားအချို့နဲ့ ရဲတပ်ဖွဲ့ဝင်အချို့ အချင်းများ ရန်ဖြစ်ရာက သူ့ဖက်ကိုယ့်ဖက် လူတွေ ပါဝင်လာလို့ ပြဿနာအကျယ်ကျယ် မဖြစ်ရအောင် ဌာနချုပ်မှူးက A2 ဗိုလ်မှူး မောင်မောင်သန်း ကို စေလွှတ်ပြီး ရဲစခန်းမှူးနဲ့ သွားရောက်ဆွေးနွေးတဲ့အခါမှ ပြဿနာ ပြေလည်သွားတယ်။

အဲဒီမတိုင်မီကတည်းက ဟိုင်းကြီးရွာသား အများအပြား (အထူးသဖြင့် ကျေးရွာသူတွေ) က ကျနော်တို့ကို နံနှိမ်သေး သိမ်စေတဲ့ ပုံပြင်တခုကို ပြောကြတယ်။ ကျနော်တို့ သွားရောက် လည်ပတ်တဲ့ အိမ်တွေက အိမ်ရှင်တွေကို သူတို့က မကြာခဏ သတိပေးတတ်တယ်။ “စစ်ဖိနပ်နဲ့ ဖွတ်ကြီး ” အကြောင်း မေ့နေပြီလားတဲ့။

ကျနော်တို့နဲ့ ခင်မင်သူတွေက သူတို့ကြားထားတဲ့ စကားကို အရင်းအတိုင်း ပြန်ပြောပြကြတော့ ကျနော်တို့က ဘယ်သ ဘာပေါက်မှာလဲ။ ဆိုပါအုံး.. အဲဒါဘာကိုဆိုလိုတာလဲလို့ ပြန်မေးရတယ်။

သူတို့ပြောပြတော့လည်း စိတ်ထဲမှာ ကသိကအောက်ဖြစ်ရပေမယ့် စိတ်ဝင်စားဖို့တော့ အကောင်းသား။

သူတို့ရွာနားက ဟိုင်းကြီးတောင်ပေါ်မှာ ဧရာမဖွတ်ကြီးတကောင် ရှိပါသတဲ့။ အဲဒီဖွတ်ကြီးဟာ တခါတခါ ရွာထဲကိုလာပြီး သူစိတ်ကူးတည့်ရာအိမ်ကို တက်လေ့ရှိတယ်။ “ဖွတ်တက်ရင်မွဲတယ်” ဆိုတဲ့ စကားလည်းရှိတယ် မဟုတ်လား။ ဒီတော့ သူတက်ပြီးသွားတဲ့အိမ်ဟာ တနေ့တခြား ဆင်းရဲ မွဲပြာကျတော့တာပဲတဲ့။ ဒါပေမယ့်သူတို့ ရွာသားတွေဟာ အဲဒီဖွတ်ကြီးကို သတ်ချင်သော်လည်း စိတ်နဲ့တောင် မပြစ်မှားရဲဘူး ဖြစ်နေတယ်။ သူ့ကိုသတ်မယ်လို့ စဉ်းစားလိုက်တိုင်း အိပ်မက်ဆိုးတွေ မက်ကြတယ်တဲ့။ ဒါကြောင့် ဖွတ်ကြီးရွာထဲဝင်တာကိုမနှစ်မြို့ပေမယ့် လက်ပိုက်ကြည့်နေကြရတယ်။

တနေ့မှာ ဖွတ်ကြီး တောင်ပေါ်ကဆင်းလာတယ်။ ဒီတခါ ဘယ်သူ့အိမ်များ အလှည့်ကျလေမလဲလို့ ရွာသားတွေ စိုးရိမ်တကြီး စောင့်ကြည့်နေကြတုန်း အိမ်တအိမ်ရှေ့အရောက်မှာ ဖွတ်ကြီးရပ်တန့်သွားတယ်။ အိမ်ပေါ်ကိုမော့ကြည့်လိုက် လှေကားခြေရင်းကို ကြည့်လိုက်နဲ့ ခဏကြာတော့ ပြန်လှည့်ထွက်သွားပြီး တောင်ပေါ်က သူ့တောင်ပို့ထဲကို တန်းတန်း မတ်မတ် ၀င်သွားတော့တယ်။ ရွာသားတွေလည်း ဖွတ်ကြီးရဲ့ ထူးဆန်းလှတဲ့ အပြုအမူကို ဝေခွဲမရဖြစ်နေကြတယ်။

အဲဒီညမှာပဲ နေ့လည်တုန်းက ဖွတ်ကြီးလာကြည့်သွားတဲ့ အိမ်ရှင်ကို အိပ်မက်ပေးတယ်။ အိပ်မက်ထဲမှာ ဖွတ်ကြီးက အိမ်ရှင်ကိုပြောသတဲ့။ “နေ့လည်က ငါနင့်အိမ်ကို တက်ဖို့လာတာ ဒါပေမယ့် နင့်အိမ်လှေ ကားခြေရင်းမှာ စစ်ဖိနပ်တရံချွတ်ထားတာ တွေ့ရတယ်။ နင်တို့မိသားစုမှာ ဆင်းရဲမွဲတေဖို့ အကြောင်း လုံလောက်သွားပြီမို့ ငါတက်စရာမလိုတော့ဘူး” လို့ ပြောသွားတယ် ဆိုပဲ။

ပြောရက်လိုက်တာဗျာ။ ကျနော်တို့ကို ဘယ်လောက်အထိနာစေတဲ့ စကားလုံးလည်း။ ဖွတ်ကတောင်အရှုံးပေးလောက် တဲ့ ရေတပ်သားတွေဆိုတဲ့ သဘောရောက်မသွားပေဘူးလား။ စိတ်ထဲမှာ အတော့်ကိုချုပ်တည်းအောင့်အီးထားခဲ့ရတယ်။ သူငယ်ချင်းလူပျိုတွေကိုလည်း ရွာထဲရောက်ရင် တွေ့ရာအိမ်ကို တက်မလည်ဖို့ သတိပေးရတယ်။

