Saturday, December 12, 2009

ကိုညီညီအောင်ရဲ့ အကြံပေးရှေ့နေ စစ်အစိုးရကို ဝေဖန်

ကိုညီညီအောင်ရဲ့ အကြံပေးရှေ့နေ စစ်အစိုးရကို ဝေဖန်

2009-12-12 ( RFA )

အဖမ်းဆီးခံ ကိုညီညီအောင်ကို ရှေ့နေနဲ့ တွေ့ခွင့်မပေးခြင်းဟာ အပြည်ပြည်ဆိုင်ရာဥပဒေကို ချိုးဖောက်တာ ဖြစ်တယ်လို့ ကိုညီညီအောင်ရဲ့အပြည်ပြည်ဆိုင်ရာ အကြံပေးရှေ့နေက ဒီဇင်္ဘာလ ၁၁ ရက်နေ့က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင်ရဲ့အမှုအတွက် အပြည်ပြည်ဆိုင်ရာ အကြံပေးရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့အခြေစိုက် Freedom Now အဖွဲ့က ရှေ့နေ Ms. Beth Schwanke က အာအက်ဖ်အေကို ပြောဆိုခဲ့တာပါ။

ကိုညီညီအောင်နဲ့ ပတ်သက်ပြီး Freedom Now အဖွဲ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာလည်း ကိုညီညီအောင်ရဲ့အမှုကို ရက်ရွှေ့ဆိုင်းပြီး ရှေ့နေနဲ့ တွေ့ဆုံခွင့် မပေးတာဟာ ဗီယင်နာ သဘောတူညီချက် ပုဒ်မ ၃၆-၁ အပိုဒ်ခွဲ (ဂ) နဲ့ ကိုက်ညီခြင်းမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။ ကိုညီညီအောင်ရဲ့ အပြည်ပြည်ဆိုင်ရာရှေ့နေ Ms. Beth Schwanke က ကိုညီညီအောင်ကို ဖမ်းဆီးခဲ့တာဟာလည်း ဥပဒေနဲ့ ကိုက်ညီခြင်းမရှိဘဲ အမှုဆင် ဖမ်းဆီးတယ်ဆိုတာ သံသယရှိစရာတွေ အများကြီးဘဲလို့ ဆိုပါတယ်၊

ပထမ ဖမ်းခဲ့တဲ့အချိန်က နိုင်ငံတော်လုံခြုံရေးဥပဒေနဲ့ ဖမ်းခဲ့ပြီး နောက်ပိုင်းမှာ စာရွက်စာတမ်း အတုပြုလုပ်မှု ဥပဒေတွေ ထပ်တပ်ပါတယ်။ နောက်ပိုင်းမှာ ဆက်ပြီး ငွေကြေးအမှုတွေနဲ့ စွပ်စွဲတာဖြစ်တယ်လို့ Ms. Beth Schwanke က ပြောပါတယ်။ တကယ်တော့ ကိုညီညီအောင်ကို ဖမ်းတဲ့အချိန်က လေဆိပ်ထဲအဝင် အကောက်ခွန်ဂိတ်ကိုတောင် ဖြတ်ရသေးတာမဟုတ်ဘူးလို့ ဆိုပါတယ်။ ဒါ့အပြင် ဖမ်းထားပြီး စစ်ဆေးချိန်မှာလည်း နှိပ်စက်တာ ခံရသလို ၁၇ ရက်တိတိ သံရုံးနဲ့ တွေ့ခွင့်မပေးခဲ့ဘူးလို့ ပြောပါတယ်။

ကိုညီညီအောင်ကိစ္စနဲ့ ပတ်သက်ပြီး ဘာဆက်လုပ်ဖို့ ရည်ရွယ်ထားပါသလဲလို့ မေးကြည့်တဲ့အခါမှာ ကိုညီညီအောင်အမှုကို တရားနည်းလမ်းတကျ ဆောင်ရွက်ဖို့ စစ်အစိုးရကို တောင်းဆိုနေတာ ဖြစ်သလို အမေရိကန်အစိုးရကိုလည်း ကိုညီညီအောင် လွတ်မြောက်ရေးအတွက် ဖြစ်နိုင်တဲ့ နည်းလမ်းအားလုံးကို သုံးပြီး စစ်အစိုးရကို ချဉ်းကပ်ဘို့ လိုတယ်လို့ Ms. Beth Schwanke က ပြောပြသွားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင်အမှု အမေရိကန် မျက်ခြေမပြတ်စောင့်ကြည့်နေ

ကိုညီညီအောင်အမှု အမေရိကန် မျက်ခြေမပြတ်စောင့်ကြည့်နေ

2009-12-12 ( RFA )

အမေရိကန် အစိုးရအနေနဲ့ မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ မြန်မာနိုင်ငံဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇော်လွင်ခေါ် ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး မျက်ခြေမပြတ် စောင့်ကြည်နေတယ်လို့ ဒီဇင်္ဘာလ ၁၁ ရက်နေ့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် Mr. Kelly က ပြောဆိုပါတယ်။

မနေ့က အမှုချိန်းရှိပေမယ့် ရက်ရွှေ့ဆိုင်းခဲ့ပါတယ်။ ကိုညီညီအောင် ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက် အာဏာပိုင်တွေက ခုလို ရုံးချိန်းကို ရွှေ့ဆိုင်းလိုက်တာပါ။ ကိုညီညီအောင်အမှုနဲ့ ပတ်သက်ပြီး သတင်းထောက်တွေ မေးမြန်းတာကို Mr. Kelly က ဖြေဆိုရာမှာ မိမိတို့အနေနဲ့ ကိုညီညီအောင်အမှုကိစ္စနဲ့ ပတ်သက်ပြီး သိရှိပါကြောင်း၊ သံရုံးအနေနဲ့ မြန်မာအာဏာပိုင်တွေကို ဆက်သွယ်ပြီး အသိပေးခဲ့ကြောင်း၊ ကိုညီညီအောင် ကောင်းမွန်စွာ နေထိုင်ရရေးအတွက်ပါ ဆောင်ရွက်ခဲ့ပါတယ်လို့ ပြောပါတယ်။

ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြတယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့ပြီးတဲ့နောက် အာဏာပိုင်တွေက ရှေ့နေတွေနဲ့လည်း တွေ့ဆုံခွင့် မပေးခဲ့ပါဘူး။ သံရုံးနဲ့ တွေ့ဆုံခွင့် ပေးပါသလားလို့ သတင်းထောက်တွေက မေးရာမှာ Mr. Kelly က တွေ့ဆုံခွင့်ရမယ်လို့ ထင်ကြောင်း၊ ဒါပေမယ့် သူ့အနေနဲ့ ရာနှုန်းပြည့် သေချာအောင်လုပ်ဖို့ လိုပါသေးတယ်လို့ ပြန်ဖြေခဲ့ပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့က ရရှိတဲ့ သတင်းတွေအရ ကိုညီညီအောင် အစာငတ်ခံ ဆန္ဒပြနေတယ်ဆိုတဲ့သတင်း ထွက်ပေါ်ခဲ့ပြီးချိန် နောက်ပိုင်း အမေရိကန် သံရုံးအနေနဲ့ ကိုညီညီအောင်ကို တွေ့ဆုံခွင့် မရသေးဘူးလို့ ပြောဆိုနေကြပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Friday, December 11, 2009

