Saturday, March 6, 2010

မြန်မာစစ်တပ်ထိုးစစ် ကရင်လူထု အိုးအိမ်ပစ် ထွက်ပြေးရ

VOA | ကရင်ပြည်နယ် အတွင်းမှာ ၂၀၁၀ ပြည့်နှစ် နှစ်ဆန်းပိုင်းလောက်ကစပြီး စစ်အစိုးရတပ်တွေက ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ များလာတယ်လို့ မြန်မာနယ်စပ် စစ်ရေးအခြေအနေ လေ့လာသူတွေက ဆိုပါတယ်။ အဲဒီလို ထိုးစစ်တွေ ဆင်ရာမှာ ဒေသခံလူထုတွေ အသက်ဆုံးရှုံးမှုတွေ ရှိသလို လူနေအိမ်တွေ၊ စာသင်ကျောင်းနဲ့ ဆေးရုံတွေလည်း ဖျက်ဆီးခံရတယ်လို့ ဒေသခံတွေကို အကူအညီပေးနေတဲ့ အဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် ကိုနိုင်ကွန်းအိန် က သတင်းပေးပို့ထားပါတယ်။

စစ်အစိုးရကို လက်နက်ကိုင် တိုက်ခိုက်နေတဲ့ ကေအဲန်ယူ ခေါ် ကရင်အမျိုးသားအစည်းအရုံး အဖွဲ့တွေ လှုပ်ရှားနေတဲ့ ကရင်ပြည်နယ် နယ်မြေဒေသတွေမှာ အခုဆိုရင် စစ်တပ်တွေက ထိုးစစ်တွေ ပိုပြီးလုပ်လာတယ်လို့ ဆိုပါတယ်။ စစ်အစိုးရ တပ်တွေ ထိုးစစ်ဆင်မှု ပိုပြီး ပြုလုပ်ခဲ့တဲ့ အကြောင်းရင်းနဲ့ ပတ်သက်လို့ ကေအဲန်ယူ တပ်မဟာ (၆) က ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ကြီး စောထဲနေက ဗွီအိုအေကို အခုလိုပြောပါတယ်။

"တပ်မဟာ (၅) ဘက်မှာဆိုရင် ဇန်န၀ါရီလ ၆ ရက်နေ့မှာ တပ်မဟာ (၅) က နအဖ စခန်းက မိုက်ခရိုဝေ့ဖ် ဆက်သွယ်ရေး အရေးကြီးတဲ့ စခန်တခုကို သိမ်းပိုက်ပြီးတဲ့နောက်မှာ နအဖနဲ့ ဒီကေဘီအေ တပ်တွေ ဒေသအပေါ်မှာ ရွာသားတွေအပေါ်မှာ ရက်စက်လာတာတွေ့ရတယ်။ ကေအဲန်ယူ ဗဟို သတင်း ထုတ်ပြန်ချက်အရ ဆိုရင် ၂၀၁၀ မှာ တပ်မဟာ (၂)၊ တပ်မဟာ (၃)၊ တပ်မဟာ (၅) နယ်မြေအတွင်းထဲမှာ တိုက်ပွဲတွေ များလာတယ်လို့ တွေ့ရတယ်။"

၂၀၁၀ နှစ်ဆန်းပိုင်းတွေမှာ စစ်အစိုးရက ထိုးစစ်ဆင်ခဲ့တာကြောင့် ဒေသခံ ကျေးရွာသားများ အနေနဲ့ နေရပ်ကို စွန့်ခွာ တိမ်းရှောင်ခဲ့ရသလို တောထဲမှာ ပုန်းအောင်းနေရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြည်တွင်း ဌာနေစွန့်ခွာရသူများ ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစောစတိ က အခုလိုပြောပါတယ်။

"ဇန်န၀ါရီလ ၁၇ ရက်နေ့ကနေ စပြီးတော့ ကစခ (၁၀) လက်အောက်ခံ တပ်ရင်းတွေဟာ ကျောက်ကြီးမြို့နယ် မှာရှိတဲ့ ကျိုင်းတဲ ဆိုတဲ့ရွာကနေစပြီးတော့ ၀င်ရောက်တိုက်ခိုက်တယ်။ တိုက်ခိုက်တော့ ရွာသားတယောက်ကို ပစ်သတ်တယ်။ ပြီးတော့ အဲဒီမှာ အိမ်ခြေ ၁၀ လုံးကျော်ကို မီးရှို့သွားတယ်။ နောက်တော့ ၁၉ ရက်နေ့မှာ တခါ ထပ်ပြီးတော့ လူတယောက် ကို ပစ်သတ်လိုက်တယ်။ ဒူဝါစိုး ဆိုတဲ့ရွာဘေးနားမှာ။ အဲဒီမှာလည်း လူ ၂ ယောက်တောင် သေတယ်။ အဲဒီမှာလည်း ရွာသား ၁,၀၀၀ ကျော်လောက်က နေရပ်ကို စွန့်ခွာထွက်ပြေးပြီးတော့ တောထဲမှာ ပုန်းနေရတယ်။

“ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ စပြီးတော့ ပြန်ပြီး ထိုးစစ်ကို ကျေးရွာအုပ်စုတွေမှာ ထိုးစစ် နောက်တခါ ထပ်ပြီးတော့ ဖြစ်လာ တယ်။ အဲဒီိထိုးစစ်ကလည်း အဲဒီမှာ ပိုပြီးတော့ ကြီးလာတယ်။ စကခ (၁၀) လက်အောက် တပ်ရင်း ၅ ရင်းလောက် အဲဒီမှာ ပါလာတယ်။ ပါလာပြီးတော့ အဲဒီအချိန်မှာ အိမ်အားလုံးပေါင်း မီးရှို့လိုက်တာ အိမ်ခြေပေါင်း ၁၀၀ ပတ်ဝန်းကျင်လောက်ကို မီးရှို့သွားတယ်။ နောက်ပြီးတော့ အဲဒီမှာ ဆေးရုံတလုံးကိုလည်း မီးရှို့သွားတယ်။ ကျောင်းကတော့ အားလုံးပေါင်း ၁၁ လုံး က ပိတ်လိုက်ပြီးတော့ အားလုံးက တောထဲမှာပဲ ထွက်ပြေးပြီးတော့ ပုန်းပြီး တိမ်းရှောင် နေရတယ်။ ဆိုတော့ သူတို့ တိမ်းရှောင်နေရတဲ့ သူတွေကလည်း အခက်အခဲ တွေကတော့ အစားအသောက် ဆိုရင်လည်း တလွယ်စာလောက်ပဲ သယ်သွားနိုင်တယ်။ နောက်ပြီးတော့ တောထဲမှာ ဖြစ်သလိုပဲ အမိုးမရှိ၊ အကာမရှိ သစ်ပင် ၀ါးပင်အောက်မှာပဲ ဒီအတိုင်းပဲ နေ နေရတယ်လေ။"

ထိုနည်းတူ ပဲခူးတိုင်း တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းမှာ ခလရ (၂၆၁) နဲ့ ခမရ (၄၂၁) တပ်ရင်းတို့ဟာ တိုက်ပု ကျေးရွာနဲ့ ရေသိုးကြီး ကျေးရွာသားတွေကို အတင်းခေါ်ပြီးတော့ တပ်စခန်းတွေကို ကာရံခိုင်းသလို ရေသိုးကြီးကျေးရွာက ရွာသူ ရွာသား တွေကိုလည်း အုန်းပင်းချောင်း ကျေးရွာအထိ စစ်တပ်ရိက္ခာတွေ သယ်ဆောင်ဖို့ အတင်းစေခိုင်း နေတယ်လို့ ကရင်လူ့အခွင့်အရေး စောင့်ကြည့်သူများက ပြောပါတယ်။

အဲဒီလို စစ်အစိုးရနဲ့ ကေအဲန်ယူတို့ရဲ့ လက်နက်ကိုင် ပဋိပက္ခကြားမှာ ကရင်ပြည်နယ်တွင်းမှာရှိတဲ့ ဒေသခံ ကျေးရွာသား တွေဟာ နေရပ်ကို စွန့်ခွာနေရပြီး လူ့အခွင့်အရေးတွေ ချိုးဖောက် ခံနေရဆဲလို့ ပြည်တွင်းဌာနေ စွန့်ခွာခံရသူများ ကော်မတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးစောစတိ က ပြောပါတယ်။


နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနိုင်ငံကို အမေရိကန် အထူးသတိထား ဆက်ဆံနေ

RFA | မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အထူးသတိထား ဆက်ဆံနေပါတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Kurt Campbell က ပြောကြား လိုက်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး ကတ် ကင်းဘဲလ်။ (Photo: AFP)

မတ်လ ၇ ရက်နေ့မှာ စတင်မယ့် အာရှနဲ့ ပစိဖိတ်ဒေသ ခရီးစဉ် မတိုင်ခင် အာရှ၊ ပစိဖိတ်နဲ့ ကမ္ဘာ့ ပတ်ဝန်းကျင်ရေးရာဆိုင်ရာ အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီခွဲမှာ မတ်လ ၃ ရက်နေ့က ပြုလုပ်တဲ့ အရှေ့အာရှ နဲ့ ပစိဖိတ်ရေးရာ ပြန်လည်သုံးသပ်ပွဲမှာ အဲဒီလို ပြောကြားလိုက်တာပါ။

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သတိထားရမယ့် စိန်ခေါ်မှုတွေ ရှိနေတယ်ဆိုတာ အသိအမှတ်ပြုရမှာ ဖြစ်ကြောင်း၊ ထူးထူးခြားခြား တိုးတက်မှု မရှိရင် စစ်အစိုးရအပေါ် အရေးယူ ပိတ်ဆို့ထားတာကို ရုပ်သိမ်းမှာ မဟုတ်ကြောင်း၊ မိမိတို့မှာ ပြတ်သားတဲ့ လမ်းညွှန်ချက်ရှိပြီး အတိုက်အခံတွေနဲ့ စေ့စပ်ညှိနှိုင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ တိုင်းရင်းသား လူနည်းစုတွေကို ချေမှုန်းနေတာတွေ ရပ်ဆိုင်းဖို့ တိုက်တွန်းနေကြောင်း Mr. Kurt Campbell က ပြောပါတယ်။

Mr. Kurt Campbell ဟာ မတ်လ ၇ ရက်နေ့က စတင်ပြီး ၁၇ ရက်နေ့အထိ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

မတ်လ ၃ ရက်နေ့က ပြုလုပ်တဲ့ အောက်လွှတ်တော် ကြားနာပွဲမှာ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးတာလည်းမရှိ၊ သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံဆွေးနွေးတာလည်း မရှိဘဲ မြန်မာစစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲကို အမေရိကန်အနေနဲ့ လက်ခံနိုင်ဖွယ် မရှိဘူးဆိုတာ သူ မြန်မာနိုင်ငံကို ရောက်ခဲ့ချိန်က ပြောဆိုခဲ့တဲ့အကြောင်းလည်း Mr. Kurt Campbell က ပြောဆိုပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဒဂုံတောင်ပိုင်း စက်ရုံလုပ်သား သုံးထောင် တနေကုန် အေးချမ်းစွာဆန္ဒပြ

RFA | ရန်ကုန်တိုင်းအတွင်းက စက်မှုဇုံတွေမှာ အခုရက်ပိုင်းအတွင်း ဆန္ဒပြတာတွေ ဆက်တိုက် ဖြစ်ပေါ်နေရာမှာ ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ် စက်မှုဇုံ (၁) က SGI အထည်ချုပ်ရုံအမည်နဲ့ စက်ရုံ (၄) ရုံမှာ ပုံမှန်ရနေကျ ဘောနပ်ကြေးနဲ့ ရှားပါးစရိတ် ဖြတ်တောက်တာကို မကျေနပ်တဲ့အတွက် အလုပ်သမားတွေစုပြီး ဒီကနေ့ မနက်ပိုင်းက စပြီး ဆန္ဒပြခဲ့ကြပါတယ်။

အလုပ်သမား သုံးထောင်ကျော် ဒီကနေ့ မနက်ပိုင်းကစပြီး မွန်းလွဲပိုင်း အချိန်အထိ ဆန္ဒပြနေတဲ့ အခြေအနေနဲ့ ဆန္ဒပြရတဲ့ အကြောင်းရင်းကို ဆန္ဒပြအလုပ်သမားတွေနဲ့ နီးစပ်သူ ဒေသခံတဦးက အခုလို ပြောပြပါတယ်။

ဒေသခံတဦး။ ။'လစာတွေကို ပထမတကြိမ်တုန်းက သူတို့ကို ငါးထောင်တိုးပေးတယ် ဆိုပြီးတော့ သူတို့ ညှိကြတယ်ဗျ၊ အရင်ရက်တွေက ညှိလိုက်တဲ့အခါမှာ ငါးထောင် တိုးတော့ပေးတယ်။ ဒါပေမယ့် သူတို့ရဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ ဘောနပ်ကြေးတို့၊ ရှားပါးစရိတ်တို့၊ တခြား အလုပ်သမား ရပိုင်ခွင့်တွေကို ဖြုတ်ပစ်လိုက်တယ်ဗျာ။ အဲလို ဖြုတ်လိုက်တဲ့အတွက် အလုပ်သမား သုံးထောင်ကျော်က မကျေနပ်တဲ့အတွက် ဒီကနေ့ မနက် (၈) နာရီ ကတည်းကနေပြီးတော့ ကျနော်တို့ SGI- 1- 2- 3- 4 ၊ အဲဒီ အထည်ချုပ် ၄ ရုံက အလုပ်သမား သုံးထောင်ကျော် ဆန္ဒပြနေတယ်ဗျ။ အလုပ်သမားတွေအနေနဲ့က ပုံမှန် သူတို့ ရပိုင်ခွင့် ခံစားခွင့် တွေ၊ ရှားပါးစရိတ်တို့ ဘောနပ်ကြေးတို့ အဲဒါတွေကိုပါ မဖြုတ်ဘဲနဲ့ သူတို့ကို လစာတိုးပေးဖို့အတွက်ကို တောင်းဆိုနေတာ ခင်ဗျ။

စက်ရုံရှေ့ကနေပြီးတော့ မတ်တပ်ရပ်တဲ့သူတွေရော ထိုင်နေတဲ့သူတွေရော ဘာမှ ဆူပူခြင်း အော်ဟစ်ခြင်း မရှိဘူး။ သူတို့ဟာ သူတို့ ငြိမ်းချမ်းစွာနဲ့ပဲ သူတို့ရဲ့ အခွင့်အရေးကို တောင်းဆိုနေ တာပါခင်ဗျ'

ဆန္ဒပြစက်ရုံရဲ့ ပတ်ဝန်းကျင်မှာ လုံထိန်းကား ၁၅ စီးလောက်နဲ့ မီးသတ်တွေ အပါအဝင် အာဏာပိုင်တွေက လုံခြုံရေး တင်းတင်းကြပ်ကြပ် ချထားတယ်လို့လည်း စောစောက ဒေသခံက ဆက်ပြောပါတယ်။

နေ့လည် တနာရီခွဲမှာတော့ သက်ဆိုင်ရာအာဏာပိုင်တွေ အပါအဝင် SGI အထည်ချုပ်စက်ရုံ တာဝန်ရှိသူတွေနဲ့ အလုပ်သမားတွေ ညှိနှိုင်းပြီး အလုပ်သမားတွေ တောင်းဆိုတဲ့အချက်တွေကို ဖြစ်အောင် လုပ်ပေးမယ်ဆိုတဲ့ ညှိနှိုင်းချက်ရလို့ ဆန္ဒပြတာ ပြီးဆုံးသွားတယ်လို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ အလုပ်သမက အာအက်ဖ်အေကို အခုလိုပြောပါတယ်။