အဲဒီအကြောင်းတွေက ကြာခဲ့ပါပြီ။ သို့ပေမယ့် အခုတလော ကျနော့် နားထဲမှာ “စစ်ဖိနပ်နဲ့ ဖွတ်ကြီး” ပုံပြင်ကို ပြန်ကြား ယောင်နေမိသလိုပဲ။ ဟိုင်းကြီးတောင်မှာရှိတဲ့ ဖွတ်ကြီးက သစ္စာရှိပုံရတယ်။ သူ့အဓိဋ္ဌာန်အရ အကြောင်းကံမသင့်သူကို ဆင်းရဲမွဲတေအောင် ပြစ်ဒဏ်ခတ်လေ့ရှိပေမယ့် နှစ်ထပ်ကွမ်းနစ်နာအောင်တော့ မလုပ်ဘူးဗျ။ သူရည်ရွယ်ထားတဲ့သူဟာ အခြားနည်းနဲ့ ဆင်းရဲဖို့ အကြောင်းလုံလောက်နေပြီိဆိုရင် သူက လက်ရှောင်ပေးတယ်။

တကယ်လို့များ စစ်ဖိနပ်ကလည်း ဖိနပ်ချွတ်မှာရှိနေတုန်း ဖွတ်ကြီးက မအောင့်နိုင်မအီးနိုင်နဲ့ အိမ်ပေါ်ကိုထပ်တက်သွားမယ်ဆိုရင် ဘာတွေဖြစ်လာမလဲ။ ဆန်ကော (ဇကော) ဆင်နင်းသလို ဖြစ်မလား… ငပိရည်ခွက်ထဲ ဆားခဲကျသလို ဖြစ်သွားလေမလား… ဟိုလိုလား… သည်လိုလား….? စာဖတ်ပရိသတ်လည်း စဉ်းစားကြည့်ပါအုံး..။

နောက်တခေါက် ဟိုင်းကြီးကျွန်းကိုရောက်မှ ရွာသားတွေကို မေးမြန်းကြည့်ရပေဦးမည်။


တပ်ကြပ်ကြီး-နေမင်းသူ

source by :http://www.naytthit.net

အပြည့်အစုံ ဖတ်ရန် ...

မြန်မာစစ်တပ်နဲ့ နယ်စပ်တိုက်ပွဲတွေကြောင့် ထိုင်းစစ်သား ၂ ယောက် ဒဏ်ရာရ

မအေးအေးမာ | မြန်မာစစ်အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကြား ပဋိပက္ခ ကြီးထွားလာနေတာ ဒီနေ့မှာဆိုရင် အိမ်နီးချင်း ထိုင်းနိုင်ငံက တပ်ဖွဲ့ဝင်တချို့ ထိခိုက်မှုတွေ ရှိခဲ့တဲ့အထိ ဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ လွှတ်တော်သစ်တွေ ခေါ်ယူတဲ့ အချိန်အထိ တိုက်ခိုက်မှုတွေ မဆဲနိုင်သေးဘဲ ဖြစ်နေတဲ့အတွက် ဒုက္ခသည်တွေလည်း ထိုင်းနိုင်ငံထဲ ထွက်ပြေးနေရဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာစစ်အစိုးရရဲ့ ရွေးကောက်ပွဲတွေ ကျင်းပချိန်ကစလို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေဟာ အခုနောက်ဆုံး လွှတ်တော်သစ်တွေ စတင်ခေါ်ယူနေတဲ့ အချိန်အထိ ဆက်လက်ဖြစ်ပွားနေဆဲပါ။ တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော် (DKBA) နဲ့ မြန်မာစစ်အစိုးရ တပ်တွေကြား ကရင်ပြည်နယ်တွင်းက ၀ါလေ၊ ချောက်ခက် စတဲ့ နေရာတွေမှာ တနင်္ဂနွေနေ့ကစလို့ တိုက်ပွဲတွေ အကြီးအကျယ် ဖြစ်နေဆဲ ဖြစ်ပါတယ်။ တနင်္လာနေ့ မနက်ပိုင်းကနေ ညနေပိုင်းထိ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတဲ့ အခြေအနေကိုတော့ DKBA တပ်မှူး ဗိုလ်မှူး စောဆန်းအောင်က အခုလို ပြောပါတယ်။

“ဒီနေ့ဆိုရင် အူးကလေ့ထမှာ ပစ်နေတာပဲ နအဖ စစ်အစိုးရကတော့။ လွှတ်တော်လည်း ခေါ်နေပြီ၊ ကျနော်တို့ တိုင်းရင်းသားတွေကိုတော့ လက်နက်အားနဲ့ ပစ်နေတာပဲ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲပြီးလို့ သူတို့ လွှတ်တော်ခေါ်ရင် စစ်ရေးနဲ့ ပတ်သက်ပြီး သူတို့ ပြောင်းလဲမှုတွေ ဖြစ်မယ်၊ သူတို့ဒေသမှာ အေးချမ်းဖို့လား၊ တည်ငြိမ်ဖို့လား ကျနော်တို့ အသံကြားတယ်။ လက်ရှိ အဲဒါ အသံပဲ ကြားတယ်။

“တကယ်တမ်းကြတော့ ကျနော်တို့ နယ်စပ်ဒေသမှာတော့ လက်နက်သံတွေက နေ့တိုင်းလို အဆက်မပြတ် ကြားနေရတယ်၊ နေ့သော်လည်းကောင်း၊ ညသော်လည်းကောင်း။ အခု ၂၀၁၁၊ ၁ လပိုင်းမှာဆိုရင် လက်နက်သံတွေက နေ့တိုင်းလိုလို ဖြစ်တယ်လို့ ပြောလို့ရတယ်။ မနက်ကဆိုရင် ကျနော်တို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတယ်။ လက်ရှိ ၀ါလေတပ်ဧရိယာမှာလည်း ကျနော်တို့ တပ်ဖွဲ့တွေနဲ့ ပစ်နေတယ်။”

တနင်္ဂနွေနေ့တုန်းကလည်း DKBA တပ်ဖွဲ့တွေက ကရင်ပြည်နယ် မြ၀တီမြို့နယ်ထဲမှာ မြန်မာစစ်တပ်ပိုင်ကားကို ဆွဲမိုင်းတွေနဲ့ တိုက်ခိုက်တာ၊ ပစ်ခတ်တာတွေ လုပ်ခဲ့ကြောင်း၊ ဒီ့အတွက် မြန်မာစစ်တပ်ဘက်ကလည်း ထိခိုက်မှုတွေ ဖြစ်သွားကြောင်းကို DKBA နဲ့ ဒေသခံတွေက ပြောပါတယ်။