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့

လွတ်မြောက်ရေးအတွက် တိုက်ပွဲဝင်ကြစို့

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင် ကျန်းမာရေးမကောင်း၍ ရုံးမထွက်နိုင်

ကိုညီညီအောင် ကျန်းမာရေးမကောင်း၍ ရုံးမထွက်နိုင်

2009-12-11 ( RFA )

စက်တင်ဘာ ၃ရက်နေ့က မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံရတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ဟာ အင်းစိန်ထောင်မှာ လွတ်လပ်မှု တရားမျှတမှုတွေ မရှိပဲ ဖိနှိပ်ချုပ်ချယ်နေတယ်ဆိုကာ ပြီးခဲ့တဲ့အပတ် သောကြာနေ့ ရုံးထုတ်ပြီးကတည်းက အစာငတ်ခံ ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။


နာမည်ကျော် အင်းစိန်ထောင်ကြီး၏ ဘူးဝတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ကြပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက် ရုံးထုတ်မှာတော့ ကိုညီညီအောင်ဟာ ကျန်းမာရေးမကောင်းတဲ့အတွက် ရုံးမထွက်နိုင်ကြောင်း ထောင်အာဏာပိုင်တွေက တရားရုံးကို အကြောင်းကြားတဲ့အတွက် ဒီဇင်ဘာ ၁၈ ရက်ကို ရုံးချိန်းပြောင်းလိုက်တယ်လို့ ရှေ့နေ ဦးဥာဏ်ဝင်းက RFA ကို ပြောပြပါတယ်။

ဦးဉာဏ်ဝင်း။ ။ 'မနက် ၁ဝ နာရီ တရားရုံးရောက်တော့ တရားရုံးက ပြောပါတယ်။ ထောင်အာဏာပိုင်တွေက စာပို့ထားတယ်တဲ့။ ကိုညီညီအောင်စာ ကျန်းမာရေး အခြေအနေကြောင့် ရုံးရှေ့ကို မလာနိုင်ဘူးတဲ့။ အဲဒါနဲ့ ကျနော်တို့ ရုံးချိန်းပဲ ယူပြီး ပြန်လာရတယ်။ ကိုညီညီအောင်နဲ့ မတွေ့ခဲ့ရဘူး။ သူ့ရဲ့ကျန်းမာရေးအခြေအနေတော့ သေချာတော့ မသိဘူးဗျ။ သံရုံးက ကောင်ဆယ်လာတွေကတော့ သူတို့တွေ့ခွင့်ရမယ်လို့ ပြောသွားပါတယ်။'

ကိုညီညီအောင်ရဲ့ ရှေ့နေဦးဥာဏ်ဝင်း ပြောသွားတာပါ။ ကိုညီညီအောင်ရဲ့ ကျန်းမာရေးအခြေအနေကို သိချင်လို့ အင်းစိန်ထောင်ရှေ့မှာ သွားစောင့်ခဲ့တဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက သူတို့နဲ့အတူ အမေရိကန်သံရုံး တာဝန်ရှိသူတွေလည်း တွေ့ခွင့်မရတဲ့အတွက် အသက်အန္တရာယ်အတွက် စိုးရိမ်မိတယ်လို့ ပြောပြပါတယ်။

ဒေါ်ခင်ခင်ဆွေ။ ။ 'အစာမစားတာ ၇ ရက်ဆိုတော့ စဉ်းစားကြည့်ပေါ့။ လူမမာလို ဖြစ်သွားပြီလား အရမ်းစိုးရိမ်တယ်။ ခေါင်းတောက်နေကြတာ အဲဒီအတွက်ပဲ။ ဘရမ်းကြက်ပေါင်းရေလေး ပေးတော့ သွင်းလို့မရဘူးဆိုပြီး ပြန်ပေးတယ်။ အအေးကို ရေဘူးထဲမှာ ထည့်ပြီး ဓာတ်ဆားရေလေး ပေးလိုက်တယ်။ နောက် အချိုရည်လေးတဘူးပေးတော့ ယူသွားပေးတယ်။အထဲကိုဝင်ရတဲ့ အက်စ်ဘီက ဘရမ်းကြက်ပေါင်းရေလေးတော့ ယူမသွားဘူး ပြောတယ်။

အန်တီနဲ့ သံရုံးနဲ့ဆက်သွယ်ကြည့်တော့ သူတို့လည်း မတွေ့ရဘူးတဲ့ အန်တီတို့ တနင်္လာနေ့က ပြောတဲ့နေ့ကစပြီး ကြိုးစားပါတယ်။ သူတို့ မတွေ့ရဘူးတဲ့။ ခုအတွက် သံရုံးကနေ အစည်းအဝေးတခု သူ့အတွက် တိုင်ပင်နေကြတယ်တဲ့၊ သူတို့က တွေ့ခွင့်မပေးတော့ ကိုယ်လည်း အဒေါ်တွေနဲ့ ပြောလည်း ရမယ်မထင်ဘူး။ သံရုံးတောင်မှ ဒီနေ့ တွေ့ခွင့်မရတာ။' ကိုညီညီအောင်ရဲ့အဒေါ် ဒေါ်ခင်ခင်ဆွေ ပြောပြသွားတာပါ။

ကိုညီညီအောင်ကို တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ လိမ်လည်မှုနဲ့ မှတ်ပုံတင်အတု ပြုလုပ်မှု စတာတွေနဲ့ စွဲချက်တင် စစ်ဆေးနေပြီး အင်းစိန်ထောင် အဆောင် ၈ မှာ ချုပ်နှောင်ထားတာပါ။ ကိုညီညီအောင်ဟာ တရားဝင် ပြည်ဝင်ခွင့်ဗီဇာနဲ့ စက်တင်ဘာ ၃ ရက်နေ့က ဗန်ကောက်ကနေ ရန်ကုန်ကို ပြန်လာတုန်း အဖမ်းခံရတာ ဖြစ်ပါတယ်။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မုန်တိုင်းသင့်ဒေသတွင် လာဘ်စားမှု၊ အလွဲသုံးမှု တိုင်တန်းသူများအား အငြိုးထား ဒုက္ခပေး

မုန်တိုင်းသင့်ဒေသတွင် လာဘ်စားမှု၊ အလွဲသုံးမှု
တိုင်တန်းသူများအား အငြိုးထား ဒုက္ခပေး

