Tuesday, June 8, 2010

မြန်မာနိုင်ငံ၌ နျူကလီးယားလက်နက် မလိုအပ်ဟု NLD ပြော

ဖနိဒါ | စစ်အစိုးရအနေဖြင့် နျူကလီးယားလက်နက် စီမံကိန်းအစား ပြည်သူများ လက်တွေ့ ခံစားနေရသည့် ဒုက္ခများကို ဖြည့်ဆည်းပေးသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ ဦးတင်ဦးက ပြောသည်။

“အမှန်ကတော့ လူတွေ ငတ်ပျက်နေတာ။ မီးရေမလာတာတွေ ဖြည့်ဆည်းပေးစမ်းပါဗျာ။ အဲဒါတွေ လုပ်ပေးရင် သူတို့ကို လေးစားဂုဏ်ယူမှာပါ” ဟု ကာကွယ်ရေး ဝန်ကြီးဟောင်း ဦးတင်ဦး က မဇ္ဈိမကို ပြောသည်။

ထို့ပြင် မြန်မာနိုင်ငံသည့် ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံမဟုတ်ခြင်း၊ ကျွမ်းကျင်သည့် သိပ္ပံပညာရှင်များ မရှိ သေးခြင်းတို့ကြောင့် အန္တရာယ်ရှိလာနိုင်သည်ဟု ဆိုသည်။

“အိမ်နီးချင်းနိုင်ငံတွေ ဆိုရင်လည်း ချစ်ခင်ရင်းနှီးနေတာဘဲဗျာ။ မလိုဘူး ထင်ပါတယ်။ သိပ္ပံနည်းတွေ ကျွမ်းကျွမ်းကျင်ကျင် လုပ်နိုင်မှ စဉ်းစားရမဲ့ ကိစ္စပါ။ ကျနော်တို့ နိုင်ငံက ပေါတီးပေါ့စလုပ်တတ်တာ တွေရှိတော့ မတော်တဆ ဖြစ်ရင်လည်း သိပ်အန္တရာယ် ကြီးမားပါတယ်” ” ဟု သူက ပြောသည်။

စစ်အစိုးရသည် နျူကလီးယား နည်းပညာဆိုင်ရာ သင်တန်းများ တက်ရောက်ရန် စစ်တပ်မှ ရွေးချယ်၍ ရုရှနိုင်ငံသို့ စေလွှတ်သည်မှာ ၁ဝ နှစ်ခန့်ရှိပြီဖြစ်သောကြောင့် “အထိုက်အလျောက်” တတ်မြောက် လာပြီး လက်နက် ထုတ်လုပ်နိုင်ရေး စတင်လုပ်ဆောင်နေပုံရသည်ဟု သူက သုံးသပ်သည်။

ယခု နှစ် ဖေဖော်ဝါရီလ၌ ပြည်ပသို့ထွက်လာသူ မကွေးတိုင်း မြိုင်မြို့နယ်အတွင်းရှိ လျို့ဝှက်လက်နက် ထုတ်စက်ရုံမှ အကြီးအကဲတဦးဟု ဆိုသူ ဗိုလ်မှူးစိုင်းသိန်းဝင်းက စာရွက်စာတမ်းနှင့် ဓာတ်ပုံ အထောက်အထားများကို နော်ဝေအခြေစိုက် ဒီမိုကရက်တစ်မြန်မာ့အသံ DVB သို့ လွှဲပြောင်းခဲ့ခြင်းဖြစ် သည်။ ယင်းကို အယ်လ်ဂျာဇီးယား ရုပ်မြင်သံကြားမှ ယခုလ ၄ ရက်နေ့က ထုတ်လွှင့်သွားသည်။

ကမ္ဘာ့နျူကလီးယားဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို စောင့်ကြည့် ကြပ်မတ်နေသော နိုင်ငံတကာ အနုမြူစွမ်းအင်အေဂျင်စီ IAEA အဖွဲ့ကြီး၏ ဒါရိုက်တာဟောင်း ရောဘတ် ကယ်လီကလည်း ယင်း အထောက်အထားများအရ စစ်အစိုးရသည် နျူကလီးယားလက်နက်အတွက် လိုအပ်သော ယူရေနီ ယမ်သတ္တု ပြုလုပ်ရန် ကြိုးစားနေကြောင်း ထင်ရှားသည်ဟု ဆိုသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ နျူကလီးယား လက်နက်ကင်းရှင်းရေးဇုံ Treaty on South East Asia Nuclear Weapon Free Zone (SEANWFZ) ကို ၁၉၉၅ ခု ဘန်ကောက်တွင် ကျင်းပသည့် ASEAN အစည်းအဝေး၌ လက်မှတ်ထိုးထားသည်။

နောက်ဆုံးထွက်လာသည့် အစီရင်ခံစာနှင့် ပတ်သက်၍ IAEA က လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး လိုအပ်ပါက စစ်အစိုးရအား မေးမြန်းစုံစမ်းသွားမည်ဖြစ်ကြောင်း သိရသည်။

source by :မဇ္ဈိမ

အပြည့်အစုံ ဖတ်ရန် ...