အလုပ်သမတဦး။ ။'ကျမတို့က အလုပ်သမားတွေကို ဘောနပ်တိုးပေးဖို့ရယ်၊ နေမကောင်းလို့ရှိရင် မဖြတ်ဖို့ရယ်၊ နောက် ပိတ်ရက်တွေကို ကျမတို့ နားဖို့ရယ်၊ နောက်တော့ ထမင်းပေါ့၊ သင်္ကြန်ဘောနပ်တို့ ဘာတို့ကျရင် ဆုပေးဖို့အတွက် အဲဒါတွေပဲ ကျမတို့တောင်းတာ။ တာဝန်ရှိတဲ့သူတွေနဲ့ လူကြီးတွေ တော်တော်များတယ်။ ဒီနေ့ တော်တော်လာကြတယ်။ လူကြီးတွေနဲ့ ညှိတာပေါ့နော်။ နှစ်ယောက်ချင်း နှစ်ယောက်ချင်း ရုံးမှာ တက်မေးခိုင်းတယ်။ သူတို့ တက်ပြီးတော့ ပြောပြီးတော့ နောက်ပိတ်ဆုံးကျတော့ သူတို့ဟာသူတို့ လူကြီးအချင်းချင်း ညှိတော့ ကျမတို့ကို ဘောနပ်ဖြုတ်ချတဲ့ဟာလေ အဲဒါ ပြန်ပေးမယ်ဆိုတဲ့ အကြောင်းပဲ၊ လုပ်ပေးမယ်လို့ ပြောလိုက်တာ အဲဒီမှာ ပြီးသွားပါတယ်'

ဆန္ဒပြ အလုပ်သမားတွေရဲ့ တောင်းဆိုချက်တွေကို တာဝန်ရှိသူတွေ ညှိနှိုင်းပြီးတဲ့အခါ အလုပ်သမားတွေကို စက်ရုံ ဖယ်ရီကားတွေနဲ့ နေအိမ်တွေဆီ ပြန်ပို့ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဒီပဲယင်းကိစ္စအလွန် မြန်မာ့နိုင်ငံရေး - အပိုင်း ( ၂ )

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်


အပိုင်း (၁) ကို ဒီနေရာမှာ နှိပ်ပြီး ပြန်လည်လေ့လာ ဖတ်ရှုနိုင်ပါတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေသည် ဒေါ်အောင်ဆန်းစုကြည်၊ ဗိုလ်ချုပ်ကြီးဟောင်း သူရတင်ဦး နှင့် နိုင်ငံရေး အကျဉ်းသားအချို့ကို ဦးစွာပထမ လွှတ်ပေးပြီး ကျန်နိုင်ငံရေး အကျဉ်းသား များကို ဆက်လက်လွှတ်ပေးနိုင်ရေး စီစစ်ရန်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စအပေါ် တနည်းနည်းဖြင့် အသိအမှတ်ပြုနိုင်ရေးကို NLD နှင့် ဆက်လက်ဆွေးနွေးသွားရန်၊ အမျိုးသား ညီလာခံတွင် အခြေခံမူ (၁၀၄) ချက်ထဲမှ အချို့သောအချက်များကို ပြန်လည် ဆွေးနွေးခွင့်ပြုမည်ဟု ထိုစဉ်က လမ်းညွှန်ချက် ပေးခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ လမ်းညွှန်ချက်ကို ဗိုလ်မှူးကြီးတင်လှိုင်၊ ဗိုလ်ချုပ်ကျော်ဝင်း၊ ဗိုလ်မှူးချုပ်သန်းထွန်း ထို (၃) ဦးမှ ဒေါ်အောင်ဆန်းစုကြည် နှင့် NLD ခေါင်းဆောင်များကို ပြန်လည် အသိပေး အကြောင်းပြန် ကြားခဲ့ပါသည်။

ထိုစဉ်က ဗိုလ်ချုပ်ကြီးခင်ညွှန့် သည် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ဝင်များအား ဝမ်းသာအားရဖြင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး (၉၅%) တော့ သေချာနေပြီဟု မှတ်ချက်ပြုခဲ့ပါသည်။ အဆိုပါ စေ့စပ်ညှိနိုင်းရေး အဖွဲ့ဝင်များအားလည်း အမှားအယွင်းများ မဖြစ်စေရန် စကားအသုံးအနှုန်းမှအစ အစစအရာရာ သတိထားပြီး ပြောကြားရန် မှာကြားမှုများ ရှိခဲ့ပါသည်။ ထိုမှာကြားမှု အပေါ် NLD ခေါင်းဆောင်လူကြီးများလည်း ဝမ်းသာမှုများ ဖြစ်ခဲ့ရသည်ကို သိရှိ ခဲ့ရပါသည်။

သို့သော်လည်း အမျိုးသားညီလာခံ ကျင်းပရန် ရက်ပိုင်းအလိုတွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဗိုလ်ချုပ်ကြီးခင်ညွှန့် နှင့် စေ့စပ် ညှိနှိုင်းရေးအဖွဲ့ကို ခေါ်ယူပြီး ယခင် လမ်းညွန်ချက်များအပေါ် ပြန်လည် ပြင်ဆင်ရန် ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး ၏ ပြင်ဆင်ချက်မှာ ဒေါ်အောင်ဆန်းစုကြည် နှင့် ဦးတင်ဦးကို လွှတ်မပေးနိုင်သေးကြောင်း၊ NLD က ဦးစွာ အမျိုးသားညီလာခံ ပြန်တက်ပေးရန်နှင့် အမျိုးသားညီလာခံတွင် NLD ၏ ဆွေးနွေးချက်အပေါ် မူတည်ပြီးမှသာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့က တဆင့် ပြောကြားထားသည့် NLD ၏ တောင်းဆိုမှုများကို ပြန်လည် စဉ်စားပေးမည်ဟုသော ပြင်ဆင်ချက်ပင်ဖြစ်ပါသည်။

ဗိုလ်မှူး အောင်လင်းထွဋ်

ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ထိုပြင်ဆင် ညွှန်ကြားချက်သည် မြန်မာနိုင်ငံသူ နိုင်ငံသားများ အားလုံ၏ မျှော်လင့်ချက်ကို နင်းချေ ဖျက်ဆီးခဲ့ပါသည်။ ထိုစဉ်က တပ်မတော် ထိပ်ပိုင်း ဗိုလ်ချုပ်များပင်လျှင် များစွာ မကျေမနပ် ဖြစ်ခဲ့ကြရပါသည်။ ဗိုလ်ချုပ်မှူးကြီး ရုံးတွင် တာဝန် ထမ်းဆောင်နေသော အရာရှိ/အကြပ်တပ်သားများပင်လျှင် တိုးတိုးတိတ်တိတ် ဝေဖန်သံများ ရှိခဲ့ကြပါသည်။ တစုံတစ်ခုတော့ မှားယွင်းနေသည်၊ ဘေးပရောဂ တစ်ခုခု ဝင်သွားလို့လား၊ ဗိုလ်ချုပ်မှူးကြီး ကိုယ်တိုင် မူမမှန်ဖြစ်သွားတာလား ကိုတော့ ကာယကံရှင် (ဗိုလ်ချုပ်မှူးကြီး) ကိုယ်တိုင် သာ အသိဆုံး ဖြစ်ပါတော့သည်။

အဆိုပါ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ ပြင်ဆင်ညွှန်ကြားချက်ကို ဗိုလ်မှူးကြီး တင်လှိုင်၊ ဗိုလ်ချုပ် ကျော်ဝင်း၊ ဗိုလ်မှူးချုပ် သန်းထွန်းတို့မှ ဒေါ်အောင်ဆန်းစုကြည် အား ပြန်လည် ပြောကြားရာတွင် ဒေါ်အောင်ဆန်းစုကြည်မှ “ရှင်တို့ စစ်သားတွေ ယောင်္ကျားတွေ ဖြစ်နေပြီး ဂတိသစ္စာ မတည်တဲ့သူတွေ” ဟု မှတ်ချက်ပြုမှုကို ခံခဲ့ရ ပါသည်။ ဗိုလ်ချုပ်မှူးကြီး ၏ လုပ်ရပ်ကြောင့် တပ်မတော်ဆိုသည့် ဂုဏ်သိက္ခာသည် တစ်ပြားသားမျှ မကျန်အောင် ဖြစ်ခဲ့ရပါသည်။

ထိုစဉ်အချိန်အခါ ၂၀၀၄ ခုနှစ်မှစ၍ ယနေ့အထိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် မြန်မာနိုင်ငံသည် အဝေးကြီး ဝေးခဲ့ရပါသည်။ စေ့စပ်ညှိနှိုင်းရေးကို ဦးစားပေးခဲ့သည့် ဗိုလ်ချုပ်ကြီးခင်ညွှန့်နှင့် တစ်ဖွဲ့လုံးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ လက်ချက်ကြောင့် ဘဝနိဂုံး ချုပ်ခဲ့ရပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စိတ်ပြောင်းလဲ သွားရခြင်းသည် ဗိုလ်ချုပ်မှူးကြီး၏ဇနီး ဒေါ်ကြိုင်ကြိုင်နှင့် ဗိုလ်ချုပ်မှူးကြီး၏ အခါတော်ပေး ဖြစ်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေး အတွင်းရေးမှူး ဝံကြီး ဦး..အောင်..တောင်း (ဦးအောင်သောင်း) တို့ကြောင့် ဖြစ်သည်ကို စစ်တပ်ထိပ်ပိုင်း အနီးကပ်ရှိသူများထံမှ တဆင့် ကြားသိရပါသည်။

ယခုနှစ် ဖေဖော်ဝါရီလ (၂၄) ရက်နေ့ ရက်စွဲပါ “ဦးတင်ဦးနှင့် လက်တွေ့ပြဿနာ၊ ရေးသားသူ - ရန်ငြိမ်းအောင် (လူငယ်တွင်)” အောက်ပါစာပိုဒ်လေး ပါဝင်ပါသည်-

“သို့သော် ဘဘဦးတင်ဦး ကပင် ပဋိပက္ခအသွင်ဆောင်သော ဝိရောဓိတစ်ခုသည် ရှိနေကြောင်းကို ယခုလ (၂၀)ရက်နေ့ တွင် ဖော်ထုတ် သွားခဲ့ပါသည်။ ဝါရင့်နိုင်ငံရေးသမားကြီးများ နှင့် တိုင်းရင်းသားပါတီများ စုပေါင်း၍ ပြုလုပ်သော ဂုဏ်ပြုပွဲတွင် ပြန်လည် ကျေးဇူးတင်စကား ပြောရာ၌ ဒီပဲယင်းကိစ္စအပြီး အမျိုးသားညီလာခံ ပြန်မခေါ်မီ အခြေအနေများနှင့် ပတ်သက်၍ ယခင် အဖွဲ့ချုပ်ခေါင်းဆောင် မည်သူကမှ မဖော်ထုတ်ခဲ့သည်များကို ဘဘက သူ့ထုံးစံအတိုင်း ပွင့်ပွင့်လင်းလင်းပင် ပြောခဲ့ပါသည်။ အဓိက အချက်မှာ ထိုစဉ်က ဆွေးနွေးပွဲများ ဖြစ်ခဲ့သည်။ ထိုဆွေးနွေးပွဲများတွင် ဒေါ်အောင်ဆန်းစုကြည် က ဒီပဲယင်းကိစ္စကို ခွင့်လွှတ်ကြောင်း နအဖ ဘက်ကို ပြောထားပြီးပြီ၊ ညီလာခံသို့ NLD ပြန်တက်ရန် နှစ်ဘက်သဘောတူပြီးပြီ၊ ထိုစဉ်က ဝန်ကြီးချုပ်ကလည်း ဝမ်းမြောက်ဝမ်းသာ လက်ခံခဲ့ပြီးပြီ။ တစ်ရက် အလိုကျမှ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ က အားလုံးကို ဖျက်ပစ်လိုက်သည် ဟူ၍ ဖြစ်ပါသည်။

ဤတွင် NLD က ထည့်သွင်းစဉ်းစားရမည့် ကွယ်ဝှက်နေသော ပြဿနာတစ်ခုကို အဖွဲ့ဝင်များ ရှင်းရှင်းကြီး မြင်လာရပါပြီ။ အဖွဲ့ချုပ်က တွေ့ဆုံ ဆွေးနွေးခြင်းကို အခြေခံမူအဖြစ် ရွှေဂုံတိုင် ကြေငြာစာတမ်းအထိ မြဲမြံစွာ ကိုင်ထားဆဲဖြစ်သည်။ သို့သော် တဖက်က အဆုံးအဖြတ် ပေးနိုင်သော ပုဂ္ဂိုလ်သည် တွေ့ဆုံ ဆွေးနွေးရန် စိတ်မဝင်စား၊ တွေ့ဆုံ ဆွေးနွေးရေး ရလဒ်ကို ဖျက်ပစ်ပြီး ဝန်ကြီးချုပ်ကို ဖြုတ်ပစ်ဖို့ ဝန်မလေးပါ။ ဤပဋိပက္ခိကို မည်သို့ ဖြေရှင်းမည်နည်း?”

ကျွန်တော့်အနေဖြင့် စာဖတ်ပရိတ်သတ်များကို ဖေါ်ထုတ် ရှင်းလင်းလိုသည်မှာ တပ်မတော် အနေဖြင့် အမျိုးသား ပြန်လည် သင့်မြတ်ရေးအတွက် NLD ခေါင်းဆောင်များ နှင့် တွေ့ဆုံခဲ့သည်၊ ညှိနှိုင်းခဲ့သည်။ ပြည်သူထဲက ပြည်သူ့တပ်မတော် ဖြစ်ချင်သည်။ “ပြည်သူသည်သာ အမိ၊ ပြည်သူသည်သာ အဖ” ဖြစ်သည်ဟု ခံယူထားသည်။ လက်ရှိအချိန်တွင် ဖြစ်နေသော ပြဿနာသည် အာဏာယစ်မူးနေသည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကြောင့် ဖြစ်ပေါ် နေရခြင်းသာဖြစ်သည် ဆိုသောအချက်ပင် ဖြစ်ပါသည်။ ကျွန်တော် ဖေါ်ထုတ် ရှင်းလင်းလိုသော အချက်ကို ဦးတင်ဦး ၏ ပြောစကားများက ပိုမိုပေါ်လွင် လေးနက် အတည်ပြုပေး လိုက်သလို ဖြစ်ခဲ့ပါသည်။ အာဏာရှင်စနစ်ကို ဖယ်ရှားနိုင်မှသာလျှင် လက်ရှိ အာဏာရှင်စနစ်သည် ချုပ်ငြိမ်းပါမည်။ အာဏာရှင်စနစ်ကို ဖယ်ရှားရန်မှာ ပြည်ပရှိ မျိုးချစ်များထက် ပြည်တွင်းရှိ တပ်မတော်သားများက ပိုမိုစွမ်းဆောင် လုပ်ကိုင်နိုင်မည် ဖြစ်ပါသည်။

အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ကျွန်တော်၏ ထိုသုံးသပ်ချက်ကို တပ်မတော်သားများ အနေဖြင့် အလေးအနက်ထား စဉ်းစားပေးစေလိုကြောင်း မေတ္တာရပ်ခံအပ် ပါသည်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

Friday, March 5, 2010

စက်ရုံအလုပ်သမားတွေ ရန်ကုန်မှာ ထပ်မံ ဆန္ဒပြ

VOA | အခုနောက်ပိုင်း မြန်မာနိုင်ငံမှာ စက်ရုံအလုပ်ရုံက အလုပ်သမား လုပ်အားခနည်းလို့ ဆန္ဒပြပွဲတွေ ဆက်တိုက် ဖြစ်နေရာမှာ ဒီကနေ့မှာလည်း မင်္ဂလာဒုံ ဖာမိုတို စက်ရုံမှာ ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ မနေ့တုန်းကလည်း ရွေပြည်သာမြို့နယ် စက်မူဇုံ (၃) က ယူအိုင်ပီနဲ့ အာရှသမာဓိ အထည်ချုပ် စက်ရုံတွေမှာ လုပ်အားခနည်းပါးမူကြောင့် ဆန္ဒပြမူတွေ ဆက်ဖြစ်နေပါတယ်။ ဒီအလုပ်သမားတွေရဲ့ တောင်းဆိုမူတွေ မရသေးတာကြောင့် အခုထိ ညှိနှိုင်းနေတုန်းပဲလို့လည်း သိရပါတယ်။ ဂရမ်းရွိုင်ရယ် ၀ီစကီ စက်ရုံက အလုပ်သမားတွေကတော့ သူတို့ရဲ့ တောင်းဆိုချက် တချို့ ရသွားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အသေးစိတ်ကို မအေးအေးမာ က တင်ပြထားပါတယ်။


ဒီကနေ့ ဖြစ်ခဲ့တာကတော့ မင်္ဂလာဒုံက ဖာမိုတို စက်ရုံမှာ ဖြစ်ခဲ့တာပါ။ အလုပ်သမားတွေနဲ့ နီးစပ်သူ တဦး ပြောပြတာက -

