Saturday, January 16, 2010

ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန်ပါမောက္ခ တွေ့ဆုံဆွေးနွေး

2010-01-16 ( RFA )

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့တဖွဲ့ ဒီကနေ့ မနက် ၁၁ နာရီက ရန်ကုန်မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာမှာ တွေ့ဆုံခဲ့ကြတယ်လို့ မျက်မြင်သက်သေတွေက အာအက်ဖ်အေကို ပြောပါတယ်၊၊ အမေရိကန်အဖွဲ့ကို ဦးဆောင်သူက ဝါရှင်တန်ဒီစီမြို့တော် Johns Hopkins တက္ကသိုလ်၊ အရှေ့တောင်အာရှ လေ့လာရေးဌာန ပါမောက္ခ ကားလ် ဂျက်ဆင် Karl Jackson ဖြစ်တယ်လို့ သိရပါတယ်။



၁၉၉၁ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ယခင်တချိန်က မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။ (Photo: AFP)

ပါမောက္ခဂျက်ဆင် ဦးဆောင်တဲ့ အဖွဲ့ဝင် ၆ ဦးပါ ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာ့နိုင်ငံရေးနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက်တွေ စုဆောင်းရယူနိုင်ဖို့ မြန်မာနိုင်ငံမှာ ရောက်ရှိနေတာ သီတင်းတပတ်လောက် ရှိနေပြီဖြစ်ပြီး ပြီးခဲ့တဲ့ တနင်္လာနေ့က NLD ရုံးချုပ်မှာ ပါတီ တာဝန်ရှိပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်အစိုးရရဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့လည်း အခုနှစ်အတွင်း ပထမဆုံးအကြိမ် အဖြစ် မနေ့က တွေ့ဆုံခဲ့ပါတယ်။ ပါမောက္ခဂျက်ဆင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ရဲ့ အခု ခရီးစဉ်အတွင်း စစ်အစိုးရဘက်က ဘယ်သူတွေနဲ့ တွေ့ဆုံတယ်ဆိုတာ လောလောဆယ် အတိအကျ မသိရသေးပါဘူး။ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါမောက္ခဂျက်ဆင်ရဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံမှုဟာ နိုင်ငံတကာနဲ့ အပြန်အလှန် ထိတွေ့ခွင့်ရရှိတာ ဖြစ်တဲ့အတွက် ကြိုဆိုကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။

ပါမောက္ခဂျက်ဆင်ဟာ အမေရိကန် ဒု-လက်ထောက် ကာကွယ်ရေးဝန်ကြီးအဖြစ် ၁၉၈၆ ခုနှစ်ကနေ ၁၉၈၉ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပြီး အမေရိကန်သမ္မတရဲ့ အာရှဒေသဆိုင်ရာ အမျိုးသား လုံခြုံရေးကောင်စီ အကြီးတန်း ညွှန်ကြားရေးမှူးအဖြစ် ၁၉၈၉ ခုနှစ်ကနေ ၁၉၉၁ ခုနှစ်အထိ တာဝန်ယူခဲ့ပါတယ်။ ဒါ့ပြင် သူဟာ အမေရိကန် ဒုတိယသမ္မတရဲ့ အမျိုးသား လုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်အဖြစ်လည်း ၁၉၉၁ ခုနှစ်ကနေ ၁၉၉၃ ခုနှစ်အထိ ဆောင်ရွက်ခဲ့ပါတယ်။

လောလောဆယ် ပါမောက္ခဂျက်ဆင်ဟာ Johns Hopkins တက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံပါမောက္ခအဖြစ် ထမ်းဆောင်နေတဲ့အပြင် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌရဲ့ အကြံပေးပုဂ္ဂိုလ်၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်းရဲ့ အမှုဆောင် ဒုတိယဥက္ကဋ္ဌ စသဖြင့် နိုင်ငံတကာ စီးပွားရေးနဲ့ ဘဏ္ဍာရေး အဖွဲ့အစည်း အတော်များများမှာ အရေးပါတဲ့ ပုဂ္ဂိုလ်တဦးအဖြစ် ဆောင်ရွက်နေသူ ဖြစ်ပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

အရိပ်မျှပင် မမြင်ရသေးသော ပြောင်းလဲမှုကို ရင်ခုန်နေသူများသို့


ဆောင်းပါးရှင်- ဝေဟင် (ပြည်တွင်း တပ်မတော်လေ မှ အရာရှိတစ်ဦး)


စာဖတ်ပရိတ်သတ်များခင်ဗျား

ပင်တိုင်ဆောင်းပါးရှင် တပ်မတော် (လေ) မှ အရာရှိ ဝေဟင်က စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ်သို့ ဆောင်းပါးတစ်ပုဒ် ရေးသားပေးပို့လာပါတယ်။ ဒီဆောင်းပါးမှာ အခြေခံ ဥပဒေ အတည်ပြုရန် ဆန္ဒမဲပေးခဲ့ရတဲ့ အတွေအကြုံ သင်ခန်းစာများကို ဖော်ထုတ်ပြီး ၂၀၁၀ ရွေးကောက်ပွဲ မစတင်မီ ပြည်သူလူထုနှင့် တပ်မတော်သားများ ချင့်ချိန်သုံးသပ် နိုင်ကြစေဖို့ တင်ပြ ထားပါတယ်။ ရွေးကောက်ပွဲအပြီး နောက်တက်လာမဲ့ အရပ်သား အစိုးရလက်ထက်မှာ တပ်မတော်သားများ အနေနဲ့ အနာဂတ် လုပ်ဆောင်ရမယ့် အရာတွေကို စစ်အာနာဏာရှင်တွေက ပီပီပြင်ပြင် ပြောဆိုခြင်း မရှိသေးပုံတွေကိုလည်း တင်ပြထားပါတယ်။ ယခုလို ပေးပို့လာတဲ့အတွက် ကျွန်တော်ကိုဖိုးတရုတ်က ပင်တိုင် ဆောင်းပါးရှင် ဝေဟင်အား အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါတယ် ခင်ဗျား။

ပြည်တွင်း အင်တာနက်သုံးစွဲသူ ညီနောင်များစွာတို့သည် ဘန်းကျော်အရပ်ပီသစွာ အတားအဆီးမျိုးစုံနှင့် ရင်ဆိုင်နေကြရ ပါသည်။ စောင့်ကြည့်မှု များစွာကို ကျော်ဖြတ်ကာ အားပေးကြရသော တပ်တွင်းမှ ညီနောင်များအတွက် လုံခြုံရေးကို အထူး ဂရုပြုကြစေ လိုပါသည်။ ပြည်သူများထံ တပ်တွင်းဖြစ်စဉ်များအား အလုံခြုံဆုံး နည်းလမ်းမှ ပေးပို့ တင်ဆက်နေသော ကျွန်တော်ပင်လျှင် နောက်ကျော မလုံပါ။ သို့သော်လည်း အမိ မြန်မာနိုင်ငံနှင့် နိုင်ငံသားတို့၏ အကျိုးအတွက် သဲတစ်ပွင့်မျှ တာဝန်ကျေလျှင် ဟူသော ဆန္ဒဖြင့် နည်းလမ်းရှာ တင်ပြအပ်ပါသည်။


ကြံ့ဖွတ်များရဲ့ အရိပ်အောက်မှာ ဇောချွေးပြန်နေတဲ့ မဲရုံမှူးရဲ့ ဘဝ

လောကနိယာမ တရားအရ ပြောင်းလဲမှုကို လူတိုင်း စမ်းသပ်တွေ့ထိ လိုကြစမြဲ ဖြစ်ပါသည်။ ကျွန်တော်တို့ နိုင်ငံလို အဘက် ဘက်က ဖိနှိပ်မှုနှင့် နိမ့်ကျနေရသော ပြည်သူတို့အဖို့မူ ပြောင်းလဲမှုကို ပိုမို ရင်ခုန်နေကြသည်မှာ လောကသစ္စာ မှန်သော မျှော်လင့်ခြင်းပင် ဖြစ်ပေသည်။ ပြည်သူတို့နှင့် ထပ်တူခံစားနေရသော တပ်တွင်းမှ အရာရှိ/ စစ်သည်များ မိသားစုဝင်များ သည်လည်း ဤပြောင်းလဲခြင်း ဆိုသည်ကို မျှော်လင့်နေကြပါသည်။

စစ်အစိုးရ လက်ထက်ရောက်မှ စစ်ဝတ်က မပြည့်မစုံ၊ ရိက္ခာမှာတောင် တပ်၏ ပြယုဂ် ဖြစ်သော “ကုလားပဲ” ကိုတောင် မပေးနိုင်၊ လစာနဲ့ ကုန်ဈေးနှုန်းက အပြေးပြိုင် အမှီ မလိုက်နိုင်၊ တပ်သက်သာချောင်ချိရေး ဆိုပြီး စီမံချက်ပေါ်က စိုက်/မွေး ပြန်တမ်းတွေအတွက် ခွဲတမ်းချ စိုက်ကြ မွေးကြရ ဒုက္ခအ၀၀၊ ပလူပျံနေတဲ့ သင်တန်းမျိုးစုံကို စစ်သည်ရော မိသားစုဝင် တွေပါ တက်နေကြရတော့ မလောက်မငှနဲ့ လစာကကုန်… ဒီ အဖြစ်တွေကနေ လွတ်အောင်တော့ တခုခု အပြောင်းအလဲ ဖြစ်ရင်တော့ ကောင်းရဲ့လို့ မျှော်လင့်နေကြ ရတာတော့ အမှန်ပါ။

တပ်ထဲမှာ ဒီလိုဖြစ်နေတာကို တပ်ချုပ်ကြီးခမျာ နိုင်ငံရေးတာဝန်တွေပါ ဆောင်ရွက်နေရလို့ မသိရှာတာနေမှာ၊ ဒါမှမဟုတ် မသိချင်ယောင်ဆောင်နေတာလည်း ဖြစ်မှာပါ။ နောက်တက်မယ့် အရပ်သားအစိုးရကို အာဏာလွှဲပေးပြီးရင်တော့ တပ်ကိစ္စ တွေ ပိုဆောင်ရွက်နိုင်မယ်လို့ တွေးထင်ကြလို့တော့ မဟုတ်ပါဘူး။ အပြောင်းအလဲလေး ဖြစ်ရင်တော့ ဒီအဘိုးကြီးတွေအစား နောက်လာမယ့် သူတွေကတော့ ကောင်းအောင် လုပ်တန်ကောင်းရဲ့လို့ မျှော်လင့်မိကြတာပါ။ ဘာလို့လဲဆိုတော့ ၂၀၁၀ ရွေးကောက်ပွဲဟာ ဟန်ပြပဲ ဖြစ်မယ်ဆိုတာ တပ်ထဲကလူတိုင်း နားလည်နေကြလို့ပါ။ သက်သေရှိလို့လားလို့ မေးရင်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ အတည်ပြုရေး ဆန္ဒခံယူပွဲ ဖြစ်စဉ်နဲ့ ရှင်းပြပါဦးမည်။


မူရင်းလင့်ခ်

အပြည့်အစုံ ဖတ်ရန် ...

Gmail Security

Gmail အသုံးပြုသူများအတွက် Gmail account တစ်ခုမှ တစ်ခုဆီသို့ Email များအားလုံးကို တစ်စောင်ချင်း forward လုပ်စရာမလိုပဲ အားလုံး တစ်ခါတည်း ပြောင်းနိုင်ရန်နဲ့ ကိုယ့် Gmail ကို ပိုမို စိတ်ချရအောင် Back Up လုပ်နိုင်ရန် အတွက် Gmail Back Up (or) Gmail Hacking တွင် အားလုံး ရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။

ယခု နောက်တစ်ခု ကတော့… ကိုယ့် password သိတဲ့ တစ်စုံတစ်ယောက်က ကိုယ့်ဆီက Email တွေကို ကိုယ်မသိပဲ ဖြစ်စေ၊ သိပြီးမှ ဖြစ်စေ ယူသွားခြင်း ခံလိုက်ရ သူတွေ အတွက်နဲ့ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေ အတွက် ပြန်ဖြေနည်း တစ်ခုပါ။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို ပထမ post မှာ ဖော်ပြခဲ့သလို နည်းလမ်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့ မရပေမယ့် အသစ်တွေ သူ့ ဆီမဝင်အောင် တားဖို့ လိုပါတယ်။ အဲဒီအတွက် သိသင့်တဲ့ အချက် များ ကို တစ်ပိုင်းချင်း ဖော်ပြပေးပါမယ်။



ပထမ တစ်ခုကတော့ ကိုယ့်ထဲကနေ ထပ်မထွက်နိုင်အောင် အားလုံး ပိတ်ပစ်ဖို့ပါ။ လုပ်ဆောင်မှု အဆင့်ဆင့်ကတော့ အရမ်းရိုးရှင်းပါတယ်။

1. Settings ကိုသွားပါ။

2. Forwarding and POP/IMAP tab ကို ဆက်သွားပါ။

3. Forwarding, POP Download နဲ့ IMAP Access တို့ အားလုံးကို Disable forwarding, Disable POP နဲ့ Disable IMAP အသီးသီး ပေးလိုက်ပါ။

4. ပြီးရင် Save Changes button ကို click လိုက်ပါ။



အားလုံး ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ပိတ်လိုက်တဲ့ အချိန်က စ ပြီး နောက်ထပ် Mail တစ်စောင်မှ တစ်ခြားတစ်ယောက်ဆီ ရောက်မှာ မဟုတ်တော့ပါဘူး။

တကယ်လို့ ကိုယ် အားလုံး ကို Disable ပေးထားချိန်မှာ တစ်စုံတစ်ယောက်ယောက်က POP3 download နဲ့ download ချ ဖို့ ကြိုးစားမယ် ဆိုရင် သူ့ဖက်မှာ အောက်ဖော်ပြပါ ပုံ အတိုင်း ပေါ်နေပါလမ့်မယ်။



ဒုတိယ သိရမယ့် တစ်ခု ကတော့ ကိုယ့် Gmail account password ကို သိတဲ့ တစ်ယောက်ယောက်က ကိုယ့်ဆီကနေ Email တွေကို POP3 မှာ download ဆွဲနေတယ် ဆိုရင် ကိုယ့်ဆီ ကို ဝင်လာတဲ့ Email တစ်စောင်ဟာ ကိုယ့်ဆီက download ဆွဲနေတဲ့ လူဆီကို ချက်ချင်း မရောက်ပါဘူး။ အနည်းဆုံး ၁ နာရီ ကနေ အများဆုံး ၄ နာရီ အတွင်းမှာမှ download ချ လို့ရတာပါ။ ဆိုလိုတာက ကိုယ့်ဆီ ကို တစ်စောင် အသစ်ဝင်တာနဲ့ download ဆွဲနေတဲ့ လူဆီကို လည်း တစ်စောင် အသစ် ချက်ချင်း ဝင်တာ မဟုတ်ဘူး ဆိုတာပါပဲ။ တကယ်လို့ ကိုယ့်ဆီကို ဝင်လာတဲ့ Email တစ်စောင်ကို ဝင်လာပြီးလို့မှ တစ်နာရီ မကြာသေးခင်မှာပဲ delete ပေးလိုက်မယ်ဆိုရင် download ဆွဲနေတဲ့ လူဆီကို လုံးဝ ရောက်သွားမှာ မဟုတ်ပါဘူး။ download စ မဆွဲခင် အချိန်တုန်းက ရှိသမျှ Mail အားလုံးကတော့ မိနစ်ပိုင်းအတွင်း အားလုံး ရောက်မှာပါ။

တတိယတစ်ခု ကတော့ အန္တရာယ်အများဆုံး ကိစ္စ လို့ ပြောလို့ ရပါတယ်။ ကိုယ့်ရဲ့ Mail ကို တခြားလူ တစ်ယောက်ယောက် က POP3 download နဲ့ ပထမ post မှာ ဖော်ပြခဲ့သလို လုပ်သွားပြီးပြီ ထားပါတော့ အဲဒါဆိုရင် သူ့ရဲ့ Mail ထဲမှာ Compose Mail လုပ်မယ်ဆိုရင် အောက်မှာပြထားတဲ့ ပုံအတိုင်း From: ဆိုတဲ့ Dropdown လေးတစ်ခုအပိုပေါ်လာလိမ့်မယ်။



ပုံမှန် ဆိုရင် Compose Mail လုပ်ရင် အဲဒီ Dropdown မရှိပါဘူး။ ကိုယ့် Mail ထဲမှာပြန်ကြည့်ကြည့်ပါ။
ဘာလို့လည်း ဆိုတော့ ပုံမှန်ဆို Email တစ်ခုက Mail Address တစ်ခုတည်းကိုပဲ ပိုင်တာ ဖြစ်တဲ့အတွက် From: ဆိုတာ ပေါ်စရာ မလိုဘူးလေ။ ရွေးစရာမှ မလိုတာ။ ဒါပေမဲ့ အခုလိုဖြစ်သွားရင် Email တစ်ခုတည်းက Mail Address နှစ်ခု ပိုင်သလိုဖြစ်သွားပါတယ်။ ကိုယ့် Mail ကိုလည်း တစ်ဖက်လူက ပိုင်သွားပါပြီ။ အဲဒီတော့ အဲဒီ Dropdown မှာ သူ့ Mail ရယ်ကိုယ့် Mail ရယ် နှစ်ခု ပေါ်နေလိမ့်မယ်။ အဲဒီအထဲက သူကကိုယ့်ရဲ့ Mail ကိုရွေးပြီး အခြား တစ်ယောက်ယောက်ဆီကို Email ပို့လိုက်ရင် လက်ခံ ရရှိတဲ့သူက ကိုယ့်ဆီက ရတာလို့ပဲ ထင်သွားမှာပါ။

ဘာလို့လည်း ဆိုတော့ လက်ခံရရှိတဲ့သူဆီမှာကိုယ့် Mail Address သွားပေါ်နေမှာကိုး။ ပို့တာကသူ့ ထဲကပို့တာနော်။ ကိုယ်တောင် ဘာမှမသိလိုက်ရဘူး။ ကဲကိုယ့်ရဲ့ အရေးကြီးတဲ့ Contact တွေဆီကို ပေါက်ကရ Mail တွေလျှောက်ပို့ လိုက်လို့ ကတော့သေပြီ။ ဘယ်လောက် အန္တရာယ်များလဲ စဉ်းစားသာကြည့်ပေတော့။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ရဲ့အရေးကြီးတဲ့ Mail ရဲ့ Password ကိုဘယ်သူ့ကိုမှ မပေးတာအကောင်းဆုံးပါ။ Password ဆိုတာ Mail တစ်ခုရဲ့ အသက်ပါ။ Password ကို မကာကွယ်နိုင်ဘူးဆိုမှတော့ Mail ရဲ့အသက်လည်းသေပြီပေါ့။ အားလုံးပဲ ကိုယ့်ရဲ့ Email Password လေးတွေကို လုံလုံခြုံခြုံ သိမ်းနိုင်ကြပါစေ။

မူရင်းလင့်ခ်

အပြည့်အစုံ ဖတ်ရန် ...