“ကြည့်ရတာ ဗိုလ်မှူး ကျော်စိုးလေ၊ မြ၀တီနဲ့ အလွန်လေးမှာ၊ သင်္ကန်းညီနောင် ဗျူဟာဂိတ်ရဲ့ အလွန်မှာ ဆွဲမိုင်းနဲ့ ဆွဲတယ်၊ ပစ်လည်း ပစ်တယ်။ ရန်သူက ၆ ယောက် ကျဆုံးတယ်၊ ၁၃ ယောက် ဒဏ်ရာရတယ်။ ကားတစီး ချောက်ထဲ ကျသွားတယ်။ မနေ့ညကတော့ ၀ါလေရွာထဲမှာ ကျနော်တို့ ဆွဲမိုင်းနဲ့ဆွဲတာ ရန်သူ ၆ ယောက် ဒဏ်ရာရပြီး ထိုင်းနိုင်ငံထဲက သယ်ဆောင်သွားတယ်လို့ ကျနော်တို့ သိရတယ်။ ဗိုလ်မှူးအဆင့်ဆိုတဲ့လူက မျက်လုံး ၂ ဘက်စလုံး ကန်းတယ်။ တပ်ခွဲမှူးလည်းပါတယ်၊ ဒု-ခွဲမှူးလည်းပါတယ်၊ ထိတာ။”

ဒီလိုပစ်ခတ်မှုတွေကြောင့် ထိုင်းနိုင်ငံဘက်မှာလည်း ထိခိုက်မှုတွေ ရှိနေပါတယ်။ တနင်္ဂနွေနေ့က လက်နက်ကြီး ကျည်ဆံတွေ အိမ်နီးချင်း ထိုင်းနိုင်ငံထဲ ကျရောက် ပေါက်ကွဲခဲ့တဲ့အတွက် နယ်စပ်ဒေသက သောင်ရင်းမြစ်အနီးမှာ ကင်းလှည့်နေတဲ့ ထိုင်းစစ်သား ၂ ယောက် ထိခိုက်ဒဏ်ရာတွေ ရခဲ့ပြီး အခုအခါ ဆေးရုံတင် ကုသထားရတယ်လို့လည်း ထိုင်းအစိုးရ သတင်းတရပ်က ဖော်ပြခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက်နေ့ကနေ ဇန်န၀ါရီလ ၃၁ ရက်နေ့အထိ ဖြစ်နေတဲ့ တိုက်ပွဲတွေကြောင့် ထိုင်းနိုင်ငံဘက်မှာတော့ ဒုက္ခသည် ၁၀,၀၀၀ နီးပါး ခိုလှုံနေရဆဲဖြစ်ပြီး နေရပ်ရင်းကိုလည်း မပြန်နိုင်ကြဘဲ နယ်စပ်တွေက နီးစပ်ရာ နေရာတွေမှာ ခိုလှုံနေကြရပါတယ်။ ဒုက္ခသည်တွေအတွက် တိတိကျကျ သတ်မှတ်ထားတဲ့ စခန်း မရှိတာကြောင့် ဒုက္ခသည်တွေ ဖြစ်သလို တကွဲတပြား နေထိုင်နေရကြောင်း ဆန်နဲ့ ရိက္ခာတချို့ အကူအညီ ပေးနေတဲ့ နယ်စပ်က မယ်တော်ဆေးခန်းနဲ့ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။ တိုက်ပွဲတွေ ဖြစ်နေသေးတဲ့အတွက် ထိုင်းနိုင်ငံ ဖွတ်ဖမြို့နယ်ထဲမှာ အခြေချ နေထိုင်တဲ့ ဒုက္ခသည် ပိုများလာနေတယ်လို့လည်း နယ်စပ်အခြေစိုက် အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။


source by :VOA

အပြည့်အစုံ ဖတ်ရန် ...

လွှတ်တော်သစ် ဥက္ကဋ္ဌတွေအဖြစ် စစ်ခေါင်းဆောင်ဟောင်းတွေကို ရွေးချယ်


မြန်မာနိုင်ငံမှာ လွှတ်တော် ၃ ရပ်စလုံးရဲ့ ပထမဆုံးအကြိမ် စည်းဝေးပွဲတွေကို ဒီကနေ့ မနက်မှာ စတင်ခဲ့ပြီး ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတွေကို ရွေးကောက် တင်မြှောက်ခဲ့ကြပါတယ်။ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌအတွက် ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းနဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌအဖြစ် ဗိုလ်ချုပ်ဟောင်း ခင်အောင်မြင့်ကို ရွေးချယ်လိုက်ကြပြီး မနက်ဖြန်မှာ သမ္မတလောင်း ၃ ယောက်ရဲ့ အမည်စာရင်းတွေကို တင်သွင်းကြဖို့လည်း ရှိနေပါတယ်။ အပြည့်အစုံကို ဘန်ကောက်မြို့ကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

ဒီကနေ့မနက် ၈ နာရီ ၅၅ မိနစ်မှာ သတ်မှတ်ထားတဲ့အတိုင်း လွှတ်တော် ၃ ရပ်စလုံးကို တပြိုင်တည်း ကျင်းပခဲ့ကြတာပါ။ နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတွေအတွက် ကိုယ်စားလှယ်လောင်း အမည်စာရင်းတွေ တင်သွင်းပြီး သက်ဆိုင်ရာ လွှတ်တော်အသီးသီးအတွက် ဥက္ကဋ္ဌ ရွေးကောက် တင်မြှောက်ခဲ့တဲ့အကြောင်း တွံတေး၊ ကော့မှူး၊ ကွမ်းခြံကုန်း မြို့နယ်တွေကို ကိုယ်စားပြုပြီး အမျိုးသားလွှတ်တော်အတွက် ရွေးကောက် တင်မြှောက် ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ် ဇေကမ္ဘာ ဦးခင်ရွှေက ပြောပြပါတယ်။