ဝင်းမြတ်
ဒီဇင်ဘာ ၁၁၊ ၂၀၀၉

ပြင်စလူမြို့နယ်ခွဲအတွင်းရှိကျေးရွာအချို့တွင် လေဘေးသင့်အကူအညီများကို အပြည့်အ၀ မပေးသော ရ.ယ.က အဖွဲ့ဝင်များကို တိုင်ကြားသူများအား ကျေးရွာအာဏာပိုင်များက အငြိုးထားကာ အနှောက်အယှက်ပေးလေ့ရှိကြောင်း ဒေသခံများကပြောသည်။

အန်ဂျီအိုအဖွဲ့များမှ food for work ပုံစံဖြင့် ကျေးရွာလမ်း ပြုပြင်ရန်အတွက် ရွာသားများအားပေးရန်ရှိသော လုပ်အားခငွေများကို ကျေးရွာ ရ.ယ.က အဖွဲ့ဝင်များက ရွာသားများအား မပေးဘဲ အလွဲသုံးလိုက်ခြင်းကို ရွာသားအချို့က ကျေးရွာအစည်းအဝေးတွင် လာရောက် အကူအညီပေးသော အန်ဂျီအိုအဖွဲ့များအား တိုင်ကြားခဲ့ကြသည်။
စုံစမ်းစစ်ဆေးမှုများပြုလုပ်ချိန်တွင် ကျေးရွာသားအချို့ကကြောက်လန့်ပြီး သက်သေ မလိုက်သောကြောင့် အမှုမှန်မပေါ်ပေါက်ခဲ့ဘဲ တိုင်ကြားသောရွာသားကို မှတ်သားထားကာ အကြောင်းပြချက်မျိုးစုံတို့ဖြင့် နှိပ်စက်သည်ဟု ရွာသားများကဆိုသည်။

“ပြီးခဲ့တဲ့လက ဟိုဖက်ရွာက ဘုရားပွဲကိုသွားတော့ ဥက္ကဌမွေးထားတဲ့ ပြည်သူ့စစ်အဖွဲ့တွေက ကျွန်တော်တို့ သူငယ်ချင်းတွေကို ရန်စပြီး တုတ်နဲ့ရိုက်တယ်။ သူတို့ကတော်တော်မူးနေကြတယ်။ အဲဒါနဲ့ရန်ဖြစ်တော့ သူတို့ဖက်က နှစ်ယောက်ခေါင်းကွဲသွားတယ်။ အဲဒါကျွန်တော်တို့ကို ထိပ်တုံ်းခြောက်ပေါက်ထဲ ထည့်ပြီး ဥက္ကဌက ကျွန်တော့်ကို လက်သီးနဲ့၁၂ချက် ထိုးတယ်။ ကျန်တဲ့သူတွေလည်း အထိုးခံရတယ်” ဟု အသက် ၂၇ နှစ်အရွယ် ရွာသားတစ်ဦးက ပြောပြသည်။
၎င်းရွာသားသည် ကျေးရွာအစည်းဝေးပွဲများတွင် ကျေးရွာအာဏာပိုင်များ၏ အလွဲသုံးစားမှုများကို ထုတ်ဖော်ပြောဆိုလေ့ရှိသောကြောင့် အငြိုးထားခံရခြင်းဖြစ်သည်ဟု ရွာသားများကပြောကြသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး ၃၊ ၄လအကြာ စေတနာရှင်အချို့ လှူဒါန်းသည့် အိမ်ရာကို ကွမ်းခြံကုန်းမြို့ရှိ ရပ်ကွက်တခုအတွင်း တွေ့မြင်ရစဉ်၊ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး တစ်နှစ်ခွဲကျော်အကြာ ယနေ့အထိ တာပေါ်လင် (ပလပ်စတစ်) အမိုးအကာများဖြင့် နေထိုင်နေရသည့် မိသားစုများစွာ တွေ့မြင်နေရသေးသည်။

မုန်တိုင်းကြောင့် မိသားစုလိုက်သေဆုံးသွားကြသူများ ပိုင်ဆိုင်သောမြေနေရာများအား ကြံ့ခိုင်ရေးအတွင်းရေးမှူးမှ အိမ်ယာလှူဒါန်းသည့် အန်ဂျီအိုအဖွဲ့များထံသို့ အခကြေးငွေဖြင့်ရောင်းစားသည် ဟုလည်းရွာသားများကပြောကြသည်။
အခမဲ့လှူဒါန်းသော အိမ်ရာများအတွက်လည်း ရွာသားမှလက်ခံရရှိကြောင်း သက်သေခံစာရွက်ပေါ်တွင် ရပ်ရွာအာဏာပိုင်အသိအမှတ်ပြု လက်မှတ်ထိုးရန်အတွက်လည်း ငွေကျပ်သုံးသောင်းမှ ကိုးသောင်းအထိ မြေနေရာပေါ်မူတည်ပြီး ပေးရသည်ဟုဆိုသည်။

“ကျွန်တော်တို့က သူတို့မဟုတ်တာလုပ်တာတွေကို လူတွေရှေ့မှာဖွင့်ပြောပြတတ်တော့ ရွာကိုလာတဲ့ အခွင့်အရေးဆိုရင် ကျွန်တော်တို့မရတာများတယ်”
ဟု အငြိုးထားခံရသောရွာသားတစ်ဦးကပြောပြသည်။
ရွာသားများမှာ ရုံးလုပ်ငန်းအဆင့်ဆင့်နှင့် တရားဝင်စာရွက်စာတမ်းကိစ္စများကို နားမလည်ကြဘဲ တိုင်တန်းသည့်အခါတွင်လည်း အရေးမယူမီကြားကာလ၌ မိမိကိုအငြိုးထားကာ ရန်ပြုမူမည်စိုးသဖြင့် အာဏာပိုင်များ စေခိုင်းသမျှ ပြုမူရသည်ဟုပြောကြသည်။
ကျေးရွာအာဏာပိုင်များ၏ လာဘ်စားမှုများကိုတိုင်တန်းရန်အတွက် သက်ဆိုင်ရာမြို့များသို့ သွားရောက်သည့် အခါတွင်လည်း မြို့ပေါ်မှအာဏာပိုင်အဖွဲ့များက တိုင်တန်းလျှင်လည်း ထူးမည်မဟုတ်ကြောင်းနှင့် ကိုယ့်ရပ်ရွာလူကြီးသာအလုပ်ရှုပ်ပြီး ကျေးရွာပြန်လည်ထူထောင်ရေး လုပ်ငန်းများ နှောင့်နှေးသွားလိမ့်မည်ဖြစ်ကြောင်း ပြောဆိုကာ ပြန်ခိုင်းလေ့ရှိကြောင်း သွားရောက်တိုင်တန်းဖူးသော ရွာသားတစ်ဦးကပြောသည်။