Friday, January 15, 2010

လူကုန်ကူးခံရသူ မြန်မာအမျိုးသမီး ၃၃ ဦး တရုတ်အာဏာပိုင်တွေ နယ်စပ်ကနှင်ထုတ်

2010-01-15 ( RFA )

မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို လူပွဲစားတွေကတဆင့် ရောင်းစားခံထားရပြီး ကျန်းဖုန်းဒေသမှာ ဖမ်းဆီးခံခဲ့ရတဲ့ မြန်မာအမျိုးသမီး ၃၃ ယောက်ကို ဇန်နဝါရီလ ၁၂ ရက်နေ့ အင်္ဂါနေ့က တရုတ်မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ လွယ်ကျယ်မြို့ရဲ့ နှစ်နိုင်ငံနယ်စပ်ဂိတ်ကနေတဆင့် တရုတ်အာဏာပိုင်တွေက လွှဲပြောင်းပေးခဲ့တယ်လို့ သိရပါတယ်။



တရုတ်-မြန်မာနယ်စပ်၊ ကျယ်ဂေါင်-မူဆယ် နယ်စပ် ဂိတ်တံခါးကို တရုတ်မြို့ ကျယ်ဂေါင် ဖက်မှနေ၍ မြင်ရပုံ ဖြစ်ပါသည်။ (Photo: AFP)

အဲဒီလို လွှဲပြောင်းတဲ့အချိန်မှာ တရုတ်အာဏာပိုင်တွေက လူကုန်ကူးခံရသူ အမျိုးသမီးတွေကို ကိုယ်ထိလက်ရောက် ရိုက်နှက်တာတွေ လုပ်ခဲ့တာ ရှိတယ်လို့ တရုတ်မြန်မာနယ်စပ်မှာ ရှိတဲ့ ဦးအောင်ကျော်ဇောက RFA ကို ပြောပါတယ်။

ဦးအောင်ကျော်ဇော။ ။ လွယ်ကျယ် ဂိတ်ပေါက်ကနေပြီးတော့ သူက မောင်းထုတ် လိုက်တာ၊ တရားဝင် လဝက အဖွဲ့ကို အပ်တာလည်း မဟုတ်ဘူး သူက ရိုက်နှက်ပြီး မောင်းပို့လွှတ်တာ၊ သူတို့ ကယ်တင်ပြီးတော့ ပြန်လွှတ်တာကိုပဲ ကျေးဇူး တင်ရမယ် ဒါပေမဲ့ သူတို့ လုပ်နည်းလုပ်ပုံက နည်းလမ်းတကျ ပေါ့ဗျာ မူလရှိတဲ့ လူမှောင်ခို ကုန်ကူးသန်း ရောင်းဝယ်မှုရဲ့ အခြေခံ အပြန်အလှန် မူတွေပေါ်က လုပ်တာ မဟုတ်ပဲ နဲ့ ကျနော်တို့ဖက်ကပဲ လွန်လွန်ကျူးကျူး သွားပြီးတော့ ဝင်နေသလိုလို ဘာလိုလိုမျိုးတွေ ဆောင်တယ်။

တရုတ်အာဏာပိုင်တွေက တရုတ်နှစ်သစ်ကူးကာလ နီးကပ်လာတိုင်း ဒါမျိုး လုပ်လေ့ရှိတယ်လို့ဆိုပါတယ်။ အလားတူ ပြီးခဲ့တဲ့ တပတ်လောက်ကလည်း တခြား မြန်မာအမျိုးသမီး ၁၁ ဦးကို တရားဝင်မဟုတ်ပဲ တရုတ် အာဏာပိုင်တွေက ပြန်ပို့ခဲ့သေးတယ်လို့လည်း ဦးအောင်ကျော်ဇော်ကပဲ ဆက်ပြောပါတယ်။

မြန်မာနိုင်ငံတွင်းကနေ လူပွဲစားတွေကတဆင့် တရုတ်နိုင်ငံကို ရောင်းစားခံနေရတဲ့ အမျိုးသမီးတွေဟာ အခုနှစ်ပိုင်းအတွင်း ပိုမိုများပြားလာသလို ဒါဟာမြန်မာပြည်မှာ စီးပွားရေးကျပ်တည်းမှုတွေကြောင့် ဖြစ်တယ်လို့ ဦးအောင်ကျော်ဇော ကသုံးသပ်ပြောဆိုပါတယ်။

ဦးအောင်ကျော်ဇော။ ။ကျနော်တို့ သိသလောက်ပေါ့၊ ကွမ်တုံက ခရိုင်တခုထဲမှာကိုး အနီးအနားက မြို့နယ်တဝိုက်မှာ ဆိုလို့ရှိရင် ကျေးလက်တွေမှာ စုစုပေါင်း မြန်မာပြည်က အမျိုးသမီး ရှစ်ရာကျော်လောက် ရှိတယ်၊ ဒါက ကွမ်တုံ ပြည်နယ် တခုထဲမှာ ခရိုင်တခုထဲမှာတွေ့တာ၊ အထူးသဖြင့် နယ်စပ်ဒေသမှာရှိတဲ့ ကချင်တို့ ရှမ်းတို့ ဝ တို့ကတော့ အများကြီးပဲဗျ။ အဲ့ဒါ ပြောမယ်ဆိုရင် ဟိုတုန်းကထက်စာရင် နည်းနည်း များလာတာပေါ့ဗျား၊ ဟိုတုန်းကတော့ ဒီလောက်မများဘူး၊ အဓိကတော့ ကျနော်တို့ ပြည်တွင်းမှာ လူတွေ စီးပွားရေး ကျပ်တည်း ကြတယ်ဆိုတာ နေထိုင်မှုဘဝ အင်မတန် ဆင်းရဲကြတော့ ပိုပိုပြီး ဆင်းရဲလာကြတယ်၊ တရုတ်ပြည်မှာက နေထိုင်မှုဘဝက နည်းနည်း ပိုပိုပြီးမြင့်လာကြတာ အဲ့ဒါလည်း ပါတယ်။

၂ဝဝ၉ ခုနှစ်အတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေး စီမံချက်အရ ပြည်ပနိုင်ငံတွေကနေ မြန်မာနိုင်ငံကို လွှဲပြောင်းပေးခဲ့သူပေါင်း ၄၃၁ ဦးအနက် တရုတ်နိုင်ငံက လွှဲပြောင်းပေးခဲ့သူ ၂၉၃ ဦးရှိခဲ့ပြီး ၆၂ ဦးဟာ အသက် ၁၈ နှစ်အောက် အမျိုးသမီးငယ်တွေ ဖြစ်ကြတယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဆင့်မြင့်အရာရှိတဦးကို ကိုးကားပြီး ပြည်တွင်းထုတ် Weekly Eleven ဂျာနယ်က ဖော်ပြထားပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 14, 2010

ပြည်သူ့ တပ်မတော်သားများသို့ ပန်ကြားလွှာ



source by : http://khinmamamyo.blogspot.com

အပြည့်အစုံ ဖတ်ရန် ...

ခလရ ၈၀ တပ်တွင်း ပြဿနာဖြစ်ခဲ့

Thursday, 14 January 2010 17:13 ဗထူး

သဲကုန်းစလင်းရှိ ခလရ(၈၀)တွင် တပ်တွင်းဝင်စစ်ဆေးမှုဖြင့် ပြဿနာဖြစ်ပွားခဲ့သည်။

စရဖက ခမရ(၅) မှာ တည်းတယ်၊ တပ်ကိုဝင်စစ်တယ်၊ တပ်ကအစစ်မခံဘူး၊ ပစ်ခတ်မှုဖြစ်တယ်၊ ရန်ကုန်က ဆင်းလာတာ ခုတော့ တိုင်းကိုတင်ထားတယ်၊ ဘယ်လိုလာမလဲတော့မသိသေးဘူး။

အဲဒါကို လိုက်နေတုန်းပဲ အရာရှိ/စစ်သည်အားလုံး အရင်းကိစ္စနဲ့ ပတ်သက်ပြီးတော့ စုံစမ်းနေဆဲပါပဲ။ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဦးစီးအရာရှိ (စရဖ) တဦးပါတယ်။

တပ်မတော်အတွင်းမှာ စစ်ဆေးတာတွေရှိနေဆဲဖြစ်ပြီး မြင်းခြံမှာ လက်နက်တိုက် ဖောက်ထွင်းမှု ဖြစ်ခဲ့တယ်။

“ပထမတော့ ‘ဒါဘာ’မှာလို့ပြောတယ်၊ နောက်မှသိရတာက စရဖက တပ်ကိုမနက်ပိုင်းမှာ ၀င်စစ်ဖို့လုပ်တယ်၊ တပ်က ခွင့်မပြုဘူး၊ ရင်းမှူးကိုယ်တိုင်က တပ်ဝင်စစ်တာ ခွင့်မပြုဘူးလေ၊ ခုတော့ တိုင်းမှာ ဒီကိစ္စတင်ထားဆဲပဲ” ဟု နီးစပ်တဲ့ အရာရှိတဦးက ပြောတယ်။

“တပ်တွေကို မသင်ကာဖြစ်ပြီး ၀င်စစ်ဆေးနေတာ ဘာကြောင့်ဒီလိုလုပ်တယ်ဆိုတာ ကျနော်တို့လည်းခန့်မှန်းရခက်တယ်၊ အပေါ်ကစိတ်ကြိုက်လုပ်နေပုံရတယ်” ဟု ပြောသည်။

အပြင်မှာ သတင်းတွေ ထွက်နေတယ်။ ဒီကိစ္စကို တပ်မဌာနချုပ်က တိုက်ရိုက်ကိုင်တွယ်မယ်လို့ ပြောနေတယ်။

source by : http://www.yoma3.org

အပြည့်အစုံ ဖတ်ရန် ...

ပစ်မှတ်ဖြစ်နေတဲ့ Supersonic လေသူရဲတို့ရဲ့ဘဝ

စာဖတ်ပရိသတ်များခင်ဗျား

ပြည်တွင်းရှိ တပ်မတော် (လေ) မှ အရာရှိတစ်ဦးဖြစ်သော ဗိုလ်မျိုးသူရက နောက်ဆုံး ဖြစ်ပေါ်နေတဲ့ တပ်မတော် (လေ) တပ်ရဲ့ အက်ကွဲသံ အခြေအနေ အတွင်းရေး သတင်းများအား စည်းလုံးခြင်းရဲ့အင်အားဝက်ဘ်ဆိုဒ် ပို့လာရာ ကျွန်တော် ကိုဖိုးတရုတ်မှ စာဖတ်ပရိသတ်များအား ဒီကနေ့ တင်ပြပေးလိုက်ပါတယ်။ အခုလို ပေးပို့လာတဲ့ ဗိုလ်မျိုးသူရအား ကျွန်တော် ကိုဖိုးတရုတ်မှ အထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင် ဂုဏ်ပြု ဖော်ပြအပ်ပါတယ် ခင်ဗျား။

လေတပ် မွေးနေ့အကြိုအဖြစ် လေတပ်တွင်းမှ အက်ကွဲသံများအား “စည်းလုံးခြင်းရဲ့အင်အား” ဝက်ဘ်ဆိုဒ်တွင် ဖော်ပြခဲ့ရာ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းသည် ယခင် တင်ပြနေသော ထိုအက်ကွဲသံများကို မသိချင်ယောင်ဆောင် နေသော်လည်း နောက်ဆုံး အက်ကြောင်းဖြစ်သည့် Supersonic လေယာဉ်မောင်းသော လေသူရဲဟုဆိုကာ ယာယီကာလ (Officiating) အဆင့်ကျော်ပြီး ဒုတိယဗိုလ်မှူးကြီးအဆင့်မှ ဗိုလ်မှူးကြီးသို့ အစဉ်အလာ မဟုတ်ဘဲ တိုက်ရိုက် တန်းတင်ပေးလိုက်သောကိစ္စအား စည်းလုံးခြင်းရဲ့ အင်အားဝက်ဘ်ဆိုဒ်တွင် တင်ပြလိုက်သည့် အပေါ်မှာတော့ ချက်ချင်းပင် တုန့်ပြန်ဖြေရှင်းလာသည်ကို တွေ့ရပါသည်။

တပ်မတော်(လေ)မှ F – 7 တိုက်လေယာဉ်တစ်စီး

လေတပ်အတွင်း၌ အစကတည်းကပင် လေသူရဲချင်းအတူတူ Fighter/Transport/ Helicopter ဟု ခွဲခြားနေရာပေးနေမှုကို မကျေနပ်မှုများ ရှိနေပါသည်။ ထိုဖြစ်စဉ် အပြီးတွင် Supersonic Pilot ဟု သတ်မှတ် ခံရသော F-7 နှင့် MiG-29 Pilot များက အုပ်စုတစ်စု အဖြစ် သူတို့ကိုယ်သူတို့ သီးခြား အခွင့်ထူးခံဟု သွေးနထင်ရောက်သွားခဲ့သလို ကျန် Fighter Pilot များကလည်း လေချုပ်က သူမောင်းနှင်ခဲ့သော F-7 ကိုသာနေရာပေးသည်ဟု မကျေနပ်မှုများစွာ နေရာအနှံ့မှ ထွက်ပေါ်လာခဲ့ပါသည်။ အခြားလေသူရဲများကလည်း ထင်ထင်ပေါ်ပေါ်ပင် မကျေနပ်ကြောင်းကို ပြောလာကြပါသည်။

ခွက်ပျောက်စစ်ဗိုလ်များ အပါအ၀င် စက်မှုလက်မှု အရာရှိများနှင့် စစ်သည်များမှာ လေချုပ်၏ တချက်လွှတ်အမိန့်များနှင့် လုပ်ချင်ရာ လုပ်နေသည်များကို လည်းကောင်း၊ လေတပ် အကြောင်း ဘာမှမသိပဲ Supersonic Pilot ဆိုလျှင် ယာယီကာလ (Officiating) မထားစေဘဲ တဆင့်မြင့်တိုးယူဖို့ ရွှေဥာဏ်တော် စူးရောက်ကာ အမိန့်ချမှတ် ပေးခဲ့တော် မူသည့် တပ်ချုပ်ကြီးအားလည်းကောင်း ရွှေမေတ္တာများပို့သကာ အများစုက လေတပ်ထဲ ၀င်မိသည်ကို နောင်တကြီးစွာ ရနေကြပါသည်။ “ဘယ်သူခွဲ ခွဲ ဒို့ မကွဲ၊ အမြဲ စည်းလုံးမည်” ဆောင်ပုဒ်ဟာ မည်သူ့ မည်သူမှမခွဲရပဲ အလိုလို ပြိုကွဲနေမှုကိုလည်း တရားကျစွာ လက်ပိုက်ကြည့် နေကြရပါသည်။

“တရုတ်ကြီး” ဟု အင်တာနက်သုံးသော လေတပ်အရာရှိများက ချစ်စနိုးခေါ်ထားကြသော www.photayokeking.org တွင် ပါရှိလာသော လေတပ်မွေးနေ့အကြို ဆောင်းပါးသည် လေတပ်၏ အမှန်တကယ် အက်ကွဲသံများအဖြစ် ဗိုလ်ချုပ်ကြီးများ သိသွားခဲ့လေသလား၊ ဒါမှမဟုတ် ကျန်ရှိသော တိုက်လေသူရဲများ၏ မကျေနပ်မှုများကို ဗိုလ်ချုပ်ကြီးများ၏ ထုံးစံအတိုင်း အချိုသတ်လိုသလားတော့ မသိပါ။ ယခုအခါ အလွန်ထူးဆန်းသော ပြင်ဆင်ချက် ထွက်ပေါ်လာပါသည်။ ဒုတိယ လေတပ်စခန်းဌာနချုပ်မှူးများအဖြစ် ကကထူးမှ အမိန့်စာထွက်လာခဲ့သည့် ဒုတိယဗိုလ်မှူးကြီးမှ ဗိုလ်မှူးကြီးအပွင့် တန်းတင်ထားသော F-7 Pilot ၂ယောက်အား F-7 လေယာဉ်အုပ် တစ်ခုစီသို့ အုပ်မှူး ဗိုလ်မှူးကြီးများအဖြစ် ပြန်လည်ပြင်ဆင် စေလွှတ်လိုက်ပါသည်။

အမှန်တကယ် ဖွဲ့စည်းပုံအရ အုပ်မှူးများသည် ဒုဗိုလ်မှူးကြီးများသာ ဖြစ်ပေရာ ၄င်းတို့ ရောက်သွားသည့်အုပ်မှ ယခင်အုပ်မှူးများမှာ ဒုအုပ်မှူးများအဖြစ် အလိုလိုရာထူးလျှောကျ သွားရပါတော့သည်။ ထို့အတူ အခြားသော တိုက်လေယာဉ်အုပ်များကိုလည်း အုပ်မှူးသည် ဗိုလ်မှူးကြီးအဖြစ်သို့ သတ်မှတ်မည်၊ ဖွဲ့စည်းပုံများ ပြင်ဆင်မည်ဟုလည်း သတင်းများ ထွက်ပေါ်လာပါတော့သည်။ လေသူရဲအများစု၏ မကျေနပ်မှုများအား ယာယီချွေးသိပ်ခြင်းဟု နားလည်ထားကြပြီး တကယ်တမ်း ရင်ဆိုင်နေရသည့် စစ်သည်များ၏ အဆင့်တိုးမြှင့်ရေး၊ သက်သာချောင်ချိရေး၊ လူလူသူသူ နေထိုင်နိုင်ရေးတို့ အတွက်မူ ဘာတစ်ခုမှ ဖြစ်မလာသေးပါ။

ဟောင်းနွမ်းနေသော လေယာဉ်များနှင့် ချာလည်လိုက်နေရခြင်း၊ အရာရှိများ အချင်းချင်းတွင်ပင် ခွဲခြားကာ အဆင့်တိုးမရခြင်း၊ လေတပ်အတွက် စိတ်ရောကိုယ်ပါ ဆောင်ရွက်ခဲ့သူများအား အသိအမှတ်မပြုခြင်း၊ စစ်သည် တပ်ပြေးသာမက အရာရှိများပါ လိမ်လည်မှုများ/ ခွင့်မဲ့ပျက်ကွက်မှုများ ရှိလာခြင်းတို့ကြောင့် ဗဟိုကင်းတွင် အရာရှိ အချုပ်ခန်းများပင် ထားလာရပါသည်။

တပ်မတော် (လေ) တွင် Supersonic ဟုခေါ်သော အသံထက်မြန်စွာ ပျံနိုင်သော လေယာဉ် (၂) မျိုးရှိရာတွင် F-7 မှာ သက်တမ်းကုန်ခါနီး ပြသာနာများကြောင့် ၁၉၉၈ နောက်ပိုင်းတွင် Supersonic speed ဖြင့် ပျံသန်းခြင်း မပြုနိုင်တော့သလို MIG-29 သည်လည်း Supersonic speed ဖြင့် ပျံခဲ့ပါက Sonic boom ခေါ် ဗုံးကွဲသကဲ့သို့ အသံထွက်ပေါ်လျှင် ကကကြည်းမှ ငြိုငြင်မည်စိုးရိမ်ကာ အသံ၏ အမြန်နှုန်းကို ကျော်အောင် မပျံကြပါ။

ထိုအခြေအနေကြားမှ Supersonic လေယာဉ်မောင်းသော လေသူရဲဟုဆိုကာ ယာယီကာလ (Officiating) မရှိပဲ ဗိုလ်မှူးကြီးသို့ တိုက်ရိုက်တန်းတင်ပေးလိုက်သည့် ကိစ္စအတွက် လေတပ်အတွင်း မကျေနပ်မှုကို ဗိုလ်ချုပ်မှူးကြီး၏ အချိုသတ်နည်းသုံး ဖြေရှင်းချိန်သည် လစာတိုးပေးသော အချိန်နှင့် တိုက်ဆိုင်နေသည့်အတွက် မီးတောက်ကို ခဏတာ ပြာနဲ့ ဖုံးလိုက်သလိုဖြစ်နေပါသည်။

စည်းကမ်းတကျ ဖွဲ့စည်းထားပါသည်ဆိုသော တပ်တွင်းမှာပင် သက်ဦးဆံပိုင် စနစ်သဖွယ် ကျင့်သုံးဆောင်ရွက်နေခြင်းကို ပြည်သူအများသိရှိစေခြင်းဖြင့် မည်သို့သော နည်းလမ်းသည် နိုင်ငံတော်သစ်အတွက် သင့်တော်မည်ကို စဉ်းစားရွေးချယ်နိုင်စေရန် ရည်ရွယ်ပါသည်။ ကြည်း၊ ရေ၊ လေ တပ်မတော်တွင်းမှ ညီတော် နောင်တော်များလည်း မြန်မာ့တပ်မတော်သည် လူရော မူပါ ပြောင်းလဲဖို့ အချိန်တန်ပြီဟု သဘောပေါက် နားလည်ကြစေချင်ပါသည်။


source by : http://www.photayokeking.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာလှေစီး ဒုက္ခသည် ၅ဝ ခန့် ပါပူဝါ နယူဂီနီကျွန်းမှာ သောင်တင်နေ