“အစီအစဉ်က မနက်ပိုင်းမှာ အမျိုးသားလွှတ်တော်၊ ပြည်သူ့လွှတ်တော် သီးခြား အစည်းအဝေး လုပ်တယ်။ လုပ်ပြီးတော့မှ ပြည်သူ့လွှတ်တော်က ပထမ သဘာပတိ ရွေးတယ်။ သဘာပတိကနေ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ရွှေမန်းကို ရွေးတင်တယ်။ နောက် ဒု-ဥက္ကဋ္ဌ နန္ဒကျော်စွာကို ရွေးလိုက်တယ်။ နောက် ဒီဘက်က အမျိုးသားလွှတ်တော်က ပထမ သဘာပတိ ရွေးတယ်။ သဘာပတိကတဆင့် အားလုံးရဲ့ဆန္ဒနဲ့ ဗိုလ်ချုပ် ခင်အောင်မြင့်ကို ဥက္ကဋ္ဌ ရွေးတယ်။ နောက် ဦးမြတ်ငြိမ်းဆိုတာ ရှေ့နေချုပ်ရုံးရဲ့ ညွှန်ကြားရေးမှူးချုပ်၊ Retired ပေါ့၊ သူ့ကိုက ဒု-ဥက္ကဋ္ဌ ရွေးလိုက်တယ်။

“ပြီးတော့မှ ညနေ ၃ နာရီခွဲမှာ ပြည်ထောင်စု လွှတ်တော်ကြီးကို ဆက်ကျင်းပတယ်။ ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ မနက်ဖြန်မှာ ဒု-သမ္မတ ၃ ဦးပေါ့၊ ရွေးဖို့အတွက် အတည်ပြုတယ်။ ဒါပါပဲ။”

မနက်ဖြန်မှာ ကိုယ်စားလှယ် အမည်စာရင်းတွေ တင်သွင်းကြမယ်ပေါ့၊ ဒု-သမ္မတ။

“ဟုတ်ကဲ့၊ ဒု-သမ္မတ၊ တပ်မတော်က ၁ ယောက်၊ ပြည်သူ့လွှတ်တော်က ၁ ယောက်၊ အမျိုးသားလွှတ်တော်က ၁ ယောက်၊ တင်သွင်းကြမှာ ဖြစ်ပါတယ်။”

ဗိုလ်ချုပ်ကြီး သူရရွှေမန်းကတော့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်သွားတာပေါ့။

“ဟုတ်ကဲ့၊ ဥက္ကဋ္ဌ ဖြစ်သွားပါတယ်။”

ဒီနေ့ အစည်းအဝေး ထိုင်ကြတာ တပြိုင်တည်း အကုန် စုထိုင်ကြတာလား။

“ပြည်သူ့လွှတ်တော်က ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်က အမျိုးသားလွှတ်တော်။ ခန်းမချင်း မတူပါဘူး။ ပြီးတော့မှ ပြည်ထောင်စု လွှတ်တော်ကျမှ ပေါင်းထိုင်ကြတာပါ။ အဆောက်အဦးကြီးက အကြီးကြီးပဲ။ အဆောက်အဦးပေါင်း ၃၁ လုံးတောင် ရှိပါတယ်။ စားသောက်တဲ့ အခန်းတွေရော၊ Theatre ကြီးတွေရော၊ အစုံပေါ့၊ ဟောခန်းတွေရော၊ ရေးရာကော်မတီ အခန်းတွေရော၊ အများကြီးပါပဲ။”

ဒီနေ့ တက်ကြတဲ့အထဲမှာ ကိုယ်စားလှယ် အားလုံး စုံစုံလင်လင် တက်တယ်ပေါ့၊ တယောက်မကျန်။

“၁၀၀% တက်ပါတယ်။”

မနက်ဖြန် အစည်းအဝေးက ဘယ်အချိန် စကြမလဲခင်ဗျ။

“၁၀ နာရီမှာ စပါမယ်။”

အန်ကယ်တို့ လွှတ်တော် ပထမ Session က ဘယ်လောက်ကြာမယ် ပြောလဲ၊ ဒီနေ့ ပြောကြတဲ့ အထဲမှာ အဲဒါတွေရော ပါလားခင်ဗျ။

“ပထမ Session ဆိုတာ။”

အခု ကျင်းပနေတာ တောက်လျှောက် ဘယ်လောက် ကြာသွားမလဲ၊ ဘယ်နှစ်ရက် ကြာသွားမလဲ။

“အဲဒါ ဘာမှ မပြောသေးပါဘူး။”

မနက်ဖြန် လုပ်ငန်းစဉ်နဲ့ ပတ်သက်လို့တော့ ဒု-သမ္မတ ၃ ယောက်ကို ကိုယ်စားလှယ် အမည်စာရင်း တင်သွင်းကြမယ်ပေါ့။ တခြားရော။

“တင်သွင်းပြီးတော့ ဆက်ပြီး ရွေးကြမယ်နဲ့တူတယ်၊ ကြည့်ရတာ။ အဲဒါအထိတော့ မရောက်သေးပါဘူး။ မဆွေးနွေးသေးပါဘူး။”

သမ္မတကို အတည်ရွေးဖို့အတွက်က ဘယ်နေ့ဖြစ်မယ်ဆိုတာ မသိသေးဘူးပေါ့။

“မသိသေးပါဘူး။ မနက်ဖြန်လည်း ပြတ်ရင် ပြတ်သွားမှာပါ။”

ဒါဆိုရင် တခြား သမ္မတ ရွေးပြီးမှပဲ ကော်မတီ ဖွဲ့တာတို့၊ အစိုးရအဖွဲ့ ဖွဲ့တာတို့ ဖြစ်မယ်ထင်တယ်နော်။

“အဲဒါတွေ ဆက်ဖြစ်မယ်။ အဲဒါကြောင့်လည်း အမြန်လုပ်တာ ဖြစ်ပါလိမ့်မယ်၊ နိုင်ငံတော်က။”

အန်ကယ့်အထင်အရတော့ ဒီကိစ္စက မြန်မြန်လေး သူတို့ လုပ်ကြလိမ့်မယ်လို့ ထင်တယ်ပေါ့။

“ဟုတ်ကဲ့၊ သေချာပါတယ်။ မြန်မြန် လုပ်ကြပါလိမ့်မယ်။”

ဒီနေ့ ဘယ်နှစ်နာရီလောက် ကြာသွားလဲ၊ အစည်းအဝေးက။

“ညနေ ၄ နာရီလောက်မှာ အားလုံး ပြီးကုန်ပါတယ်။”