မယ်လဒုက္ခသည်စခန်းတွင် ၀မ်းရောဂါဖြစ်ပွားမှု စိုးရိမ်စရာရှိ

ရဲရင့် | ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လဒုက္ခသည်စခန်းတွင် ရက်သတ္တ နှစ်ပတ်ခန့်အတွင်း ကာလ၀မ်းရောဂါဖြစ်ပွားသူ (၅၃) ဦး ရှိပြီဖြစ်သဖြင့် စိုးရိမ်စရာဖြစ်သည်ဟု စခန်းဆေးရုံတာဝန်ခံ ဆရာစောနေဆဲက ပြောကြားသည်။

၎င်းက “အရင်လ (၂၇)ရက်က စပြီး ဒီနေ့အထိ ကာလ၀မ်း ရောဂါဖြစ်သူ (၅၃) ဦးရှိသွားပြီ။ ရေကြောင့် အဓိက ဖြစ်တာပဲ၊ စခန်းမှာသုံးတဲ့ ရေက မသန့်ဘူး၊ လျှော်ဖွတ်တာလည်း ဒီရေပဲ၊ သောက်သုံးတာလည်း ဒီရေပဲ။ နောက်တချက်က အစားအစာပဲ။ အမှဲ့လွန်တဲ့ သစ်သီးတွေနဲ့ မသန့်တဲ့ ဟင်းသီး ဟင်းရွက်တွေကြောင့် ဒီကူးစက်ရောဂါ ဖြစ်ရတာပါ။ အခု ဖြစ်နှုန်းအရဆိုရင် စိုးရိမ်စရာ အဆင့်မှာ ရှိနေပါတယ်” ဟု ပြောသည်။

ရောဂါဖြစ်ပွားနေသူများကို စခန်းအတွင်းရှိ ကာလ၀မ်းရောဂါ ကုသရေးဌာနတွင် ကြပ်မတ်ကုသပေးလျက်ရှိပြီး စိုးရိမ်ဖွယ်ရာလူနာ (၅) ဦးမှလွဲ၍ သေဆုံးသူများ မရှိသေးကြောင်း၊ သက်ဆိုင်ရာ ကျန်းမာရေးဌာနများနှင့် ချိတ်ဆက်၍ လုပ်ဆောင်နေကြောင်း စောနေဆဲက ပြောသည်။

ရောဂါထိန်းချုပ်မှုအတွက် သင့်တော်သလိုသာ လုပ်ဆောင်နေရပြီး စခန်းတခုလုံး မပြန့်ပွားရေးအတွက် အထူးကြပ်မတ် လုပ်ဆောင်ရန် လိုအပ်သည်ဟု ၎င်းကပြောသည်။

“အခုရောဂါဖြစ် ပွားနေတဲ့လူတွေက ရပ်ကွက် (၃) ခုက လူတွေပဲ ရှိသေးတယ်၊ အခြားရပ်ကွက်တွေ မပါသေးဘူး။ အခြားရပ်ကွက်တွေပါ ဖြစ်မယ်ဆိုရင် ကျနော်တို့ဆေးရုံမှာ ဘယ်လိုမှ နိုင်မှာမဟုတ်ဘူး၊ မယ်လစခန်းမှာ အဓိကပြဿနာက ရေပဲ။ ရေမလုံလောက်တော့ လူတွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ ရေတွင်းတွေကို ဖြစ်သလိုတူးပြီး သုံးစွဲကြတော့ တကယ်အန္တရာယ်များပါတယ်။ အဲဒီရေတွင်းတွေကို စစ်ဆေးကြည့်တော့ ကာလ၀မ်းရောဂါပိုးတွေ တွေ့ရတယ်” ဟု စောနေဆဲက ရှင်းပြသည်။

မယ်လဒုက္ခသည်စခန်းတွင် ရပ်ကွက် (၂၂) ခုရှိသည့်အနက် ရပ်ကွက် (၃) ခုတွင် ၀မ်းရောဂါ ဖြစ်ပွားနေသည့်အတွက် ကျန်ရပ်ကွက်များသို့ ကူးစက်မှုမဖြစ်ရန် ရောဂါကာကွယ်ရေးလုပ်ငန်းများနှင့် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေသည်ဟု စခန်းဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောသည်။