2010-01-13 ( RFA )

သြစတေလျနိုင်ငံမှာ ဒုက္ခသည်အဖြစ် နိုင်ငံရေးခိုလှုံခွင့် တောင်းခံဖို့ ရည်ရွယ်ချက်နဲ့ မလေးရှားနိုင်ငံက ထွက်ခွာသွားတဲ့ မြန်မာဒုက္ခသည် ၅ဝ ခန့်ဟာ ပါပူဝါနယူဂီကျွန်းးမှာ သောင်တင်နေပြီး အတိဒုက္ခ ရောက်နေကြတယ်လို့ RFA က စုံစမ်းသိရပါတယ်။



အရှေ့တောင်အာရှ နိုင်ငံများနှင့် သြစတြေးလျား နိုင်ငံတို့၏ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ (RFA Map)

ဒီအထဲက မြန်မာဒုက္ခသည် ၂ဝ ခန့်ဟာ အင်ဒိုနီးရှား၊ ပါပူဝါ နယူးဂီနီနဲ့ သြစတြေလျနယ်စပ် ကျွန်းစုတွေ အကြား လုံခြုံရေးကင်းတွေကို ရှောင်တိမ်းရင်း၊ ရေနစ်သေဆုံးသွားတယ်လို့လည်း ဒီအဖွဲ့ထဲက မြန်မာတချို့နဲ့ အဆက်အသွယ် ရခဲ့တဲ့ မလေးရှားအခြေစိုက် NLD LA မလေးရှားဌာနခွဲက ကိုကျော်ကျော်က ပြောပြပါတယ်။

ကိုကျော်ကျော်။ ။ 'အခု ကျွန်တော်တို့ ပါပူဝါ နယူးဂီနီမှာက အယောက် ၆ဝ ရှိတယ်လို့ ကြားတယ်။ အော်ဆီ (သြစတြေးလျား) နဲ့ နီးနေပြီ အခု။ သူတို့ အဲဒီမှာက ဟို အယောက် ၃ဝ နဲ့ ၅ဝ ကြားမှာ ရှိတယ်လို့ ကြားတယ်။ အခု မနက်ကပဲ ကျွန်တော့ကို ဖုန်းဆက်တယ်။ လူ ၂ဝ သေဆုံးသွားတယ်လို့ ကြားတယ်။ အခု ကျွန်တော်တို့ ရေကြီးတာလေ။ သူတို့ရဲ့ နယ်စပ်မှာ။ ပါပူဝါ နယူးဂီနီကနေပြီးတော့ သူက နောက်တဆင့် ထပ်တိုးကြည့်တယ်။ တိုးကြည့်လို့ မရလို့ သူတို့ ပြန်ဆုတ်လာရတယ်။ အခု ပါပူဝါ နယူးဂီနီ ပြန်ရောက်တယ်။ အယောက် ၃ဝ နဲ့ အယောက် ၅ဝ ကြားမှာ အစ်ကို။ ၆ဝ က ပါပူဝါ နယူးဂီနီမှာ ရှိတယ်၊ ၃ဝ နဲ့ ၅ဝ ကြားက ကျွန်တော်တို့ ဟိုဖက် အော်ဆီနယ်စပ်ကို သူတို့က ထပ်တိုးသွားတယ်။ အဲဒီလူတွေက အဲဒီမှာ ရေကြီးလို့ သူက ဒီ ပါပူဝါ နယူးဂီနီကို ပြန်လာတယ်။ ပြန်လာပြီးတော့ သူတို့က အဲဒီမှာ မနေပဲ သူတို့က ဂျာကာတာကို ပြန်ချင်တယ်ဆိုပြီးတော့ ကျွန်တော့ကို ဟို ငွေလှမ်းတောင်းတယ်။'

ဒီမြန်မာ ဒုက္ခသည်တွေထဲမှာ ရဟန်း ၄ ပါး အပါအဝင် အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။ သူတို့ဟာ မနှစ်က ဧပြီလခန့်က မလေးရှားနိုင်ငံ ပီနန်နဲ့ ဘာဒါဝပ်ပြည်နယ်တွေက ထွက်ခွာသွားကြတဲ့ မြန်မာဒုက္ခသည်တွေလို့ နီးစပ်သူတွေက ပြောပါတယ်။ ထူးခြားတာက ဒီလှေစီးဒုက္ခသည်တွေဟာ အရင်က သိရှိပြီးသား ဒုက္ခသည်တွေလို ရိုဟင်ဂျာတွေ မဟုတ်ပဲ၊ ဗုဒ္ဓဘာသာ မြန်မာတွေလို့ သိရပါတယ်။

ဒီမြန်မာဒုက္ခသည်အများစုဟာ သြစတေလျနိုင်ငံမှာ ဒုက္ခသည်အဖြစ် အခြေချဖို့ ရည်ရွယ်ချက်နဲ့ ထွက်သွားသူတွေလို့လည်း ကိုကျော်ကျော်က ပြောပါတယ်။

သူတို့ဟာ မလေးရှားနိုင်ငံက ပွဲစားတွေကို မလေးရှား ရင်းဂစ်ငွေ ၁၅ဝဝ (ဒေါ်လာ ၄၅ဝ) ခန့်ပေးပြီး သြစတေလျနိုင်ငံဖက်ကို စက်လှေနဲ့ ထွက်လာခဲ့သူတွေလို့လည်း သူတို့နဲ့ အဆက်အသွယ်ရခဲ့တဲ့ မလေးရှားရောက် မြန်မာတွေက တဆင့်သိရပါတယ်။
မလေးရှားကနေ လှေစီးပြီး သြစတြေးလျနိုင်ငံကို နိုင်ငံရေး ခိုလှုံခွင့်တောင်းခံလာသူ အများစုကို သြစတြေးလျ နိုင်ငံက ငြင်းပယ်ခဲ့သလို နိုင်ငံထဲ မဝင်ရောက်နိုင်အောင်လည်း အင်ဒိုနီးရှား၊ မလေးရှား အစိုးရတွေနဲ့ ပြီးခဲ့တဲ့ နှစ်လယ်ကစပြီး ပူးပေါင်း ဆောင်ရွက်နေပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ထိုင်းတောင်ပိုင်းတွင် မြန်မာနိုင်ငံသားများ ဖမ်းဆီးခံရ

Thursday, 14 January 2010 14:01 သန်းထိုက်ဦး

ထိုင်းနိုင်ငံ တောင်ပိုင်း၌ တရားမ၀င် ရောက်ရှိလာသော မြန်မာနိုင်ငံသား ၄၃ ဦးကို ယခုလအတွင်း ဖမ်းဆီးရမိ ခဲ့သည်ဟု ထိုင်း သတင်းများ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့က ထိုင်းနိုင်ငံ တောင်ပိုင်း ချုံဖော် ခရိုင်မှ တဆင့် တခြား အရပ်သို့ သွားရောက်မည့် မြန်မာ နိုင်ငံသား ၁၃ ဦးကို ခြံဝန်း တခုတွင် ထိုင်းအာဏာ ပိုင်များက စစ်ဆေး ဖမ်းဆီး ခဲ့ကြောင်း၊ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ကလည်း အမျိုးသား ၁၆ ဦးနှင့် အမျိုးသမီး ၁၄ ဦး တို့ကို ဖမ်းဆီးခဲ့ သေးကြောင်း ဒေသခံ အလုပ်သမားများက ပြောသည်။


ချုံဖော်ရှိ ခြံဝန်းတခုအတွင်း ထိုင်းစစ်တပ်က မြန်မာနိုင်ငံသားများကို ဤသို့ ဖမ်းဆီးစစ်ဆေး
(ဓာတ်ပုံ - မန်နေဂျာအွန်လိုင်း)

ချုံဖော်ရှိ အမည် မဖော်လိုသူ အလုပ်သမား တဦးက “လူပွဲစားတွေရဲ့ ခြံတွေမှာ အိမ်တွေ ဆောက်ထား ကြတယ်၊ အဲဒီမှာ လူတွေကို ထားကြတယ်၊ မနာလိုတဲ့ ပွဲစားတွေက တိုင်တယ်၊ ဒီမှာ လူ ဘယ်နှစ်ယောက် ရှိတယ် ဘာတယ် ဆိုတော့ စစ်သားတွေက ၀င်ဖမ်းတယ်၊ ပွဲစား အချင်းချင်း မတည့်တာပါ” ဟု ဧရာဝတီသို့ ပြောသည်။

ထိုဒေသတွင် စစ်တပ်နှင့် ရဲ စစ်ဆေးရေး ဂိတ်များရှိပြီး လူကုန်ကူး သူများက ရဲဂိတ်ကို ငွေကြေးဖြင့် ဖြေရှင်း ကြကြောင်း၊ စစ်တပ်က လက်မခံဘဲ ယခုကဲ့သို့ လိုက်လံ ဖမ်းဆီးခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောဆိုသည်။

ယမန်နေ့ကပင် ထိုင်း အာဏာပိုင်များက ယင်း ချုံဖော်ဒေသရှိ ဧက ၁၀၀ ခန့် ကျယ်ဝန်းသော ခြံတခြံကို ၀င်ရောက် စစ်ဆေးခဲ့ရာ ခြံထဲတွင် မြန်မာနိုင်ငံသား အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၆ ဦး တို့ကို ခရီးဆောင် အိတ်များနှင့် အတူ တွေ့ရှိရ သောကြောင့် စစ်ဆေး ဖမ်းဆီး ခဲ့ကြောင်း ထိုင်းဘာသာဖြင့် ရေးသား ထားသော မန်နေဂျာ အွန်လိုင်း (Manager Online) အင်တာနက် စာမျက်နှာ တွင်လည်း ဖော်ပြထားသည်။

ယင်း လူကုန်ကူးမှုတွင် ထိုင်း နယ်မြေခံရဲ တာဝန်ရှိသူများနှင့် မြန်မာ နိုင်ငံသား တဦးတို့ ပါဝင်နေသည် ဟုလည်း အဆိုပါ မန်နေဂျာ သတင်း၌ ရေးသား ထားသည်။

ယခု ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး နယ်မြေခံ ရဲစခန်းသို့ စုံစမ်းမေးမြန်းခဲ့ရာ တာဝန်ကျ ရဲတဦးက ဖမ်းဆီးမှု သတင်းကို ကြားသိရကြောင်း၊ ဖမ်းမိသည့် မြန်မာ အလုပ်သမားများကို ချုံဖော် ခရိုင် အချုပ်သို့ ပို့ဆောင်လေ့ ရှိကြောင်း ပြောဆိုသည်။


ဖမ်းဆီးထား သူများကို တရားဥပဒေ အရ အရေးယူ ဆောင်ရွက် သွားမည် ဖြစ်ပြီး လူကုန်ကူးသူ များကိုလည်း ဆက်လက် နှိမ်နင်း သွားမည် ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂၀၀၉ ခုနှစ် ဧပြီ လလယ်တွင် ထိုင်းနှင့် မြန်မာ လူကုန်ကူးမှု ပူးပေါင်း တိုက်ဖျက်ရေး နားလည်မှု စာချွန်လွှာကို နှစ်နိုင်ငံ တာဝန်ရှိ သူများက လက်မှတ် ရေးထိုး ခဲ့သည်။

ယင်း လက်မှတ် ရေးထိုးပွဲသို့ မြန်မာ ဘက်က လူကုန်ကူးမှု တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ် မောင်ဦး တက်ရောက်၍ ထိုင်းနိုင်ငံ လူမှု ဝန်ထမ်းနှင့် လူမှုဖွံ့ဖြိုးရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Issara Somchai တို့ တက်ရောက် ခဲ့ကြောင်း သိရသည်။

ထိုင်းနိုင်ငံ တောင်ပိုင်းရှိ ဖန်ငခရိုင် နှင့် တခြားခရိုင်များတွင် မြန်မာပြည်သား အလုပ်သမား တသန်းခန့် အလုပ် လုပ်ကိုင်လျက်ရှိ သည်ဟု အလုပ်သမား အရေး ဆောင်ရွက် နေသော အဖွဲ့များက ပြောသည်။

source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

Wednesday, January 13, 2010

အပမ်းဖြေ ကမ်းခြေက ဘဝအမော မဖြေနိုင်သူများ

ငွေဆောင်ကမ်းခြေ သဲပြင်မွမွပေါ်သို့ ခြေချမိသောအခါ အေးစိမ့်မှုနှင့်အတူ ပင်ပန်းနွမ်းနယ် သမျှတို့ လွင့်ပြယ်ကုန်ပြီ ဖြစ်သည်။

ကြည်လင်သော အပြာဖျော့ဖျော့ မိုးကောင်းကင်နှင့် မျက်စိတဆုံးမြင်တွေ့ နေရသော စိမ်းပြာရောင် ပင်လယ်ပြင်၊ အုန်းပင် စိမ်းစိမ်းများက မြင်ရသူများအား မျက်စိအေးစေကာ ဘ၀အမောများကိုပင် မေ့ဖျောက်ပေး နိုင်စွမ်းရှိသည်ဟု ဆိုရမည်။

bridge
















ချောင်းသာကမ်းခြေတွင် လှိုင်းစီးနေသူများ၊ အပမ်းဖြေနေသူများကို ငါး၊ ပုစွန်၊ ကဏန်းများ လိုက်လံ ရောင်းချနေစဉ် (ဓာတ်ပုံ - ကိုခိုင်)

မြို့ပြ၏ နေ့နေ့ညည ဆူညံနေသော မီးစက်သံများ၊ ကားဟွန်းသံများ၊ မီးစက်နှင့် မော်တော်ကားများမှ ထွက်လာသော မီးခိုးငွေ့များ စသည့် အသံပေါင်းစုံ၊ အနံ့ပေါင်းစုံတို့ဖြင့် ကင်းဝေးရာ၊ ပူပင်ရခြင်း သောကများ၊ မကျေနပ် ခြင်းများ၊ ရန်လို တိုက်ခိုက် ခြင်းများမှ လွတ်ကင်းရာ ထို ပင်လယ် ကမ်းခြေ ဒေသသို့ ရောက်ရသူတိုင်း အားလုံး ချမ်းမြေ့ ကြည်နူးကြရသည်။

ခရီးသွား ရာသီရောက်တိုင်း မြန်မာနိုင်ငံ၏ ပင်လယ်ကမ်းခြေ ဒေသများဖြစ်သော ဧရာဝတီတိုင်း၊ ပုသိမ်ကြီးမြို့နယ်တွင်းမှ ချောင်းသာ ကမ်းခြေနှင့် ငွေဆောင် ကမ်းခြေ ဒေသများသို့ လာရောက် အနားယူ အပန်းဖြေကြသော ပြည်တွင်း၊ ပြည်ပ ခရီးသွား ဧည့်သည်များ အလွန် များလာသည်ကို တွေ့မြင်ရသည်။

ဒီဇင်ဘာလမှ စတင်ပြီး ဧပြီလအထိ ငွေဆောင်အပန်းဖြေ ကမ်းခြေရှိ ဟိုတယ် ၁၈ လုံး၊ ချောင်းသာ အပန်းဖြေကမ်းခြေရှိ ဟိုတယ် ၁၃ လုံးနှင့် ဘန်ဂလို ၂၅ လုံးတို့တွင် လူပြည့်လျက်ရှိပြီး လာရောက်အပန်းဖြေနေသည့် ခရီးသွား ဧည့်သည်များမှာလည်း ပြည်ပ ခရီးသွားများက အများစု ဖြစ်ကြောင်း သိရသည်။


ပင်လယ်ကမ်းခြေက သဲမြေမွမွပေါ် နင်းလျှောက် ဆော့ကစားနေကြသူများ၊ ပင်လယ်ပြာကို နောက်ခံထားပြီး ပျော်ပျော်ပါးပါး လှိုင်းစီးနေကြသူများ၊ ကမ်းခြေတွင် ခြေဆင်းထိုင်၍ အုန်းရည်ချို သောက်နေကြ သူများအတွက်ကတော့ ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများက လောကနိဗ္ဗာန်တခုဟု ဆိုကြသည်။

သို့သော် နေလောင်ထားသော ပါးပြင်တွင် ပါးကွက်ထူထူ ကွက်၍ ငါးကင်၊ ပုစွန်ကင် ပါသော ဈေးဗန်းခေါင်းရွက်ကာ ကမ်းခြေတွင် ခိုးကြောင်ခိုးဝှက် ဈေးရောင်းနေရသော မမြမြကဲ့သို့ ဒေသခံဈေးသည်များ အတွက်ကတော့ ကမ်းခြေသည် လောကနိဗ္ဗာန်ဟု ဆိုနိုင်လိမ့်မည် မဟုတ်ပေ။

ခပ်နွမ်းနွမ်း ဦးထုပ်တလုံးကိုဆောင်းထားပြီး အရောင်မပီပြင်တော့သော ရှပ်အင်္ကျီအစုတ်၊ လွယ်အိတ်အစုတ် တလုံးကို စလွယ်သိုင်း လွယ်ထားသော ငွေဆောင်သူ မမြမြသည် မျက်စိတဆုံး မြင်နေရသော ကမ်းခြေတလျှောက် မှိုင်းဝေသော မျက်ဝန်းတို့ဖြင့် ငေးကြည့်ကာ “ဒီနေရာတွေက ဟိုတုန်းက ကျမတို့ပိုင်ခဲ့တဲ့ အုန်းခြံတွေပေါ့” ဟု ပြောပြသည်။

သူတို့ အဘိုး အဘွားများ လက်ထက်ကတည်းက ပိုင်ဆိုင်ခဲ့သော အုန်းခြံကို ၂၀၀၀ ပြည့်နှစ်တွင် ငွေဆောင်ကမ်းခြေ တည်ဆောက် ရန်အတွက် အစိုးရက သိမ်းခဲ့ကြောင်း သိရသည်။

မြေဖိုးပြန်မပေးဘဲ အုန်းပင်တပင်လျှင် ကျပ် ၁၅၀၀ ဖြင့် ဈေးဖြတ်ပေးခဲ့သော်လည်း စုစုပေါင်း အပင် ၅၀ အတွက်သာ ရခဲ့ပြီး ကျန်အုန်းပင် ၃၀ အတွက် မရရှိသောကြောင့် သူမတို့မှာလည်း အခြေပျက်ကာ သူ့ ဖခင်သည်လည်း ထိုစိတ်ဖြင့်ပင် သေဆုံး ခဲ့ရကြောင်း ပြောသည်။

“အဖေက သူ့အုန်းခြံတွေ အသိမ်းခံလိုက်ရတဲ့ နေ့ကစပြီး နေ့တိုင်းငိုခဲ့တယ်၊ အဖေ့လိုပဲ အသိမ်းခံရတဲ့သူတွေ အများကြီးပါ၊ တရွာလုံး အသိမ်းမခံရတဲ့သူဆိုတာ မရှိဘူး၊ အားလုံးပဲ ဘ၀ပျက်ကြတာ၊ ဒါပေမယ့် ဘာတတ်နိုင်မှာလဲ၊ ဒီလိုပဲ ရရာ အလုပ် လုပ်စားရတာပဲ” ဟု အသက် ၃၇ နှစ်အရွယ်မမြမြက ပြောသည်။