အမျိုးသားလွှတ်တော်အမတ် ဇေကမ္ဘာ ဦးခင်ရွှေ ပြောပြခဲ့တာ ဖြစ်ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်တွေ နည်းတူ တိုင်းဒေသကြီးလွှတ်တော် စည်းဝေးပွဲတွေကိုလည်း ပြည်နယ်၊ တိုင်း ဒေသကြီး ၁၄ ခုက မြို့တော်တွေမှာ ဒီကနေ့မနက် ၈ နာရီ ၅၅ မိနစ်မှာ တပြိုင်တည်း ကျင်းပပြီး တိုင်းဒေသကြီးလွှတ်တော် ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌနေရာတွေ ရွေးကောက် တင်မြှောက်ခဲ့ကြတဲ့အကြောင်း RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ရသေ့တောင်မြို့နယ် မဲဆန္ဒနယ်မြေ ၂ ကနေ ရွေးကောက် တင်မြှောက်ခံထားရတဲ့ တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဖိုးမင်းက ပြောပြပါတယ်။

“ဒီနေ့ကတော့ လွှတ်တော် ဥက္ကဋ္ဌနဲ့ ဒုတိယ ဥက္ကဋ္ဌ ရွေးတာပါ။ အဲဒီမှာ သဘာပတိ ရွေးပြီးတော့ လွှတ်တော်ထဲမှာ အရွေးခံတဲ့ ပုဂ္ဂိုလ်တွေ အားလုံး သဘာပတိ ရှေ့မှောက်မှာပဲ ကျမ်းကျိန်ကြပါတယ်။ ကျမ်းသစ္စာဆိုတယ်။ နောက်မှ သဘာပတိက အဲဒါပြီးရင် ဥက္ကဋ္ဌကို မဲနဲ့ရွေးတယ်။ ပြီးတော့ ဒု-ဥက္ကဋ္ဌကို မဲနဲ့ရွေးတယ်။ ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌကို ရွေးတယ်။ ဒါပါပဲ။ ဥက္ကဋ္ဌကို ကြံ့ခိုင်ရေးပါ၊ ဒု-ဥက္ကဋ္ဌလည်း ကြံ့ခိုင်ရေးကပါ။”

တိုင်းဒေသကြီးလွှတ်တော် စည်းဝေးပွဲတွေကို ဒီနေ့ ကျင်းပပြီးစီး သွားပေမဲ့လည်း နောက်နေ့တွေမှာ ဘာဆက်လုပ်ရမယ် ဆိုတာတော့ လွှတ်တော် စည်းဝေးပွဲ ကျင်းပပြီးစီးသွားတဲ့အထိ ကိုယ်စားလှယ်တွေကို အကြောင်းကြားထားခြင်း မရှိသေးပါဘူး။

“နောက်နေ့ အစီအစဉ်ကတော့ မသိသေးဘူး။ နောက်နေ့ အစီအစဉ်တော့ သူတို့ နောက်မှပဲ အဆက်အသွယ် လုပ်လိမ့်မယ် ထင်ပါတယ်။”

ရခိုင် တိုင်းဒေသကြီး လွှတ်တော်အမတ် ဦးဖိုးမင်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

ရခိုင်တိုင်းဒေသကြီး လွှတ်တော်စည်းဝေးပွဲကိုတော့ စစ်တွေမြို့တော် ခန်းမမှာ ကျင်းပခဲ့တာဖြစ်ပြီး စစ်တပ်က ရွေးချယ်ထားတဲ့ ကိုယ်စားလှယ်တွေနဲ့ RNDP ပါတီက ကိုယ်စားလှယ် ၁၈ ယောက်တို့ အပါအ၀င် ရွေးကောက်ခံ ကိုယ်စားလှယ် အားလုံး ၄၇ ဦး တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် စည်းဝေးပွဲကိုတော့ အရင် ပြည်သူ့လွှတ်တော် အဆောက်အဦး နေရာမှာ ကျင်းပခဲ့ပြီး ပဲခူးတိုင်း ဒေသကြီး စည်းဝေးပွဲကိုတော့ တရားရုံးဘေးနားက ပဲခူးတိုင်း ရုံးအတွင်းမှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။

တိုင်းဒေသကြီးတွေ အားလုံးကို ရခိုင်တိုင်းဒေသကြီး လွှတ်တော်စည်းဝေးပွဲလိုပဲ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒု-ဥက္ကဋ္ဌတို့ကို ရွေးချယ်ပြီး ကိုယ်စားလှယ်တွေ ကျမ်းသစ္စာ ကျိန်ဆိုပြီးတာနဲ့ စည်းဝေးပွဲကို ခပ်စောစောပိုင်းမှာပဲ ကျင်းပ ပြီးစီးသွားတယ်လို့ သိရပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူး ရွေးချယ်ရေးနဲ့ ပတ်သက်လို့ ကိုယ်စားလှယ်တွေကို ခုချိန်ထိ တစုံတရာ အသိပေး အကြောင်းကြားခြင်း မရှိသေးပေမဲ့ တိုင်းဒေသကြီးလွှတ်တော် အားလုံးနီးပါးမှာ စစ်တပ်က ကျောထောက်နောက်ခံ ပေးထားတဲ့ ကိုယ်စားလှယ် အများစု အနိုင်ရထားတဲ့အပြင် စစ်တပ်ကိုယ်စားလှယ် ၂၅% ကလည်း ရှိနေပြန်တော့ စစ်တပ်ကို လိုလားသူ၊ ဒါမှမဟုတ် စစ်အစိုးရ အတွင်းက အရာရှိဟောင်းတွေပဲ ရွေးချယ်ခံရလိမ့်မယ်လို့ အများစုက ယူဆထားကြတာ ဖြစ်ပါတယ်။

ပါလီမန် ၃ ရပ်စလုံးအတွက် လွှတ်တော်အမတ်နေရာ စုစုပေါင်း ၁,၅၃၇ ဦးရှိတဲ့ အထဲက ၁,၁၅၄ ဦးကို နိုဝင်ဘာ ၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ ရွေးချယ်ခဲ့ကြတာဖြစ်ပြီး ကျန် ၃၈၈ ဦး၊ ဒါမှမဟုတ် အမတ်နေရာ စုစုပေါင်းရဲ့ ၂၅% နဲ့ ညီမျှတဲ့ ဦးရေကတော့ စစ်တပ်က တိုက်ရိုက်ရွေးချယ်တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