“အများနဲ့လုပ်ရတာ ဆိုတော့လည်း တစ်ချို့နေရာလေးတွေမှာ လစ်ဟာသွားတာလေးတွေတော့ ရှိတတ်ပါတယ်။ တစ်ချို့ကလည်း ဆန်နို့ဆီဗူးလေး တစ်လုံးလောက် လျော့တာကအစ လာပြောတယ်။ ကျွန်တော်တို့ကတော့ အကုန်လုံးအတွက် စေတနာနဲ့ အညီအမျှလုပ်ပေးတာပါပဲ”
ဟု ပြင်စလူမြို့နယ်ခွဲအတွင်းမှ ကျေးရွာကယ်ဆယ်ရေး ပစ္စည်းများပြန်လည်ခွဲဝေချထားရေး ကော်မတီဝင်တစ်ဦးက ပြောသည်။ အလားတူ လာဘ်စားမှုများ၊ အလွဲသုံးသည့် ကိစ္စရပ်များ နာဂစ်ဒဏ်ခံ အခြားသောမြို့နယ်များတွင် ဖြစ်ပွားလျက်ရှိသည်ကို တွေ့ရသည်။ ဒေးဒရဲအပိုင်
ဂွေးကုန်းကျေးရွာတွင်လည်း နာဂစ်ဒဏ်ခံရသူ မိသားစုများအတွက် ပြည်ပမှ အလှူရှင်အဖွဲ့က နေအိမ်ဆောက်လုပ် လှူဒါန်းရာတွင် အလှူရှင်လှူဒါန်းသည့် ငွေပမာဏ ကျပ် ၄ သိန်းကို ကျေးရွာအာဏာပိုင်များနှင့် နီးစပ်သည့်သူများက ၂သိန်း ၇သောင်း၊ ၈သောင်းတန် အိမ်ဆောက်ပစ္စည်းများ ၀ယ်ယူပြီး ပေးဝေခဲ့သည်ဟု ငွေပြန်အပ်နှံခဲ့သူ တဦးကပြောဆိုသည်။

အဆိုပါ ငွေပြန်အပ်ခဲ့သူက ``ကျေးရွာလူကြီးတွေက အလှူရှင်ပေးတဲ့ ငွေကိုသူတို့နဲ့ နီးစပ်သူနဲ့ ပေါင်းပြီးမြို့က အိမ်ဆောက်ပစ္စည်းတွေ ၀ယ်လာတယ်။ အဲဒီပမာဏကို ပေါက်ဈေးနဲ့တွက်ကြည့်တော့ ၂သိန်း ၇သောင်း၊ ၈သောင်း အများဆုံးပဲ၊ ဟိုကလှူတာက ၄သိန်းဆိုတော့ အဲဒီပမာဏမဟုတ်ပဲနဲ့တော့ လက်ခံရရှိကြောင်း ကျွန်တော် လက်မှတ်မထိုးပေးနိုင်ဘူးဆိုတော့ ပြန်အပ်မလားဆိုတော့ ပြန်အပ်လိုက်တယ်၊ အဲဒီကိစ္စကို မြို့ပေါ်က သူတွေကို တိုင်ဖို့ စိတ်ကူးပေမယ့်လည်း နောက်ဆုံး မတိုင်ဖြစ်ဘူး။ ကျွန်တော်မရတာထက်ကို ပေးတဲ့ပမာဏနဲ့ လက်ခံရယူတဲ့သူတွေဆီ ရောက်တဲ့ ပမာဏက အများကြီးကွာဟနေတာကို လက်မခံနိုင်လို့ပါ´´ ဟုဆိုသည်။

မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်သမ္မတ ဘားရက်အိုဘားမား ဆုလက်ခံရရှိတဲ့ညက အော်စလိုမြို့ ရဲ့ လှုပ်ရှားမှုမြင်ကွင်း

၂၀၀၉ ခုနှစ် နိုဗယ်ဆုရှင် အမေရိကန်သမ္မတ ဘားရက်အိုဘားမား
ဆုလက်ခံရရှိတဲ့ညက အော်စလိုမြို့ ရဲ့ လှုပ်ရှားမှုမြင်ကွင်း



မှတ်ချက် ။ ။ http://www.youtube.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

စစ်အစိုးရအပေါ် ဆက်လက်ဖိအားပေးဖို့ ပြည်တွင်းတပ်ပေါင်းစုတိုက်တွန်း

စစ်အစိုးရအပေါ် ဆက်လက်ဖိအားပေးဖို့ ပြည်တွင်းတပ်ပေါင်းစုတိုက်တွန်း

2009-12-10 ( RFA )

စစ်အစိုးရအနေနဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲကို တဖက်သတ် ပြုလုပ်မယ်ဆိုရင် အသိအမှတ်ပြုမှာ မဟုတ်ဘူးလို့ ပြည်တွင်း တပ်ပေါင်းစုအဖွဲ့ဖြစ်တဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု အဖွဲ့ကြီး၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့နဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်တို့က ဒီကနေ့ ဒီဇင်ဘာ ၁ဝ ရက်မှာ ကျရောက်တဲ့ ၆၁နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ထုတ်ပြန် ကြေညာလိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးဖို့နဲ့ တွေ့ဆုံဆွေးနွေးရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စတွေကို အကောင်အထည်မဖော်ပဲ ကျင်းပမဲ့ စစ်အစိုးရရဲ့ ရွေးကောက်ပွဲဟာ လူ့အခွင့်အရေးတွေကို အာမခံမဲ့ စစ်မှန်တဲ့ ဒီမိုကရေစီပြောင်းလဲမှုမျိုး ဖြစ်လာမှာမဟုတ်ဘူးလို့ တပ်ပေါင်းစုအဖွဲ့ရဲ့ ပြောခွင့်ရ ၈၈မျိုးဆက် ကျောင်းသားများခေါင်းဆောင် ကိုထွန်းမြင့်အောင်က RFA ကို ပြောပါတယ်။

ကုလသမဂ္ဂ၊ အမေရိကန်နဲ့ ဥရောပသမဂ္ဂတို့ကနေ စစ်အစိုးရနဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်လာတာကို ကြိုဆိုပေမဲ့ နိုင်ငံရေးအရ အပြောင်းအလဲတွေ ဖြစ်မလာရင် ဆက်လက် ဖိအားပေးဖို့ လိုတယ်လို့ ကိုထွန်းမြင့်အောင်က ပြောပါတယ်။

ကြေညာချက်မှာ မြန်မာနိုင်ငံဟာ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကြီးကို အစောဆုံး ထောက်ခံခဲ့တဲ့ နိုင်ငံတခု ဖြစ်ပေမဲ့ နှစ်ပေါင်း ၆ဝကျော်ကြာခဲ့ပြီးနောက်မှာတော့ လူ့အခွင့်အရေး အခြေအနေတွေ အဆိုးရွားဆုံး နိုင်ငံဖြစ်နေတယ်လို့ ရေးသားထားပါတယ်။