မမြမြသည် ကလေး၃ ယောက် မိခင်ဖြစ်ပြီး ငွေဆောင်ကမ်းခြေတွင် ဈေးရောင်းစား နေသူဖြစ်သည်။ သူ၏ ၁၄ နှစ် အရွယ် သားကြီးနှင့် ခင်ပွန်းဖြစ်သူမှာ ငွေဆောင်၊ ဖုန်းမောင်ကြိုင်ရွာ၊ ယုဇနပုစွန် မွေးမြူရေးစခန်းတွင် အလုပ်ဝင်လျက်ရှိသော်လည်း မိသားစု စားမလောက်သောကြောင့် အသက် ၁၀ နှစ်အရွယ် သားအလတ်ကို အဖော်အဖြစ် ခေါ်ကာ ကမ်းခြေတွင် ဈေး လာရောင်းခြင်း ဖြစ်ကြောင်း သိရသည်။

အစိုးရသည် ၁၉၉၇၊ ၁၉၉၈ ခုနှစ် ၀န်းကျင်ခန့်တွင် ချောင်းသာ ကမ်းခြေ အပန်းဖြေစခန်းကို တည်ဆောက်ရန်အတွက် ဒေသခံများထံမှ အုန်းခြံနှင့် မြေကွက်အများအပြားကို သိမ်းယူခဲ့ပြီး စစ်အစိုးရနှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်များက သိမ်းယူထားသော မြေနေရာများတွင် ဟိုတယ်များ တည်ဆောက်ခဲ့ကြသည်။

ထို့ပြင် ၂၀၀၀ ပြည့်နှစ်တွင် ငွေဆောင်ကမ်းခြေ အပန်းဖြေစခန်း တည်ဆောက်ရန်အတွက် ငွေဆောင် ကျေးရွာဒေသခံ ၃၀၀ ကျော် ပိုင်ဆိုင်သော အုန်းခြံများနှင့် မြေအများအပြားကို ထပ်မံ သိမ်းယူခဲ့သည်။

ငွေဆောင်ကမ်းခြေကဲ့သို့ပင် ချောင်းသာကမ်းခြေတွင် ဈေးရောင်းကြသူ အများစုမှာ ဒေသခံများဖြစ်ကြပြီး တချိန်က အုန်းခြံများကို ပိုင်ဆိုင်ခဲ့ကြ သူများဖြစ်ကြောင်း သိရသည်။

“တသက်လုံး ဘိုးဘွား လက်ထက်ကတည်းက အုန်းခြံပဲစိုက်လာတော့ ဘယ်လိုလုပ်ပြီး တခြားလုပ်ငန်း လုပ်နိုင်တော့မှာလဲ။ အဲဒီလိုပဲ ဧည့်သည်လာချိန်ဆို ကမ်းခြေလာပြီး ငါးကင် ခိုးရောင်းတယ်။ ဧည့်ပါးတဲ့အချိန်မှာ ထင်းခုတ်စားတဲ့သူနဲ့၊ မီးသွေးဖို အငှားလိုက်တဲ့သူနဲ့၊ ပုသိမ်ဘက်လာပြီး လုပ်စားတဲ့သူလည်း ရှိတယ်” ဟု ချောင်းသာ ကမ်းခြေတွင် ဈေးရောင်းသော မရွှေဝါက ပြောပြသည်။

အုန်းခြံနှင့်မြေ အသိမ်းခံရသူ ဒေသခံများ အနေဖြင့် တခြားစီးပွားရေး လုပ်ငန်းများ ထူထောင် လုပ်ကိုင်ရန်အတွက် ငွေကြေး အရင်းအနှီး အခက်အခဲ၊ မြေနေရာအခက်အခဲများနှင့် တွေ့ကြုံရသောကြောင့် ယခင်ကကဲ့သို့ ပြန်လည် နာလန် မထူနိုင်တော့ဘဲ တချို့ကလည်း ကျန်သော ငွေကြေး အနည်းငယ်ဖြင့် ရွာထဲတွင် လက်ဆောင်ပစ္စည်း အရောင်းဆိုင် ဖွင့်ကြရသည်ဟု သိရသည်။

ငွေကြေး အရင်းအနှီး မတတ်နိုင်သူများက ကမ်းခြေဟိုတယ်များတွင် အလုပ်သမားများ အဖြစ်လည်းကောင်း၊ ရွာနှင့်အနီးတ၀ိုက်ရှိ မီးသွေးဖိုများတွင် နေ့စားအဖြစ်လည်းကောင်း၊ အနီးတ၀ိုက်ရှိ ငါးကန် ပုစွန်ကန်များတွင် အလုပ်ကြမ်းသမားများ အဖြစ် လည်းကောင်း၊ ရော်ဘာစိုက်ခင်းများတွင် နေ့စားများအဖြစ်လည်းကောင်း ရရာအလုပ်လုပ်ကြရင်း ချို့တဲ့စွာ ဖြတ်သန်း နေကြရကြောင်း ချောင်းသာနှင့်ငွေဆောင် ဒေသခံများကပြောကြသည်။

လွန်ခဲ့သော ၁၀ နှစ်ခန့်က သူပိုင်ဆိုင်ခဲ့သော မြေနေရာပေါ်တွင် ယခုအခါ ခိုးကြောင်ခိုးဝှက် ဈေးရောင်းနေရကြောင်း အသက်၆၀ ကျော်အရွယ် ဒေါ်သေးက ကမ်းခြေရဲများ ရှိမရှိ မျက်လုံးဝေ့ကြည့်ရင်း ပြောသည်။

ဒေါ်သေးသည် အုန်းခြံပိုင်ရှင် ဖြစ်ခဲ့သော်လည်း ယခုအခါ အသက် ၁၀ နှစ်အရွယ် မြေးတဦး၊ အသက် ၃၀ ကျော်အရွယ် သမီးတယောက်နှင့်အတူ နေထိုင်ကာ ကြုံရာအလုပ်ကို ဖြစ်သလို လုပ်စားနေရသူ ဖြစ်သည်။

သမီးဖြစ်သူမှာ ရွှေဝါမြေ ကုမ္ပဏီပိုင် ရော်ဘာစိုက်ခင်းတွင် အလုပ်ဝင်လျက်ရှိပြီး ဧည့်သည်ရှိလျှင် ဒေါ်သေးက ဟင်းချက်ပေး၍ မြေးဖြစ်သူက လိုက်လံရောင်းချသည်ဟု ဆိုသည်။

“ကမ်းခြေမှာ ဈေးမရောင်းရဘူး ဆိုတော့ ခိုးကြောင်ခိုးဝှက်နဲ့ ရောင်းရတာပါတော်။ မြေးက ဧည့်သည်မှာမယ့် ဟင်းကိုကမ်းခြေမှာ တနေကုန်စောင့်ရတာ၊ သူက ဟိုတယ်နားထိတောင် မသွားရဲပါဘူး” ဟု ငွေဆောင်ကမ်းခြေတွင် ကဏန်းဟင်း ချက်ရောင်းသော ဒေါ်သေးက ပြောပြသည်။

ကမ်းခြေလာ ဧည့်သည်များ ကဏန်းဟင်း မှာလျှင် ကဏန်းဝယ်ကာ အိမ်တွင် ချက်ပေးရကြောင်း၊ တပွဲလျှင် ကျပ် ၂၅၀၀ ဈေးမှ ၄၀၀၀ ဈေးအထိ ရှိကြောင်း၊ တပွဲချက်ရလျှင် ချက်ခအနေဖြင့် ကျပ် ၅၀၀ ရရှိကြောင်း ပြောပြသည်။

ကမ်းခြေ အပန်းဖြေစခန်းများတွင် ဈေးမရောင်းရဟု ပိတ်ပင်ထားပြီး ဈေးရောင်းနေသည်ကို တွေ့လျှင် ကမ်းခြေရဲကဖမ်းဆီးပြီး ချုပ်ရက်နှင့် ဒဏ်ငွေ ကျပ် ၁ သောင်းခန့်အထိ ရိုက်ကြောင်း သိရသည်။

“ဈေးသည်တွေက ဧည့်သည်တွေကို အတင်းလိုက်ပြီး ငါးကင်၊ ပုစွန်ကင်တွေ ရောင်းတော့ ဧည့်သည်တွေ အနှောင့်အယှက် ဖြစ်တာပေါ့၊ ကိုယ့်တိုင်းပြည်လည်း သိက္ခာ ကျတယ်လေ၊ အဲဒါကြောင့် သူတို့ကို ဈေးပေးမရောင်းတာ” ဟု ကမ်းခြေဟိုတယ်တခုမှ တာဝန်ခံ မန်နေဂျာက ပြောသည်။

ကမ်းခြေမှ အစားအသောက် ရောင်းသူများအား ရဲနှင့်ဟိုတယ်ဝန်ထမ်းများ ပူပေါင်းကာ လိုက်လံ ဖမ်းဆီးပါက အလွယ်တကူပင် ဖမ်းမိသွားလေ့ရှိကြောင်း ချောင်းသာကမ်းခြေမှာ ပုစွန်ကင် ရောင်းသူ မရွှေဝါက ပြောသည်။

“တဘက်မှာက ပင်လယ်ရှိတယ်၊ တဘက်ကလည်း ဟိုတယ်ဆိုတော့ သူတို့ လိုက်ဖမ်းပြီဆိုရင် မိတာပါပဲ။ ကျမတို့မှာ ပြေးစရာ မြေမှမရှိတာ” ဟု သူက ဆိုသည်။

ဟိုတယ်စာများကို ဧည့်သည်များက ၀ယ်မစားကြဘဲ ဈေးသက်သာသော ကမ်းခြေဈေးသည်များထံမှ ၀ယ်စားကြသောကြောင့် ဟိုတယ်လုပ်ငန်းရှင်များက ရဲများနှင့်ပေါင်းကာ ဈေးသည်များကို ဖမ်းဆီးခြင်း ဖြစ်ကြောင်း ဈေးသည်များက ပြောသည်။

ကမ်းခြေ ဟိုတယ်နှင့် စားသောက်ဆိုင်များတွင် ကဏန်းဟင်းတပွဲ မှာယူပါက ကျပ် ၇ ထောင်မှ ကျပ် ၁ သောင်းခွဲ အထိ ပေါက်ဈေးရှိပြီး ပုစွန်ကင်ဆိုလျှင် အနည်းဆုံး ကျပ် ၅ ထောင်မှ ကျပ် ၁ သောင်း၊ ငါးကင် တပွဲလျှင် ကျပ် ၅ ထောင် ဈေးရှိကြောင်း သိရသည်။

“ငါးကင် ၁ ကင်ကို ၁ ထောင် ရောင်းရင် အမြတ်ငွေ ၂၀၀ ပဲ ကျန်တယ်၊ ကျပ် ၄ ထောင်ဖိုး ကဏန်းဟင်းရောင်းရရင် အမြတ်ငွေ ၅၀၀ ကျပ်ရပါတယ်။ ဒါပေမယ့် ရဲဖမ်းခံရရင်တော့ စုဆောင်းထားတာလေးတွေ ကုန်တာပဲ” ဟု ဒေါ်သေးက ပြောသည်။

ခရီးသွား ရာသီဖြစ်သော ဒီဇင်ဘာမှ ဧပြီလအထိ ၅ လခန့်တွင် ချောင်းသာကမ်းခြေနှင့် ငွေဆောင်ကမ်းခြေဈေးသည် များမှာ ဈေးရောင်းရသော်လည်း တခြားလများတွင် ဧည့်သည်အ၀င်မရှိဘဲ အလုပ် ရှားပါးသည့်အတွက် စားဝတ်နေရေး ခက်ခဲလှကြောင်း သိရသည်။

“အရင်တုန်းက အုန်းခြံလုပ်ငန်းနဲ့ဆိုတော့ မရှိမရှား စားဖို့ အပူအပင်မရှိဘူး၊ ရွှေနဲ့ငွေနဲ့ပါ။ ခုတော့ ထမင်းနပ်မှန်ဖို့တောင် အနိုင်နိုင်ဖြစ်နေတယ်” ဟု ဒေါ်သေးက ပြောသည်။

ကမ်းခြေဒေသတလျှောက် ပြည်တွင်းပြည်ပမှ ဧည့်သည်အ၀င်ရှိလာပြီး လမ်းပန်း ဆက်သွယ်ရေး ကောင်းမွန်လာသော်လည်း ဒေသခံများ၏ ဘ၀မှာမူ လွန်ခဲ့သော ၁၀ နှစ်က အခြေအနေထက် ပိုမိုဆိုးရွား နိမ့်ကျသွားသည်ကို တွေ့ရကြောင်း ထူး ကုမ္ပဏီ ၀န်ထမ်းတဦးက ပြောသည်။

အုန်းခြံ လုပ်ငန်းရှိစဉ်က သူ့အရွယ်အလိုက် ပညာသင် ကျောင်းတက်နေနိုင်သော ကလေးများမှာ ယခုအခါ အခြေအနေမဲ့ ဖြစ်သွားကြသောကြောင့် ကျောင်းမထားနိုင် ကြတော့ဘဲ ငါးကန်ပုစွန်ကန် များနှင့် ရော်ဘာခြံများတွင် ကြုံရာ လုပ်ငန်း ၀င်လုပ်နေကြရသည်ကို တွေ့မြင်ရသောကြောင့် စိတ်မကောင်း ဖြစ်မိကြောင်း သူကဆိုသည်။

“အရင်တုန်းကတော့ အဆင်ပြေကြတယ်။ အခုတော့ ဘယ်သူ့မေးမေး ၁၀ ဦးမှာ ၈ ဦးက အဆင်မပြေကြဘူး။ လက်ရှိကနေ လက်မဲ့တွေ ဖြစ်ကုန်ကြတယ်။ ကလေးတွေလည်း စာသင်ခန်းနဲ့ ဝေးကုန်တယ်” ဟု သူက ပြောပြသည်။ ။


အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရ၏ အာဏာလုယူရေးဝါဒ လက်မခံနိုင်ပုံ ဝ သတင်းစာမှာဖော်ပြ

2010-01-13 ( RFA )

အင်အားကြီး လက်နက်ကိုင် တိုင်းရင်းသား အပစ်ရပ်အဖွဲ့ ဖြစ်တဲ့ ဝပြည် သွေးစည်း ညီညွတ်ရေးအဖွဲ့ (UWSA) အနေနဲ့ မြန်မာစစ်အစိုးရက အတင်းအကျပ် အာဏာလုယူဖို့ ကြိုးပမ်းချက်ကို လုံးဝ လက်မခံနိုင်ကြောင်း ဇန်နဝါရီလထုတ် ‘ယနေ့ ဝပြည် နယ်’ သတင်းစာက ရေးသားလိုက်ပါတယ်။

ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA တပ်ဖွဲ့ဝင်များ စစ်ရေးပြနေပုံကို ၂ဝ၁ဝ ဇန်နဝါရီလထုတ် ‘ယနေ့ ဝပြည်နယ်’ ဂျာနယ်တွင် ဖော်ပြထားခြင်း ဖြစ်ပါသည်။ (Photo: Wa Today Journal)

မြန်မာစစ်အစိုးရက ရှမ်းပြည်တောင်ပိုင်း ထိုင်းနယ်စပ်မှာ ရှိတဲ့ ဝပြည် တောင်ပိုင်းကို အစိုးရလက် ပြန်အပ်ရေးနဲ့ နယ်ခြားစောင့်တပ် ပြောင်းလဲရေးကိစ္စတွေနဲ့ ပတ်သက်ပြီး တရားဝင် ဝ အဖွဲ့ရဲ့သတင်းစာမှာ ပထမဆုံး အကြိမ်အဖြစ် မြန်မာဘာသာနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက် ရေးသားလိုက်တာ ဖြစ်ပါတယ်။

မြန်မာဘာသာနဲ့ ‘ကျနော်တို့အိမ်ကို ကာကွယ်ကြ’လို့ အမည်ပေးထားတဲ့ ဆောင်းပါးမှာ မြန်မာ စစ်အစိုးရက ဝ လူမျိုးတွေကို အသိအမှတ် မပြုခြင်းနဲ့ ဝ အမျိုးသားတွေကို ဝါးမျိုလိုခြင်းစတဲ့ စဉ်းစားနည်းဟာ ယုတ္တိ ကင်းမဲ့လှကြောင်း၊ ဝ တောင်ပိုင်းဒေသဟာ စစ်အစိုးရက စီစဉ် နေရာချထားပေးတာ မဟုတ်ပဲ ဝ အမျိုးသားတွေ သွေးချွေးနဲ့ တိုက်ယူရရှိထားတာ ဖြစ်ကြောင်း၊ ဦးခွန်ဆာရဲ့ဒေသဟောင်းဖြစ်ပြီး မြန်မာစစ်တပ်က မတိုက်နိုင်ခဲ့ တာကို သူတို့ တိုက်ယူရရှိခဲ့တာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အခုအခါမှာ ဝ နယ်ဒေသဟာ စီးပွားရေး၊ လူမှုရေး တိုးတက်နေပြီး မြန်မာအစိုးရက တခြားတိုင်းရင်းသား ပြည်သူတွေလို တံခါးပိတ်၊ နိုင်ငံချုပ်ကိုင်၊ ဆင်းရဲပြီး ခေတ်နောက်ကျတဲ့ အခြေအနေမျိုး ပြောင်းလဲဖို့ ကြိုးစားတဲ့ လုပ်ရပ်ကို လက်မခံနိုင်ကြောင်း၊ နိုင်ငံတော် တိုင်းရင်းသားများအကြား ပြဿနာဖြေရှင်းရာမှာ ဘယ်လိုအကျပ်ကိုင်မှုမျိုးနဲ့ စစ်ရေးအရ နှိပ်ကွပ်ခြင်းမျိုးကို လက်မခံကြောင်း၊ ဘယ်သူမဆို ငြိမ်းချမ်းရေးကို ဖျက်ဆီးလာပါက လက်နက်ကိုင်ပြီး ငြိမ်းချမ်းရေးကို ထိန်းသိမ်းမှာဖြစ်ကြောင်း၊ ခေါင်းပြတ်ဗိုလ်ချုပ်ပဲ အဖြစ်ခံမှာဖြစ်ပြီး အမျိုးပြုတ်တဲ့ ကျွန်ဘဝ မဖြစ်လိုကြောင်း အတိအလင်း ရေးသားထားပါတယ်။

source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ဥက္ကဋ္ဌ ပေါက်ယူချန်းနှင့် တွေ့ဆုံ ဆွေးနွေးလိုကြောင်း နအဖကမ်းလှမ်းမှုကို ဝတပ်ဖွဲ့ပယ်ချ

ပေါက်ပေါက် / ၁၃ ဇန်န၀ါရီ ၂၀၁၀

ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ခေါ် ဝတပ်ဖွဲ့၏ ဥက္ကဋ္ဌဖြစ်သူ ပေါက်ယူချန်းအား တွေ့ဆုံ ဆွေးနွေးလိုကြောင်း စစ်ဘက်ရေးရာ လုံခြုံရေးဌာန (စရဖ) အရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၏ မကြာသေးမီ ရက်ပိုင်းက ကမ်းလှမ်းလာမှုကို ဝတပ်ဖွဲ့က ပယ်ချထားသည်။


ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ သို့မဟုတ် တန့်ယန်းမြို့သို့ ဝတပ်ဖွဲ့ဥက္ကဋ္ဌ ပေါက်ယူချန်း လာရောက်ပြီး နယ်ခြားစောင့်တပ် အသွင်ပြောင်းရေး ကိစ္စရပ်များအား ဆွေးနွေးရန် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်က ကမ်းလှမ်းထားသည်ကို မဖြစ်နိုင်သည့်အကြောင်း ပြန်လည် ပြောဆိုထားသည်ဟု အမည်မဖော်လိုသည့် ဝအရာရှိတဦးက ပြောသည်။