၎င်းက “ကူးစက်မှုအများဆုံးဖြစ်တဲ့ စီဝမ်းဘီ၊ စီသရီးအေနဲ့ စီသရီးဘီ ရပ်ကွက် (၃) ခုမှာရှိတဲ့ လက်လုပ်ရေတွင်းတွေကို ပိုးသတ်ဆေးတွေဖြန်းပြီးပိတ်ထားတယ်။ စခန်းတခုလုံးမှာလည်း ပညာပေးမှုနဲ့ စည်းကမ်းချက်တွေ ထုတ်ထားတယ်၊ ရောဂါကူးစက်မယ့် အစားအစာ ရောင်းချခွင့်တွေကိုလည်း ပိတ်ထားတယ်” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းတည်ရှိရာ ထာ့ဆောင်ရန်းမြို့နယ်၏ ထိုင်းကျန်းမာရေးအရာရှိတဦးက စခန်းအတွင်း ကူးစက်ရောဂါများ အလျင်အမြန်ဖြစ်ပွားရခြင်းမှာ ရေနှင့်မိလ္လာစနစ်မရှိဘဲ လူဦးရေထူထပ်စွာ နေထိုင်ရခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

ဒုက္ခသည်တဦးဖြစ်သူ စောကညောက “ဒီလို ကူးစက်ဝမ်းရောဂါဖြစ်တာ စခန်းထဲမှာ ရေမလုံလောက်တော့ ကိုယ့်အိမ်နားမှာပဲ ရေတွင်းတူးကြတယ်။ အိမ်သာနဲ့ရေတွင်းက နီးနီးကပ်ကပ်ဆိုတော့ အန္တရာယ်ရှိတယ်။ နောက်ပြီး ထိုင်းဈေးကွက်မှာ ရောင်းလို့မကုန်တဲ့ သစ်သီးဝလံမျိုးစုံနဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးပေါပေါနဲ့ ကားအစီးလိုက် စခန်းထဲကဈေးမှာ လာရောင်းတာကို စခန်းတာဝန်ရှိသူတွေက ရောင်းခွင့်ပေးတယ်။ ဒီပြဿနာတွေကို တာဝန်ရှိသူတွေ အသေအချာ ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုတယ်” ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းဆေးရုံကို ပြင်သစ်အခြေစိုက် နိုင်ငံတကာ ဆေးဘက်ဆိုင်ရာ အဖွဲ့စည်းတခုဖြစ်သည့် Aide Medical International (AMI) အဖွဲ့နှင့် ပူးတွဲဖွင့်လှစ် လုပ်ဆောင်နေခြင်းဖြစ်သည်။

ထိုစခန်းသည် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် (၆၅) ကီလိုမီတာအကွာတွင် တည်ရှိပြီး ဒုက္ခသည်(၅) သောင်းခန့် နေထိုင်လျက်ရှိသည်။


source by :ခေတ်ပြိုင်

အပြည့်အစုံ ဖတ်ရန် ...

တောင်ဥက္ကလာပ နေအိမ်တလုံး မီးလောင်၊ တဦး သေဆုံး

မင်းသက် | ရန်ကုန်တိုင်း တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ နေအိမ်တလုံး ယမန်နေ့ နံနက် ၉ နာရီခန့်တွင် မီးလောင်ခဲ့ရာ လူတဦး သေဆုံးခဲ့သည်။

တောင်ဥက္ကလာပ အမှတ် ၁၁ ရပ်ကွက် ရာဇသင်္ကြန်လမ်းရှိ အသက် ၈ဝ ခန့်အရွယ် ဒေါ်ကလေးမ၏ အိမ်အမှတ် ၁၄၄ (ပေ ၂ဝ ၊ ပေ ၃ဝ အကျယ်) သွပ်မိုးပျဉ်ကာ ၂ ထပ်အိမ် မီးလောင်မှုအတွင်း လူပျိုလူလွတ်တဦးဖြစ်သူ အသက် ၄ဝ နှစ်အရွယ် ကိုသက်ထွန်းအောင် သေဆုံးသွားခြင်း ဖြစ်သည်။ သေဆုံးသူသည် ဒေါ်ကလေးမ၏ မြေးတော်စပ်သူဖြစ်ပြီး ကဗျာဆရာမောင်စိမ်းနီ၏ သား ဖြစ်သည်။

သူသည် လွန်ခဲ့သော လပိုင်းအတွင်း အရက်ဖြတ်ခဲ့သူဖြစ်ပြီး လေဖြတ်ဝေဒနာကို ခံစားနေရသူဖြစ်ကြောင်း အကို တော်စပ်သူ တဦးက မဇ္ဈိမကို ပြောသည်။