"ဒီကနေ့ ၁၂ နာရီလောက်မှာ စဖြစ်တာလေ။ မင်္ဂလာဒုံမှာ။ ဖာမိုတို ဆိုတဲ့ စက်ရုံမှာ ဆက်ဖြစ်နေတာ။ လူဦးရေ ၆၀၀ ကျော်လောက် ရှိတယ်။"

မနေ့က သူတို့မိသားစုဝင်တွေ အလုပ်လုပ်တဲ့ ရွေပြည်သာစက်မူဇုံ (၃) က ယူအိုင်ပီနဲ့ အာရှသမာဓိ စက်ရုံတွေမှာ ဖြစ်ခဲ့တာလို့ဆိုပါတယ် ရွေပြည်သာ စက်မူဇုံ (၃) က စက်ရုံတွေရဲ့ အခြေအနေကို ပြောပြခဲ့ရာမှာတော့ -

"ယူအိုင်ပီ စက်ရုံနဲ့ အာရှသမာဓိစက်ရုံပေါ့။ အဓိက ကတော့ အိုတီကြေးနဲ့ ရှားပါးစရိတ်တွေ တောင်းဆိုပါတယ်။ အဓိက လစာ မလုံလောက်မှုပေါ့။ နှစ်ခုစလုံးက အထည်ချုပ်ပါ။ အခုထိ သူတို့ ညှိဆဲပဲ။ မပြီးသေးဘူး။ လစာက ၃၀,၀၀၀ ကျော်ကျော်မှာ ရှိပါတယ်။ ၃၀,၀၀၀ လောက်ပဲဆိုတော့ တနေ့မှ ၁,၀၀၀ ကျော်လေးပဲ ရတာလေ။ စားစရိတ် သွားစရိတ် ရှိသေးတယ်။ ဘယ်လိုလုပ် လုံလောက်မှာလဲ။ မိသားစုတစုအတွက်ဆိုရင်။ အိုတီကြေးနဲ့ ရှားပါးစရိတ်ကို သူတို့ ၁၀,၀၀၀ ကျော်ကျော် ပေးဖို့ သူတို့ ထပ် တောင်းဆိုတာပေါ့နော်။ လူဦးရေက စက်ရုံတရုံကို ၁,၀၀၀ ကျော်လောက် ရှိတယ်။ အထဲထဲမှာ တ၀က်၊ အပြင်မှာတ၀က်ပေါ့ အလုပ်မလုပ်ကြတော့ဘူး။"

"အဖွဲ့အစည်း အသီးသီးကတော့ လာကြပါတယ်။ သူတို့က ညှိနှိုင်းပေးတယ်ပေါ့။ အလုပ်ရှင်နဲ့ အလုပ်သမား ကြားမှာ သူတို့က ညှိနှိုင်းပေးတယ်။ ခုချိန်ထိတော့ ညှိနှိုင်းတာ အဆင်မပြေကြသေးဘူး။"

တနေ့က ဆန္ဒပြခဲ့တဲ့ ရွှေပြည်သာ စက်မူဇုံ (၃) က ဂရမ်းရွိုင်ရယ် ၀ီစကီ စက်ရုံကတော့ ညှိနှိုင်းမှုတချို့ ရသွားတဲ့အကြောင်း အလုပ်သမားအရေး လုပ်ဆောင်နေသူ တဦးက အခုလို ပြောပြပါတယ်။

"တကယ့်တကယ် ၀န်ထမ်းတွေ တောင်းဆိုတဲ့အခါမှာ တလကို ၂၀,၀၀၀ တိုးပေးဖို့ တောင်းဆိုတယ်။ ၂၀,၀၀၀ ပေးဖို့ တောင်းဆိုတော့ လူကြီးတွေကနေပြီးတော့ ပြန်ပြီး သူတို့ စဉ်းစားတယ်။ စဉ်းစားတဲ့အခါကျတော့ နာရီဝက်လောက် စောင့်ပြီးမှ ပြန်ထွက်လာပြီးမှ အလုပ်သမားခေါင်းဆောင် ၁၅ ဦးနဲ့ သူတို့ တွေ့ဆုံ ဆွေးနွေးတဲ့အခါမှာ ဘွန်းနက်စ် ကို ၁၀,၀၀၀ တိုးပေးတယ်။ လစာကို တနေ့ ၁,၁၀၀ သမားတွေကို ၁,၃၀၀ ပေးပြီးတော့ ၁,၃၀၀ သမားတွေကို ၁,၄၀၀ ဆိုပြီး ၂၀၀ နဲ့ ၁၀၀ တိုးပေးလိုက်တယ်။ ပြီးတော့ သင်္ကြန်ရက်အတွင်းမှာ ၁၅ ရက်ပိတ်တယ်။ အဲဒီပိတ်တဲ့အထဲမှာ လစာမပေးဘဲနဲ့ ၀န်ထမ်းတွေအားလုံးကို ၁၀,၀၀၀ စီ မုန့်ဖိုးပေးလိုက်တယ်တဲ့။"

အခုဆိုရင် ပြီးခဲ့တဲ့လ ၉ ရက်လောက်က စခဲ့တဲ့ မြန်မာပြည်တွင်းက လုပ်ခနည်းပါတဲ့ စက်ရုံတွေက ဆန္ဒပြမူတွေဟာ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေခဲ့တာ ဒီကနေ့ထိ မပြီးသေးဘူးလို့ ပြောလို့ရပါတယ်။ အလုပ်သမားတွေအနေနဲ့ ဒီကနေ့ဖြစ်နေတဲ့ ကုန်ဈေးနှုန်းနဲ့ မလောက်င တာကြောင့် လုပ်အားခတွေ တိုးပေးဖို့ ဆန္ဒပြ နေကြတာဖြစ်ပြီး အခု ညှိနှိုင်းလို့ရသွားတဲ့ စက်ရုံတွေအနေနဲ့ ကလည်း အလုပ်သမားတွေဘက်က ကျေနပ်သွားခြင်းမျိုးတွေ သိပ်မရှိဘဲ တောင်းဆိုမူတချို့ ရသွားတာကြောင့် ကျေနပ်လိုက်ရတာမျိုးသာ ဖြစ်ကြောင်း အလုပ်သမားတွေက ပြောပြပါတယ်။

နားဆင်ရန်




source by : http://www.voanews.com

အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရက ဝ တပ်ဖွဲ့ကို မတရားအသင်း ကြေညာမည်ဟု သတင်းထွက်

ဧရာဝတီ | စစ်အစိုးရက တောင်းဆို ထားသည့် နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ပျက်ကွက်ပါက အင်အားအကြီးဆုံး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ဖြစ်သော ဝပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် (UWSA) ကို မတရားအသင်း အဖြစ် ကြေညာနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ် တနေရာတွင် စစ်ရေးပြ လေ့ကျင့်နေသော UWSA တပ်ဖွဲ့ဝင်များ

စစ်အစိုးရ အရာရှိများက နေပြည်တော်နှင့် အဆက် အသွယ် ရှိသော တရုတ် အစိုးရ အရာရှိ များကို မကြာသေးမီက ယင်းသို့ ပြောကြားကြောင်း စစ်ဘက် သတင်းများက ဆိုသည်။

နယ်ခြား စောင့်တပ် ပြောင်းလဲရေး အတွက် စစ်အစိုးရက မတ်လ ၁၀ ရက်မတိုင်မီ UWSA နှင့် ဆွေးနွေး နိုင်ရန် ကြိုးပမ်းမည် ဖြစ်ကြောင်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် နီးစပ်သူများ ကလည်း ပြောဆိုသည်။

နယ်ခြားစောင့်တပ်ဖွဲ့စည်းရေးကို UWSA တပ်ဖွဲ့ လက်ခံလာစေရေး ကြားဝင်ဖျောင်းဖျရန် စစ်အစိုးရ အရာရှိများက တရုတ် အာဏာပိုင်များကို ပန်ကြားထားကြောင်း၊ အကယ်၍ UWSA တပ်ဖွဲ့သာ တရားမဝင်အဖွဲ့ဖြစ်သွားပါက အင်အား သုံးသောင်းခန့် ရှိ UWSA တပ်ဖွဲ့ကို စစ်ရေးအရ တိုက်ခိုက်မှုများ ပြုလုပ်လာနိုင်သည်ဟု သိရသည်။

ယခုအခြေအနေမှာ ပွင့်လင်းရာသီ ကုန်ဆုံးခါနီးဖြစ်ကြောင်း၊ မိုးများသည့် မုတ်သုံရာသီတွင် စစ်ဆင်ရေး လုပ်မည်ဆိုပါက စစ်အစိုးရ တပ်များ အနေဖြင့် အခက်အခဲရှိကြောင်း၊ UWSA တပ်ဖွဲ့အနေဖြင့် ထိပ်တိုက် ရင်ဆိုင်မှုမျိုးကို ပြုလုပ်မည် မဟုတ်ဘဲ ပြောက်ကျား တိုက်ခိုက်သည့် မဟာဗျူဟာကို အသုံးပြုနိုင်သည့်အတွက် စစ်ပွဲမှာ ကြာရှည်နိုင်ကြောင်း တရုတ် မြန်မာနယ်စပ် ရှိ စစ်ရေး အကဲခတ်များကဆိုသည်။

တရုတ်-မြန်မာ နယ်စပ်တွင် တင်းမာမှုများ ရှိနေသည်နှင့်အမျှ တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်ကလည်း နယ်စပ်ဒေသတွင် အနီးကပ်စောင့်ကြည့်၍ တပ်လှန့်ထားကြောင်း တရုတ် စစ်ဘက် သတင်းများက ဆိုသည်။

ယင်း မတရားအသင်း ကြေညာမည့် ကိစ္စနှင့်ပတ်သက်၍ UWSA သို့ ဆက်သွယ်၍ မရရှိခဲ့ပေ။

စစ်အစိုးရတပ်များက UWSA တပ်ဖွဲ့ကို စစ်ဆင် တိုက်ခိုက်ခဲ့ပါက ဒုက္ခသည်သစ်များ တရုတ်ပြည်သို့ နောက်တကြိမ် ခိုလှုံရဖွယ် ရှိနေသည်။

ပြီးခဲ့သည့်နှစ်က တရုတ်-မြန်မာနယ်စပ် ကိုးကန့် ဒေသရှိ ဦးဖုန်ကြားရှင် ခေါင်းဆောင်သော မြန်မာနိုင်ငံ လူမျိုးစုများ ဒီမိုကရေစီ မဟာမိတ် တပ်ပေါင်းစု တပ်မတော် (MNDAA) အဖွဲ့ကို တိုက်ခိုက်ပြီး စစ်အစိုးရက ပထမဆုံးအကြိမ် မတရား အသင်းအဖြစ် ကြေညာခဲ့သည်။

ယင်း ကိုးကန့်ဒေသ ပဋိပက္ခကြောင့် စီးပွားရေးလုပ်ငန်းများ ရပ်ဆိုင်းပြီး တရုတ်ပြည်ဘက်သို့ ဒုက္ခသည် ထောင်ပေါင်း များစွာ ရောက်ရှိခဲ့သည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

စစ်တပ်ဒဏ် မခံနိုင်လို့ မွန်ရွာသား တရာကျော် နယ်စပ်ပြေး

RFA | တနင်္သာရီတိုင်း ရေဖြူမြို့နယ် အတွင်းမှာရှိတဲ့ စစ်အစိုးရ တပ်တွေရဲ့ ညှဉ်းပန်းနှိပ်စက်မှုတွေကို မခံနိုင်တော့တဲ့ ဒေသခံ မွန်လူမျိုးတွေဟာ ထားဝယ်ခရိုင် ထိုင်းနယ်စပ်အနီးက မွန်ပြည်သစ်ပါတီ ထိန်းချုပ်ရာ မရော့ချိုင်းကျေးရွာ အနီးတဝိုက်ကို အခုရက်ပိုင်းအတွင်း ထွက်ပြေး ရောက်ရှိလာကြတယ်လို့ သိရပါတယ်။


မြန်မာစစ်အစိုးရ၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပြည်တွင်း အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသည့် ဒေသများကို ပြသထားသော မြေပုံ တစိတ်တပိုင်း ဖြစ်ပါသည်၊။ (Map: TBBC)

ခုလို မိမိနေရပ်ဒေသတွေကို စွန့်ခွာပြီး နယ်စပ်ကိုရောက်ရှိလာတဲ့ မွန်ရွာသားအရေအတွက် တရာကျော်လောက် ရှိနေပြီလို့ မွန်သတင်းဌာနတစ်ခုဖြစ်တဲ့ ကောင်းဝါ သတင်းဌာန အယ်ဒီတာ နိုင်ဗညားအောင် က အာအက်ဖ်အေကို ပြောပြပါတယ်။

နိုင်ဗညားအောင် ။ ။'ရေး-ထားဝယ် ကားလမ်း၊ တနင်္သာရီတိုင်းနဲ့ မွန်ပြည်နယ်အစပ် ရေဖြူမြို့နယ်ဆိုတာ အဲဒီ ကားလမ်းတလျှောက်မှာ ရွာတွေ သုံးလေးရွာလောက်ရှိတယ်။ အလယ်စခန်း၊ ကျောက်ကပြင်တို့ ပြာဖူးတို့ စတဲ့ မွန်ရွာတွေများတယ်။ အဲ့ဒီ အနီးအနားက ရွာသားတွေ ကလေးတွေနဲ့ တချို့ဟာက မိသားစု မပါတာလည်း ရှိတယ်။ ကျနော်တို့ အရင်က မှောင်ခိုသွားတဲ့ လမ်းကြောင်းလေးရှိတယ်။ ထိုင်းနိုင်ငံထဲကို ဝင်လို့ရတဲ့ အဲ့ဒီလမ်းကြောင်းမှာ စိုက်ပျိုးလို့ရတဲ့ ဒီ မြေပြန့်တွေမှာ သူတို့က ရွာတည်တယ်။ ရွာတည်ပြီးတော့ နေကြတယ်'

ရောက်ရှိလာကြသူတွေဟာ အခုရက်ပိုင်းအတွင်း ပိုမို များပြားလာနေပြီး ဒီလို များပြားလာတာဟာ စစ်တပ်က ရွာသားတွေကို ကျေးရွာပြည်သူ့စစ်အဖြစ် အတင်းအကြပ် ဖွဲ့စည်းနေသလို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံမှုတွေ ရှိနေတာကြောင့်လို့လည်း ဆက်လက် ပြောပြပါတယ်။

နိုင်ဗညားအောင် ။ ။'ရွာတွေမှာ ပြည်သူ့စစ် လုပ်ခိုင်းတယ်ပေါ့ဗျား၊ အဲ့ဒါ မလုပ်ချင်ကြလို့ ပြောင်းရွှေ့လာကြတာက တမျိုး၊ နောက်တခုကလည်း ဒီ မွန်အမျိုးသား ကာကွယ်ရေးတပ်မတော် အဖွဲ့သစ်တစ်ခုက လှုပ်ရှားနေတော့ အဲ့ဒီမှာ သူပုန်နဲ့ ဆက်သွယ်တယ်ဆိုပြီးတော့ လူတွေကို မသင်္ကာတဲ့ဟာ ရိုက်တာတို့ ဘာတို့ ရှိတာပေါ့ဗျာ။ ဒီစစ်တပ်ကလေ။ ကျနော် သိရသလောက် ခမရ ၂၈၂ ကနေပြီးတော့ အဲ့ဒီ အလယ်စခန်းရွာမှာ ရှိနေတယ်။ စစ်တပ်က အကိုင်ကြမ်းတယ်'

ထွက်ပြေး တိမ်းရှောင်နေကြတဲ့ မွန်ရွာသားတွေကို စစ်အစိုးရ တပ်ဖွဲ့တွေက နေရပ်ရင်းပြန်လာဖို့ ဆင့်ခေါ်ထားတယ်လို့လည်း ပြောပါတယ်။ ထွက်ပြေး တိမ်းရှောင်လာကြတဲ့ လူတွေကို နီးစပ်ရာ မွန်ဒေသခံတချို့က စားသောက်နေထိုင်ရေး အတွက် အကူအညီပေးထားကြတယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်အတွင်း အခြေအနေမဲ့ ထွက်ပြေးတိမ်းရှောင် နေကြရသူတွေအတွက် ကူညီဆောင်ရွက် ပေးနေတဲ့ မွန်ကယ်ဆယ်ရေးရုံးက ကိုဇော်မင်းဦး ကလည်း အခုလို မွန်လူမျိုးတွေ နယ်စပ်ဒေသကို ထွက်ပြေးရောက်ရှိလာတာ ဟုတ်မှန်ကြောင်း အာအက်ဖ်အေကို အတည်ပြု ပြောပြပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာစစ်အစိုးရအပေါ် ပိုမိုပြင်းထန်သည့် မူဝါဒ ချမှတ်ရန် လိုနေ