လက်ရှိအခြေအနေဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးရဖို့ ဆန္ဒအပြည့်အဝရှိနေတဲ့ မြန်မာပြည်သူတွေနဲ့ အာဏာကို ထာဝရ ဆုပ်ကိုင်နိုင်ဖို့ ကြိုးစားနေတဲ့ စစ်အစိုးရ ထိပ်တိုက်တွေ့နေတဲ့ အချိန် ဖြစ်နေတယ်လို့ ဖော်ပြထားပါတယ်။

စစ်အစိုးရအနေနဲ့ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဘူးဆိုရင် မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေ၊ ဒုက္ခသည်တွေ၊ တိုင်းရင်းသားဒေသတွေက ခိုလှုံရာမဲ့ ရွှေ့ပြောင်းနေရသူတွေ၊ အဓမ္မစေခိုင်းမှုတွေနဲ့ ကလေးစစ်သားအသုံးပြုတာတွေ ပိုပြီး တိုးပွားလာဖွယ်ရှိတယ်လို့ တပ်ပေါင်းစုအဖွဲ့ကြီးက ကြေညာချက်မှာ သတိပေး ရေးသားထားပါတယ်။

မြန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေတွေနဲ့ပတ်သက်ပြီး တိမ်းရှောင်လှုပ်ရှားနေတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုထွန်းမြင့်အောင်ကို RFA မှ မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။


ဆက်သွယ်မေးမြန်းချက် အား နားဆင်ရန် >>> ဒီမှာ ကလစ် ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ သဝဏ်လွှာ (Joint Statement)

နိုင်ငံတကာ လူ့အခွင့်အရေးနေ့ သဝဏ်လွှာ (Joint Statement)

Joint Statement No.8 2009 Bur

မှတ်ချက် ။ ။ http://myatlayngon.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, December 10, 2009

လူ့အခွင့်အရေးနေ့ အခမ်းအနား

လူ့အခွင့်အရေးနေ့ အခမ်းအနား

2009-12-10 ( RFA )

မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးဆိုင်ရာ ပညာပေးလုပ်ငန်းတွေ မြှင့်တင်ဆောင်ရွက်ဖို့ လိုနေတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒီကနေ့ ဒီဇင်ဘာ ၁ဝ ရက်မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့မှာ ပြောလိုက်ပါတယ်။


စစ်တပ်က အဓမ္မ ပေါ်တာဆွဲပြီး အထုပ်အပိုးများ ထမ်းခိုင်းသော ကရင် ရွာသူရွာသားများကို တိတ်တဆိတ် ချောင်းမြောင်း ရိုက်ကူးထားသော ဓာတ်ပုံဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

ဒါအပြင်၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေဟာ ဆိုးရွားနေဆဲဖြစ်တယ်လို့ အဖွဲ့ချုပ်ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က RFA ကို ပြောပါတယ်။

ဦးအုန်းကြိုင်။ ။ 'မြန်မာနိုင်ငံမှာတော့ လူ့အခွင့်အရေးနဲ့ ပတ်သက်တဲ့ ချိုးဖောက်မှုတွေက ဖြစ်နေဆဲ ဖြစ်တယ်၊ အဲ ဒါတွေဟာ တဖြည်းဖြည်းပေါ့၊ ပြည်သူလူထုရဲ့ လူ့အခွင့်အရေး အသိပညာတွေ တိုးမြင့်အောင် လုပ်ရမယ်။ အဲဒီ အသိပညာတွေ တိုးတက်လာတာနဲ့အမျှ ပြည်သူလူထုကလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောရဲဆိုရဲ၊ ကိုယ့်အခွင့်အရေး ကိုယ်ရယူရဲတဲ့ အခြေအနေတွေ ဖြစ်အောင်ပေါ့၊ စုစည်းမှုတွေ၊ ညီညွတ်မှုတွေ၊ လေ့လာမှုတွေ၊ ကျင့်သုံးမှုတွေ ရှိလာရမယ်လို့ မြင်ပါတယ်။'

လူ့အခွင့်အရေးနေ့နဲ့ ပတ်သက်ပြီး ရွှေဂုံတိုင်ဌာနချုပ်မှာ ဒီကနေ့မနက်ပိုင်းက အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဒီအခမ်းအနားမှာ လူ့အခွင့်အရေး ပညာပေးရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့တယ်လို့ ဦးအုန်းကြိုင်က ပြောပါတယ်။

ဦးအုန်းကြိုင်။ ။ 'လူ့အခွင့်အရေးနဲ့ စည်းကမ်း၊ လူ့အခွင့်အရေးနဲ့ ဥပဒေရေးရာ ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ် ဦးလှမင်း၊ နောက် ရန်ကုန်တိုင်း စည်းရုံးရေးကော်မတီ အတွင်းရေးမှူး ဦးဝင်းမြင့်၊ လွှတ်တော်ကိုယ်စားလှယ်က လူ့အခွင့်အရေးနဲ့ ဥပဒေရေးရာ ကိစ္စတွေကို ပဏာမ ဆွေးနွေးဟောကြားတယ်၊ အဲဒီတော့ လူငယ်တွေက သူတို့ သိချင်တဲ့ လူ့အခွင့်အရေးဆိုင်ရာ ကြေညာစာတမ်းနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ၊ နောက် နိုင်ငံသားတဦးစီရဲ့ ဥပဒေရေးရာ ခံစားခွင့် အညီအမျှ ရှိကြဖို့ လိုအပ်တယ်ဆိုတဲ့ ကိစ္စကို မေးမြန်းဆွေးနွေးကြတယ်။'

တက်ရောက်လာသူတွေနဲ့ မေးခွန်းတွေကို ဗဟို အလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဝင်းတင်နဲ့အတူ ဒေါက်တာ သန်းငြိမ်း၊ ဒေါ်မေဝင်းမြင့်၊ ဦးစောနိုင်းနိုင်းနဲ့ ဦးအုန်းကြိုင်တို့က ရှင်းလင်း ဖြေကြားခဲ့တယ်လို့ သိရပါတယ်။ အခမ်းအနားကို အဖွဲ့ချုပ်လူငယ်တွေအပါအဝင် ဧည့်ပရိသတ် စုစုပေါင်း ၂ဝဝ နီးပါး တက်ရောက်ခဲ့ကြပါတယ်။

ဒီဇင်ဘာလ ၁ဝရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို ပြည်မြို့မှာလည်း ကျင်းပဖို့ စီစဉ်ရာမှာ အာဏာပိုင်တွေက လုံးဝ ခွင့်မပြုဘူးဆိုတဲ့အတွက် အခမ်းအနား စီစဉ်ထားတာ ဖျက်လိုက်ရတယ်လို့ RFAက စုံစမ်းသိရှိရပါတယ်။

ပြည်မြို့မှာလုပ်မဲ့ ၆၁ နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အခမ်းအနားကို တက်ဖို့ ရန်ကုန်၊ ပဲခူး၊ ဇီးကုန်း၊ ဘိုကလေး၊ ပုသိမ် စတဲ့ ဒေသအသီးသီးက လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူတွေ ရောက်လာခဲ့ကြတယ်လို့ ဆိုပါတယ်။