‘’သူ့ကို ပြုစုရတယ်။ သူက နွားနို့သောက်ချင်တယ်ပြောတော့ သူ့ကို ကုတင်မှာအိပ်နေတာကနေ ထူပေးခဲ့ပြီး နွားနို့သောက်တယ်။ သူ နွားနို့သောက်နေတုန်း အိမ်ရှေ့လမ်းထောင့်က ဆိုင်မှာ အသုတ် သွားစားတာ။ တပွဲကုန်သွားတယ်။ ‘မီး’ ‘မီး’ လို့ အော်လို့ ကြည့်လိုက်တော့ အိမ်က ဖြစ်နေတယ်။ ကျနော်သွားတော့ အိမ်မှာ မီးတွေက တော်တော်လေးကို ဝါးမျိုနေပြီ။ အရင်ဆုံး အဖွားကို ပြေးယူပြီး သူငယ်ချင်းတွေ၊ အိမ်နီးချင်းတွေကို ပေးတယ်။ ပြီးတော့မှ သက်ထွန်းဆီကို သွားတာ။ သွားလို့ မရတော့ဘူး။ သွားရင် ကျနော်လည်း မီးလောင်သေမှာဆိုတော့ လူတွေကလည်း အော်ကြတယ်။ မသွားနဲ့ မသွားနဲ့ပေါ့ဗျာ။ အဲဒီလိုနဲ့ပဲ သက်ထွန်းကို ကျနော်တို့ မကယ်လိုက်နိုင်တာပါ’’ ဟု သူက ပြောသည်။

နံနက် ၉ နာရီကျော်ကျော်တွင် မီးလောင်မှု စတင်ဖြစ်ပွားခဲ့ပြီး ၉ နာရီခွဲခန့်တွင် တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်းနှင့် ဗဟိုမီးသတ်မှ မီးသတ်ကား စုစုပေါင်း ၁၇ စီး လာရောက်ငြှိမ်းသတ်ခဲ့ရာ ၁ဝ နာရီခန့်တွင် မီးငြိမ်းသွားသည်။ နေအိမ်တခုလုံး ပြာကျသွားကာ အနီးမှ အိမ် ၂ လုံးလည်း အနည်းငယ် ကူးစက်ခံခဲ့ရသည်။

နေအိမ်အပေါ်ထပ်တွင် ၂ ခန်း ပြုလုပ်ထားရာ အမျိုးသမီး ၂ ဦးအတွက် တခန်းငှားထားသလို၊ ၃ ဦးပါ မိသားစုတစုကို တခန်းငှားပေးထားသည်။ အောက်ထပ်တွင်မူ သေဆုံးသူ၏ ညီနှင့် ညီမအတွက် သီးသန့်တခန်း၊ အကိုဝမ်းကွဲက တခန်း၊ ဒေါ်ကလေးမနှင့် သေဆုံးသူ ကိုသက်ထွန်းအောင်တို့က တခန်းတွင် နေထိုင်ကြသည်။

သေဆုံးသူသည် ယခင်က အရက် အလွန်အကျွံသောက်ခဲ့ကာ၊ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းနေကြောင်း မိသားစုနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ စုံစမ်းသိရှိရသည်။

ယခုမီးလောင်မှုသည် မီးဖိုမီး မီးကြွင်းမီးကျန်ကြောင့်ဟု ရန်ကုန်တိုင်း မီးသတ်ဦးစီးဌာနက ပြောဆိုသည်။

မိသားစုနှင့်နီးစပ်သူများကမူ အပေါ်ထပ်တွင် နေထိုင်သူများသည် ချက်ပြုတ်စားသောက်သူများ မဟုတ်ဘဲ၊ အောက်ထပ်တွင် နေသူများလည်း ထမင်းချက်စားချိန် မဟုတ်သေးကြောင်းနှင့် ကိုသက်ထွန်းအောင်သည် ဆေးလိပ်သောက်တတ်သဖြင့် မီးခြစ်ကို အိပ်ယာဘေးတွင် အမြဲထားရှိသူဖြစ်ကြောင်း ပြောသည်။ သို့သော် ၎င်းတို့အနေဖြင့် မီးလောင်မှု မည်ကဲ့သို့ စတင်ခဲ့ရသည်ကို အတည်ပြုနိုင်ခြင်း မရှိကြပါ။

လူ ၉ ဦး အိုးအိမ်မဲ့ဖြစ်သွားရာ အိမ်ရှင် ဒေါ်ကလေးမကို ဆွေမျိုးများက ခေါ်ဆောင်သွားကာ ကျန်ပုဂ္ဂိုလ်များကို ၁၁ ရက်ကွက် သာသနာ့ဟိတ ဓမ္မာရုံတွင် ဒေသခံများက ကျွေးမွေးစောင့်ရှောက်နေကြသည်။

မီးလောင်မှုကြောင့် ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်း ၅ဝ ကျော်မည်ဖြစ်ကြောင်း ဗဟိုမီးသတ် ကျွမ်းကျင် အရာထမ်းတဦးက ခန့်မှန်းပြောဆိုသည်။


source by :မဇ္ဈိမ

အပြည့်အစုံ ဖတ်ရန် ...