၎င်းက “နောက်ဆုံး တန့်ယန်းမှာ တွေ့ပြီးကတည်းက ပြန်မတွေ့ရသေးဘူး။ အဲဒါကို ဘယ်အချိန် ထပ်တွေ့မယ် ဆိုတာလည်း မပြောထားဘူး။ အခုလ (၅) ရက်နေ့က သူတို့ဘက်က အကြောင်းကြားလာတာက ဦးပေါက်ယူချန်းနဲ့ တိုက်ရိုက်ဆွေးနွေး ချင်တယ်ဆိုပြီး ပြောလာတယ်။ သူ့ကျန်းမာရေးအရ မတွေ့နိုင်ဘူးလို့ဘဲ ပြန်ပြောထားတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် နိုဝင်ဘာ (၁၄) ရက်တွင် တန့်ယန်းမြို့၌ စရဖအရာရှိချုပ် ဒု-ဗိုလ်ချုပ်ကြီး ရဲမြင့်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ် ဦးဆောင်သည့် နအဖ ကိုယ်စားလှယ်အဖွဲ့နှင့် ဒု-ဥက္ကဋ္ဌ ဦးရှောက်မီလျှံ ဦးဆောင်သည့် ဝ ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးရာတွင် ပြေလည်မှု မရရှိဘဲ ဒီဇင်ဘာ နောက်ဆုံးထားပြီး နယ်ခြားစောင့်တပ် ဖွဲ့စည်းရေး အကြောင်းပြန်ရန် နအဖဘက်က ရာဇသံပေးခဲ့သည်။



ထိုင်း-မြန်မာနယ်စပ်ရှိ ဝမ်ဟုန်ဒေသအား ဝတပ်ဖွဲ့၏ စစ်ဒေသအဖြစ် သတ်မှတ်ရေး၊ မိုင်းပေါက်နှင့် မိုင်းဖျန်အား မိုင်းပေါက်မြို့နယ် အဖြစ် သတ်မှတ်ကာ ဝတိုင်းဒေသကြီးထဲထည့်သွင်းရေး၊ အောက်ခြေ တပ်ရင်းအဆင့်တွင် နအဖစစ်တပ်ဘက်မှ ပါဝင်စရာမလိုဘဲ ဝစစ်သားများဖြင့်သာ ဖွဲ့စည်းရေး စသည့်ကိစ္စရပ်များကို နအဖဘက်က လက်မခံသည့်အတွက် ဝတပ်ဖွဲ့နှင့် နအဖတို့ ဆွေးနွေးမှုမှာ ယခုအချိန်အထိ ပြေလည်မှုမရဘဲ ရှိနေသည်။

အပစ်ခတ်ရပ်အဖွဲ့များအား နယ်ခြားစောင့်တပ်ရင်းနှင့် ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းရန် နအဖဘက်က ယမန်နှစ်၊ ဧပြီ (၂၈) ရက်က စတင်ကမ်းလှမ်းလာခဲ့ရာ ကချင်အထူးဒေသ (၁) ကချင်ဒီမိုကရေစီသစ်တပ်မတော်၊ မြန်မာနိုင်ငံ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် ခေါ် ကိုးကန့်တပ်ဖွဲ့နှင့် ကယားပြည်နယ် အထူးဒေသ (၂) ကလလတတို့က မကြာသေးမီ လပိုင်းအတွင်း၌ နယ်ခြားစောင့်တပ်အသွင် ပြောင်းခဲ့သည်။

ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (ကေအိုင်အို) မှ ခွဲထွက်ခဲ့သည့် ဦးလဆန်အောင်ဝါ ဦးဆောင်သည့် ကချင်ငြိမ်းချမ်းရေး အဖွဲ့မှာလည်း ပြည်သူ့စစ်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းပြီးဖြစ်သည်။

ဝတပ်ဖွဲ့၊ ကေအိုင်အို၊ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) နှင့် ရှမ်းပြည်အရှေ့ပိုင်း အထူးဒေသ (၄) မိုင်းလား တပ်ဖွဲ့တို့ကမူ နယ်ခြားစောင့်တပ် အသွင်ပြောင်းရေးကို ခြွင်းချက်မရှိ လက်ခံနိုင်ခြင်း မရှိသေးသဖြင့် နအဖနှင့် အပစ်ခတ်ရပ် အဖွဲ့များအကြား ဆွေးနွေးနေသော်လည်း ပြေလည်မှုမရရှိဘဲ ဖြစ်နေသည်။

source by : http://www.khitpyaing.org

အပြည့်အစုံ ဖတ်ရန် ...

တပ်မ ၆၆ တပ်နှင့် ထောက်လှမ်းရေးတပ် တင်းမာမှုဖြစ်ပွား

ဖနိဒါ | ဗုဒ္ဓဟူးနေ့၊ ဇန်နဝါရီလ ၁၃ ရက် ၂၀၁၀ ခုနှစ် ၁၉ နာရီ ၂၀ မိနစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ ပဲခူးတိုင်း အနောက်ခြမ်း ပြည်ခရိုင် အင်းမကျေးရွာ အခြေစိုက်သည့် တပ်မ ၆၆ လက်အောက်ခံ တပ်ရင်းတရင်းနှင့် ထောက်လှမ်းရေးတပ်တို့ အကြား ပြီးခဲ့သည့် ရက်သတ္တပတ်မှစ၍ တင်းမာမှု ဖြစ်ပွားနေသည်။

သဲကုန်းမြို့နယ် အင်းမကျေးရွာရှိ ခမရ ၈၀ နှင့် ခမရ ၅ သို့ ရန်ကုန်မှ ရောက်လာသည့် ထောက်လှမ်းရေး တပ်ဖွဲ့အကြား တင်းမာမှုများ ရှိခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်နေသလို ဒေသခံများကလည်း ပြောကြားကြသည်။

“ဦးတို့သိတာကတော့ ခလရ ၈၀ နဲ့ မကြာခင်ကဘဲ ရန်ကုန်ကနေ ရောက်လာတဲ့ ထောက်လှမ်းရေး၊ စရဖ ပေါ့။ ခမရ ၅ ထဲမှာ လာပို့ထားတယ်လို့ ပြောတယ်။ အဲဒီတပ်တွေက အငြင်းပွားမှုတွေ ဖြစ်ခဲ့တယ်လို့ သိတယ်။ တပတ်လောက် ရှိပြီ။ အာဏာဖီဆန်မှုတော့ ဖြစ်တယ်လို့ကြားတယ်” ဟု ပေါင်းတည်မြို့ခံက မဇ္ဈိမကို ပြောသည်။

သို့သော် ဘီဘီစီ မြန်မာပိုင်း ယမန်နေ့ ညပိုင်း အစီအစဉ်ကမူ တပ်မ ၆၆ လက်အောက်ခံ အာဏာဖီဆန်သည့် ခမရ ၈၀ တပ်က ပြီးခဲ့သည့် တနင်္ဂနွေညက ပစ်ခတ်မှုများရှိခဲ့ရာ ဒဏ်ရာပြင်းထန်သည့် ခမရ ၅ မှ ထောက်လှမ်းရေး တပ်ကြပ်ကြီးတဦး အင်းမရွာနှင့် ရွာတောင်ကြားရှိ စစ်ဆေးရုံအရောက်တွင် သေဆုံးသွားကြောင်း ထုတ်လွှင့်ခဲ့သည်။

ဒေသခံ တပ်မိသားစုဝင်တဦးက “၆၆က လုံးဝ ဝင်လို့မရဘူး။ ပိုပြီးတော့ အခြေအနေ တင်းကျပ် သွားတယ်။ နောက် တပ်သားတွေကို အနားပေးထားတယ်။ မနေ့ကကိစ္စဆိုရင် ထောက်လှမ်းရေးက အတင်းအဓမ္မ ဝင်ရောက်လို့ အခုလိုဖြစ်တာတဲ့။ အဲဒါ ရွာသားတွေက ကျနော်တို့ကို ပြောပြတယ်” ဟု ဘီဘီစီ အား ဖြေကြားသွားခဲ့သည်။

ထို့အပြင် “တပ်မ ၆၆ ရဲ့ ခမရ ၈၀၊ ၆၈၊ ၇၅ တပ်ရင်းတွေဟာ စားဝတ်နေရေး အဆင်မပြေမှုကြောင့် ပြီးခဲ့တဲ့ ဒီဇင်ဘာလ တတိယအပတ်ကတည်းက အာဏာဖီဆန်လာခဲ့တာပါ” ဟုလည်း ဘီဘီစီက ပြောသည်။

လျို့ဝှက်လွန်းသည့် မြန်မာ့တပ်မတော်တွင် တိုက်ခိုက်ရေးနှင့် ထောက်လှမ်းရေးတပ်များအကြား မသင့်မြတ်မှုမှာ အစဉ်အလာတရပ်ဖြစ်သော်လည်း ယခုအကြိမ်တွင် တိုက်ပွဲဖြစ်ပွားသည်အထိ ဖြစ်သည်ဆိုခြင်းကို သံသယ ရှိနေသူများလည်းရှိနေကြောင်း ရန်ကုန်ရှိ မဇ္ဈိမသတင်းထောက်က ပြောသည်။

ပြည်ပရောက် စစ်တပ်အရာရှိဟောင်းတဦးကမူ ခမရ ၈ဝ အပါအဝင် အမည်မသိ အခြား ယင်းဒေသ အခြေစိုက် တပ်ရင်း ၂ ရင်းတို့၌ ယခင်လ ၂ဝ ရက် ဝန်းကျင်တွင် တပ်တွင်းလစာနှင့်ပတ်သက်၍ အာဏာဖီဆန်မှုများရှိခဲ့သဖြင့် အရာရှိများနှင့် တပ်သား များ အနည်းဆုံး ၅ဝ ဦးခန့် ဖမ်းဆီးခံထားရကြောင်း မဇ္ဈိမကို ပြောသည်။

၆၆ တပ်မမှူး ဗိုလ်မှူးကြီး စန်းမြင့်အား စစ်ခုံရုံးတင် စစ်ဆေးနေကြောင်းလည်း သူက ဆက်ပြောသည်။

“တိုက်ပွဲဖြစ်တာ လုံးဝမဟုတ်ဘူး။ တင်းမာမှုဖြစ်ပွားတာပါ၊ အဓိကတော့ စားဝတ်နေရေး ကြပ်တည်းလို့ ဖြစ်လာတဲ့အပိုင်းမှာ သူတို့က အပစ်ခတ်ရပ် အဖွဲ့တွေနဲ့ လစာမတူတော့ ပြန်ပြီးတော့ ဖီဆန်တဲ့ သဘောပါဘဲ” ဟု သူက မဇ္ဈိမကို ပြောသည်။

စစ်ဘက်သတင်းများ ရေးသားနေသော ဆောင်းပါးရှင် ဂါမဏိကမူ တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ မှန်ကြောင်း သို့သော် “ပစ်တာခတ်တာက ခနလေးဘဲ။ တဘက်ကတပ်က ဆုတ်သွားလို့ ဆိုပြီး လောလောဆယ်တော့ ငြိမ်နေတယ်” ဟု သူက မဇ္ဈိမကိုပြောသည်။

တပ်မ ၆၆ သည် နာဂစ်ကာလတွင် ဧရာဝတီတိုင်း ကဒုံကနိကျေးရွာ ဝန်းကျင်၌ တပ်စွဲကာ လူ့အခွင့်အရေး ချိုးဖောက်မှု အတင်းအဓမ္မ လုပ်အားပေးခိုင်းစေမှုများ ကျူးလွန်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့သည်။

(ကိုဝိုင်း တည်းဖြတ်သည်။)


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Gmail Back Up (or) Gmail Hacking

ဒီ post ကို မတင်ခင်မှာ အကြိမ်ကြိမ် သေချာ စဉ်းစားပါသေးတယ်။ သူခိုးလမ်းပြ လုပ်သလို၊ ကျားကို အတောင်ပံ တပ် ပေးသလို ဖြစ်မှာ စိုးရိမ်မိပါတယ်။ ဘာမှ မသိ နားမလည်သေးတဲ့ သိုးငယ်များကို ကျားပါးစပ် ပေါက်က လွတ်စေဖို့အတွက်လည်း အားလုံး သိဖို့လိုအပ်ပါတယ်။ ဘာပဲဖြစ်ဖြစ် အကောင်းဘက်ကပဲ စဉ်းစားပြီး ကိုယ်ရေးကိုယ်တာ အတွက် အသုံးပြုလိုသူများအတွက် သုံးနိုင်အောင် ဖော်ပြလိုက်ရပါတယ်။

ဘယ်နိုင်ငံသားတွေနဲ့မှ မတူတဲ့ မြန်မာ လူမျိုးများရဲ့ ထူးခြားတဲ့ ဓလေ့စရိုက်တစ်ခု က အင်တာနက်ပေါ်ကနေ ချစ်သူဖြစ်ရင် ချစ်သူရဲ့ Gmail account ရဲ့ Password ကို တောင်းပြီး အကောင့်ထဲ ဝင်ကြည့်တာ၊ ဖြတ်သင့်တာဖြတ်တာ၊ စစ်သင့်တာ စစ်တာတွေ လုပ်ကြတာပါပဲ။ မသိရင်တော့ စစ်နေချိန်၊ ဝင်ကြည့်နေချိန်မှာ ကိုယ့်ထဲက အကြောင်းတွေ သူသိသွားပြီး Sign out လုပ်လိုက်တာနဲ့ သူဘာမှမသိတော့ဘူး၊ ဘာမှမတက်နိုင်တော့ဘူး၊ ခဏပြပြီး Password ပြန်ချိန်းလိုက်မယ် လို့ ဘယ်တော့မှ မစဉ်းစားလိုက်ပါနဲ့။ ဝင်ကြည့်နေချိန် ခဏ မှာ ကြည့်နေတာလေး နဲနဲတင် သိသွားမှာ မဟုတ်ပါဘူး၊ ဟိုး အရင် account စ လုပ်ချိန်ကနေ နောက်ဆုံး account ကို လုံးဝ မသုံး တော့ချိန်ထိ အားလုံး သိအောင် လုပ်ထားလို့ရပါတယ်။
ကိုယ့်အတွက် ကိုယ်ပဲ ဆိုရင်တော့ account အသစ် တစ်ခု သုံးချင်ချိန်တွေမှာ အရင်က အဟောင်းထဲက Data တွေ အားလုံးကို အသစ်ထဲ ကို ပြန်သိမ်းဖို့ အရမ်း အဆင်ပြေပါတယ်။



Email ကို Back up လုပ်တဲ့ စနစ်လေးပါ။

အရမ်းစိတ်ဝင်စားဖို့ ကောင်းပါတယ်။ ကိုယ့်ရဲ့ Email ထဲမှာရှိနေတဲ့ Mail တွေကို တစ်ခြား Email တစ်ခုကို တစ်စောင်ချင်း Forward လုပ်စရာမလိုပဲ နာရီပိုင်းအတွင်းမှာ သူ့ အလိုလို တစ်ခြား Email တစ်ခုထဲကို Download ချပြီးသားဖြစ်အောင်လုပ်လို့ ရပါတယ်။
ဒီ နည်းလမ်းက ကိုယ့်ရဲ့ Password ကို အခြား တစ်စုံတစ်ယောက်ကို ပေးထားတတ်တဲ့ သူတွေအတွက် အရမ်းကို အန္တရယ်များတဲ့ နည်းလမ်းပါ။ မိနစ်ပိုင်းအတွင်းမှာ ကိုယ့် ထဲကရှိသမျှ mail အားလုံးကို ကိုယ့် email address password ကိုသိနေတဲ့ တစ်ခြားလူတစ်ယောက်က download ချသွားနိုင်ပါတယ်။ ဘယ်သူ ချတယ်ဆိုတာ ကိုယ့်ထဲမှာလည်း စစ်လို့ မရဘူးနော်။ ဥပမာပြောရရင် sample@gmail.com က ကိုယ့်ရဲ့ mail ထားပါတော့ အခြား မသမာသူ တစ်စုံတစ်ယောက်က ကိုယ့်ရဲ့ Password သိနေတယ်ဆိုရင် အောက်ဖော်ပြပါ နည်းလမ်းအတိုင်း လုပ်သွားပါက ကိုယ့်ထဲကို Verification code ပါတဲ့ mail တစ်စောင်ပဲဝင်လာမယ်။ အဲဒီ mail ကိုလဲ အဲ့ဒီ မသမာသူ တစ်စုံတစ်ယောက်ကပဲ ယူပြီးတာနဲ့ ပြန်ဖျက်သွားရင် ကိုယ့်အနေနဲ့ ဘာမှတောင် မသိလိုက်ရပဲ အားလုံးပါသွားလိမ့်မယ်။ အဟောင်းတွေ ပါသွားရုံတင် မဟုတ်ပါဘူး နောက်ထက် အသစ်တွေ ဝင်လာရင်လည်း သူ့ ဆီကိုအလိုလို download ချနေမှာပါ။

ဒီ post ရဲ့ အဓိကရည်ရွယ်ချက်ကတော့ (၁) မသိသူများအတွက် အသိတစ်ခု တိုးစေဖို့၊ (၂) ကိုယ့် Email လုံခြုံရေးကို သတိပြုနိုင်စေဖို့နဲ့ (၃) ကိုယ့်ရဲ့ Email တွေကို back up လုပ်လိုသူများ လုပ်နိုင်ဖို့အတွက်ပါ။

သူများ Mail ကို ခိုးဖို့မဟုတ်ပါဘူး။ အားလုံးပဲ မှန်ကန်စွာအသုံးချမယ်လို့ မျှော်လင့်ပါတယ်။

ပထမဆုံး ကိုယ့် Mail တွေကို Back up လုပ်ပြီး သိမ်းထားဖို့ အတွက် Gmail အသစ်တစ်ခု လုပ်ပါ။

ပြီးရင် အဲဒီ Email အသစ်ထဲကိုဝင်ပါ။ ဥပမာ.. sample@gmail.com ဆိုတဲ့ Mail ကို အသစ် လုပ်ထားသော Mail တစ်ခု ကနေ Download ဆွဲမယ်ဆိုပါစို့။

1. အသစ်လုပ်ထားသော Gmail ထဲကို အရင် ဝင်ပါ။

2. Setting ကို သွားပါ။

3. Account and Import tab ထဲကို ဝင်လိုက်ပါ။

4. Add POP3 email account botton ကို click ပါ။



5. Download ချ မယ့် account ရဲ့ Email Address ကို ဖြည့်ပါ။ (Download ချ ခြင်းခံရမည့် account)။


6. Next Step ကို click ပါ။




7. Password ကို ရိုက်ထည့်ပြီး Label incoming messages box ရှေ့တွင် အမှန်ခြစ်ပေးပြီး dropdown တွင် မိမိနှစ်သက်သလို lable အသစ်တစ်ခု ပေးပါ။


8. Add Account ကို click ပါ။




9. Next Step ကို ဆက်သွားပါ။





10. နာမည်ဖြည့်ပြီး Next Step ကို click ပါ။




11. Send Verification botton ကို click ပါ။




12. Code နံပါတ်ကို ထည့်ရန် နေရာနှင့် Verify botton တစ်ခု ကျလာပါလိမ့်မယ်။ Code နံပါတ် ရရှိရန်အတွက် မူလ account ထဲသို့ ပြန်ဝင်ပါ။ inbox (သို့) span mail ထဲသို့ code နံပါတ် ပါသော mail တစ်စောင် ရောက်ရှိ နေပါလိမ့်မယ်။