ပြည်မြို့ ရဘဲရပ်မှာ ကျင်းပဖို့စီစဉ်ထားတဲ့ အိမ်ရဲ့အိမ်ရှင် ကိုမင်းမင်း ခေါ် ကိုလှမင်းထွန်းကို မြို့နယ် မယကက ဆွေးနွေးစရာရှိလို့ဆိုကာ ဒီဇင်ဘာ ၁ဝ ရက်နေ့ မနက် ၆ နာရီကျော်မှာ စာထုတ် ဆင့်ခေါ်ခဲ့ပြီး မနက် ၁ဝ နာရီ ထိုးတဲ့အထိ ပြန်လွှတ်မပေးတဲ့အတွက် အစီအစဉ်ဖျက်လိုက်ရတယ်လို့ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူ တဦးဖြစ်တဲ့ ကိုမောင်မောင်လေးက အခုလို ပြောပါတယ်။

ကိုမောင်မောင်လေး။ ။ '၂ဝဝ၉ခုနှစ် ဒီဇင်ဘာ ၁ဝရက်နေ့တွင် ၆၁နှစ်မြောက် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အခမ်းအနား ကျင်းပမည့် ကိစ္စနှင့်ပတ်သက်၍ မေးမြန်း ဆွေးနွေးလိုပါ၍ အောက်ပါ အစီအစဉ်အတိုင်း မပျက်မကွက် လာရောက်တွေ့ဆုံရန် အကြောင်းကြားပါတယ်တဲ့။ နေ့ကတော့ ဒီနေ့ရက်စွဲပေါ့။ အချိန် ၆နာရီ ၃ဝပေါ့။ နေရာက မြို့နယ် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီပေါ့။ ဥက္ကဋ္ဌ စိုးမြင့် ဒီကိစ္စကိုတဲ့ ကြိုတင် အကြောင်း မကြားတဲ့အတွက် ခွင့်မပြုနိုင်ပါဘူးတဲ့။ အဲဒီတော့ ဒီက ပြန်စရာရှိတဲ့သူတွေ ပြန်ကြဖို့ ပြောတယ်။ ကျနော်တို့ ကလည်း ဒီမှာ လုံးဝခွင့်မပြုနိုင်ဘူးဆိုတဲ့အချိန်မှာ ဇွတ်တိုးလုပ်မှာ မဟုတ်တဲ့အတွက် အားလုံးကို ကျနော်တို့ ပြန်ပို့လိုက်ပြီ။'

နောက်ဆုံးရရှိတဲ့ သတင်းအရတော့ ခေါ်သွားတဲ့ ကိုမင်းမင်း ခေါ် ကိုလှမင်းထွန်းကိုတော့ နေ့လယ် ၂နာရီခွဲ လောက်မှာ နေအိမ်ကို ပြန်ပို့ပေးခဲ့တယ်လို့ ဆိုပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာနိုင်ငံမှ ပြစ်မှုများစုံစမ်းရေး ကုလကော်မရှင်ဖွဲ့ဖို့ ဗြိတိသျှအမတ်များတိုက်တွန်း

မြန်မာနိုင်ငံမှ ပြစ်မှုများစုံစမ်းရေး ကုလကော်မရှင်ဖွဲ့ဖို့
ဗြိတိသျှအမတ်များတိုက်တွန်း

2009-12-10 ( RFA )

မြန်မာနိုင်ငံက စစ်အစိုးက ကျူးလွန်နေတဲ့ ပြစ်မှုတွေဟာ လူသားထုတရပ်လုံးအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေ မြောက်မမြောက် ကုလသမဂ္ဂ စုံစမ်းရေးကော်မရှင်တရပ် ဖွဲ့စည်းနိုင်ရေး ဗြိတိန်အစိုးရက ဦးဆောင် ပံ့ပိုးပေးဖို့ ဗြိတိန် အတိုက်အခံ ပါလီမန်အမတ်တွေက ဒီဇင်ဘာ ၉ ရက် မနေ့က တောင်းဆိုလိုက်ပါတယ်။


စစ်အစိုးရတပ်ဖွဲ့များနှင့် ၎င်းတို့ အဓမ္မ အလုပ်ခိုင်းစေသဖြင့် အထုပ်အပိုးများ ထမ်းနေရသော ပေါ်တာများကို တွေ့ရပုံ ဖြစ်ပါသည်။ (Photo: Courtesy of Free Burma Rangers)

ဗြိတိန်ပါလီမန်မှာ မနေ့က ကျင်းပတဲ့ မြန်မာနိုင်ငံအရေး ဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရ ကျူးလွန်နေတဲ့ လူသားထုတရပ်အပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေအဖြစ် စုံစမ်းရေးကိစ္စဟာ ထိပ်ဆုံးက ပါဝင်နေကြောင်း၊ ဒီဆွေးနွေးပွဲမှာ ဆွေးနွေးတဲ့ အမတ်အများစုဟာ စုံစမ်းရေးကော်မရှင် ဖွဲ့နိုင်ရေး ဗြိတိန်အစိုးရက ထောက်ခံပေးဖို့ ပြောဆိုခဲ့တယ်လို့ လန်ဒန် အခြေစိုက် မြန်မာ့အရေးလှုပ်ရှားမှုအဖွဲ့ Burma Campaign UK က အမှုဆောင် ညွန်ကြားရေးမှူး Ms. Anna Roberts က ပြောပါတယ်။

Ms. Anna Roberts: အဓိက အတိုက်အခံပါတီကြီး ဖြစ်တဲ့ ကွန်ဆာဗေးတစ်ပါတီက အမတ်တဦးဆိုရင် ကုလသမဂ္ဂ အထူး စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး မြန်မာနိုင်ငံအခြေအနေတွေ စုံစမ်းရေး ဗြိတိန်အစိုးရအနေနဲ့ ထောက်ခံဖို့ တောင်းဆိုခဲ့ပါတယ်။

အလားတူပဲ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံး ICC တည်ရှိတဲ့ နယ်သာလန်နိုင်ငံ the Hague မြို့မှာလည်း မြန်မာစစ်အစိုးရရဲ့ လူသားထုတရပ်လုံးပေါ် ကျူးလွန်နေတဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီး ဥရောပ အစိုးရတွေက ထောက်ခံလာရေး လူ့အခွင့်အရေးအဖွဲ့တွေက ၂ ရက်ကြာဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲတွေကို တက်ရောက်နေတဲ့ ခရစ်ယာန် သွေးစည်းညီညွတ်ရေးအဖွဲ့ CSW အာရှရေးရာ တာဝန်ခံ Mr. Benedith Rogers က မြန်မာနိုင်ငံက ပြစ်မှုတွေရဲ့ အခြေအနေတွေကို နိုင်ငံတကာ သိလာနေ ပြီဆိုတာ သေချာပါတယ်လို့ RFA ကို ပြောပြပါတယ်။