နေပြည်တော်မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း ၄၉၃ ဦးထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အမတ်နေရာ ၃၈၈ နေရာ၊ ဒါမှမဟုတ် အမတ်နေရာ စုစုပေါင်းရဲ့ ၇၇% ကျော်ကို အနိုင်ရထားတာ ဖြစ်တဲ့အပြင် စစ်တပ်က တိုက်ရိုက်ရွေးချယ်ထားတဲ့ အမတ် ၂၅% လည်း ရှိနေသေးတဲ့အတွက် ကျန် အတိုက်အခံ ပါတီတွေအတွက် လွှတ်တော်အတွင်း ပြောဆို ဆွေးနွေးနိုင်တဲ့ အခွင့်အလမ်း နည်းလွန်းတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ် ပြောဆိုနေကြပါတယ်။

နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

၂၀၁၀ ရွေးကောက်ပွဲ မတရားမှုများ ဖော်ထုတ်ထားသည့် မှတ်တမ်းတစောင် ထွက်ရှိ

မြန်မာနိုင်ငံ ဒီမိုကရက်တစ်အင်အားစုက စုစည်းထုတ်ဝေတဲ့ မတရားဆုံး မတရားမှုများ အမည်ရှိ မှတ်တမ်းတစောင် ဒီကနေ့ ထွက်ပေါ်လာပါတယ်။

နအဖစစ်အစိုးရ ကျင်းပပေးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲအတွင်းက မသမာမှု၊ တရားမျှတခြင်း ကင်းမဲ့မှုတွေကို တွေ့ကြုံခဲ့ရတဲ့ ပြည်သူလူထု၊ လွှတ်တော်ကိုယ်စားလှယ်လောင်းနဲ့ ပါတီတွေရဲ့ အတွေ့အကြုံတွေကို သက်သေများနဲ့တကွ စာမျက်နှာ (၈၉) မျက်နှာပါရှိတဲ့ ဒီမှတ်တမ်းမှာ ဖော်ထုတ်တင်ပြထားတာ တွေ့ရပါတယ်။



source by : http://www.irrawaddyblog.com

အပြည့်အစုံ ဖတ်ရန် ...

၂၀၁၁ လွှတ်တော်ကနေ မြန်မာ့အကျပ်အတည်းတွေ ဖြေရှင်းနိုင်မည်မဟုတ်

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲ ရလဒ်ပေါ် အခြေခံတဲ့ ပထမဆုံးအကြိမ် လွှတ်တော် အစည်းအဝေးတွေကို ဒီကနေ့ နေပြည်တော်မှာ စတင်ကျင်းပမှာ ဖြစ်ပေမဲ့ မြန်မာစစ်အစိုးရ ဦးဆောင်တဲ့ အခုလွှတ်တော်သစ်ကနေ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဆောင်ကြဉ်းနိုင်မှာ မဟုတ်သလို မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ နယူးယောက်မြို့မှာ အခြေစိုက်တဲ့ မြန်မာ့ရန်ပုံငွေအဖွဲ့ (The Burma Fund) က ထောက်ပြလိုက်ပါတယ်။

မြန်မာနိုင်ငံတွင်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ကာလတွေအတွင်း မဲမသမာမှုတွေနဲ့ အကြမ်းဖက် ကန့်သတ်ချုပ်ချယ်မှုတွေ အပါအ၀င် မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ပြည်တွင်းပြည်ပ နိုင်ငံရေး အဖွဲ့အစည်းတွေနဲ့ သတင်းမီဒီယာတွေကနေ တလျှောက်လုံး တင်ပြလာခဲ့တဲ့ အချက်အလက်တွေကို စုစည်းပြီး လေ့လာသုံးသပ် တင်ပြထားတဲ့ အစီရင်ခံစာ တစောင်ကို The Burma Fund အဖွဲ့က မနေ့ကပဲ ထုတ်ပြန်လိုက်တာပါ။ အပြည့်အစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ အဓိကကျတဲ့ အမျိုးသား နိုင်ငံရေး ပြဿနာကို မဖြေရှင်းရသေးဘဲနဲ့ အခုလို လွှတ်တော်ခေါ်ယူတာဟာ တကယ် စစ်မှန်တဲ့ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုကို ဦးတည်တာ မဟုတ်ဘူးလို့ အစီရင်ခံစာ ထုတ်ဝေတဲ့ The Burma Fund အဖွဲ့ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ဒီနေ့မှာ ပြည်သူ့လွှတ်တော် ပထမဆုံး အစည်းအဝေး ကျင်းပတာ ဖြစ်ပေမဲ့ ဒါဟာ မြန်မာနိုင်ငံရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အဖြေ မဟုတ်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ရွေးကောက်ပွဲ လုပ်ငန်းစဉ်ဟာ စကတည်းက နအဖကနေပြီးတော့ စွက်ဖက်မှုတွေ၊ ကန့်သတ်မှုတွေ ရှိခဲ့တယ်။ ရွေးကောက်ပွဲ ကော်မရှင်ကလည်း တကယ့်ကို လွတ်လပ်တဲ့ ရွေးကောက်ပွဲ ကော်မရှင် မဟုတ်ဘဲနဲ့ ဒီကနေ့ဆိုရင် ရွေးကောက်ပွဲ မသမာမှုတွေနဲ့ ပတ်သက်လို့ တိုင်ကြားချက်တွေ၊ နိုင်ငံရေးပါတီတွေက နေပြီးတော့ စွပ်စွဲမှုတွေကို လုံးဝ ကျေကျေလည်လည် မဖြေရှင်းရသေးဘဲနဲ့ ဒီ ပြည်သူ့လွှတ်တော် အစည်းအဝေးကို ခေါ်ယူ ကျင်းပတာ ဖြစ်ပါတယ်။”