13. Code နံပါတ်ကို ဖြည့်ပြီး Verify လုပ်လိုက်ပါ။



နာရီအနည်းငယ်အတွင်းမှာပဲ Email အားလုံး ရောက်ရှိလာပါ လိမ့်မယ်။

အားလုံးပဲ မှန်ကန်စွာအသုံးချနိုင်ကြပါစေ။

မှတ်ချက်။ ။ အနာသိရင် ဆေးရှိ။ အမေးရှိရင် အဖြေရှိ ဆိုတဲ့အတိုင်း အသိနောက်ကျသွားလို့ ခံလိုက်ရသူတွေ၊ ကိုယ့် Email အချင်းချင်း Data တွေပြောင်းရွှေ့ရာမှ ရပ်တန့်ချင်သူတွေနဲ့ ကိုယ် Gmail ကို သံဿယ ရှိသူတွေ အတွက် ပြန်ဖြေနည်းတစ်ခု တော့ရှိပါတယ်။ ကိုယ် password ပေးဖူးတဲ့ တစ်ယောက်ယောက် က ကိုယ့်ဆီက Email တွေကို အထက်ပါ နည်းအတိုင်း download ချ သွားပြီ ဆိုပါဆို့။ အဟောင်းတွေ ပါသွားတာတော့ ဘာမှ မတက်နိုင်တော့ ပါဘူး။ အဟောင်းတွေ ပါသွားတာကို တားလို့ မရပေမယ့် အသစ်တွေ သူ့ ဆီမဝင်အောင် တားလို့တော့ ရပါသေးတယ်။ ဘယ်လိုတားမလဲဆိုတော့ နောက် post တစ်ခုတင်ပြီး ဖြေရှင်း ရေးသား ဖော်ပြ ပေးပါမယ်။ Gmail အသုံးပြုသူအားလုံး လုံခြုံ အစဉ်ပြေမှုများနှင့် ပြည့်စုံကြပါစေ။

ကိုမို ပေးသွားတဲ့ မူရင်း လင့်ခ်က ဒီမှာ။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 12, 2010

ဝ နှင့် မိုင်းလားတပ်ဖွဲ့ကို မျက်ခြေမပြတ်စောင့်ကြည့်ရန် တြိဂံတိုင်းမှူးပြော

အင်္ဂါနေ့၊ 12 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်

ဇန်န၀ါရီ လဆန်းပိုင်း၌ တြိဂံတိုင်းမှူးဗိုလ်ချုပ်ကျော်ဖြိုး ကျိုင်းတုံမှ - မိုင်းခတ်၊ မိုင်းယန်းဘက် စိတ်ဓါတ် စစ်ဆင်ရေး နယ်လှည့် ခရီးတွင် ၀ နှင့် မိုင်းလားတပ်ဖွဲ့အား မျက်ခြေမပြတ် စောင့်ကြည့်ထားရန် ဒေသခံစစ်တပ်များအား မှာကြားခဲ့သည် ဟု နယ်စပ် သတင်း ရပ်ကွက်ကပြောပါသည်။

“အရင်တုန်းကဆို ဌာနဆိုင်ရာ ၀န်ထမ်းတွေ၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ဥက္ကဌတွေ၊ ရွာသူကြီးတွေ ခေါ်ပြီး ဆွေးနွေး မှာကြားတယ်။ အခုက အဲလိုမဟုတ်ဘူး၊ တပ်တွင်း မိသားစုတွေနဲ့ဘဲ တွေ့သွားတယ်၊ တပ်ပေါ်ကနေတောင် မဆင်းဘူး ဆိုဘဲ” - ဟု တပ်အသိုင်းအ၀ိုင်းနှင့် နီးစပ်သူတဦးက ပြောပါသည်။


တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး

ယခုလ ၆-၇ ရက်နေ့ တြိဂံတိုင်းမှူး ဗိုလ်ချုပ်ကျော်ဖြိုး၏ မိုင်းခတ်၊ မိုင်းယန်း တပ်တွင်း စစ်ရေး စည်းရုံးရေး ခရီးစဉ်တွင် ၂၀၀၉ ခုနှစ်အတွင်း လေ့လာသုံးသပ်ခြင်း၊ အရာရှိ/တပ်သား/တပ်မိသားစု များအား အားပေးစကားပြောခြင်း၊ ဆောင်ရန် ရှောင်ရန် အချက်များ မှာကြားခြင်းများအပြင် ၀ နှင့် မိုင်းလားတပ်ဖွဲ့ ကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်ထားရန် လိုကြောင်း မှာကြားခဲ့သည်ဟု ဆိုသည်။

မိုင်းခတ် နှင့် မိုင်းယန်း မြို့နယ်အတွင်း အခြေစိုက်သည့် တပ်မိသားစုများနှင့် တွေ့ဆုံရာတွင် ဗိုလ်ချုပ်ကျော်ဖြိုးက အဓိက အကြောင်းအရာ သုံးခု သတိပေးမှာကြားကြောင်း -

(၁) “ပြီးခဲ့တဲ့ နှစ်လယ်ပိုင်းက ၀ နယ်မြေထဲ ပျောက်သွားတဲ့ ဗမာရဲဘော် ၂ ယောက်အကြောင်း၊ ပြည်ပ သတင်း မီဒီယာတွေ ဖော်ပြတဲ့ ဗမာတပ်ပြေးအကြောင်း” - များမှာ ဗမာ့တပ်မတော်ကိုနာမည်ပျက်သိက္ခာကျစေသဖြင့် နောက်နောင် တပ်ပြေးများ မရှိစေရန် ကြပ်မတ်ကြရန် မှာကြားခြင်း၊

(၂) “အခေါက်ထူလွန်းတဲ့ ဒီအပစ်ရပ် ၀ တပ်ဖွဲ့ကို အနုနည်းနဲ့ ဆက်ဆံနေရင် ၁၀ နှစ်လဲ ရမှာမဟုတ်လို့ အကြမ်းနည်းနဲ့ဘဲ ပင်စည်ကို တခါထဲ ခုတ်လဲပစ်ရမှာဖြစ်ကြောင်း၊ မိုင်းလားတပ်ဖွဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းဖို့ အင်တင်တင်ဖြစ်အောင် ၀ တပ် က အဓိက ကာဆီးကာဆီး လုပ်နေတာဖြစ်ကြောင်း” - ပြောဆို၍ ၀ တပ်ဖွဲ့နှင့် မိုင်းလား တပ်ဖွဲ့အား အထူးစောင့်ကြည့် သတိထားရန် မှာကြားခြင်း၊

(၃) ခလရ ၂၈၁ တပ်ရင်းမှူး ဒု -ဗိုလ်မှူးကြီးဉာဏ်မြင့်ကျော် ဦးစီး အင်အား ၁၃၀ ခန့် ခြေကုတ်ထားသည့် မိုင်းယန်းမြို့ ဇွမ်ဆနုတ်ကုန်း တပ်စခန်းမှ မှန်ပြောင်းဖြင့် ၅-၆ မိုင် အကွာရှိ ၀ တပ်များကိုကြည့်ရှုပြီး-“အရင်က ခိုဆုန်နယ်ခြား ဂိတ်တ၀ိုက်မှာ ၀ နဲ့ မိုင်းလား ပူးပေါင်းတပ်စခန်း တခုဘဲရှိတယ်။ လလယ်ပိုင်းအတွင်း ၁၁ ခု အထိ တိုးလာတော့ ပေါ့သေးသေးထားလို့ မရတော့ကြောင်း” ၀ နှင့် မိုင်းလား ပူးပေါင်း တပ်စခန်း အမြောက်အများတိုးချဲ့ ချထားမှု အပေါ်စောင့်ကြည့်ရန် မှာကြားခဲ့သည်ဟု - ကျိုင်းတုံ စစ်တပ်နှင့် မကြာခဏ ကားချောလိုက်လေ့ရှိသူတဦး က သျှမ်းသံတော်ဆင့်သို့ပြောပြပါသည်။

ဒီဇင်ဘာ ၂၈ ရက် ၂၀၀၉ က ကျောက်ဆမ်လူး ဦးဆောင်သည့် ၀ တပ် စစ်ယာဉ်တန်း ကားကြီး/သေး ၃၈ စီး ပန်ဆန်းဌာန ချုပ်နှင့် တပ်မဟာ ၄၆၈ မိုင်းပေါက်ဘက် မှ မိုင်းဖျဲန်ဘက်သို့ ဆင်းသွားသော ကိစ္စကိုလည်း ပန်ဆန်းလိုင်းပြေး ဗဲင်ဒရိုင်ဘာ တဦးက “ကျနော် ထင်တာက အဲဒီ ၀ ကားတွေ မိုင်းလားနယ်မြေထဲ တချို့ဝင်ပြီး တပ်ဖြည့်ပေးတာလဲ ဖြစ်နိုင်တယ်။ လောလောဆယ် ချက်ခြင်းလက်ငင်းကြီး တိုက်ပွဲမဖြစ်နိုင်ဘူးဆိုပေမယ့် ဗမာစစ်တပ်ကို မယုံလို့ ၀ နဲ့ မိုင်းလားပူးပေါင်း တပ်က သတိ ၀ိရိယ ကောင်းကောင်းရှိနေတယ်ဆိုတာ ပြသတာဘဲ” - ဟု ပြောပါသည်။

၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီ နယ်ခြားစောင့်တပ် အသွင်ပြောင်းရန် ၂၀၀၉ ဒီဇင်ဘာ နောက်ဆုံး သတ်မှတ်ရက် ကျော်လွန်ခဲ့လည်း တရုတ်နယ်စပ် အခြေစိုက် အင်အားကြီး အပစ်ရပ်တပ်ဖွဲ့များ လက်ခံအဖြေပေးခြင်း မရှိသေးပေ။

source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင် အမှု ကြားနာခြင်း အဆုံးသတ်

မုံပီး | အင်္ဂါနေ့၊ ဇန်နဝါရီလ ၁၂ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၃၂ မိနစ်

နယူးဒေလီ (မဇ္ဈိမ)။ ။တရားလိုပြ သက်သေတဦးကို စစ်ဆေးပြီးနောက် ရန်ကုန် တောင်ပိုင်းခရိုင် တရားရုံးသည် မြန်မာနိုင်ငံဖွား အမေရိကန် လူမျိုး ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏အမှု သက်သေများ ကြားနာ စစ်ဆေးခြင်းကို အင်္ဂါနေ့က အဆုံးသတ် လိုက်ပါသည်။

`နှစ်ဘက် ရှေ့နေတွေက ဇန်နဝါရီလ ၂၂ ရက်နေ့မှာ နောက်ဆုံး လျှောက်လဲချက် ပေးရပါမယ်။ ဒါပြီးရင် ရုံးက စီရင်ချက်ချပါမယ်´ ဟု ရှေ့နေတဦးဖြစ်သူ ဦးကြည်ဝင်းက မဇ္ဈိမကို ပြောသည်။

နိုင်ငံသား ခံယူထားသူ အမေရိကန် လူမျိုးသည် စာရွက်စာတန်း အတုပြုလုပ်မှု၊ နိုင်ငံတွင်းသို့ တရားမဝင် ဝင်ရောက်မှုတို့ဖြင့် အမှု ရင်ဆိုင်နေရသည်။

`တရားရုံးက ဘယ်လို ဆုံးဖြတ်မယ်ဆိုတာကိုတော့ ကျနော် ကြိုတင် မှန်းဆ မပြောလိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ကတော့ စွပ်စွဲခံရသူဟာ အပြစ်မရှိဘူး ဆိုတာကိုတော့ သူ့အမှုမှာ ကာကွယ် လုပ်ဆောင်ခဲ့ပါတယ်´ ဟု ဦးကြည်ဝင်းက ပြောသည်။

စွဲဆိုခံရသူ၏ နိုင်ငံတကာရှေ့နေဖြစ်သူ Beth Swanke ကမူ စွဲချက်များမှာ `အတုအယောင်´ များသာဖြစ်ပြီး သူသည် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ရရှိရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေသူ ထင်ရှားသည့် ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတဦး ဖြစ်ခြင်းကြောင့် အမှုဆင် စွဲဆိုနေခြင်းသာဖြစ်သည်ဟု ဆိုလိုက်ပါသည်။

နိုင်ငံလုံးအနှံ့ ဆူပူအုံကြွမှုကြီး ဖြစ်ခဲ့သည့် ၁၉၈၈ ခုနှစ်က သူသည် ကျောင်းသား တက်ကြွလှုပ်ရှားသူ တဦးဖြစ်ပြီး အရေးအခင်း အပြီးတွင် စစ်တပ်က ဆန္ဒပြသူများကို နှိမ်နင်း အရေးယူ လာခဲ့သည့်အတွက် အခြား ကျောင်းသားများနှင့် အတူ မြန်မာနိုင်ငံမှ ထွက်ပြေး၍ ထိုင်းနိုင်ငံတွင် ခိုလှုံခဲ့ရသည်။ နောက်ပိုင်းတွင်သူသည် အမေရိကန် နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ကာ ထိုနိုင်ငံတွင် နိုင်ငံသား ခံယူခဲ့သည်။

၂၀၀၉ ခုနှစ်မေလ အတွင်း နိုဘယ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်ကို တရားမဝင် ဝင်ရောက်ခဲ့၍ဟုဆိုကာ ဂျွန်ဝီလီယံ ယက်တော ဆိုသူကို တရားစွဲဆို ရုံးတင် စစ်ဆေးပြီးကတည်းက ယခု ကိုညီညီအောင် အမှုသည် ၂၀၀၉ ခုနှစ် နောက်ပိုင်း ဒုတိယမြောက် အမေရိကန် နိုင်ငံသား တဦး ထိုသို့ ရုံးတင် တရားစွဲဆိုခံရခြင်း ဖြစ်သည်။

ဂျွန်ယက်တောကို ထောင်ဒဏ် ၇ နှစ် အပြစ်ပေးခဲ့ပြီး မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်သော အမေရိကန် အထက် လွှတ်တော်အမတ် ဂျင်ဝက်ဘ်နှင့် အတူ အမေရိကန်နိုင်ငံသို့ ပြန်ထည့်ပေးလိုက်သည်။

ရန်ကုန်ရှိ အမေရိကန် သံရုံးက မဇ္ဈိမသို့ အီးမေလ်းဖြင့် ဆက်သွယ် ပြောကြားရာတွင်မူ ယခုအမှုကို သူတို့ အနီးကပ် စောင့်ကြည့် လေ့လာနေကြောင်းနှင့် `မစ္စတာလွင် ဖမ်းဆီးခံရကတဲက ကောင်စစ် တွေ့ဆုံခွင့်ရရှိရန် အပြင်းအထန် ကြိုးပမ်း ဆောင်ရွက်ခဲ့ကြောင်း၊ ယခုအမှုကို နိုင်ငံတကာ စံနှုန်းများနှင့် အညီ ကိုင်တွယ် ဆောင်ရွက်ရန်လည်း မြန်မာအစိုးရကို အမေရိကန် အစိုးရက တောက်လျှောက် ဖိအားပေး ပြောကြားခဲ့သည်ဟု ပြောသည်။

ဒီဇင်ဘာလ အတွင်းကလည်း ကွန်ဂရက် လွှတ်တော်အမတ် ၅၀ ကျော်က ယက်တောကဲ့သို့ပင် ယခု ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံအားပေးသူ ကိုညီညီအောင်ကိုလည်း အမေရိကန် နိုင်ငံသို့ ပြန်လာခွင့်ပေးရန် မြန်မာအစိုးရကို တိုက်တွန်း တောင်းဆိုထားသည်။

`အမှုကနေ အပြုသဘော ရလဒ်တွေ ထွက်ပေါ်လာရေးအတွက် သံတမန် လမ်းကြောင်းတွေကနေ အမေရိကန် နိုင်ငံက ဆက်လက် လုပ်ဆောင်နေပါတယ်´ ဟု သံရုံးလက်ထောက် ပြည်သူ့ရေးရာ အရာရှိ Drake Weisert က အင်္ဂါနေ့တွင်မဇ္ဈိမကို ပြောသည်။

`ရန်ကုန် သံရုံးကောင်စစ် အရာရှိတဦးက မစ္စတာလွင်ကို အင်းစိန်ထောင်မှာ ဒီဇင်ဘာ ၂၈ ရက်နေ့က တနာရီကြာ တွေ့ဆုံခဲ့ပါတယ်။ ပုံမှန် ကောင်စစ် တွေ့ဆုံခွင့်ရအောင် ကျနော်တို့ ဆက်လက်ဖိအားပေး ဆောင်ရွက်နေပါတယ်´ ဟု Weisert က ပြောသည်။


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ ထပ်မံတွေ့ဆုံ

Tuesday, 12 January 2010 19:33 ကိုထွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေဖြစ်သူများ ယနေ့ ထပ်မံတွေ့ဆုံရာတွင် နေအိမ်ပြင်ဆင်ခွင့်နှင့် အယူခံအတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်ခွင့် လျှောက်လဲချက်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ကြောင်း သွားရောက် တွေ့ဆုံသည့် ရှေ့နေ ဖြစ်သူ ဦးဉာဏ်ဝင်းက ဆိုသည်။

ရှေ့နေများ ဖြစ်သည့် ဦးကြည်ဝင်းနှင့် ဦးဉာဏ်ဝင်း တို့သည် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ နေ့လည်၂ နာရီမှ ၄ နာရီ အထိ အချိန် ၂ နာရီကျော် အထိ သွားရောက် တွေ့ဆုံ ဆွေးနွေးခဲ့သည်။

ဦးဉာဏ်ဝင်းက “ ဒေါ်အောင်ဆန်း စုကြည် နေအိမ် ပြင်ဆင်ခွင့် ရပ်ဆိုင်း ထားခြင်း ခံရတာနဲ့ ပတ်သက်ပြီး ကျနော်တို့ မြို့တော် စည်ပင်မှာ စာတင် ထားတယ်၊ ကန်ကွက် ချက်ဟာ ဘာလဲ ကျနော် တို့ကို မိတ္တူပေးပါ၊ ဒါမှ ကျနော်တို့လည်း ပြန်လည် ဖြေရှင်းလို့ ရမယ်၊ အဲဒီ ကန့်ကွက်ချက်ကို ကျနော်တို့ အချိန်အတိုင်း အတာ တခုအထိ စောင့်ဆိုင်း နေပါတယ်၊ ရရှိဖို့လည်း ဆောင်ရွက်မှာပါ” ဟု ပြောသည်။

နေအိမ်ပြင်ဆင်နေမှုအား အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ဒီဇင်ဘာလ ၂၃ ရက်က စတင် ကန့်ကွက်ထားမှုကြောင့် ရန်ကုန် မြို့တော် စည်ပင်သာယာရေး ကော်မတီက စုံစမ်းစစ်ဆေး နေချိန်တွင် အိမ်ပြင်ဆင်မှု လုပ်ငန်းများကို ရပ်ဆိုင်းထားပြီး ထွက်ပေါ် လာမည့် ရလဒ်ကို ဒေါ်အောင်ဆန်းစုကြည်က စောင့်ဆိုင်းနေခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်ပြင်ဆင်ခွင့်ရပ်ဆိုင်းခံထားရသော်လည်း ကန့်ကွက်စာကို ယခုအချိန်အထိ မရရှိသေးကြောင်း၊ ကန့်ကွက်ချက်ကို မရရှိပါက ယင်းအခြေအနေအပေါ်မှာပင် ဆောင်ရွက်သင့်သည်များကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဇန်န၀ါရီ ၁၈ ရက်နေ့တွင် လျှောက်လဲချက်ပေးရမည့် ဒေါ်အောင်ဆန်းစုကြည် ဒေါ်ခင်ခင်ဝင်းနှင့် ဒေါ်ဝင်းမမတို့ အယူခံမှု ၃မှု အတွက် ဥပဒေ အချက်အလက်များကို ညှိနှိုင်းခဲ့ကြောင်း ဦးဉာဏ်ဝင်းက ဆက်ပြောသည်။

ရန်ကုန်တိုင်း တရားရုံးက ပယ်ချခဲ့သည့် ဒေါ်အောင်ဆန်းစုကြည် အယူခံအတွက် တင်သွင်းခဲ့သော ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လဲချက်ကို ဗဟို တရားရုံးချုပ်က လက်ခံခဲ့သည်။

ရှေ့နေများက တရားရုံးချုပ်တွင် ဒီဇင်ဘာ ၄ ရက်နေ့က လျှောက်လဲချက် ပေးခဲ့ကြပြီး ဇန်န၀ါရီလ ၁၈ ရက်နေ့တွင် နောက်ဆုံး လျှောက်လဲချက်ပေး၍ အမိန့်ချမှတ်မည် ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို စီရင်ချက်ချ ပြီးနောက်ပိုင်း ရှေ့နေဖြစ်သူများနှင့် ၁၀ ကြိမ်ထက်မနည်း တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သည့် မေလ၊ အိမ်အကျယ်ချုပ် ၆ နှစ် ပြည့်တော့မည့် အချိန်တွင် ၎င်း၏နေအိမ်သို့ တိတ်တဆိတ် ဝင်ရောက်ခဲ့သော အမေရိကန် နိုင်ငံသား ဂျွန် ဝီလျံ ယက်ထောကြောင့် ရုံးတင်တရားစွဲ ခံခဲ့ရသည်။

အာဏာပိုင်တို့က ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ဖောက်ဖျက်သည်ဟု ဆိုကာ သြဂုတ်လ အတွင်းတွင် ထောင်ဒဏ် ၃ နှစ် စီရင်ချက် ချမှတ်ခဲ့သည်။ ထို့နောက် စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ အမိန့်ဖြင့် ထောင်ဒဏ်ကို ထက်ဝက် လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်၊ နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲ ကျခံစေခဲ့သည်။

ပြစ်ဒဏ်လျှော့ပေါ့ရခြင်း အကြောင်းရင်းမှာ ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်အောင်ဆန်း၏ သမီး ဖြစ်၍ လည်းကောင်း၊ ရပ်ရွာ အေးချမ်း သာယာရေးနှင့် တည်ငြိမ်ရေးကို ရှေးရှု၍ လည်းကောင်း၊ အာဃာတ မရှိစေရေးအတွက် လည်းကောင်း၊ ဒီမိုကရေစီ လမ်းကြောင်းတွင် အနှောင့်အယှက် မဖြစ်စေရေးအတွက် လည်းကောင်း ဖြစ်သည်ဟု ဆိုသည်။

အဆိုပါ စီရင်ချက်အတွက် အယူခံလွှာကို ရန်ကုန်တိုင်း တရားရုံးက စက်တင်ဘာ ၄ ရက်နေ့တွင် လက်ခံခဲ့သော်လည်း အောက်တိုဘာ ၂ ရက် ရုံးချိန်းတွင် ပလပ်ခံရသဖြင့် တရားရုံးချုပ်တွင် ဒေါ်အောင်ဆန်းစုကြည်က ယခုကဲ့သို့ ပြစ်မှုဆိုင်ရာ ပြင်ဆင်ချက်ကို တင်သွင်းခြင်း ဖြစ်သည်။


source by : http://www.irrawaddy.org

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုအဖွဲ့ကြီး ၏ ကြေညာချက်

အပြည့်အစုံ ဖတ်ရန် ...