Mr. Rogers ။ ။ 'မြန်မာစစ်အစိုးရ ပြစ်မှုတွေဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေဆိုတာ နိုင်ငံတကာအကြား ပိုသိမြင်လာကြပါတယ်။ The Hague မြို့မှာ ဆွေးနွေးတဲ့ ဒီပွဲဟာလည်း မြန်မာပြဿနာကို နိုင်ငံတကာ အဖွဲ့အစည်းတွေ အစိုးရတွေက ပိုသိရှိလာဖို့နဲ့ ဒီကနေ့မှာ စိတ်ကူးအကြံဥာဏ်တွေ၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရရှိဖို့ လုပ်ဆောင်တာပါ။'

ဒီအကြောင်းတွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုဥာဏ်ဝင်းအောင်က စုစည်း တင်ပြထားပါတယ်။

စုစည်း တင်ပြမှုအား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak မှာ သေဆုံးသွားတဲ့ မြန်မာမိန်းခလေးတယောက်အကြောင်း..။

မလေးရှားနိုင်ငံ အလောစတားပြည်နယ်မှာရှိတဲ့ balantak မှာ သေဆုံးသွားတဲ့ မြန်မာမိန်းခလေးတယောက်အကြောင်း..။

(Balantak)ကန့်မှာ သေဆုံးသွားတဲ့ မြန်မာမိန်းခလေး တယောက်အကြောင်း ကိုယ့်မှာရှိခဲ့ပါတယ် ။
ကိုယ် နောက်ဆုံးပိတ် သွားခဲ့တာက (၂၂.၀၉.၂၀၀၉) ရက်နေ့ကပါ။ ဓါတ်ပုံတချို့ရိုက်ခဲ့ပါသေးတယ်.။ သေဆုံးသွားတဲ့ (မငြိမ်းရင်)အကြောင်းကိုတော့ မသိပါ.။ မနီနီအေး (Body No 4475) ကပြောပြတာ ဖြစ်ပါတယ်.။ (မငြိမ်းရင်)ဆိုသူအမျိုးသမီးမှာ မတ်လ ၂၀၀၉ မှာ တရားမ၀င် ရွှေ့ပြောင်း အလုပ်သမား အဖြစ်နဲ့အဖမ်းခံခဲ့ရတာပါ.။

သူမဟာ ထောင်နှစ်လ ကျခဲ့ပြီ (BalantakCamp) ကို အာဏာပိုင် တို့မှ ပို့ဆောင်ခဲ့ တာပါ၊ ဇွန်လ
နောက်ဆုံးပိတ်ရက်မှာ (UNHCR )မှ အင်တာဗျူး လုပ်ခဲ့ရာမှာ မအောင်မြင်ခဲ့ပါ ။ အထောက်ထား
တစုံတရာ ကိုမျှပြောပြနိုင်ခြင်းမရှိသည့် အတွက်ကြောင့် ဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာ အမျိုးသမီး (၆)ယောက်လွက်မြောက်ခဲ့သောလည်း ဗုဒ္ဓဘာသာ တယောက်မှ မပါဝင်ပဲ အားလုံးဟာ တခြား
တိုင်းရင်းသား တွေသာ ဖြစ်ပါတယ်။

အမျိုးသမီး မြောက်များစွာ အင်တာဗျူး လုပ်ခဲ့ပြီး ကိုယ်ဝန်သည် လေးယောက်ပါခဲ့ပြီး တယောက်မှာ လမ်းတောင် မလျှောက် နိုင်တော့ပါဘူး။ ဒါပေမဲ့ အားလုံး ကျဆုံးခဲ့ပါတယ် (UNHCR)မှ တယောက် မှ အသိအမှတ် မပြုခဲ့ပါဘူး။ ဘာလို့လည်း ဆိုတော့ အားလုံးဟာ ဗုဒ္ဓဘာသာဝင် ဖြစ်နေသော ကြောင့်ပါ။ အဓိက မေးခွန်း များကို စကားပြန် မှ မေးခဲ့ပါတယ်။

မေးတဲ့မေးခွန်းက နိုင်ငံသား / ဘာသာ / နေရပ် / ထောင်ကျသည့်အကြောင်း၊ အကယ်၍ အဖြေမှာ မြန်မာ ဗုဒ္ဓဘာသာ/ရန်ကုန်မြို့ တရားမ၀င် မလေးရှား သို့ရောက်ရှိကြောင်း ဖြေရင် အဖြေ မှားပါတယ်.။ ကျရူံးကြောင်း။အကယ်၍ ချင်း တိုင်းရင်းသား သို့မဟုက် တခြား တိုင်းရင်းသား ဆိုရင် မေးခွန်းနင့် အဖြေ ကို ဆက်လက် လုပ်ဆောင်သွားပါလိမ့်မယ်။ အင်မတန် မြန်ပါတယ်။ ရီစရာကောင်းသော အင်တာဗျူး ဖြစ်ပါတယ်။

မနီနီအေး မှ သက်ဆိုင်သူများကို ယုံကြည်ရန် အကြံပေးပါတယ်။ ကန့်တွင်းမှာ အင်တာဗျူး လုပ်ခဲ့ သူများကိုမေးရန်လည်း အကြံပေးပါတယ်။ဒါကြောင့်(မငြိမ်းရင်) တယောက်ဟာ(UNHCR) ကို ဒေါသထွက်ခဲ့ပါတယ်။အင်တာဗျူး လုပ်ခဲ့စဉ်မှာ သူ နေမကောင်းပါဘူး။ စကားပြန်ကို အင်မတန် မုန်းတီးခဲ့ပါတယ်။ နောက်တခေါက် (UNHCR) ကိုစောင့်ဆိုင်းရင်း သေဆုံးခဲ့ပါတယ် ။

ဒီဇင်ဘာလ ၂၀၀၈ တွင် သူမ၏ ၀မ်းဗိုက်ခွဲစိတ်မူကို (Alostar) ဆေးရုံမှာပြုလုပ်ခဲ့ပါတယ်.။ (၂၀.၇.၂၀၀၉) ညမှာ သူ့ဗိုက်နာကျင်မှု ဖြစ်ခဲ့သော်လည်း မည်သည့် ဆေးဝါးမှ မရခဲ့ပါဘူး။ (၂၁.၀၇.၂၀၀၉)နေ့လည် ထမင်းစားချိန် တန်းစီရာ၊ အရာရှိမှ ဆေးရုံသို့ပိုခဲ့သော်လည်း နောက်နေ့ (၂၂.၇.၂၀၀၉)ရက်နေ့တွင် သူမ သေဆုံးသွား ပြီဖြစ်ကြောင်း သတင်းရရှိခဲ့ပါသည်။ ၀မ်းနည်းစရာ အလွန်ကောင်းပါတယ်။