အမျိုးသားရေး ပြဿနာကို တကယ်တမ်း ဖြေရှင်းဖို့ဆိုရင် မြန်မာစစ်အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ပြန်လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်လှုပ်ရှားခွင့် ပြုရမှာ ဖြစ်သလို တိုင်းရင်းသား ဒေသတွေက တင်းမာမှုတွေကို ရပ်ဆိုင်းရမှာ ဖြစ်တယ်၊ နိုင်ငံရေး အင်အားစုတွေအကြား တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ဖို့လိုတယ်၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကိုလည်း နိုင်ငံရေးပါတီအဖြစ် ဆက်လက် အသိအမှတ်ပြုပြီး ပြည်သူ့အကျိုး ဆောင်ရွက်ခွင့် ပေးရမှာ ဖြစ်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက ထောက်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြဿနာဟာ မြန်မာ့နယ်နိမိတ် အတွင်းမှာတင် ပြီးသွားမှာ မဟုတ်ဘူး ဆိုတာကို အိမ်နီးချင်း နိုင်ငံတွေက နားလည်ပြီး မြန်မာ့အရေးကို ကူညီ ဆောင်ရွက်သင့်တယ်လို့လည်း ဒေါက်တာ သောင်းထွန်းက ပြောပါတယ်။

“ကျနော်တို့ တင်ပြတဲ့ အချက်အလက်တွေဟာ သေသေချာချာ သုတေသန ပြုလုပ်ထားတဲ့ အချက်အလက်တွေ ဖြစ်တယ်။ ဒါကြောင့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ်ပြီး တရားမျှတမှု မရှိဘူးဆိုတဲ့ အခြေခံပေါ်မှာ အိမ်နီးချင်း နိုင်ငံတွေကပါ မငြင်းပယ်နိုင်တဲ့ အနေအထား ဖြစ်ပါတယ်။ ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုဆိုတာ ရွေးကောက်ပွဲတခု ကျင်းပရုံနဲ့ မလုံလောက်ပါဘူး။ တကယ့် အသွင်ကူးပြောင်းမှု ဒီမိုကရေစီရေး အခြေခံအုတ်မြစ်ကို ချမှတ်နိုင်မယ့် နိုင်ငံရေး ပတ်ဝန်းကျင်တွေကိုလည်း ဖန်တီးဖို့ လိုပါတယ်။

“ဒါတွေကို ဂရုမစိုက်ဘူးဆိုရင် ဗမာနိုင်ငံရဲ့ ပြဿနာဟာ ဗမာနယ်နိမိတ်မှာတင် ရပ်သွားမှာ မဟုတ်ဘဲနဲ့ အိမ်နီးချင်း နိုင်ငံများကို ထိခိုက်မယ့် အနေအထားတွေ ရှိတယ်။ ပြည်တွင်းမှာ နိုင်ငံရေး တင်းမာမှုတွေ၊ အုံကြွမှုတွေအတွက် ဖြစ်လာမယ့် အနေအထားတွေကို လျစ်လျူမရှုနိုင်သလို တိုင်းရင်းသား ဒေသတွေမှာ စစ်ရေးအရ တင်းမာမှု အပေါ်မှာလည်း ပြည်တွင်းစစ် ပြန်လည် ဖြစ်ပေါ်လာနိုင်တယ်၊ ဒုက္ခသည် ပြဿနာတွေ ပိုပြီး ကြီးထွားလာနိုင်တယ်။ ဒီအခြေခံတွေ အပေါ်မှာ စဉ်းစားပြီးတော့ အိမ်နီးချင်းနိုင်ငံတွေ အနေနဲ့ ကုလသမဂ္ဂနဲ့ ပိုပြီးတော့ ပူးပေါင်း ဆောင်ရွက်ပြီးတော့ နိုင်ငံရေး အဖြေရှာဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

The Burma Fund အဖွဲ့ တာဝန်ခံ ဒေါက်တာသောင်းထွန်း ပြောပြသွားတာ ဖြစ်ပါတယ်။

မြန်မာစစ်အစိုးရ ရွေးကောက်ပွဲနဲ့ လွှတ်တော်သစ် ခေါ်ယူမှုတွေကို အထူးသဖြင့် ကုလသမဂ္ဂနဲ့ မြန်မာ့အိမ်နီးချင်း အာရှနိုင်ငံတွေက ယတိပြတ် ငြင်းဆိုထားတာ မရှိပါဘူး။ ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြဿနာကို ဖြေရှင်းနိုင်ဖို့မှာ ရွေးကောက်ပွဲနဲ့ လွှတ်တော်သစ်တွေ ခေါ်ယူပေးရုံနဲ့ မလုံလောက်ဘူး ဆိုတာကို နိုင်ငံတကာက နားလည်ရမှာ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ထောက်ပြထားပါတယ်။

ကုလသမဂ္ဂ အနေနဲ့ မြန်မာ့အရေးကို ထိထိထိရောက်ရောက် အာရုံစိုက် ဆောင်ရွက်နိုင်ဖို့အတွက် အချိန်ပြည့် တာဝန်ထမ်းဆောင်မယ့် အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ရဲ့ ကိုယ်စားလှယ်တဦး ခန့်အပ်ဖို့နဲ့ မစ္စတာ ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ မိတ်ဆွေများအဖွဲ့ အဆင့်မြင့် နိုင်ငံခြားရေး ၀န်ကြီးအဆင့် အစည်းအဝေးတရပ်ကို အရှေ့တောင်အာရှ ဒေသအတွင်းမှာ ကျင်းပပေးဖို့ကိုလည်း အစီရင်ခံစာထဲမှာ တိုက်တွန်းထားပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 30, 2011

ယနေ့နောက်ဆုံးရ လွှတ်တော်ရှေ့မြင်ကွင်းများ ....

ကားအောက်မှ ကြွက်တွေ့လို့ ကြွက်ကို ကြွက်များမှ ပြန်လည် ရှာဖွေနေပုံ
ရှာဖွေလေ မတွေ့လေ လွှတ်တော်ကိုယ်စားလှယ်တွေ ခေါ်ဆောင်လာတဲ့ AIRPORT LIMOUSINE ကားတဲ့.. ဒါကြောင့်ပြောပါတယ်.. လွှတ်တော်တက်မှာ မဟုတ်ပါဘူး. လေဆိပ်သွားမှာပါလို့.. ပြီးရင် ပါတာအကုန်ချွတ်ပြီး X RAY ဖြတ်ရပါမယ်..
Myanmar security police officers check a bus carrying elected representatives towards the parliament building Monday, Jan. 31, 2011 in Naypyitaw,
မြင်မကောင်း ရှူမကောင်း ရှာနေလိုက်ကြတာ..
အဖွဲ့ချုပ်ဝတ်စုံ ဝတ်ပြီးတက်မယ်ဆိုတဲ့ NDF ကိုယ်စားလှယ် တစ်ဦး (ဦးစိုးဝင်းများလားပဲ)
ဓါတ်ပုံများ AP ကပါ...

source by : http://www.demowaiyan.co.cc

အပြည့်အစုံ ဖတ်ရန် ...