မိုင်းလားအဖွဲ့ လူထုအား နိုင်ငံသားစိစစ်ရေး ကဒ်ပြားဖြင့် စည်းရုံးနေ

တနင်္လာနေ့၊ 11 ဇန်န၀ါရီ 2010 သျှမ်းသံတော်ဆင့်


နှစ်ဆန်း တစ်ရက်နေ့မှစ၍ မိုင်းလားတပ်ဖွဲ့ ထိန်းချုပ် နယ်မြေအတွင်း မိုင်းယန်း နအဖ - လ၀က ၀န်ထမ်းအဖွဲ့မှ နိုင်ငံသား စိစစ်ရေး ကဒ်ပြားအတွက် ကွင်းဆင်း လုပ်ပေးနေသည်ဟု နယ်စပ် သတင်းရပ်ကွက်က ပြောပါသည်။
“၂၀၀၈ ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲ မလုပ်ခင်က ကဒ်အဖြူတွေ လာလုပ်ပေးတယ်။ အခု အဲ့ကဒ်တွေကို အများသုံးတဲ့ ပန်းရောင် မှတ်ပုံတင် ပြန်လုပ်ပေးတယ်။ ဘာမှမရှိရင်လဲ အသစ်လုပ်ပေးတယ်” - ဟု ဒေသခံတဦးက ပြောပါသည်။

NDAA တပ်မဟာ ၃၆၉ ဆီလူးဌာချုပ် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်နယ်မြေအတွင်း နိုင်ငံသားစိစစ်ရေး ကဒ်ပြားလုပ်ပေးရန် မိုင်းယန်းမြို့ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဦး ဦးဆောင်သော လ၀က ၀န်ထမ်း ၅-၆ ယောက်အပြင် အထွေထွေကူညီ ဆောင်ရွက်ရန် ကျောင်းဆရာ/ဆရာမ ၄-၅ ယောက်ပါသည့် ၁၀ ယောက်ကျော်အဖွဲ့က ကွင်းဆင်း လုပ်ပေးနေခြင်း ဖြစ်သည်ဟု ဆို၏။

“နိုင်ငံရေး စစ်ရေး အခြေအနေကြောင့် တခြားဒေသ ခရီးသွားလာလွယ်ကူ အဆင်ပြေအောင် မှတ်ပုံတင်လုပ်ဖို့ ဒေသခံတွေ စိတ်ဝင်စားကြတယ်၊ လာလုပ်ပေးတဲ့ ၀န်ထမ်းတွေကိုတောင် မှတ်ပုံတင်ကဒ် ရချင်သူတွေက အစားအသောက်တွေ ဘီယာ တွေ အဖါလိုက် လက်ဆောင်သွားပေးတယ်။”- မှတ်ပုံတင် သွားလုပ်သူတဦးက ပြောပါသည်။

နိုင်ငံသား စိစစ်ရေးကဒ်ပြားအတွက် မိုင်းလားတပ်ဖွဲ့ ထိန်းချုပ်ဒေသအတွင်း ဇန်န၀ါရီ ၁ ရက်နေ့ မှစ၍ ကွင်းဆင်း လုပ်ပေး ခဲ့ရာ တရက်လျှင် ၅-၆ ယောက်နှုန်းဖြင့် ယနေ့အထိ အယောက် ၅၀-၆၀ ခန့် ပြီးစီးသွားပြီ ဖြစ်ကြောင်း နီးစပ်သည့် အသိုင်းအ၀ိုင်း ကဆို၏။

မိုင်းလားတပ်ဖွဲ့ ၃၆၉ ဌာနချုပ် အာဏာပိုင်များက သက်ဆိုင်ရာကျေးရွာ တိုက်နယ်အသီးသီးသို့ သွားခွင့်မပြုဘဲ ဆီလူးမြို့ စာသင်ကျောင်းဝင်းအတွင်း၌သာ လုပ်ခွင့်ပြုသောကြောင့် ကဒ်ပြားသစ်သွားလုပ်သူများ နည်းပါးရခြင်း ဖြစ်နိုင်သည်ဟု အကဲခတ်များသုံးသပ်ကြသည်။

ထိုင်းနယ်စပ် နိုင်ငံရေး စစ်ရေး စောင့်ကြည့်သူတဦးက အပစ်ရပ်ဒေသအတွင်း နအဖတို့ နိုင်ငံသားစိစစ်ရေးကဒ်ပြား ကွင်းဆင်းလုပ်ဆောင်ပေးခြင်း၏ အခြားရည်ရွယ်ချက်မှာ - အနည်းဆုံး အပစ်ရပ်များ၏ စစ်ရေးပြင်ဆင်မှုအခြေအနေ၊ လူအင်အားစာရင်း တို့ကို အကဲခတ် ထောက်လှမ်းနိုင်ကြောင်း၊ ထို့အပြင် လာမည့်ရွေးကောက်ပွဲအတွက် ထောက်ခံမဲရရန် ဒေသခံလူထုအား စည်းရုံးနေခြင်းလည်း ဖြစ်နိုင်ကြောင်း သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။


source by : http://www.mongloi.org

အပြည့်အစုံ ဖတ်ရန် ...

Monday, January 11, 2010

ဓါးစာခံ ရှာပြီး သေဒဏ်ပေးခြင်းဟု လုပ်ဖော် ကိုင်ဖက်ဟောင်းက ပြော ( အင်တာဗျူး )

မဇ္ဈိမသတင်းဌာန | တနင်္လာနေ့၊ ဇန်နဝါရီလ ၁၁ ရက် ၂၀၁၀ ခုနှစ် ၁၅ နာရီ ၁၈ မိနစ်

ချင်းမိုင်(မဇ္ဈိမ)။ ။ ၂၀၀၁ ခုနှစ်ကအငြင်းပွါးဖွယ် ရဟတ်ယာဉ် ပျက်ကျ သေဆုံးသွားခဲ့သော နအဖ အတွင်းရေးမှူး ၂ ဗိုလ်ချုပ်ကြီးတင်ဦးနှင့် ပတ်သက်သည့် အတိတ်က လျှို့ဝှက်ချက်များကို အစ ဖျောက်လိုသဖြင့် အရာရှိ နှစ်ဦးကိုလွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခဲ့ခြင်း ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီးဌာန ဝန်ထမ်းဟောင်းတဦးက မြန်မာ စစ်အစိုးရကို စွပ်စွဲ ပြောကြားလိုက်ပါသည်။

ထိုသူနှစ်ဦးကို စစ်အစိုးရ ဝန်ကြီး နှစ်ဦး၏ နိုင်ငံခြား ခရီးစဉ်များနှင့် မြန်မာနိုင်ငံတွင် တည်ဆောက် နေသော မြေအောက် ဥမင်ကွန်ရက်များ အကြောင်း အသေးစိတ် အချက်အလက်များ ပေါက်ကြားစေခဲ့မှုဖြင့် စွပ်စွဲ အပြစ်ပေးခဲ့ခြင်း ဖြစ်သည်။

လွန်ခဲ့သော သောကြာနေ့က သေဒဏ်ပေးခံခဲ့ရသူ နှစ်ဦးက မြန်မာ စစ်အစိုးရ စွပ်စွဲသည့်အတိုင်း လျှို့ဝှက်ချက်များ ပေါက်ကြားစေခဲ့သည် ဆိုသည်ကို သူ မယုံကြည်ကြောင်းဖြင့် ကမ္ဘောဒီးယား နိုင်ငံ မြန်မာသံရုံးမှ သံအမှုထမ်းဟောင်း တဦးဖြစ်သူ ဦးစိန်လွင်က မဇ္ဈိမနှင့် ပြုလုပ်ခဲ့သော တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆိုခဲ့သည်။

ဦးစိန်လွင် (အသက် ၃၅ နှစ်) သည် ၂၀၀၄ ခုနှစ်အထိ ကမ္ဘောဒီးယား နိုင်ငံ ဖနွမ်းပင် မြန်မာသံရုံးတွင် ဌာနခွဲ ၂ ၏ ဌာနခွဲမှူးအဖြစ် တာဝန် ထမ်းဆောင်ခဲ့သူဖြစ်ပြီး ထောက်လှမ်းရေး အချက်အလက်များ စုဆောင်းရယူခြင်းနှင့် မြန်မာစစ်တပ်သို့ အစီရင်ခံခြင်းများကို ဆောင်ရွက်ခဲ့သူ ဖြစ်သည်။

ဦးစိန်လွင်

သို့သော် ယမန်နှစ်က ထိုသို့ ဖမ်းဆီးချိန်တွင် သူသည် မြန်မာနိုင်ငံတွင် ရှိနေခြင်း မရှိပါ။ တွေ့ဆုံမေးမြန်းခန်းမှ ကောက်နှုတ်ချက်များကို ဖော်ပြ လိုက်ပါသည်။

မေး။ လျှို့ဝှက် စာရွက်စာတန်းတွေ ပေါက်ကြားတယ်ဆိုပြီး အရာရှိနှစ်ဦးကို မကြာသေးခင်က သေဒဏ် ပေးလိုက်တဲ့အပေါ်မှာ ခင်ဗျား ဘယ်လို ယူဆပါသလဲ။

ဖြေ။ စရဖ (စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့ - MAS) အကြီးအကဲက ၂ဝဝ၉ ခုနှစ်ဂျူလိုင်လက စပြီး နေပြည်တော်မှာ အသစ်ခန့်အပ်ထားတဲ့ ထောက်လှမ်းရေးအရာရှိတွေကို သတင်းပေါက် ကြားမှုနဲ့ပတ်သက်ပြီး အသေးစိတ်စုံစမ်းဖော်ထုတ်ဘို့ညွှန်ကြားထားတယ်။

ဒီထောက်လှမ်းရေးအရာရှိအသစ်တွေကလဲ စရဖ အကြီးအကဲ ဒုဗိုလ်ချုပ်ကြီးရဲမြင့်ကျေနပ် အောင် ယာယီဘဲဖြစ်ဖြစ် ဓါးစာခံတွေရှာပြဘို့လိုလာတယ်။ ဒီလို သတင်းပေါက်တာဒီလူတွေ ကြောင့်ဘဲဆိုတာလုပ်ပြလိုက်ရင် နိုင်ငံခြားရေးဌာနတွင်း သံရုံးဝန်ထမ်းအပြောင်းအရွှေ့သ တင်းတွေလဲ နောင်ကိုထွက်တော့မှာ မဟုတ်ဘူးလို့ထင်တာ။

ဒီနှစ်ယောက်ကို သေဒဏ်ပေးလိုက်ရင်နောက်လူတွေလဲလုပ်ရဲတော့မှာမဟုတ်ဘူးလို့ အာဏာရှင် တွေက မျှော်လင့်နေတာ။ ဒါပေမဲ့ ကြည့်ပါ ဒီအစိုးရအပြောင်းအလဲဖြစ်တဲ့အထိ မီဒီယာပေါ်မှာ သတင်းတွေ ဓါတ်ပုံတွေ နောက်ထပ် အနှေးနဲ့အမြန်ဆိုသလိုဘဲ တက်လာဦးမှာဘဲ။

မေး။ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် အကြောင်း ကျနော်တို့ကို ပြောပြပေးနိုင်မလား။ သူဘယ်လို အဖမ်းခံခဲ့ရတယ် ဆိုတာရောပေါ့။

ဖြေ။ သူက ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာအလုပ် လုပ်နေတာပါ။ သူ့ကိုခြေရာခံမိသွားတာ က ကမ္ဘောဒီးယားမြန်မာသံရုံး စစ်သံမှူးရုံးက ဗိုလ်မှူးချုပ်သန်းဟန်ပဲ။ သူက သူခုလိုစောင့် ကြည့်ခံနေရတယ် ဆိုတာမသိဘူး။ ဒီပေါက်ကြားသွားတဲ့ သတင်းတွေသာမကဘူး။ သူ့ဆရာ နဝတ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဆိုသည့်စစ်အစိုးရ၏တရားဝင်အမည်၊ နောင်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ ဟု အမည်ပြောင်းသည်) ရဲ့ အတွင်းရေးမှူး (၂) ဒုဗိုလ်ချုပ်ကြီးတင်ဦး ၂ဝဝ၁ ခုနှစ်က လုပ်ကြံခံရတယ်ဆိုတာကို သူက သိထားတယ်။

ဒီတော့ဗိုလ်ချုပ်ကြီးတွေက ဒီတခါ ခဲတလုံးထဲနဲ့ ငှက်နှစ်ကောင်ပစ်လိုက်တာ ပေါ့။ ဝင်းနိုင်ကျော် ဒီမိုကရေစီ ဘက်ကိုဘက်ပြောင်းပြီး တနေ့မှာ ဒီလုပ်ကြံမှုကြီးအကြောင်း ဖော်ရင် လက်ရှိဗိုလ်ချုပ်ကြီးတွေ တပ်တွင်း မျိုးဆက်သစ်တွေ ကြားထဲမှာ ထောက်ခံမှုရတော့မှာ မဟုတ်ဘူး။

သူက ၂ဝဝ၉ ဒီဇင်ဘာလဆန်းမှာပြန်လာတာ။ စရဖ က သူ့ကိုရန်ကုန်မင်္ဂလာဒုံလေဆိပ်မှာဘဲ ဖမ်းလိုက်တာ။ ရိုးရိုးသားသားပြောရရင် အဲဒီအချိန်က ကျနော်မြန်မာပြည်မှာမရှိပါဘူး။ ဒါပေမဲ့ ကျနော့် အဆက်အသွယ်တွေ ဆီကသတင်းအရဆိုရင် သူ့ဆီက လှိုဏ်ခေါင်းပုံတွေ စရဖ က တွေ့တယ်ပြောတယ်။ ဒါပေမဲ့ တကယ့်အဖြစ်က အတွင်းရေးမှူး (၂) ရဲ့ ပိုအရေးကြီးတဲ့ ပိုလျှို့ ဝှက်တဲ့ဖိုင်တွေက သူ့ခရီးဆောင် ကွန်ပျူတာထဲမှာ ရှိနေတာ။ ဒါပေမဲ့ ဗိုလ်ချုပ်ကြီးတွေက ဒီကိစ္စတွေကို ပြဿနာပိုမကြီးစေချင်ဘူးလေ။

မေး။ ပြည်ပမီဒီယာကို လျှို့ဝှက်ဖိုင်တွေ ပို့ခဲ့တာ သူမဟုတ်ဘူးလို့ ခင်ဗျား ဘယ်လိုပြောနိုင်လဲ။

ဖြေ။ ဝင်းနိုင်ကျော်က နိုင်ငံခြားရေး ဝန်ကြီးဌာနက မဟုတ်ပါဘူး။ သူ့နောက်ဆုံး ရာထူးက အမျိုးသား စီမံကိန်း ဝန်ကြီးဌာနမှာ နိုင်ငံခြား စီးပွားဆက်သွယ်ရေးဌာန ညွှန်ကြားရေးမှူး။ သူဒီရာထူးက နေ ၂ဝဝ၄-၂ဝဝ၅ တဝိုက်လောက်မှာ ထွက်သွားပြီး ကုလသမဂ္ဂ အေဂျင်စီတခုမှာ အလုပ်ရတယ်။
နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ လုပ်ရိုးလုပ်စဉ် အတိုင်းဆိုရင် အမှုတွဲတွေက ကကကြည်း (ကာကွယ်ရေး ဝန်ကြီးဌာန စစ်ဦးစီးချုပ်ရုံး) ရယ် ကက(လှမ်း) (ကာကွယ်ရေးဌာန ထောက်လှမ်းရေးမှူးချုပ်ရုံး)၊ နဲ့ ပြည်ထဲရေး ဝန်ကြီးဌာန ရုံးချုပ်တို့ကို မိတ္တူပို့ရတယ်။ ဥပမာ ဂျွန်ယက်တောအမှုတွဲမျိုးဆို အစိုးရ ဌာနဆိုင်ရာတွေ ကြားထဲမှာ ဖြန့်ရတယ်။

မေး။ စစ်အစိုးရက သေဒဏ်ပေးတာ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော် တယောက်ထဲ မဟုတ်ဘူး။ နိုင်ငံခြားရေး ဝန်ကြီးဌာနက စာရေး ကိုသူရကျော်ကိုပါ အပြစ်ပေးတာ။ ဒီတော့ ဒီသတင်းဖိုင်တွေက ကိုသူရကျော်ဆီက လာတာ ဖြစ်နိုင်တာပေါ့။ ခင်ဗျား ဒီကိစ္စကို ဘယ်လို ပြောမလဲ။