RFA | မြန်မာစစ်အစိုးရဟာ နိုင်ငံတကာရဲ့ သဘောထားဆန္ဒတွေနဲ့ ဆက်လက် ဆန့်ကျင် ဆောင်ရွက် နေတဲ့အတွက် အမေရိကန် အစိုးရအနေနဲ့ အခုထက်ပိုပြီး ထိရောက်ပြင်းထန်တဲ့ မူဝါဒတွေ ချမှတ်ပိတ်ဆို့ဖို့ လိုနေပြီလို့ အမေရိကန် အောက်လွှတ်တော် ကြားနာပွဲမှာ လွှတ်တော်အမတ် Don Manzullo က မနေ့က တိုက်တွန်း ပြောကြားလိုက်ပါတယ်၊၊

အမေရိကန် ပြည်ထောင်စု အထက်လွှတ်တော်၊ နိုင်ငံခြားဆက်ဆံရေး ကော်မတီက စက်တင်ဘာ ၃ဝ ရက်နေ့တွင် ပြုလုပ်သော 'မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် မူဝါဒ၏ ရိုက်ခတ်မှု နှင့် ထိရောက်မှု' အပေါ် ကြားနာပွဲတွင် အရှေ့အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ကာ့တ် ကင်းဘဲလ် ထွက်ဆိုအစီရင်ခံနေပုံ ဖြစ်ပါသည်။ (Photo: AFP)

အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုနဲ့ နေအိမ်အကျယ်ချုပ် ဆက်လက် ထိန်းသိမ်းခံထားရတာကို အနီးကပ် စောင့်ကြည့်ခဲ့ကြောင်း၊ မြန်မာစစ်အစိုးရဟာ မိမိတို့ ဖြစ်စေချင်သလို ပြောင်းလဲမှုတွေ လုပ်ဆောင်မှာ မဟုတ်ကြောင်း လွှတ်တော်အမတ် Don Manzullo က မတ်လ ၃ ရက်နေ့က ကျင်းပတဲ့ အရှေ့အာရှနဲ့ ပစိဖိတ်ဒေသဆိုင်ရာ ကြားနာပွဲမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်၊၊

ဒီ ကြားနာပွဲကို ၂ဝဝ၉ ခုနှစ် နိုဝင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Kurt Campbell လည်း တက်ရောက်ခဲ့ပါတယ်၊၊ ဆက်လက်ပြီး လွှတ်တော်အမတ် Don Manzullo က အမေရိကန် အစိုးရအနေနဲ့ မြန်မာစစ်အစိုးရအပေါ် ပြင်းထန်တဲ့ မူဝါဒတွေနဲ့ ဆောင်ရွက်သွားဖို့ လိုအပ်နေပြီလို့ တိုက်တွန်းသွားခဲ့ပါတယ်။

Illinois ပြည်နယ် ရီပါဗလီကန် လွှတ်တော်အမတ် Don Manzullo ဟာ မြန်မာ့အရေး နဲ့ ပတ်သက်လို့ တက်တက်ကြွကြွ ဆောင်ရွက်နေသူ ဖြစ်ပါတယ်၊၊ ပြီးခဲ့တဲ့ အမေရိကန်သမ္မတ George W. Bush လက်ထက်က စစ်အစိုးရကို ပြင်းထန်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ် သတ်တမ်းတိုးရာမှာ အဓိက ပါဝင်ဆောင်ရွက်ခဲ့သူတဦး ဖြစ်ပါတယ်၊၊ ဒါ့ပြင် အမေရိကန်ပြည်ထောင်စုမှာ အရပ်သား ပြည်သူတွေကို ချီးမြှင့်တဲ့ အမြင့်ဆုံးဆုဖြစ်တဲ့ ကွန်ဂရက်ရွှေတံဆိပ်ဆုကို မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၂ဝဝ၇ ခုနှစ်က ချီးမြှင့်ဖို့ အဓိက စည်းရုံး ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်၊၊

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

အလုပ်သမားဆန္ဒပြမှုများကို ပြည်သူများအားပေး

မျိုးချစ်သူ | ရန်ကုန်ရှိ စက်ရုံလုပ်သားများသာမက အခြားအလုပ်သမားများပါ အလုပ်ရှင်အပေါ် မကျေနပ်သည်များကို ဆန္ဒပြလာနိုင်ကြောင်း နေပြည်တော်အလုပ်သမားရေးဝန်ကြီးဌာနမှ အရာရှိကြီးတဦးက ပြောသည်။

“ဒီနှစ်ထဲမှာ ဆန္ဒပြတာတွေက (၁၀) ကြိမ်အထက်မှာ ရှိနေပြီ။ ဘယ်သူ့ကိုမှလည်း မဖမ်းပါဘူး။ အစိုးရအနေနဲ့လည်း ဒီကိစ္စကို ဖမ်းဆီးလောက်သည်ထိ မလုပ်ပါဘူး။ ပြောချင်တာက ဒီနှစ်ထဲမှာ ပြောင်းလဲလာမယ့် နိုင်ငံရေးအခြေအနေတွေကြောင့် အဲဒီဖမ်းဆီးတဲ့ကိစ္စကို မလုပ်တာလို့လည်း အကြမ်းပြောနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

၂၀၁၀ ပြည့်နှစ်အတွင်း အလုပ်သမားများ ဆန္ဒပြမှုစိပ်လာသည်ကို ရန်ကုန်လူထု အလွန်စိတ်ဝင်စားလာကာ ဆန္ဒပြ အလုပ်သမားများဘက်မှ အားပေးလာကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ပြသင့်တာပေါ့။ အလုပ်သမားတွေရတဲ့ လစာက ဘယ်လောက်မှမရှိဘူး။ အလုပ်ရှင်တွေက လူပါးဝတယ်။ အစိုးရ ရုံးပိတ်ရက်တွေဆိုရင်လည်း မပိတ်ပေးဘူး၊ အဲဒီနေ့ အလုပ်ဆင်းတဲ့ သူတွေကိုလည်း အချိန်ပိုကြေး မပေးဘူး၊ မသိလိုက်မသိဘာသာ နေကြတာလေ။ ကျမတို့လည်း ကုမ္ပဏီဝန်ထမ်းပါ၊ ဒါ့ကြောင့် သိတယ်။ အခုလိုဆန္ဒပြတာကို အားပေးတယ်” ဟု ရန်ကုန်မြို့ နာမည်ကြီး ကွန်ပျူတာကုမ္ပဏီတခုမှ ၀န်ထမ်းတဦးက ပြောသည်။

မကြာသေးခင်က အစိုးရ၀န်ထမ်းများအား ပေါကြွယ်စရိတ်ဟု နာမည်တပ်ကာ အစိုးရက လစာ (၂၀,၀၀၀) ကျပ် အပိုပေးခဲ့သော်လည်း ပြင်ပ ပုဂ္ဂလိက ကုမ္ပဏီအချို့တွင်သာ လစာတိုးမြှင့်ပေးပြီး အများစုမှာ အလုပ်ရှင်သူဌေးများက မသိကျိုးကျွံပြုနေကြကြောင်း ရန်ကုန်မြို့မှ ကုမ္ပဏီဝန်ထမ်းအများစု၏ ပြောပြချက်အရ သိရသည်။

ရန်ကုန်အခြေစိုက် ဂျာနယ်တစောင်မှ ၀န်ထမ်းတဦးက “ကျနော်တို့ မိတ်ဆွေတယောက်လုပ်တဲ့ ဂျာနယ်တိုက်မှာ လစာအရမ်းနည်းတယ်။ နည်းရတဲ့အထဲ လစာကိုခွဲပေးတယ်။ စာမူခတပုဒ်ကို (၂၀၀) ကျပ်ရတယ်။ တလကို သတင်း (၄၅) ပုဒ် ပေးရတယ်လို့ သိရတယ်။ ပြီးတော့ သတင်းထောက်ကို ဟိုခိုင်းဒီခိုင်းလုပ်တယ်။ အဲဒီသူဌေးကို စာနယ်ဇင်းအသိုင်းအ၀ိုင်းက လူတိုင်းသိပါတယ်။ အဲဒီဂျာနယ်တိုက်ရှိတဲ့ မြို့နယ်အလုပ်သမားရုံးမှာလည်း သူ့ကို တိုင်တဲ့တိုင်စာတွေက ပွစာတက်နေပြီ။ ဒါပေမယ့် ဘာမှမထူးလာပါဘူး။ အလုပ်သမားဆန္ဒပြမှုက ဂျာနယ်တိုက်တွေမှာလည်း ဖြစ်လာနိုင်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် မတ်လ (၃) ရက်နေ့ကလည်း ရန်ကုန်မြို့ ရွှေပြည်သာ စက်မှုဇုန် (၃) ဖန်ချက်ဝန်၊ ဦးရွှေအိုးလမ်း အမှတ် (၆၄) ရှိ Grand Royal ဝီစကီစက်ရုံတွင် အလုပ်သမား (၁) ထောင်ကျော်ခန့်က လုပ်အားခ တိုးမြှင့်တောင်းဆိုကာ ဆန္ဒပြခဲ့သည်။

တောင်းဆိုမှုများမှာ လုပ်အားခ တိုးမြှင့်မှုအပြင် အလုပ်ချိန်လျှော့ချရန် နှင့် သတ်မှတ်ထားသော လ၊ နှစ်များပြည့်ပါက နေ့စားအဖြစ်မှ တရားဝင် permanent ၀န်ထမ်းဖြစ်ရန်နှင့် အစိုးရရုံးပိတ်ရက်များကို ပိတ်ပေးရန်၊ အလုပ်ဆင်းရလျှင်လည်း အချိန်ပို ရရှိစေရန်တို့ကို တောင်းဆိုကြောင်း သိရသည်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, March 4, 2010

ယခုနှစ် အော်စကာဆုပေးပွဲကို မြန်မာတို့ စိတ်ဝင်စား

သဲသဲ | ကမ္ဘာကျော် အော်စကာ ဆုကို မြန်မာနိုင်ငံတွင် စိတ်ဝင်စားမှု နည်းပါးသော်လည်း လာမည့် တနင်္ဂနွေ နေ့တွင် ကျင်းပမည့် အော်စကာ ဆုပေးပွဲကို မြန်မာ ရုပ်ရှင်ကြည့် ပရိသတ် အများအပြားက စိတ်ဝင်စား နေကြသည်။



၂၀၀၇ သံဃာ့လှုပ်ရှားမှုအား မှတ်တမ်းတင် ရိုက်ကူးနေပုံကို Burma VJ တွင် တွေ့နိုင်သည်။ မည့်သည့် မင်းသား၊ မင်းသမီး အကယ်ဒမီ ရမည် ဆိုသည်ကိုသာ စိတ်ဝင်တစား စောင့်မျှော် ကြည့်ရှုကြသည့် မြန်မာပရိသတ်သည် အော်စကာဆု ဆန်ခါတင် စာရင်းဝင် Burma VJ ကြောင့် ရက်ပိုင်းအတွင်း ပြုလုပ်တော့မည့် အော်စကာ ဆုပေးပွဲကိုလည်း စိတ်ဝင်စားလာကြသည်။

မြန်မာပြည်မှ ဗီဒီယို ဂျာနယ်လစ် များနှင့် ၂၀၀၇ ခုနှစ် သံဃာ့ လှုပ်ရှားမှု ကာလကို မှတ်တမ်း တင်ထားသည့် Burma VJ ဇာတ်ကားသည် အမေရိကန် နိုင်ငံတွင် ပြုလုပ်မည့် အော်စကာ ဆုပေးပွဲတွင် အကောင်းဆုံး မှတ်တမ်း ရုပ်ရှင်ကားဆု ရနိုင်ဖွယ် ရှိသောကြောင့် ထိုသို့ စိတ်ဝင်စား နေကြခြင်း ဖြစ်သည်။

အော်စကာ ဆန်ခါတင် စာရင်းတွင် Burma VJ ပါဝင်နေ ခြင်းမှာ ဂုဏ်ယူဖွယ် ဖြစ်သည်ဟု နာမည်ကျော် သရုပ်ဆောင် ကျော်သူက ပြောသည်။

“ဒီဇာတ်ကားက ကျနော်တို့ရဲ့ တကယ့် သမိုင်းကြောင်းကို ရိုက်ခဲ့တဲ့ကား ဖြစ်တယ်။ ဒီကားကို ပြန်ကြည့်တာနဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာ တုန်းက ကိစ္စတွေ ကျနော်တို့ ပြန်ပြီး အမှတ်ရစေတဲ့ အတွက် ဒါဟာ အင်မတန်ကို ကောင်းပါတယ်" ဟု ရုပ်ရှင်နှင့် ဗီဒီယို သရုပ်ဆောင် အကယ်ဒမီ ကျော်သူက ဧရာဝတီကို ပြောသည်။

Burma VJ၏ ဇာတ်ညွှန်းရေးသူ Jan Krogsgaard ကလည်း “Burma VJ သာ အော်စကာရမယ် ဆိုရင် သမိုင်းမှာ ပထမဆုံးအကြိမ် နိုင်ငံနဲ့ပြည်သူတရပ်လုံးက အော်စကာရတာ ဖြစ်သွားမှာပါ” ဟု ဆိုသည်။

“အော်စကာရတာကို မြင်ချင်တဲ့သူတွေထဲမှာ မြန်မာပြည်က ဗိုလ်ချုပ်တွေတောင် ပါနိုင်ပါတယ်။ အော်စကာ ရပါစေလို့ သူတို့ စိတ်ထဲမှာ ဆုတောင်းပြီး ငြိမ်းချမ်းရေးကို သူတို့ တွေ့နိုင်ကြမှာပါ” ဟု ဇာတ်ညွှန်းဆရာက ပြောသည်။

၂၀၀၉ ခုနှစ် ရုပ်ရှင်ကားများအတွက် အော်စကာဆုပေးပွဲ နီးကပ်လာချိန်တွင် ဆန်ခါတင် စာရင်းဝင် ဇာတ်ကားများနှင့် ပတ်သက်၍ မြန်မာပြည်ရှိ စာနယ်ဇင်းများတွင် ရေးသား ဖော်ပြလေ့ရှိသည်။ သို့သော်လည်း ယခုနှစ်တွင် ရေပန်းစားနေသည့် Burma VJ အကြောင်းကို မြန်မာပြည်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းများတွင် ဖော်ပြခွင့် မရပေ။

“ဒီကားကို အရမ်းကို ရစေချင်ပါတယ်။ နိုင်ငံတကာက သတင်းသမား အားလုံးကို ဂုဏ်ပြုတာနဲ့ အတူတူပါပဲ။ ကျနော်တို့ မြန်မာ တနိုင်ငံလုံးကတော့ စိတ်ထဲကနေ ဂုဏ်ပြုပြီးသားပါပဲ” ဟု ရန်ကုန်မြို့မှ နာမည်ကြီး ရုပ်ရှင်နှင့် ဗီဒီယို ဒါရိုက်တာ တဦးက ဧရာဝတီကို ပြောသည်။

Burma VJ ကို ကြည့်ရှုခဲ့သည့် ရန်ကုန်မှ NGO ၀န်ထမ်းတဦးကလည်း "ဒါက တကယ့် ဖြစ်ရပ်ကို အခြေခံပြီး ရိုက်ထားတာ ဆိုတော့ မြန်မာပြည်ထဲကလူတွေရဲ့ ရင်ထဲမှာ ဘယ်လိုဖြစ်နေလဲ ဆိုတာ မြင်နိုင်ပါလိမ့်မယ်" ဟု ပြောသည်။

ဒိန်းမတ်လူမျိုး ဒါရိုက်တာ Anders Ostergaard ရိုက်ကူးထားသည့် Burma VJ တွင် ပါဝင်သော ဗီဒီယိုဂျာနယ်လစ်များမှာ နော်ဝေနိုင်ငံ အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သို့ စွန့်စွန့် စားစား သတင်း ပေးပို့ခဲ့သူများ ဖြစ်သည်။