NLD အင်တာနက် ၀က်ဘ်ဆိုက်ဒ် မှ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ နှုတ်ခွန်းဆက် သဝဏ်လွှာ



မြန်မာနိုင်ငံဒီမိုကရေစီ ရရှိရေးအတွက် ပြည်တွင်း၊ ပြည်ပ ပြည်သူ့ကွန်ယက်ကြီး ဖွဲ့ရာမှာ ဆက်သွယ်ရေးလမ်းကြောင်း ကောင်းမွန်၊ ကျယ်ပြန့်ခြင်းက အဓိက ဖြစ်ပါတယ်။

ဒါကြောင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒေတွ၊ လုပ်ကိုင်လှုပ်ရှားမှုတွေကို ကမ္ဘာတဝှမ်း သိရှိနိုင်စေမဲ့ အင်တာနက်စာမျက်နှာတခု ပေါ်ပေါက်လာတာကို သိပ်ကိုကျေနပ်မိပါတယ်။

ဒီစာမျက်နှာမှတဆင့် မြန်မာနိုင်ငံ ဒီမိုကရေစီရေးကို အားသန်စွာ ထောက်ခံနေသူများ၊ ဒီမိုကရေစီရေးနဲ့ အဖွဲ့ချုပ်အကြောင်းကို ပိုမိုသိရှိလိုသူများနဲ့ ကျွန်မတို့ ဆက်သွယ်ခြင်းအားဖြင့် ကျွန်မတို့အားလုံး မျှော်မှန်းတမ်းတနေတဲ့ ဒီမိုကရေစီပြည်ထောင်စုကြီး ပိုပြီးမြန်ဆန်စွာ ပေါ်ထွန်းလာနိုင်မယ်လို့ ထင်မိပါတယ်။

ဒီအင်တာနက်စာမျက်နှာ ဖြစ်ပေါ်လာရေးအတွက် အင်တိုက်အားတိုက် လုပ်ဆောင်ကြတဲ့ သူတွေအားလုံးကို လှိုက်လှဲစွာကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်။



ေဒါ်ေအာင်ဆန်းစုြကည်၏ နူတ်ခွန်းဆက် သဝဏ်လွှာ







source by : http://burmese.nldburma.org

အပြည့်အစုံ ဖတ်ရန် ...

NLD အင်တာနက် ၀က်ဘ်ဆိုက်ဒ် မှ အဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး ၏ နှုတ်ခွန်းဆက် သဝဏ်လွှာ

ဦး​တင်ဦး​၏​​ ​နုတ်​ခွန်း​စ​ကား​

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် လွတ်လပ်စွာ ပြောဆို၊ ရေးသားဖြန့်ချီပိုင်ခွင့်များကို ဒီမိုကရေစီ၏ အခြေခံလိုအပ်ချက်များဟု ခံယူပါသည်။

ထို့ကြောင့် ခေတ်မှီနည်းပညာများနှင့် လိုက်ဖက်ညီစွာ ပြည်တွင်းတွင်လည်းကောင်း၊ ပြည်ပအရပ်ရပ်တွင်လည်းကောင်း၊ အဖွဲ့ချုပ်နှင့် ပါတ်သက်သော သတင်းအချက်အလက်များ ဖြန့်ချီရေးကို လွန်စွာတန်ဖိုးထားပါသည်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အကျိုးကိုရှေ့ရှု၍ ယခုကဲ့သို့ အင်တာနက်စာမျက်နှာတခု ထူထောင်လိုက်ခြင်းကို ကျေးဇူးတင်စွာဖြင့် ကြိုဆိုလိုက်ပါသည်။

ဦးတင်ဦး၏ နူတ်ခွန်းဆက် သဝဏ်လွှာ







source by : http://burmese.nldburma.org

အပြည့်အစုံ ဖတ်ရန် ...

NLD အင်တာနက် ၀က်ဘ်ဆိုက်ဒ် စတင်ဖွင့်လှစ်

ပြည်တွင်း ပြည်ပ ပြည်သူ့ကွန်ယက် ဖွဲ့ရာမှာ ဆက်သွယ်ရေး လမ်းကြောင်း ကောင်းမွန် ကျယ်ပြန့်တာက အဓိက ဖြစ်ပါတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ဒီနေ့ စတင်လိုက်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ အင်တာနက် စာမျက်နှာမှာ ပြောဆိုလိုက်ပါတယ်။

NLD ၀က်ဘ်ဆိုက်ဒ်ကို ပေးပို့တဲ့ နှုတ်ခွန်းစကားထဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောထားတာပါ။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ မူဝါဒတွေနဲ့ လှုပ်ရှားမှုတွေကို ဒီအင်တာနက် စာမျက်နှာကနေ ကမ္ဘာတ၀န်း သိအောင် ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ NLD အလုပ်အမှုဆောင် အဖွဲ့ဝင် ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ဆိုပါတယ်။ ဒါပေမဲ့ ဒီ အင်တာနက် စာမျက်နှာကို အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က လုပ်ကိုင်တာတော့ မဟုတ်ဘူးလို့လည်း သူက ဗွီအိုအေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီ အင်တာနက် စာမျက်နှာက ဆက်သွယ်ကြခြင်းအားဖြင့် ဒီမိုကရေစီ ပြည်ထောင်စုကြီး ပိုပြီး မြန်မြန် ပေါ်ထွန်းလာလိမ့်မယ်လို့ ထင်မြင်တဲ့အကြောင်း နှုတ်ခွန်းဆက် စကားထဲမှာ ပြောကြားသွားခဲ့တာပါ။

အင်တာနက် စာမျက်နှာ လိပ်စာကတော့ www.nldburma.org ဖြစ်ပြီး အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာနဲ့ တင်ထားတာကို တွေ့ရပါတယ်။


နားဆင်ရန်

source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...