ဖြေ။ ဒီအမှုတွဲဖိုင်က ကိုသူရကျော် ရုံးခန်းကလာတာဖြစ်ပေမဲ့ မိတ္တူတွေက တခြားအစိုးရဌာနနဲ့ အေဂျင်စီတွေမှာလည်း ရှိနေတာဘဲ။ နေပြည်တော်မှာက အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးနိုင်တယ်။ ဒီတော့ ကကကြည်းနဲ့ ကကလှမ်းကိုလဲ သူတို့ ထည့်စဉ်းစားဘို့ လိုတာဘဲ။ ကာကွယ်ရေးဌာနက တယောက်ယောက်ကလဲ ဒါကို အလွယ်လေး ပို့လိုက်လို့ ရတာဘဲ။ ဒီအမှုမှာ ကိုသူရကျော်ရဲ့ဖိုင်တွေ ဗိုလ်မှူး ဝင်းနိုင်ကျော် ခရီးဆောင် ကွန်ပျူတာထဲက တွေ့တယ်ဆိုတာ အဓိပ္ပါယ်မရှိပါဘူး။ ဒါပေမဲ့လဲ စရဖက ထိန်းချုပ်ထားတဲ့ စစ်အစိုးရရဲ့ တရားရုံးမှာ သူတို့ကိုယ် သူတို့ ကာကွယ်နိုင်ကြမှာ မဟုတ်ပါဘူး။ ဘယ်လောက် တန်ဘိုးပေးရပေးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အတိတ်က အဖြစ်တွေကို အစ ဖျောက်ပစ်ချင်နေတာ။ ဒီတခါတော့ ခရီးဆောင် ကွန်ပျူတာထဲက ဖိုင်တွေက တရားရုံးမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထားတွေ ဖြစ်သွားတော့တာပေါ့။

မေး။ သူတို့ကို ဘယ်မှာ ထိန်းသိမ်းထားခဲ့တယ်ဆိုတာ ခင်ဗျားသိသလား။ ဒီတရားရုံးတင်စစ်ဆေးတဲ့ အကြောင်းကိုကော ခင်ဗျားသိသလား။

ဖြေ။ ဖမ်းမိမိချင်း စရဖ ဌာနချုပ်ကို အစီရင်ခံတယ်၊ ပြီးတော့ စစ်ကြောရေးအတွက် ရေကြည်အိုင်ကို ပို့တယ်။ အမိန့်မချခင်မှာ အင်းစိန်ထောင်ကို သူ့ကို ပို့တယ်။ စစ်တဲ့ရုံးကတော့ အင်းစိန်မြို့နယ် ရွှေပြည်သာလမ်းမှာရှိတဲ့ ရန်ကုန်မြောက်ပိုင်း ခရိုင်ရုံးပါ။

မေး။ အတွင်းရေးမှူး (၂) လုပ်ကြံခံရတယ်ဆိုတဲ့ အထောက်အထားဘာရှိသလဲဗျ။

ဖြေ။ ကျနော် ၂ဝဝ၂ ခုနှစ် နိုင်ငံခြားရေး ဝန်ကြီးဌာနမှာ မှုခင်း စုံစမ်းထောက်လှမ်းရေး (CID) သင်တန်း တက်နေတုံး ဗိုလ်မှူး ဝင်းနိုင်ကျော်လဲ လာတက်တယ်။ ကျနော်တို့ ရင်းနှီးတဲ့ မိတ်ဆွေတွေ ဖြစ်ခဲ့ကြပါတယ်။ အဲဒီအချိန်က ရဟတ်ယာဉ်မောင်းနှင်သူ ပိုင်းလော့ကို သံလွင်မြစ်ထဲက ဆယ်နိုင်ခဲ့တယ်။ ဒါပေမဲ့ သူ့ကို ပစ်သတ်ခဲ့တယ်။

မေး။ ပိုင်းလော့ကို ဘယ်သူသတ်တာလဲဗျ။

ဖြေ။ ဒါတော့မသိဘူး။ ဖြစ်နိုင်တာ စစ်ထောက်လှမ်းရေးနဲ့ စစ်တပ် တခုခုပဲ။ အာဏာပိုင်တွေက အစိုးရ သတင်းစာတွေမှာ နာရေး ကြော်ငြာထည့်ခွင့် မပေးခဲ့ဘူး။ အဲဒီအချိန်က တွင်း ၂ တင်ဦးရဲ့သား ဇော်ထွန်းဦးက နိုင်ငံခြားရေး ဝန်ကြီးဌာနမှာဘဲ ရှိသေးတယ်။ သူနဲ့ ကျနော်နဲ့က ဖောင်ကြီး (အစိုးရ ဝန်ထမ်းများ အတွက်သင်တန်း) မှာ ၁၉၉၈ ခုနှစ်က အပတ်စဉ်တခုထဲ အတူတူ တက်ခဲ့ကြတာ။ သူ့အပြောအရ အဲဒီအချိန်တုံးက သူ့အဖေနဲ့ မောင်အေး၊ ခင်ညွန့် တို့ကြားမှာ အာဏာအားပြိုင်မှု အတော် ကြီးမားခဲ့တယ် လို့ဆိုတယ်။

မေး။ ခင်ဗျား ဘာဖြစ်လို့ ခုလို ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့တာလဲ။ လတ်တလော အကြောင်းတွေက ဘာတွေလဲဗျ။

ဖြေ။ ဗိုလ်မှူးဝင်းနိုင်ကျော်က သူ စောင့်ကြည့်ခံနေရပြီ ဆိုတာရယ်၊ သူ့ကို နာမည်ပျက် စာရင်း သွင်းထားပြီ ဆိုတာရယ်ကို မသိဘူး။ သူသာသိခဲ့ရင် ဗမာပြည်ကို ပြန်မှာ မဟုတ်ဘူး။ ကျနော်ကတော့ ကျနော်ရယ် နောက်တခြား ဝန်ထမ်းဟောင်းတွေရယ်ကို နာမည်ပျက် စာရင်းသွင်းထားပြီ ဆိုတာသိတယ်။ ဒါကြောင့် ကိုယ့်နိုင်ငံကို ချစ်ပေမဲ့ ကူးပြောင်းဘို့ ဆုံးဖြတ်ခဲ့ရတာဘဲ။ တိုင်းပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီရတဲ့နေ့ လုံခြုံစိတ်ချရတဲ့နေ့မှာ ကျနော်ဗမာပြည်ကို ဂုဏ်ယူဝံ့ကြွားစွာနဲ့ ပြန်မှာပါ။

မေး။ စစ်အစိုးရရဲ့ နျူကလီးယား ရည်မှန်းချက်ကို ခင်ဗျား ဘယ်လို ထင်မြင်ယူဆပါသလဲ။

ဖြေ။ အီရတ်မှာလို အမေရိကန်က ဝင်တိုက်မှာကို စစ်အစိုးရက တကယ်ကြောက်နေတာပါ။ နျူကလီးယား လက်နက် ပိုင်ဆိုင်ပြီး စစ်ရေး အင်အား ကြီးထွားလာမယ်ဆိုရင် နိုင်ငံရေးအရလဲ အင်အားရှိလာမယ်၊ အမေရိကန်ကလဲ စစ်အစိုးရကို ဝင်တိုက်မှာ မဟုတ်ဘူးလို့ ယူဆထားတာ။

မေး။ ၂၀၁၀ ရွေးကောက်ပွဲ အစီအစဉ်နဲ့ ပတ်သက်လို့ ခင်ဗျား ဘာတွေ သိထားပါသလဲ။

ဖြေ။ စစ်အစိုးရက ၁၉၉၀ တုံးကလို လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲမျိုး လုပ်ခွင့်ပေးမှာ မဟုတ်ဘူး။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ကဘဲ အများစုနိုင်မှာဘဲ။ ဒီတော့စစ်အစိုးရက ခဲတလုံးထဲနဲ့ ငှက် သုံးကောင် ပစ်ချပြီးသား ဖြစ်သွားတာပေါ့။ စစ်အစိုးရက ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်ကိုလဲ ပယ်ဖျက်ပြီး ဖြစ်သွားမယ်၊ တိုင်းရင်းသား အဖွဲ့တွေကိုလဲ လက်နက်ဖြုတ်ပြီးသား ဖြစ်သွားမယ်။

မေး။ စစ်အစိုးရရဲ့ နယ်ခြားစောင့်တပ်ဖွဲ့ဘို့ရယ်၊ အပစ်ရပ်အဖွဲ့တွေရယ်နဲ့ ပတ်သက်လို့ ဘာ အစီအစဉ်တွေ ရှိတယ်ဆိုတာ ခင်ဗျားသိသလား။

ဖြေ။ အပစ်ရပ်အဖွဲ့တွေက ဗိုလ်ချုပ်ကြီးတွေရဲ့ ရေရှည် စီမံကိန်း ထောင်ချောက်ထဲမှာ မိနေပြီးသားဖြစ်နေပြီ။ ဒါက အရင်ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့်လုပ်ခဲ့တဲ့ အစီအစဉ်ပါ။ စစ်တပ်လက်အောက်မှာ နယ်ခြားစောင့် တပ်ဖွဲ့ရေး အစီအစဉ်ဟာ ၅ နှစ်အတွင်း ဒီလက်နက် ကိုင်အဖွဲ့တွေကို ဖျက်ဆီးပစ်ဘို့ နည်းပရိယာယ်ပါဘဲ။ ၅ နှစ်ကြာရင် နယ်ခြားစောင့်တပ်ဖွဲ့ဆိုတာ ရှိတော့မှာ မဟုတ်ဘူး။ မြန်မာစစ်သားတွေက တဖြေးဖြေး ဝင်အစားထိုး နေရာယူသွားမှာဘဲ။

မေး။ မြောက်ကိုရီးယားနိုင်ငံနဲ့ မြန်မာ စစ်အစိုးရအကြား ဆက်ဆံရေး အခြေအနေကိုကော ခင်ဗျား ဘယ်လိုထင်ပါသလဲ။ မြန်မာနိုင်ငံမှာ မြောက်ကိုရီးယားနိုင်ငံက လုပ်နေတဲ့ စီမံကိန်းတွေ ဘာရှိလဲ။

ဖြေ။ နှစ်နိုင်ငံစလုံးက နိုင်ငံတကာမှာ နိုင်ငံရေးအရ အထီးကျန် ဖြစ်နေတာ။ မြန်မာ စစ်ထောက်လှမ်းရေး တွေကို သင်တန်းပေးတာရော၊ နျူကလီးယား စီမံကိန်းတွေရော အများကြီးရှိတယ်။ လျှို့ဝှက်စာရွက် စာတန်းတွေ ခင်ဗျား ဖတ်ပြီးရောပေါ့၊ အဲဒါတွေဟာ အမှန်တွေပါပဲ။


source by : http://www.mizzimaburmese.com

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 10, 2010

သေဒဏ်စီရင်ခံရသည့် ပေါက်ကြားမှုကိစ္စ ဆက်သွယ်မေးမြန်းချက်

2010-01-10 ( RFA )

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၇ ရက်နေ့က စစ်အစိုးရ အင်းစိန်ထောင် အထူးတရားရုံးကနေ နိုင်ငံတော် စစ်ရေးဆိုင်ရာ စာရွက်စာတမ်းများ ပေါက်ကြားမှုနဲ့ ဖမ်းဆီးထားသူ ၃ ဦးကို သေဒဏ်အပါဝင် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

မြန်မာစစ်တပ်၏ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ဗိုလ်ချုပ်ကြီး သူရရွှေမန်း (ယာ) နှင့် မြောက်ကိုရီးယား အလုပ်သမားပါတီ ဗဟိုကော်မတီ အတွင်းရေးမှူး ဂျန်ဗျောင်ဟို (ဝဲ) တို့ ၂ဝဝ၈ခုနှစ်၊ နိုဝင်ဘာလ ၂၈ရက်က ပြုံယမ်းမြို့တော်တွင် နှုတ်ဆက်နေပုံ ဖြစ်ပါသည်။
(Photo: RFA)


ဒီအထဲက သေဒဏ် အပြစ်ပေးခံရသူ ဗိုလ်မှူးဟောင်း ဝင်းနိုင်ကျော်နဲ့ ပတ်သက်ပြီး ဒီပြစ်မှုဟာ သူကျူးလွန်တဲ့ အမှုမဟုတ်ဘူးလို့ သူ့နဲ့ ရင်းနှီးတဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိဟောင်းတဦးက အာအက်ဖ်အေကို ပြောပါတယ်။

ဗိုလ်မှူး ဝင်းနိုင်ကျော်ရဲ့ မိတ်ဆွေလည်းဖြစ်၊ စစ်အစိုးရ နိုင်ငံခြားရေးဌာန ဒုတိယအတွင်းဝန် အဖြစ် တာဝန်ထမ်းဆောင် ခဲ့ဖူးသူ အခု ပြည်ပနိုင်ငံ တခုကို ရောက်နေတဲ့ ဦးစိန်လွင်ကို ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

နားဆင်ရန် >>>
Photobucket


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...

ကချင်ပြည်နယ်နေ့ ကေအိုင်အိုကို လက်နက်ယူနီဖောင်းနဲ့ တက်ခွင့်မပေး

2010-01-10 ( RFA )

ဇန်နဝါရီ ၁ဝ ရက်နေ့ မှာ ကျရောက်တဲ့ ကချင်ပြည်နယ်နေ့ အခမ်းအနားကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ စီတာပူ ရပ်ကွက်မှာ ဒီကနေ့မနက် ကျင်းပရာမှာ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းတွေ တက်ခွင့်ရပေမယ့် အင်အားအကြီးဆုံး ကချင်အမျိုးသား လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ကိုတော့ ဝတ်စုံပြည့် တက်ရောက်ခွင့် မပေးဘူးလို့ သိရပါတယ်။

KIO အဖွဲ့ ဌာနချုပ်တည်ရှိရာ လိုင်ဇာမြို့မှာ ကျင်းပသည့် ကချင်တော်လှန်ရေးနေ့ နှစ်ပတ်လည် အခမ်းအနားတွင် စစ်ရေးပြနေသော KIA တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: kachinstate.com)

စစ်အစိုးရနဲ့ နယ်ခြားစောင့်တပ် အသွင်ပြောင်းလဲဖို့ သဘောတူလက်ခံခဲ့တဲ့ ကချင်ပြည်နယ်ထဲက တခြား အပစ်ရပ် ငြိမ်းချမ်းရေးအဖွဲ့တွေဖြစ်တဲ့ NDAK စတဲ့ အဖွဲ့တွေကိုတော့ ယူနီဖောင်း ဝတ်စုံပြည့် တက်ခွင့်ပေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မူလ ကချင်ပြည်နယ်နေ့ ပွဲအစီအစဉ် ၃ အရ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်စိုးဝင်း မိန့်ခွန်းပြောဖို့ အစီအစဉ်ရှိပေမယ့် ကိုယ်တိုင် မတက်ရောက်နိုင်ပဲ ဒု- စစ်တိုင်းမှူးသာ တက်ရောက်တယ်လို့လည်း မြစ်ကြီးနားမြို့ ခံတွေက ပြောပါတယ်။

ကချင်လူမှုဖွံ့ဖြိုးရေးကွန်ယက်အဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဝါက ဒီနေ့ အခမ်းအနားအခြေအနေကို သုံးသပ်ပြောကြားရာမှာ ဒီလို ကန့်သတ်ချက်တွေကြောင့် ကေအိုင်အိုဖက်က အရာရှိ အနည်းငယ်ပဲ တက်ရောက်တယ်လို့ ဆိုပါတယ်။

ဦးအောင်ဝါ။ ။'နမ့်ယွန်းဘက်မှာ နာဂတွေရဲ့ပွဲရှိတယ်။ အဲဒီမှာသွားဖို့ အစီအစဉ်ရှိလို့ ဒီမှာ မတက်ရောက်နိုင်ဘူးဆိုတဲ့ သတင်းမျိုးနဲ့ ဒုတိယတိုင်းမှူးစံထွန်း တက်ရောက်တယ်။ ကေအိုင်အိုက ဥက္ကဋ္ဌတွေလည်း လာပါတယ်။ ဒါပေမယ့် ကေအိုင်အိုကနေ စစ်ဝတ်စုံနဲ့ မနောပွဲကို ကခွင့် မရှိဘူးပေါ့။ နအဖ အနေနဲ့ တားမြစ်ထားတဲ့ ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် ကေအိုင်အို အနေနဲ့လည်း သိပ်ပြီး တက်ရောက်တဲ့ပုံစံမျိုး မတွေ့ရဘူး။ ၂ဝဝ လောက်တော့ လာတယ်။ ဗိုလ်ချုပ်အင်ဘန်လလည်း မနေ့တုံးက ဒီအတိုင်းပါပဲ၊ ရိုးရိုးဝတ်စုံနဲ့ပဲ ပါဝင်ဆင်နွှဲတယ်'

ပြီးခဲ့တဲ့နှစ်တွေက ကေအိုင်အိုအဖွဲ့ဟာ လူအင်အား ၂ဝဝဝ လောက်နဲ့ လက်နက်ယူနီဖောင်း အပြည့်အစုံ ဝတ်ဆင်ပြီး တက်ခွင့် ရခဲ့ပါတယ်။ ဒီနှစ်မှာတော့ မြန်မာစစ်အစိုးရ အာဏာပိုင်တွေက လုံခြုံရေးအရ ဆိုပြီး ပိတ်ပင်တားမြစ်တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဒီနှစ်ကျင်းပတဲ့ ကချင်ပြည်နယ်နေ့နဲ့ မနောပွဲ ကျင်းပရေးကော်မီတီ ထဲမှာလည်း မြန်မာစစ်အစိုးရ အာဏာပိုင်တွေ အများစု ပါဝင် ပတ်သက်နေတာကြောင့် နောက်နောင် အစဉ်အလာလို ဖြစ်သွားမှာကို ကချင် တိုင်းရင်းသားအများစုက စိုးရိမ်နေကြတယ်လို့လည်း ဦးအောင်ဝါက ပြောပါတယ်။

ဦးအောင်ဝါ။ ။'အခု ဒီနှစ်ကတော့ ကချင်ပြည်နယ်နေ့ ကျင်းပရေးကော်မီတီမှာလည်း အဓိက စစ်တပ်ကနေ ပါနေတယ်လို့ ကြားနေတယ်။ စစ်ဘက်ကဆိုင်တဲ့ ပုဂ္ဂိုလ်တွေ သူတို့နဲ့ ညှိနှိုင်းဆောင်ရွက် လုပ်တဲ့ပုံစံမျိုး။ ကြံ့ဖွံ့နဲ့ အမျိုးသမီးရေးရာတွေလည်း ပါဝင်နေတာကို တွေ့ရတယ်။ ဒါဆိုရင် ပိုပြီးမှ နအဖ ကနေ နေရာယူတယ်လို့ပဲ ပြောလို့ ရပါတယ်။ နောက်နှစ်တွေဆိုရင် ဟိုတုံးက မဆလခေတ်တုံးကလိုပဲ တဖြည်းဖြည်းနဲ့ သူတို့ရဲ့Guide Line ၊ သူတို့ရဲ့စီမံမှုအောက်မှာပဲ ပြန်ရောက်သွားမလား အဲဒီဟာကိုတော့ စိုးရိမ်တာပေါ့'

ဒီနှစ် ကျင်းပတဲ့ပွဲမှာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကနေ လုံခြုံရေးတွေကို နေရာအနှံ့ တိုးချဖို့ အမိန့်ထုတ် ညွန်ကြားထားခဲ့တယ်လို့လည်း စစ်တပ်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ကချင်လွတ်လပ်ရေးအဖွဲ့ ကေအိုင်အို အနေနဲ့ လူထုအခမ်းအနားကို ယူနီဖောင်းနဲ့ တက်ခွင့်မရတာ၊ ကချင်ပြည်နယ်နေ့နဲ့ မနောပွဲကို စစ်အစိုးရ အာဏာပိုင်တွေက အရင်နှစ်တွေထက် ပါဝင် ပတ်သက်လာတာတွေဟာ ကေအိုင်အိုနဲ့ မြန်မာ စစ်အစိုးရအကြား ဆက်ဆံရေး တင်းမာလာတာကြောင့်လို့လည်း ဒေသခံအများစုက ယူဆနေကြပါတယ်။


source by : http://www.rfa.org

အပြည့်အစုံ ဖတ်ရန် ...