DVB လက်ထောက် အုပ်ချုပ်ရေးမှူး ကိုခင်မောင်ဝင်းက “ဒါဟာ သမိုင်းဝင် မှတ်တိုင်တခု ဖြစ်ရမယ်။ အော်စကာဆု မရဘူး ဆိုရင်တောင် ဒီဇာတ်ကားဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ လှုပ်ရှားမှုနဲ့ ပတ်သက်တဲ့ နိုင်ငံတကာရဲ့ အာရုံစိုက်မှုကိုတော့ ရလာပါလိမ့်မယ်" ဟု ဧရာဝတီကို ပြောသည်။

Burma VJ မှတ်တမ်းရုပ်ရှင်သည် နိုင်ငံတကာမှ ပေးအပ်သည့် ဆုပေါင်း ၄၀ ကျော် ရရှိထားပြီး ဖြစ်သည်ဟု ထိုရုပ်ရှင်၏ အင်တာနက် စာမျက်နှာ http://burmavjmovie.com တွင် ဖော်ပြထားသည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

ရွှေပြည်သာစက်ရုံတချို့ အလုပ်သမား ဆန္ဒပြမှု ထပ်မံဖြစ်ပွား

RFA | ရန်ကုန်တိုင်း ရွှေပြည်သာ စက်မှုဇုံ (၁) က အထည်ချုပ် စက်ရုံတရုံမှာ လုပ်ခလစာ တိုးရရေးအတွက် အလုပ်သမားတချို့ ဒီကနေ့ မနက်ပိုင်းက စပြီး အလုပ်မဆင်းဘဲ ဆန္ဒပြနေတယ်လို့ စုံစမ်း သိရှိရပါတယ်။

တရုတ်အမျိုးသားပိုင် Super အထည်ချုပ်စက်ရုံက အလုပ်သမားတချို့ ဆန္ဒပြကြတာဖြစ်ပြီး တခြား စက်ရုံတွေနည်းတူ လုပ်ခလစာ တိုးရရေးနဲ့ အချိန်ပိုကြေး ရရှိဖို့ ဆန္ဒပြနေတယ်လို့ ဆန္ဒပြသူတွေနဲ့ နီးစပ်သူတဦးက အာအက်ဖ်အေကို ပြောပါတယ်။

နီးစပ်သူတဦး။ ။'မနက် ၈ နာရီကနေ စဖြစ်တာ အခုအချိန်အထိတော့ မပြီးသေးဘူး။ ၂၅ ယောက် ကျော်ကျော်လောက်တော့ ရှိတယ်။ အလုပ်ရုံမှာတော့ တရာကျော် ရှိတာပေါ့နော်။

အဓိကကတော့ ငွေရေးကြေးရေးပေါ့၊ ရှားပါး စားရိတ်ပေါ့။ အိုတီကြေးတို့ ရှားပါးစားရိတ်တို့ အဲဒါတွေ တောင်းတာ။ အခု တောင်းတာက သူများစက်ရုံတွေနဲ့ တန်းတူပေါ့။ သူများစက်ရုံတွေက လေးသောင်း အထက်တွေမှာချည်းပဲ ရှိတယ်လေ။ သူတို့စက်ရုံက အနည်းဆုံး ဖြစ်နေတယ်။ နောက်တခုက ကလေးတွေပေါ့နော်။ ကျောင်းနေအရွယ် ဆယ့်သုံးလေးနှစ် ကလေးလေးတွေက တနေ့မှာ တထောင်နဲ့ ငါးဆယ်ပဲ ရတယ်။ မနက် ၈ နာရီကနေ ည ၈ နာရီအထိကို ဆင်းရတယ်'

ဒီလို ဆန္ဒပြတာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ မြို့နယ်တာဝန်ရှိသူတွေက စက်ရုံပိုင်ရှင်နဲ့ အလုပ်သမားတွေအကြား ညှိနှိုင်းပေးနေပေမယ့် ညနေခင်းအထိ သဘောတူညီချက် မရခဲ့ပါဘူး၊၊ ဒါကြောင့် တိုင်းအဆင့် တာဝန်ရှိသူတွေ အလာကို စောင့်ဆိုင်းနေတယ်လို့လည်း စောစောက အမျိုးသမီးက ပြောပြပါတယ်။

အာအက်ဖ်အေက ဆက်သွယ်မေးမြန်းခဲ့တဲ့ ညနေပိုင်းအချိန်အထိ ဆန္ဒပြ အလုပ်သမားတွေနဲ့ အလုပ်ရှင်အကြား ပြေလည်မှု မရသေးဘူးလို့ သိရပါတယ်။

အလားတူပဲ တခြား ရွှေပြည်သာ စက်မှုဇုံ ၃ က ကောင်းချီးမင်္ဂလာ အထည်ချုပ်စက်ရုံမှာလည်း အလုပ်သမားတွေ လုပ်ခလစာ တိုးရဖို့အတွက် ဒီကနေ့ ဆန္ဒပြတာတွေ ရှိတယ်လို့ သိရပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး အာအက်ဖ်အေက သီးခြား အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ပန်ဆန်းနယ်မြေမှာ ဝ တိုင်းရင်းသားတပ်ဖွဲ့တွေ တပ်လှန့်ထား

2010-03-03 ( RFA )

UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က မြန်မာစစ်အစိုးရ ဖိအားပေးနေတဲ့ နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးနဲ့ ပတ်သက်လို့ တင်းမာနေတဲ့ အခုရက်ပိုင်းမှာ ပန်ဆန်းမြို့ဒေသတဝိုက် လုံခြုံရေး ချထားသလို အဝေးရောက်နေတဲ့ တပ်ဖွဲ့ဝင်တွေကိုလည်း ပြန်လည် ခေါ်ယူထားတယ်လို့ သိရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး ပန်ဆန်းဒေသမှာ နေထိုင်တဲ့ ဝတိုင်းရင်းသားတဦးက အခုလို ပြောပါတယ်။

ဝ တိုင်းရင်းသားတဦး။ ။'ပြီးခဲ့တဲ့ လကုန်အထိ အစိုးရ အချိန်ပေးမယ်လို့ ပြောတော့လေ ဒီဘက်မှာ ရဲဘော်တွေအားလုံး အသင့်ပြင်ထားပေါ့၊ အဆိုးဆုံးအထိ stand-by ပေါ့ ၊ အဲဒီလိုမျိုး အမိန့်ချ ထားတာတော့ ရှိတယ်။ တပ်သားစုဆောင်းတာတို့ ဘာတို့ကတော့ ပုံမှန်ပဲ။ အခု ဒီကိစ္စပေါ်လာမှပဲ ပိုပြီးမှ စုဆောင်းတာတွေ ရှိတယ်။ တခြားနေရာ ရပ်ဝေးရောက်နေတာတောင်မှ ပြန်မလာ မရ ၊ အဲလိုမျိုး ခေါ်လာတာတွေ ရှိတယ်'

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာ မြန်မာစစ်အစိုးရ စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်နဲ့ UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးပေါက်ယူချန်း တို့ တန်ယန်းမြို့ မှာ တွေ့ဆုံခဲ့ကြပြီး ဖေဖော်ဝါရီလ ၂၇ ရက်နေ့ နေ့လည် ၂ နာရီလောက်မှာ ပန်ဆန်းမြို့ကို ပြန်ရောက် လာတယ်လို့ မျက်မြင်တွေက ပြောပါတယ်။

အဲဒီ တွေ့ဆုံပွဲမှာ ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က မြန်မာစစ်အစိုးရကို အရင်က တင်ပြထားတဲ့ အချက် ၉ ချက်ကိုပဲ ဆက်လက် တောင်းဆိုထားပြီး နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ကိစ္စကို အချိန်ယူ စဉ်းစားမယ်လို့ပဲ အကြောင်းပြန်ထားကြောင်း သိရပါတယ်။

ရှမ်းပြည်နယ်အတွင်း UWSA ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့က စီမံ အုပ်ချုပ်ထားတဲ့ ဒေသ အကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် က စုစည်းတင်ပြထားပါတယ်။

စုစည်း တင်ပြမှု နားဆင်ရန်




source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, March 3, 2010

ဝ နယ်ခြားတလျှောက် တရုတ်တပ်အင်အား ထောင်ချီဖြည့်ထား

သျှမ်းသံတော်ဆင့်

နအဖ နှင့် ၀ တပ်ဖွဲ့ တွေ့ဆုံ ဆွေးနွေးရေး မချေမတင် ဖြစ်ပြီးနောက်ပိုင်း ၀ နယ်ခြားတလျှောက် တရုတ်ပြည်လုံခြုံရေး တပ်များ အင်အားထောင်ချီ ဖြည့်တင်း ထားသည်ဟု စုံစမ်းသိရှိရပါသည်။

“တရုတ်တပ်တွေ နယ်ခြားဘက် ရောက်နေတာ နအဖ တပ်မ ၂ ခု သျှမ်းပြည် အရှေ့မြောက်ဘက် တက်လာ တယ် ဆိုတဲ့အချိန်ကတည်းကဘဲ” - ဟု တရုတ်နယ်စပ်နေထိုင်သူ တဦးက ပြောပါသည်။

တရုတ်ပြည်လုံခြုံရေးတပ်ဖွဲ့

ဇန္န၀ါရီ လလယ်ပိုင်းကတည်းက တရုတ်တပ်များ နယ်စပ်မျဉ်းတလျှောက် အင်အားဖြည့်ထားခြင်း ဖြစ်၏။

တဖက်တွင်လည်း ၀ ပြည် သွေးစည်းရေးတပ်မတော်အား ဆွေးနွေးရန် နအဖကမ်းလှမ်းစဉ် ကျန်းမာရေးကြောင့် လားရှိုးသို့ သွားရောက်ဆွေးနွေးရန် မဖြစ်နိုင်ကြောင်း ၀ ခေါင်းဆောင်အကြောင်းပြန်ခြင်း၊ ၀ နယ်ခြားတလျှောက် နအဖ တပ်များ စစ်ရေးလေ့ကျင့်ပြင်ဆင်မှု ပြုလုပ်လာခြင်း စသည့်အခြေအနေများကြောင့် တရုတ်တပ်များ ပိုမိုအင်အားဖြည့် တပ်ချ ရာ ယနေ့အထိဖြစ်သည်။

“၀ ဌာနချုပ် မျက်နှာချင်းဆိုင် မိုင်းလျဲမ်းမှာ တရုတ် စစ်အင်အား ၄၀၀-၅၀၀ က အခု ၂၀၀၀ ကျော်တယ်။ လေ ယာဉ်ပစ် လက်နက်ကြီးတွေလဲ ထပ်ချထားတယ်၊ နအဖဘက်ကလဲ မိုင်းလားအဖွဲ့ နဲ့ ဆွေးနွေးတဲ့ အပတ်တုံးက ဆို ကျိုင်းတုံမှာ MIG 29 ရုရှားတိုက်လေယာဉ် အပြင်းအထန် လေ့ကျင့်ပျံသန်းတယ်။ ပန်ဆန်းမြို့ အရှေ့တောင် ဘက် မှော်ဖ ဒေသမှာ ဆိုလဲ ဗမာ့တပ်အင်အား ၇၀ လောက်ကနေ အခု ၅၀၀ ထက်မနည်းတိုးလာတယ်” - ဟု နယ်စပ်တလွှား သွားလာသူ တဦးက သျှမ်းသံတော်ဆင့်သို့ ပြောပြပါသည်။

သျှမ်းပြည်အရေး စောင့်ကြည့် လေ့လာသူတဦးက “ နအဖ က အင်အားသုံး တိုက်ခိုက်မှု မလိုလားသလို အပစ်ရပ် အနေနဲ့လည်း မလိုလားဘူး။ အခုစစ်ရေးတင်းမာမှု အခြေအနေဟာ ဖဲရိုက်တဲ့ သူနဲ့ တူတယ်ဗျ၊ ကိုယ့်ဖဲ မကောင်းလဲ ကောင်း သယောင် နဲ့ ပိုက်ဆံတိုးလောင်းပြီး တဘက်ကို ခြိမ်းခြောက်၊ ဖဲကွက်ကစားလို့ တဘက်သား ရှုံးအောင် လုပ်သလိုပေါ့” - ဟု သုံးသပ်ပြောဆိုပါသည်။

ရုရှားလုပ် MIG 29တိုက်လေယာဉ်(Photo:fwmail.teenee.com)

နအဖဘက်က MIG 29 ရုရှားတိုက်လေယာဉ် စမ်းသပ်ပျံသန်းမှုကြောင့် တရုတ်တို့ကလည်း လေယာဉ်ပစ် လက်နက် ထပ်ချထားခြင်းဖြစ်နိုင်သည်ဟု လည်း ပြောဆိုပါသည်။

နယ်စပ်လုံခြုံရေးအရ ၀ နယ်ထဲ တပ်မ နှစ်ခု စေလွတ်မည်ဟု စစ်အစိုးရ ပြောဆိုချိန်မှစ၍ ၀ ပြည်သွေးစည်းရေး တပ်မတော်ကလည်း ၂၅ ရက်နေ့ တန့်ယန်း ဆွေးနွေးပွဲအပြီး ပန်ဆန်းဌာချုပ် အစည်းအဝေး၌ - ‘ပြည်ထောင်စုမှ ခွဲထွက်ဖို့ အစီအစဉ် မရှိသလို ဗမာ့တပ်မတော်ဘက်သေနတ်ပြောင်းလှည့်ပြီး အရင်တိုက်ခိုက်ဖို့လဲ အစီအစဉ် မရှိ၊ သို့သော် မည်သည့်တပ်ဖွဲ့မဆို ၀ နယ်ထဲ ခြေတလှမ်းကျွံဝင်လာပါကပစ်ခတ်ဖို့ ၊ မိမိကိုယ်မိမိ ခုခံကာကွယ်ဖို့ တိုက်ပွဲ စ ရမယ်’ ဟု ဆုံးဖြတ်ချက်ချထားကြောင်း အမည်မဖေါ်လိုသည့် ၀ စစ်ဘက်ရေးရာ အရာရှိတဦးက ပြောပါသည်။

ဝ နယ်ခြား မျဉ်းတလျှောက် (မြောက်ပိုင်း) ကွန်လုံ-ဟိုပန် ဘက်တွင် (ကိုးကန့် အရေးအခင်း ချိန်မှစ၍) တပ်မ ၉၉ ၊ ၃၃ တို့ တပ်စွဲထားကြောင်း၊ဇန္န၀ါရီ လလယ်ပိုင်းတွင် ၀ နယ် အနောက်ဘက် တလွှား (အပစ်ရပ် သျှမ်းပြည် တပ်မတော်) နယ်မြေအတွင်းတွင် တပ် ၅၅ က ထိုးဖေါက် တပ်စွဲထားကြောင်း စောင့်ကြည့် လေ့လာသူများက ပြောဆိုနေကြပါသည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရ၏ ရာဇဝတ်မှုများ အမျိုးသမီး ၁၂ ဦး ထုတ်ဖော်


စိုင်းဇွမ်ဆိုင်း
| ချင်းမိုင် (မဇ္ဈိမ) ။ ။ စစ်အစိုးရ၏ ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အဆင့်မှ အရေးယူနိုင်ရေး အတွက် ရည်ရွယ်၍ မြန်မာအမျိုးသမီး ၁၂ ဦးက ကိုယ်တိုင်ကြုံတွေ့မှုများကို အမေရိကန်နိုင်ငံတွင် ပြောဆိုခဲ့ကြသည်။

နယူးယောက်မြို့တွင် အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (Women’s League of Burma) နှင့် နိုဘယ် အမျိုးသမီးများအဖွဲ့ (Nobel Women’s Initiative) တို့၏ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံးနှင့် သဏ္ဍာန်တူ ပြုလုပ်ထားသော ခုံရုံး၌ ယမန်နေ့က ဖွင့်ချခဲ့ကြခြင်း ဖြစ်သည်။

နိုဘယ်ဆုရှင်များဖြစ်ကြသော အီရန်နိုင်ငံမှ Dr. Shirin Ebadi ၊ အမေရိကန်မှ Jody Williams တို့အပါ အဝင် တောင်ကိုးရီးယားနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပါမောက္ခနှစ်ဦးက ခုံရုံး တရားသူကြီးများ အဖြစ်ဆောင်ရွက် ခဲ့ကြသည်။

၂ဝဝ၃ ခု ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို ဝိုင်းရိုက်ကြသည့် ဒီပဲယင်း အကြမ်းဖက်မှုသည် ကြိုတင်ကြံစည်မှု ဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့သူ မန္တလေးတိုင်း အန်အယ်ဒီမှ ဒေါ်ညွန့်ညွန့်က ထွက်ဆိုသွားသည်။

မြန်မာနိုင်ငံ အနောက်ခြမ်းမှ ကူကီးလူမျိုး မငိုင်းငိုင် ကလည်း “ကျမထွက်ဆိုခဲ့တဲ့ အကြောင်းအရာက ၁၉၉၃ ခုနှစ်တုန်းက တမူးမြို့နယ်မှာ နအဖ စစ်သားထွက်ပြေးသွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွာသားတွေနဲ့ ပေါင်းပါတယ်ဆိုပြီးမှ ရွာသားလေးဦး သတ်ခံရတယ်။ အမျိုးသမီး တဦးအပါအဝင် လူငါးယောက်လောက် ကို အဓမ္မစွပ်စွဲပြီး ထောင်ချခဲ့တဲ့အမှုပါ” ဟု ပြောသည်။

ယခုခုံရုံးသည် တရားမဝင်သော်လည်း နိုင်ငံတကာ အသိုင်းအဝိုင်း၏ အာရုံစိုက်မှုကိုရယူပြီး မြန်မာ စစ်အစိုးရ၏ ရာဇဝတ်မှုများအတွက် နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး (International Criminal Court) အထိ စွဲချက်တင်နိုင်ရန် ကာယကံရှင် အမျိုးသမီးများက မျှော်လင့်ထားကြသည်။

နိုဘယ်အမျိုးသမီးများအဖွဲ့မှ သတင်းပြန်ကြား မန်နေဂျာ Ms. Rachel Vincent က “ဒီသဏ္ဍာန်တူ ခုံရုံးမှာ မြန်မာနိုင်ငံက အမျိုးသမီးတွေ ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ မုဒိမ်းမှုတွေ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ အတင်းအဓမ္မ ပေါ်တာထမ်းခိုင်းတာတွေကို သက်သေထွက်ဆိုသွားခဲ့ပါတယ်” ဟု ပြောသည်။

နိုဘယ်အမျိုးသမီးများအဖွဲ့နှင့် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) တို့ပူးပေါင်း၍ သတင်းစာရှင်းလင်းပွဲ တရပ်ကိုလည်း နယူးယောက်မြို့တွင် ပြုလုပ်ရန် အစီအစဉ်ရှိပြီး ကာယကံရှင် အမျိုးသမီး ၁၂ ဦး၏ ထွက်ဆိုမှုများကို အခြေခံ၍ ယခုလ ၄ ရက်နေ့တွင် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုး မစ္စတာ ဘန်ကီမွန်းနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်းလည်း စုံစမ်းသိရှိရသည်။

ယခုကျင်းပခဲ့သည့် သဏ္ဍာန်တူခုံရုံးကို တရားဝင်ခုံရုံးတခု ဖြစ်လာစေရန် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှုးအား တင်ပြသွားမည်ဟု ဆိုသည်။

သဏ္ဍာန်တူခုံရုံးတွင် သက်သေထွက်ဆိုချက်များကို တက်ရောက်နားထောင်သူ ၁၅ဝ ခန့် ရှိပြီး သက်သေ ထွက်ဆိုခဲ့ကြသည့် အမျိုးသမီးများနှင့်ပတ်သက်၍ ရုပ်သံမှတ်တမ်းများ၊ ဇာတ်လမ်းရုပ်ရှင်များ ရိုက်ကူး သွားရန် အစီအစဉ်လည်းရှိကြောင်း နိုဘယ်အမျိုးသမီးအဖွဲ့မှ Ms. Rachel Vincent ကပြောသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ရွှေ့ပြောင်း လုပ်သား ၅ သိန်း မိခင်နိုင်ငံ ပြန်ပို့မည်


ကျော်ခ
| ချင်းမိုင် (မဇ္ဈိမ) ။ ။ အလုပ်သမားလက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် နိုင်ငံခြားသား ရွှေ့ပြောင်းအလုပ်သမား ၅ သိန်းခန့်ကို ဖမ်းဆီး၍ နေရပ်ရင်းသို့ ပြန်ပို့မည်ဟု ထိုင်းအလုပ်သမား ဝန်ကြီးဌာနက ပြောသည်။

“သဘောတူညီချက်အတိုင်း လုပ်ဆောင်ဖို့ ပျက်ကွက်တဲ့ တရားမဝင်အလုပ်သမားတွေကို ကျနော်တို့ အနေနဲ့ ဖမ်းပြီးတော့ ပြန်ပို့ရမှာဘဲ” ဟု ထိုင်း အလုပ်ရှာဖွေခန့်ထားရေးဌာန လက်ထောက်ဒါရိုက်တာ Supat Gukun က ယင်းသို့ ပြောကြောင်း ယနေ့ထုတ် THE NATION သတင်းစာ၌ ဖော်ပြထားသည်။

ယနေ့တွင် စတင်အသက်ဝင်မည့် ပြန်ပို့ရေးအစီအစဉ်ကို ရဲနှင့် လူဝင်မှုကြီးကြပ်ရေးဌာနများနှင့် ပူးတွဲ၍ ပြန်ပို့ရေး အစီအစဉ်ကို အကောင်ထည် ဖော် မည်ဟုလည်းဆိုသည်။

အမှန်တကယ်သာ အကောင်အထည်ဖော်ဖြစ်လျှင် ထိုင်းနိုင်ငံ၌ အလုပ်လုပ်ခွင့်လက်မှတ် သက်တမ်းတိုးရန် ပျက်ကွက်ခဲ့သည့် မြန်မာ၊ လာအို၊ ကမ္ဘာဒီးယား နိုင်ငံသား ၅ သိန်းခန့်မှာ ပြန်ပို့ခံရမှာဖြစ်သည်။

ထိုင်းနိုင်ငံတွင်းအလုပ်လုပ်ခွင့် သက်တမ်းတိုးရန်နှင့် ယာယီနိုင်ငံကူး လက်မှတ်အတွက် နိုင်ငံသား စီစစ်မှု ခံယူရန် ပုံစံဖြည့်စွပ်ချိန် နောက်ဆုံးရက်အဖြစ် ထိုင်းအလုပ်သမားဝန်ကြီးဌာနက ယခင်လ ၂၈ ရက်နေ့ကို သတ်မှတ်ပေးခဲ့သည်။ သို့သော် ရုံးပိတ်ရက်များနှင့် တိုက်နေသဖြင့် ၂ ရက် ထပ်တိုးပေးခဲ့ရာ ယမန်နေ့က နောက်ဆုံးဖြစ်သည်။

သက်ဆိုင်ရာ ထိုင်းအလုပ်သမားရုံးများက လက်မှတ်သက်တမ်းလာတိုးသူများအား နိုင်ငံသားစီစစ်ရေး ပုံစံကိုပါ ဖြည့်စွပ်စေကြောင်း မဖြည့်စွပ်ပါက သက်တမ်းမတိုးပေးကြောင်း သိရသည်။ စီစစ်ရေးပုံစံ တင်ပါမည်ဟု အလုပ်ရှင်နှင့် အလုပ်သမားက ဝန်ခံချက် လက်မှတ်ထိုးလျင်မှု သက်တမ်းတိုးပေးပြီး ပုံစံဖြည့်တင်ရန် ယခုလကုန်အထိ အချိန်ရမည်ဖြစ်သည်။ ယခု ဖမ်းဆီးပြန်ပို့ ခံရမည့်သူများသည် လက်မှတ်သက်တမ်းလည်းမတိုး၊ ပုံစံလည်း မဖြည့်သူများဖြစ် သည်ဟု ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားအချို့မှာ ခရီးကွာဝေးသည့် ပင်လယ်ပြင်ငါးဖမ်းလုပ်ငန်း၊ လယ်လုပ်ငန်း၊ ရော်ဘာ လုပ်ငန်း၊ သစ်သီးခြံလုပ်ငန်းများတွင် လုပ်ကိုင်နေကြသဖြင့် အချိန်တိုအတွင်း ဆောင်ရွက်ရန်ကိစ္စများကို အမြန်ဆုံးရန် မလွယ်ကူကြောင်း အဝေးရောက်ညွှန့်ပေါင်းအစိုးရ NCGUB မှ ရွှေ့ပြောင်းအလုပ်သမား ရေးရာဌာန တာဝန်ခံ ကိုသက်ခိုင်က မဇ္ဈိမကို ပြောသည်။

နောက်ဆုံးနေ့ဖြစ်သော ယမန်နေ့က အလုပ်လုပ်ကိုင်ခွင့်သက်တမ်း တိုးမြှင်ခဲ့သည့် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို တို့မှ ရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း ၇ဝ၇၂၄၆ ဦး ရှိသည်ဟု ထိုင်းနိုင်ငံ နိုင်ငံခြားသား အလုပ်သမားစီမံခန့်ခွဲရေးဌာနမှ အစီရင်ခံစာ ထုတ်ပြန်ထားသည်။

ထိုအရေအတွက်သည် တရားဝင်မှတ်ပုံတင်ထားသည့် စာရင်းရှိ ၁၃၁၅၉၃၂ ဦး မှဖြစ်သည်။ ၅၃၆ဝ၇၄ ဦးသည် ၎င်းတို့၏ နိုင်ငံသားစီစစ်မှုပြုရေး လျှောက်လွှာကို တင်သွင်းခဲ့ကြပြီး၊ ၁၆၈၆၈၈ ဦးသည် ယာယီ နိုင်ငံကူးလက်မှတ် လက်ခံရရှိပြီး ဖြစ်ကြောင်း သိရသည်။

အလုပ်သမားများကို ဖမ်းဆီးပို့ဆောင်မည်ဆိုလျင် လူအခွင့်အရေးချိုးဖောက်မှုများ၊ အနိုင်ကျင့်ခံရမှုများ ခံရဖွယ်ရှိကြောင်းနှင့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းနိုင်ငံစီးပွားရေးကဏ္ဍအတွက် အရေးပါ သောကြောင့် ထိုင်းအစိုးရအနေနဲ့ ငဲ့ညှာသင့်ကြောင်း နိုင်ငံတကာနှင့် ထိုင်း အလုပ်သမားအဖွဲ့အစည်းများ နှင့် ကျွမ်းကျင်သူများက ထောက်ပြနေကြသည်။

(ကိုဝိုင်းတည်းဖြတ်သည်)

source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

မူးယစ်ဆေးအမျိုးမျိုး ရောင်းဝယ်မှု နအဖ ပုလိပ် ခွင့်ပြုထား

Tuesday, 02 March 2010 19:19 သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်ခရိုင် မန့်ဟီးရိုးမြို့နယ်ခွဲရှိ အာဏာပိုင်များက မူးယစ်ဆေး ရောင်းသူကို အရေးယူခြင်း မရှိကြောင်း ဒေသခံများ အပြောအရ သိရသည်။ အဆိုပါ မြို့နယ်အား ကျေးရွာ ၁၉ ရွာ ဖြင့် ဖွဲ့စည်းထားရာ တာစန့် နောင်ခေါ် နှင့် နောင်မ ရွာများတွင် မူးယစ်ဆေး မျိုးစုံကို ပြောင်ပြောင်တင်းတင်း ရောင်းဝယ်ဖေါက်ကား နေသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

ရာမ ဆေးပြား အပါအ၀င် ဘိန်းဖြူ ဘိန်းမဲ အဓိကရောင်းချကြပြီး ရဲ နှင့် လ၀က (လူဝင်မှုကြီးကြပ်ရေးဋ္ဌာန) ၀န် ထမ်းများက လာဘ်ငွေယူပြီး ခွင့်ပြုထားသောကြောင်း သိရသည် ။

“ဘယ်လူကြီးကိုပဲတိုင်တိုင် မထူးလို့လေ ကျမတို့ဆီမှာ ခံစားနေရတာက လူငယ်တွေဆိုရင် ဘိန်းစားနဲ့ ရာမသမား တွေပဲ ဖြစ်ကုန်ပြီ ရဲ နဲ့ လ၀က ဆိုရင် ကိုယ်တိုင်လည်းသုံးစွဲတယ် မူးယစ်ဆေးဝါးရောင်းတဲ့ အိမ်တွေကနေ ဆက်ကြေး တောင်းပြီး အကာအကွယ် ပေးထားတယ် ”

“တရုတ်ဘက်က မူးယစ်ဆေးဝါး လာဝယ်တဲ့လူတွေဆီကနေလည်း ဆက်ကြေးကောက်တယ် နယ်ထိန်း ရဲတစ် ယောက်ဆိုရင် သူကိုယ်တိုင် လက်လီရောင်းတယ်၊ ဆက်ကြေးမပေးပဲ ရောင်းတဲ့သူတွေဆိုရင် ဖမ်းပြီး တရုတ်ငွေ ၂ထောင် ၃ ထောင်အထိ တောင်းတယ် ” လို့ သူမက ဆိုသည်။

ဖေဖေါ်ဝါရီလလယ်ပိုင်းက တာစန့်ရွာတွင် မူးယစ်ဆေးဝါး ရောင်းချသူ အချင်းချင်း ဓါးခုတ်သည်အထိ ပြဿနာ ဖြစ်ပွားခဲ့သေးကြောင်း နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

“တာစန့်ရွာမှာ မူးယစ်ဆေး စပ်တူရောင်းတဲ့ လူအချင်းချင်း ပြဿနာဖြစ်တော့ တရုတ်လူမိုက်တွေငှားပြီး ဓါးနဲ့ခုတ် ခိုင်းလို့ တစ်ယောက် ဓါးဒဏ်ရာ ၉ ချက် ရသွားတယ်၊ သေတော့ မသေသွားဘူး ” လို့ သူက ပြောသည်။

ထို့အပြင် အာဏာပိုင်များက ဒေသတွင်း လောင်းကစားဝိုင်းများ ဖွင့်လှစ်ထားသဖြင့် လူငယ်များမှာ လောင်းကစားသမား နှင့်ဆေးသမားများ ဖြစ်ကုန်ကြောင်း သိရသည်။

တရုတ် - မြန်မာနယ်စပ်ဖြစ်သည့် မန့်ဟီးရိုးမြို့နယ်ခွဲအတွင်းရှိ အချို့ရွာများသည် တရုတ်နှင့် မြန်မာနှစ်နိုင်ငံက တစ်ခြမ်းစီ ပိုင်ဆိုင်သည်။

ဇန္န၀ါရီ 26 ရက်နေ့ ကလည်း စစ်အစိုးရ ထိန်းချုပ်ဒေသ သျှမ်းပြည်မြောက်ပိုင်း နမ့်ခမ်း နှင့် မန်တုန်မြို့နယ် ကျေးရွာများ 3 နှစ်တာ ကာလ (2006 မှ 2009 အထိ)မှာ ဘိန်းစိုက်ပျိုးမှု မြင့်တက်လာသည်ဟု ပလောင်အမျိုးသမီးများအဖွဲ့ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် အယူခံပယ်ချမှု အမျိုးသားရင်ကြားစေ့ရေး ပျက်စီးလို့ EU ပြောကြား

2010-03-02 ( RFA )

ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်အကျယ်ချုပ် အယူခံမှုကို စစ်အစိုးရ ဗဟိုတရားရုံးက ပယ်ချလိုက်တာဟာ အတိုက်အခံတွေနဲ့ အစိုးရအကြား အရေးပေါ် လိုအပ်နေတဲ့ အမျိုးသား ရင်ကြားစေ့ရေး၊ နိုင်ငံ ရေရှည် တည်ငြိမ်အေးချမ်းရေး အာမခံနိုင်မှု အလားအလာတွေကို ထိခိုက်ပျက်စီး သွားစေခဲ့တယ်လို့ EU ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝါဒ အကြီးအကဲ Catherine Ashton က မနေ့က ပြောကြားလိုက်ပါတယ်၊၊

ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝါဒ အကြီးအကဲ Catherine Ashton နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့ ဘယ်လဂျီယမ်နိုင်ငံ ဘရပ်ဆယ်မြို့တွင် ၂ဝဝ၉ ခုနှစ် ဒီဇင်ဘာလ ၄ ရက်နေ့က တွေ့ဆုံစဉ်။ (U.S. Embassy Brussels photo by Freddy Moris)

အခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပဖို့ စီစဉ်ထားတဲ့ မြန်မာအာဏာပိုင်တွေအနေနဲ့ နိုင်ငံတကာရဲ့ တောင်းဆိုချက်တွေအတိုင်း ဒေါ်အောင်ဆန်းစုကြည် နဲ့ တခြား နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး နိုင်ငံရေး လုပ်ငန်းစဉ်မှာ ပါဝင်ခွင့်ပေးဖို့ကိုလည်း ဥရောပပါလီမန်က ထပ်မံ တောင်းဆိုလိုက်ပါတယ်၊၊

ဒါ့ပြင် မြန်မာအာဏာပိုင်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ နောက်ဆုံး အယူခံတင်တဲ့အခါ တရားဥပဒေ နည်းလမ်းအရ ဆောင်ရွက်ပေးနိုင်တဲ့ အခွင့်အရေးတခု ရှိသေးတယ်လို့လည်း ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝါဒ အကြီးအကဲ Catherine Ashton က ပြောပါတယ်၊၊

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Tuesday, March 2, 2010

ရွှေတိဂုံ ဘုရားပေါ်တွင် သံဃာတွေကို နှောက်ယှက်နေ

2010-03-01 ( RFA )

ရန်ကုန်မြို့ ရွှေတိဂုံဘုရားပေါ်မှာ ဘုရားဝတ်ပြုဖို့ လာကြတဲ့ သံဃာတော်တွေကို ဘုရားရဲနဲ့ စောင့်ရှောက်ရေး တာဝန်ချထားတဲ့ သံဃာတော်တွေက အခုတလော စစ်ဆေးမေးမြန်းမှုတွေ လုပ်နေတာကြောင့် သံဃာတော်တွေသာမက ဘုရားဝတ်ပြုတဲ့ ပြည်သူတွေပါ စိတ်အနှောက်အယှက် ဖြစ်နေကြရတယ်လို့ သိရပါတယ်။

ညောင်တုန်းမြို့ ပေါက်အင်းကျောင်းတိုက်က ဝါတော် ၂၉ ဝါရှိတဲ့ သံဃာတော် ဦးအရဟံသိဒ္ဓိ ဟာ တခြား သံဃာတော် ၆ ပါးနဲ့အတူ ရွှေတိဂုံဘုရား အလယ်ပစ္စယံကို သွားပြီး ဘုရားဝတ်ပြုရာမှာ စိတ်အနှောက်အယှက် ဖြစ်ခဲ့ရပုံ အကြောင်းစုံကို အာအက်ဖ်အေကို မိန့်ပါတယ်။

ဦးအရဟံသိဒ္ဓိ။ ။'တရားထိုင်တယ်၊ ပုတီးစိတ်တဲ့အခါကျတော့ ဘုရားရဲ နဲ့ စောင့်ရှောက်ရေး သံဃာလို့ခေါ်တဲ့ ဘုန်းကြီးကနေပြီးတော့ ရုံးခန်းထဲခေါ်ပြီး ဦးဇင်းကို စစ်ဆေး မေးမြန်းတယ်။ အရှင်ဘုရား မှတ်ပုံတင်ပြပါတဲ့။ မှတ်ပုံတင် ပြတဲ့အခါကျတော့ မှတ်ပုံတင်ကလည်း မှန်ကန်တယ်ပေါ့လေ။ နောက်ပြီးတော့ ဦးဇင်းက ဒီ ရွှေတိဂုံဘုရား ကနေပြီးတော့ကာ အထက်ပစ္စယံပေါ်မှာ ပုတီးစိတ်တဲ့ ကဒ်ပြားပေါ့ဗျား၊ ခွင့်ပြုချက် ပေးထားတဲ့ လက်မှတ်တွေ ထုတ်ပြတယ်။ ထုတ်ပြတဲ့အခါကျတော့ အကုန်လုံး မှန်ကန် တိကျနေတဲ့ အခါကျတော့၊ ဒါဖြင့်ရင် အရှင်ဘုရားကို ဓာတ်ပုံရိုက်မယ်လို့ ပြောတယ်။ ဓာတ်ပုံရိုက်မယ်ဆိုတော့ ဟာ- ဓာတ်ပုံရိုက်မှာ ဘယ်သဘောနဲ့ ရိုက်မှာလဲ၊ ဓာတ်ပုံရိုက်တယ် ဆိုတာက ဟိုး ရှေးတုန်းက ဆိုလို့ရှိရင် မသမာတဲ့ ပုဂ္ဂိုလ်တွေ ဘာတွေမှသာ ဓာတ်ပုံ ရိုက်တာ။ ဒါက ကျုပ်တို့ ပုတီး တက်စိတ်တာကို ဘယ်လိုကြောင့် ဓာတ်ပုံရိုက်ရမလဲ။
အဲ့ဒါနဲ့ အရှင်ဘုရားတဲ့၊ ဒါဖြင့် လက်မှတ်ထိုးတဲ့။ လက်မှတ်ထိုး ဆိုတဲ့အခါကျတော့ စက္ကူအဖြူကြီးပေါ် လက်မှတ် ထိုးခိုင်းတယ် ဦးဇင်းကို။ အရှင်ဘုရားတဲ့ ဒီလက်မှတ် ထိုးပြီးရင်ပြီးရော ဆိုတဲ့အခါကျတော့ ကျုပ်ကလည်း အဲ့ဒါ လက်မှတ် ထိုးပေးလိုက်တယ်ဗျား။ မြန်မြန်ပြီးအောင်လို့ ဆိုပြီးတော့'

အလားတူ ဧရာဝတီတိုင်းအတွင်းက ဝါတော် သုံးဆယ်နီးပါး ရှိပြီဖြစ်တဲ့ သံဃာတော် ဦးပဏ္ဏိတ ကလည်း ရွှေတိဂုံဘုရားမှာ ဥပုဒ်နေ့နဲ့ တနင်္ဂနွေနေ့တွေမှာ အပတ်စဉ်သွားပြီး ပဌာန်းရွတ်ဆို၊ တရားထိုင် စတာတွေ ပြုလုပ်နေရာမှာ ဘုရားပေါ်မှာရှိတဲ့ စောင့်ရှောက်ရေး သံဃာ လို့ခေါ်တဲ့ ဘုန်းကြီးတွေက ခေါ်ယူစစ်ဆေး မေးမြန်းတာကို မကြာခဏ ဆိုသလို ခံနေရတဲ့အကြောင်း ပြောပါတယ်။

ဦးပဏ္ဏိတ။ ။'ပထမတခါက ဘုန်းကြီးက ပဌာန်းရွတ်နေတာ။ ဘုန်းကြီး တရားထိုင်နေတဲ့ အချိန်မှာ ဘုန်းကြီးကို ဘုန်းကြီး ဘုရားတက်စရာ မလိုဘူးပေါ့။ အဲ့ဒီနေ့က သံဃာလည်း များတယ် တကာကြီးရ။ သံဃာ ဆယ့်လေးငါးပါးလောက် ရှိမယ်။ ဘုန်းကြီးတို့ ရှစ်ပါး ကိုးပါးလောက်ကို ခေါ်ပြီးတော့ အဲ့လိုပေါ့- ဘုရားတက်စရာ မလိုဘူး၊ ဘုရားအလုပ်လုပ်တာ ကိုယ့်ကျောင်းလည်း ကိုယ်လုပ်လို့ရတာပဲ၊ သူတို့က မဆင်းဘူးလား ဆင်းမလား။ ကျန်တဲ့ သံဃာတွေက ပြောတယ်၊ သူတို့က အဲ့လို ခေါ်ပြီးတော့ အရင်တုန်းက သင်္ကန်းချွတ်ဖူးတယ်။ သပိတ်တောင်မှ ဘုရားပေါ်တက်ပြီး ပိုက်လို့မရဘူး။ ဘုရားပေါ် တက်လို့ရှိရင် သံဃာစုရင် သူတို့က သူတို့ရန်သူ အောက်မေ့နေတာ။ အဲ့လိုပြောတဲ့ အခါကျတော့ ဘုန်းကြီးကလည်း မတက်ပဲ ပြန်မယ်ဆိုပြီးတော့ ဘုန်းကြီးတို့ ပြန်ထွက်တာပေါ့ တကာကြီးရာ'

သံဃာတော်တွေသာမက မြန်မာပြည် နေရာအနှံကနေ ဘုရားဖူးဖို့ လာကြတဲ့ ပြည်သူတွေကိုလည်း ခေါ်ပြီး စစ်ဆေး မေးမြန်းတာတွေ ရှိနေတာကြောင့် ဒါဟာ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မဖြစ်သင့်ကြောင်း ဦးဇင်း ဦးပဏ္ဏိတ ကပဲ ဆက်မိန့်ပါတယ်။

ဦးပဏ္ဏိတ။ ။'ဘုန်းကြီးတို့မှာ အခု အပြစ်လည်း မရှိဘူး။ ဘုရားသားတော် ဘုရားမှာ တက်တယ်ပေါ့ ဒကာကြီးရာ နော်။ အခု ပဌာန်းရွတ်တယ်၊ ပုတီးစိတ်တယ်၊ တရားထိုင်တယ်။ ဒါ ဘုရားသားတော် ဘုရားအလုပ် လုပ်တာကို ၊ အဲ့ဒါကို သူတို့က အပွင့်လင်းဆုံး ပြောရရင်တော့ ဘုန်းကြီးတို့ ဘုရားပေါ်တက်တာကို သူတို့ကို တော်လှန် ပုန်ကန်မယ့် ပုံစံ။ ဘုန်းကြီးတို့ သံဃာတွေကို မစုစည်းအောင်၊ သံဃာတွေကို ကြောက်အောင် လန့်အောင်၊ ဘုရား မတက်နိုင်အောင်။ ဘုန်ကြီးတို့တင် မကဘူး ဒကာကြီး၊ အခု ဒကာ ဒကာမတွေလည်း တက်လာ။ ဒါ ဘုန်းကြီးနဲ့တော့ မဆိုင်ဘူး မြင်တွေ့ နေရတာပေါ့။ ဟာ ဟိုဟာစစ် ဒီဟာစစ်။ ဘုရားပေါ် မတက်ရဲအောင် လှန့်ပြီးတော့ ထုတ်နေတဲ့ သဘောမျိုး ဖြစ်နေတယ် ဒကာကြီး။
အဲ့ဒါလေးတွေကို သိစေချင်တဲ့ သဘောနဲ့ ဘုန်းကြီးတို့က အခု ပြောကြားရခြင်း ဖြစ်တယ် ဒကာကြီးရ'

ပြီးခဲ့တဲ့ ပြည်ထောင်စုနေ့ ကလည်း ရွှေတိဂုံ အလယ်ပစ္စယံမှာ တရားအားထုတ်ဖို့ ရောက်သွားခဲ့တဲ့ သံဃာတော် ၆ ပါးကို ဘုရားရဲနဲ့ စောင့်ရှောက်ရေး သံဃာတော်တွေက ခေါ်ယူစစ်ဆေး မေးမြန်းပြီး နောက်တခါ ဘုရားပေါ် မတက်တော့ပါဘူး ဆိုတဲ့အကြောင်း လက်မှတ် ထိုးခိုင်းတယ်လို့ သိရပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

အသွင်ပြောင်းရေး အချိန်တိုးပေးရန် နအဖ ထံ ‘၀’ ခေါင်းဆောင် ထပ်မံစာရေးတောင်းဆို

Monday, 01 March 2010 18:44 သျှမ်းသံတော်ဆင့်

‘၀’ ပြည် သွေးစည်းရေး တပ်မတော်ခေါင်းဆောင် ပေါက်ယူချမ်း နှင့် စရဖ အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်တို့ သျှမ်းပြည် မြောက်ပိုင်း တန့်ယန်းမြို့၌ တွေ့ဆုံပြီး နောက်ပိုင်း UWSP/UWSA နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးအတွက် အချိန်ထပ် တိုးပေးရန် နအဖထံသို့ ထပ်မံစာရေး တောင်းဆိုလိုက်သည်ဟု စုံစမ်း သိရှိရပါသည်။

“၂၇ ရက် မနက် ၈ နာရီကနေ ညနေ ၁၆း၃၀ အထိ ဗဟို ကော်မတီဝင် ၂၂ ဦး ပန်ဆန်းဌာနချုပ်မှာ အစည်း အဝေးထိုင် တယ်။ အဲဒီ့ ကနေတဆင့် အများဆန္ဒ သဘောထားကိုကောက်ယူပြီး ဗိုလ်ရဲမြင့် ထံ အဓိက အကြောင်းရင်း ၂ ချက် တင်ပြခဲ့တယ်” - ဟု အဆိုပါ ၀ အရာရှိက ဆက်လက် ပြောပြပါသည်။

ဗိုလ်ချုပ် ရဲမြင့် ထံသို့ ‘၀’ ပေးစာ


အဓိက အကြောင်းရင်း ၂ ချက်မှာ-

၁။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတွင် မိုင်းပေါက် နှင့် မိုင်းဖျဲန် နယ်မြေကိစ္စ ရှင်းရှင်း လင်းလင်း ဖေါ်ပြထားခြင်း မရှိသောကြောင့် ဥပဒေကြောင်းအရ တပ်မတော်အစိုးရနှင့် ဆက်လက်ဆွေးနွေး ဖြေရှင်းလိုခြင်း၊

၂။ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးနှင့်ပါတ်သက်၍ ‘၀’ တို့၏ တင်ပြချက် ၉ ချက်အပေါ် ဖြေရှင်း ပေးစေလိုကြောင်း တပ်မတော်အစိုးရနှင့် ဆက်လက် ဆွေးနွေးနိုင်ရန် တင်ပြချက်များအား အချိန်ယူ စဉ်းစားပေးမည်ဟုလည်း မျှော်လင့်ကြောင်း စသဖြင့် တင်ပြခဲ့သည်ဟုပြောပါသည်။

တန့်ယန်းတွေ့ဆုံပွဲ နှင့် ပတ်သက်ပြီး တရုတ်ပြည် ယူနန်ပြည်နယ် အစိုးရ ထံသို့လည်း အလားတူ တစောင်ပေး ပို့ခဲ့သည် ဟုလည်းဆို၏။

တရုတ်ပြည် ယူနန်ပြည်နယ် အစိုးရထံပေးပို့သည့်စာတွင် ‘၀’ ပြည်နယ်အစိုးရ တင်ပြထားသည့် အချက် ၉ ချက် အား ဒုဗိုလ်ချုပ်ကြီး ရဲမြင့်နှင့်အဖွဲ့က ထည့်သွင်း ဆွေးနွေးခြင်းမရှိ၊ ‘၀’ ဘက်မှ ထိုင်နားထောင်ရခြင်း သက်သက်ဖြစ်၊ ဆွေးနွေးပွဲ အစီအစဉ် အချိန်ကာလအားလုံး နအဖ ဘက်ကသာ သတ်မှတ်ကာ အသွင်ပြောင်းရန်သာ တဘက်သတ်ဖိပြော၊ အစည်းအဝေးမှာ တိုးတက်မှု တစုံတရာ မရှိ - စသဖြင့် ရေးသား တင်ပြထားသည်ဟု ဆို၏။

ဖေဖေါ်ဝါရီ ၂၅ ရက် တန့်ယန်း ဆွေးနွေးပွဲ မတိုင်မှီ ကတည်းက နယ်စပ်လုံခြုံရေးအတွက် အကြောင်းပြကာ နအဖဘက်မှ တပ်မအင်အား ၂ ခု ‘၀’နယ်အတွင်း ပို့ဆောင်မည့်အကြောင်း တရုတ်မှတဆင့် ဖိအားပေးထား မှုအပေါ် “မည်သည့် လက်နက်ကိုင် တပ်ဖွဲ့မဆို ၀ ပြည်နယ်အစိုးရ ခွင့်ပြုချက် မရဘဲ ၀ နယ်ထဲ ၀င်ရောက်လာပါက မိမိကိုယ် မိမိကာကွယ်သည့်မူအရ အသက်ရင်း ခုခံတိုက်ခိုက်သွားမည်” ဟူ၍လည်း အတိအလင်း ပြောကြား ခဲ့သေး၏။

ဖေဖေါ်ဝါရီ ၂၅ ရက်နေ့ (မွန်းလွဲပိုင်း၌ တွေ့ဆုံ၊ ၂၆ ရက်နေ့ ပြန်လည်ထွက်ခွာ) တန့်ယန်း တွေ့ဆုံ ဆွေးနွေးပွဲအား ‘၀’ ပြည် သွေးစည်းရေးပါတီ ဥက္ကဌပေါက်ယူချမ်း ကိုယ်တိုင် သွားရောက်ခြင်းသည် တရုတ်မှ ဖိအားပေး မှုကြောင့် ဟု ဆိုနိုင်သော်လည်း နအဖ နှင့် ၀ အကြား ဆွေးနွေးမှုတွင် နအဖ သဘောထားမည်မျှ တင်းမာသည်ကို တရုတ်တို့အား လက်တွေ့ ရှုမြင်လိုသည့် ဆန္ဒကြောင့်လည်း ဖြစ်ကြောင်း ပြောပြပါသည်။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

Sunday, February 28, 2010

ဒီပဲယင်းကိစ္စအလွန် မြန်မာနိုင်ငံရေး - အပိုင်း (၁)

ဆောင်းပါးရှင် - ဗိုလ်မှူး အောင်လင်းထွဋ်

စာဖတ်ပရိတ်သတ်များခင်ဗျား

မြန်မာနိုင်ငံ အတွင်းတွင် ၂၀၀၃ ခုနှစ် မေလ (၃၀) ရက်နေ့က ဖြစ်ပွားခဲ့သော နိုင်ငံရေး လုပ်ကြံမှုကြီးကို ယနေ့ထိတိုင် မြန်မာနိုင်ငံသူ နိုင်ငံသားများ အမှတ်တရ ရှိနေကြမည် ဖြစ်ပါသည်။ ၁၉၄၇ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့ ဗိုလ်ချုပ် အောင်ဆန်း နှင့်တကွ အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ရသည့် နေ့ပြီးလျှင် ဒီပဲယင်း လုပ်ကြံမှုကြီးသည် မြန်မာနိုင်ငံ အတွက် ဒုတိယ အမဲစက်တစ်ခု ဖြစ်ပါသည်။ ပို၍ ဆိုးသည့်အချက်မှာ တိုင်းတပါး၏ ပရောဂ မပါဘဲ ပြည်တွင်းက မြန်မာလူမျိုး အာဏာရှင်ကြီးဖြစ်သည့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကိုယ်တိုင် စီမံလမ်းညွှန်ခဲ့သည့် နိုင်ငံရေး လုပ်ကြံမှုကြီး ဖြစ်သည် ဆိုသည့် အချက်ပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် ဒီပဲယင်းအရေးအခင်း ပြီးသည့်နောက် ခေါင်းရှောင်သည့် အနေဖြင့် ဝန်ကြီးချုပ်ရာထူးကို ဗိုလ်ချုပ်ကြီးခင်ညွှန့်ထံ လွှဲပြောင်းပေးခဲ့သည်။ ထို့နောက် ဗိုလ်ချုပ်ကြီး ခင်ညွှန့်အား ဒီပဲယင်းပြဿနာကို ပြည်တွင်းပြည်ပက ကျေနပ်သည့်အထိ ဖြေရှင်းရန် လမ်းညွှန်မှု ပေးခဲ့သည်။ ပြည်ပနိုင်ငံများသို့ ဖြေရှင်းရန် တာဝန်ကို နိုင်ငံခြားရေး ဝန်ကြီး ဦးဝင်းအောင် (အကျဉ်းထောင်တွင်း ကွယ်လွန်)၊ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဦးခင်မောင်ဝင်း တို့အား သီးသန့်တာဝန်ပေး ကာ ASEAN နိုင်ငံများနှင့် အာရှနိုင်ငံများသို့ လှည့်လည်ပြီး Photo Diplomacy အသုံးပြုကာ ထိုနိုင်ငံများက ကျေနပ်သည် အထိ လှည့်လည်ရှင်းပြခဲ့ရသည်။ အနောက်နိုင်ငံများကိုမူ သက်ဆိုင်ရာ သံအမတ်ကြီးများမှတဆင့် ရှင်းလင်းမှုများ လုပ်ခဲ့ကြ ရသည်။ ပြည်တွင်းတွင်လည်း ပြည်သူများ ကျေနပ်စေရန် Road Map (၇) ချက်ကို ချပြပြီး မြန်မာနိုင်ငံ၏ ထွက်ပေါက် နိုင်ငံရေးလမ်းကြောင်းကို ချပြခဲ့သည်။


ဒီပဲယင်းကိစ္စအလွန် ပြည်တွင်း - ပြည်ပက ကျေနပ်မှုရှိစေရန် ဗိုလ်ချုပ်ကြီးခင်ညွှန့်၏ အဓိက ဖြေရှင်းမှုသည် ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံရေး အခန်းကဏ္ဍပင် ဖြစ်ပါသည်။ ထိုစဉ်က ဖြေရှင်းမှုများမှာ မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေးတွင် တပ်မတော်သည် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) နှင့် လက်တွဲ လုပ်ဆောင် သွားမည်ဆိုသော အချက်ပင် ဖြစ်ပါသည်။

အဆိုပါ အချက်ကို ပြည်ပနိုင်ငံများက ထောက်ခံခဲ့ကြသကဲ့သို့ ပြည်တွင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အပါအဝင် နိုင်ငံရေး အင်အားစုများကလည်း ကောင်းချီး သြဘာ ပေးခဲ့ကြပါသည်။ အလားတူပင် တပ်မတော် အတွင်းမှ အရာရှိ အကြပ်တပ်သားများ၊ နိုင်ငံတော်ဝန်ထမ်းများ၊ ဘုရားသားတော်များ၊ ကျောင်းသား၊ အလုပ်သမားများ၊ လယ်သမား များ အပါအဝင် ပြည်သူတရပ်လုံးက ဝမ်းသာအားရ ကြည်နူးခဲ့ရပါသည်။ ငါတို့ မြန်မာပြည်ကြီး ဒုက္ခအပေါင်းမှ ကင်းဝေး တော့မည် ဆိုသော မျှော်လင့်ချက်ကြောင့်ပင် ဖြစ်ပါသည်။

ဗိုလ်ချုပ်ကြီးခင်ညွှန့် သည် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် NLD ခေါင်းဆောင်များနှင့် ညှိနှိုင်း ဆွေးနွေးရန်အတွက် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီး တင်လှိုင်၊ ဒုတိယ တပ်မတော် ထောက်လှမ်းရေးချုပ် ဗိုလ်ချုပ် ကျော်ဝင်း၊ တပ်မတော် ထောက်လှမ်းရေးမှူးချုပ်ရုံ ဌာနကြီးမှူး ဗိုလ်မှူးချုပ် သန်းထွန်းတို့အား သီးသန့် တာဝန်ပေး၍ ညှိနှိုင်းစေခဲ့ပါသည်။ ထိုကဲ့သို့ ဆောင်ရွက်မှုများကို ဗိုလ်ချုပ်ကြီး ခင်ညွှန့်အနေဖြင့် တပ်ချုပ် - ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ နေ့စဉ် နံနက် (၉) နာရီ အချိန်တိုင်း ဒီပဲယင်းပြဿနာ ဖြေရှင်းမှုများအဖြစ် တင်ပြ အစီရင်ခံပြီး လုပ်ဆောင်ခဲ့ရသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် ညှိနှိုင်းဆွေးနွေးရာတွင် အဓိက ဖြေရှင်းခဲ့ရသည့် အချက်များမှာ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကိစ္စ၊ ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသားများ ကိစ္စ၊ အမျိုးသားညီလာခံပါ အချက်အလက်အချို့ကို ပြန်လည်ဆွေးနွေးရေးကိစ္စ ဆိုသည့် NLD ၏ အဓိက အချက်များပါဝင်သကဲ့သို့ ဖြစ်ပြီးခဲ့သမျှကို သင်ပုန်းချေရေး၊ တပ်မတော် အား မြန်မာနိုင်ငံရေးတွင် အချိန်ကာလတစ်ခုထိ ပါဝင်ခွင့်ပေးရေး စသည့် တပ်မတော်၏ သဘောထားဆန္ဒများလည်း ပါဝင်ခဲ့ပါသည်။ ၁၉၉၀ ရွေးကောက်ပွဲနှင့် ပတ်သက်၍ NLD မှ တင်ပြရာတွင် ပြည်သူများက ရွေးကောက် တင်မြှောက်ခဲ့သဖြင့် NLD သည် ရွေးကောက်ပွဲတွင် အနိုင်ရသည်ကို တပ်မတော် အစိုးရ ကလည်း အသိအမှတ်ပြုခဲ့ပြီးဖြစ်၍ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ပစ်ပယ်မည်ဆိုလျှင် NLD အနေဖြင့် ပြည်သူလူထုကို စော်ကားရာ သစ္စာဖောက်ရာ ရောက်မည်ဖြစ်သည်။

ထို့ကြောင့် တပ်မတော်အစိုးရ အနေဖြင့် NLD နှင့် ပြည်သူများအတွက် ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို တနည်းနည်းဖြင့် အသိအမှတ်ပြုစေလိုကြောင်း၊ NLD နှင့် ဆက်စပ် ၍သော်လည်းကောင်း မြန်မာနိုင်ငံ ဒီမိုကရေစီ အရေးအတွက် လုပ်ဆောင်ရင်း ဖမ်းဆီးခံနေရသူများကို အကျဉ်းထောင်အတွင်းမှ ပြန်လွှတ် ပေးစေလိုကြောင်း၊ အမျိုးသားညီလာခံ တွင် အချို့ အချက်များသည် ကျေလည်အောင် ပြန်လည်ဆွေးနွေးရန် လိုအပ်သဖြင့် ဆွေးနွေးခွင့်ပေးစေလိုကြောင်း စသည့် အချက်များ ပါဝင်ခဲ့ပါသည်။ တပ်မတော်ဘက်မှ ပြောကြားသည့် ဒီပဲယင်းကိစ္စနှင့် ပတ်သက်၍ နိုင်ငံတော်အတွက် သင်ပုန်းချေမည်ဆိုပါက NLD အနေဖြင့် ကန့်ကွက်ရန် မရှိကြောင်း၊ တပ်မတော်၏ မြန်မာနိုင်ငံရေးတွင် အချိန် အတိုင်းအတာ တစ်ခုအထိ ပါဝင်ခွင့်ပေးရေးကိစ္စကိုမူ အမျိုးသားညီလာခံတွင် ဆက်လက်ဆွေးနွေးရန် စသည်ဖြင့်လည်း NLD က ပြန်လည် ဆွေးနွေးခဲ့ပါသည်။

NLD ၏ ဆွေးနွေးချက်များနှင့် ပတ်သက်၍ စေ့စပ်ညှိနှိုင်းရေးအဖွဲ့သည် ဗိုလ်ချုပ်ကြီး ခင်ညွှန့်နှင့်အတူ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ ရုံးခန်းသို့ သွားရောက် သတင်းပို့ရပါသည်။ စေ့စပ် ညှိနှိုင်းရေးအဖွဲ့သည် ဒုတိယ ဗိုလ်ချုပ်မှူးကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွှန့်တို့ ရှေ့တွင်ပင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအား NLD ၏ ဆွေးနွေးချက်များ၊ သဘောထားများကို အသေးစိတ် ရှင်းလင်းတင်ပြရပါသည်။ အဆိုပါတင်ပြချက်များနှင့် ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက မူအရ သဘောတူကြောင်းနှင့် အသေးစိတ် ဆက်လက်ဆွေးနွေးရန် ညွှန်ကြားခဲ့ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏မူအရ သဘောတူညီချက်အပေါ် အခြေပြုကာ စေ့စပ်ညှိနှိုင်းရေး အဖွဲ့သည် NLD နှင့် ဆက်လက် ဆွေးနွေးမှုများကို ပြုလုပ်ခဲ့ရ ပါသည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ခွင့်ပြုချက်အရ NLD ခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွတ်လွတ်လပ်လပ် တွေ့ဆုံနိုင်ရေးကို စီစဉ်ဆောင်ရွက်ပေးခဲ့ပါသည်။

စေ့စပ် ညှိနှိုင်းရေးအဖွဲ့ အနေဖြင့် NLD နှင့် အသေးစိတ် ညှိနှိုင်း ဆွေးနွေးပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မှ ဆက်လက် လမ်းညွှန်ပေးရန် အဖွဲ့ခေါင်းဆောင် ပြည်ထဲရေးဝန်ကြီး ဗိုလ်မှူးကြီးတင်လှိုင် က တင်ပြခဲ့ရပါသည်။


အပိုင်း (၂) ကို နောက်တစ်ပတ် စနေ (၇-၃-၂၀၁၀) နေ့တွင် ဆက်လက်ဖော်ပြသွားပါမည်။

source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

ရွှေပြည်သာစက်ရုံ နောက်ထပ်တရုံက အလုပ်သမားတွေ ထပ်မံဆန္ဒပြ

2010-02-27 ( RFA )

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာရှိတဲ့ Good Family အထည်ချုပ်စက်ရုံက အလုပ်သမားတွေ ဖေဖော်ဝါရီ ၂၆ ရက် မနေ့က မနက်ပိုင်းမှာ ရပိုင်ခွင့် ရရှိရေး အတွက် ဆန္ဒပြခဲ့ကြတယ်လို့ စုံစမ်းသိရှိရပါတယ်။

အဲဒီဆန္ဒပြမှုမှာ အလုပ်သမား နှစ်ရာကျော်လောက်ပါဝင်ပြီး၊ တောင်းဆိုချက် ၈ ချက် တင်ပြကြတယ်လို့ သူတို့နဲ့ နီးစပ်သူတဦးက RFA ကို ပြောပါတယ်။

"အဓိကကျတဲ့ အချက်ကတော့ တနင်္ဂနွေနေ့ကို အလုပ်ပိတ်ပေးဖို့ နောက်တခါ အလုပ်သမားတွေအပေါ်မှာ ရိုင်းပျစွာ ဆက်ဆံမှုတွေကို ရုတ်သိမ်းပေးဖို့၊ နောက်တခုက OT ကြေးပိုပေးဖို့၊ နောက်တခုက တရားဝင် ဖူလုံရေးကဒ်လေးတွေ ထုတ်ပေးဖို့၊ အရွယ်မရောက်သေးတဲ့ ၁၄ - ၁၅ နှစ် ကလေးတွေ လုပ်နေကြတယ်လေ၊ အဲဒါလေးတွေကျတော့ ဖူလုံရေးကဒ်တွေ ထုတ်ပေးမထားဘူး။"

အဲဒီ အထည်ချုပ်စက်ရုံ အလုပ်သမားတွေရဲ့ ဒီတောင်းဆိုမှုတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေက မေးမြန်းစုံစမ်းပြီး ဓာတ်ပုံတွေ ရိုက်ယူသွားတယ်လို့ ဆိုပါတယ်၊ ဒီတောင်းဆိုချက်တွေ လိုက်လျောနိုင်အောင် ကြားဝင်ဆောင်ရွက်ပေးဖို့ ကတိပေးသွားတယ်လို့ သိရကြောင်းလည်း စောစောက အမျိုးသမီးကပြောပါတယ်။

အလုပ်သမားတွေရဲ့ ဆန္ဒပြတောင်းဆိုမှုတွေဟာ ဒီလထဲမှာ မကြာခဏ ဖြစ်ခဲ့ပါတယ်။ အဲဒီမှာ ဖေဖော်ဝါရီလ ၈ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ လှိုင်သာယာ စက်မှုဇုန်က အိုပယ်ဝမ်း၊ အိုပယ် တူး၊ ခင်ချို စတဲ့ အထည်ချုပ်စက်ရုံတွေ အပါအဝင် တိုင်ရီ၊ ကျားလေး၊ မြန်မာစန္ဒီ ဖိနပ်စက်ရုံတွေက အလုပ်သမားတွေ ဆန္ဒပြခဲ့ကြသလို၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ကလည်း ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ကွက်သစ်ရပ်ကွက် ဖန်ချက်လမ်းမှာ ရှိတဲ့ Lion City အထည်ချုပ်စက်ရုံက အလုပ်သမား ၈ဝ လောက် ဆန္ဒပြခဲ့ကြပြီး၊ တောင်းဆိုချက်တွေ အတန်အသင့် ရရှိခဲ့တယ်ဆိုတဲ့ သတင်းတွေလည်း အာအက်ဖ်အေကတင်ပြခဲ့ပါတယ်။

အလုပ်သမားတွေ မနေ့က ဆန္ဒပြခဲ့တဲ့ Good Family အထည်ချုပ်စက်ရုံဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ဆန္ဒပြမှုဖြစ်ခဲ့တဲ့ Yes Two အထည်ချုပ် စက်ရုံအနီးကဖြစ်ပြီး၊ ဒီကနေ့ အခြေအနေ ပြန်လည်ငြိမ်သက် နေတယ်လို့သိရပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...