( UNHCR )အနေဖြင့် ဒုက္ခသည်များကို ကူညီပေးတာမှန်ပေမဲ့ စကားပြန်တွေကြောင့် နားလည်မှု လွဲခဲ့ရပြီး ရင်နာစရာ အဖြစ်မျိုးနဲ့ ကြုံခဲ့ရပါတယ်.။ ဒီဇာတ်လမ်းကို ပြောပြသူ မနီနီအေးမှာ (၂၄.၀၉.၂၀၀၉) ခုနှစ်တွင် မြန်မာပြည်သို့ ပြန်သွားပါတယ် ။ စစ်အစိုးရမှ သူမကို ပြန်ရန် လက်ခံခဲ့ပါတယ်.။

(၀၁.၀၈.၂၀၀၉) ခုနှစ်တွင် စီမံကိန်း စတင်ပါတယ်။ ပထမ အသုတ်မှာ (၀၄.၀၉.၂၀၀၉ ) တွင် ဂျိုတု ကန့်မှ (၄၉) ယောက်နှင့် စတင်ပြီး လုပ်ထုံးလုပ်နည်းများမှာ-

(၁) ပြန်လိုသူများဖေါင်ဖြည့်ရန်။
(၂) လက်ခံသဘောတူကြောင်း စာကိုတလကြာမျှစောင့်ရပါတယ်။
(၃)လက်ခံရရှိလျှင် လေယာဉ်ခနှင့်CI (နိုင်ငံသားဖြစ်ကြောင်း) အတွက် ၅၅၀ မလေးရှားငွေ ပေးသွင်းရပါတယ်..။
(၄)လေယာဉ်ထွက်မည့်နေ့ သတ်မှတ်၍ KLAIA မှထွက်ခွါမည် ဖြစ်ပါတယ်.။

အဲယားလိုင်းမှာ MAI နှင့် SUN ဖြစ်ပါတယ်.။
မနီနီအေးမှ (UNHCR ) သို့ ကျေးဇူးတင်ကြောင်း ပြောပါတယ်.။

(၂၄.၀၉.၂၀၀၉) တွင် သူမလွက်မြောက်မည် ဖြစ်ကြောင်း မျှတသော အင်တာဗျူးကို လိုချင်ကြောင်း။
(UNHCR) တကယ် ကူညီလိုလျှင် စကားပြန်များနှင့် ပတ်သက်၍ ပြန်လည် သုံးသပ်စေချင် ကြောင်း ပြောဆိုသွားပါတယ်။

သတင်း ပေးပို့ ပေးသော ကိုကျော်ကျော် အား ကျေးဇူးတင်ပါသည်.။


မှတ်ချက် ။ ။ http://myatlayngon.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

လူထုအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ မှ ပြည်သူ လူထုကြီးအတွက် တိုက်တွန်းနိုးဆော်လွှာ

လူထုအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ မှ
ပြည်သူ လူထုကြီးအတွက် တိုက်တွန်းနိုးဆော်လွှာ


အပြည့်အစုံ ဖတ်ရန် ...

Wednesday, December 9, 2009

ယနေ့  နေ့ စွဲဖြင့် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်။

ယနေ့  နေ့ စွဲဖြင့် ထုတ်ပြန်သော အမျိုးသားဒီမိုကရေစီအဖွဲ့ ချူပ်၏ ကြေညာချက်။


[img015.jpg]
[img016.jpg]


မှတ်ချက် ။ ။ http://myatlayngon.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ အန်အယ်လ်ဒီမှ ဦးဝင်းတင် တုံ့ပြန်ပြောဆို

နအဖသတင်းစာပါ ဆောင်းပါးဖော်ပြချက်များ
အန်အယ်လ်ဒီမှ ဦးဝင်းတင် တုံ့ပြန်ပြောဆို


မင်းနိုင်သူ/ ၉ ဒီဇင်ဘာ ၂၀၀၉


ယနေ့ထုတ် နအဖအစိုးရသတင်းစာများတွင်ပါရှိသော ဆောင်းပါးရှင် ချမ်းမြအေး၏ စိတ်ရင်းစေတနာမှန်ပြီး ရိုးသားမယ်ဆိုရင်ဆိုသည့် ဆောင်းပါး၌ ရေးသားဖော်ပြချက်များသည် ဗိုလ်ချုပ်မှူးကြီး၏ သဘောထားဖြစ်သည်ဟု မယူဆကြောင်း အန်အယ်လ်ဒီပါတီ ဗဟိုအလုပ်အမှုဆောင် ဦးဝင်းတင်က တုံ့ပြန်ပြောဆိုလိုက်သည်။

အဆိုပါဆောင်းပါတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ်မှူးကြီးထံပေးစာကို ပြည်ပမီဒီယာများနှင့်ပေါင်းကာ ကြိုဖွခဲ့သည်ဟု ရေးသားထားသည်။

“ဒီဆောင်းပါးတွေဟာ အစိုးရရဲ့သဘောထားကို ထင်ဟပ်တတ်တယ်ဆိုပေမယ့် ဒီဆောင်းပါးဟာ ဗိုလ်ချုပ်မှူးကြီးရဲ့ သဘောထားဖြစ်တယ်လို့ မယူဆဘူး။ ဆောင်းပါးရှင်ဟာ ကြားခံအဆင့်နဲ့ ရေးသားနေသူသာ ဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှူးကြီးဆီကို တိုက်ရိုက်တင်ပြထားတာဖြစ်တယ်။ ဒါကြောင့် ဗိုလ်ချုပ်မှူးကြီးဆီက တုံ့ပြန်မှုရှိလာဦးမယ်လို့ ထင်တယ်။ ဆောင်းပါးနိဂုံးမှာလည်း တွေ့ဆုံမှုဖြစ်လာဦးမယ့်သဘော ရေးထားတာလည်းရှိတယ်” ဟု ဦးဝင်းတင်က သုံးသပ်ပြောဆိုသည်။

အဆိုပါဆောင်းပါးသည် ဒေါ်အောင်ဆန်းစုကြည်၏ ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးစာနှစ်စောင်နှင့်စပ်လျဉ်းပြီး နအဖစစ်အစိုးရရှုထောင့်မှ သုံးသပ်တင်ပြထားခြင်းဖြစ်သည်။

“အခုရက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံတော်အကြီးအကဲထံ အိတ်ဖွင့်ပေးစာတွေနဲ့ ပတ်သက်လို့ ပြည်တွင်းနိုင်ငံရေး အသိုင်းအ၀ိုင်းနဲ့ ပြည်ပမီဒီယာတွေ ချိတ်ဆက်ပြီး အမျိုးမျိုးဝေဖန်သွေးထိုးရင်း တွန်းပို့နေကြတာ တွေ့ရပါတယ်” ဟု ဆောင်းပါးရှင်က အစချီရေးသားထားသည်။

ပေးစာနှစ်စောင်နှင့်စပ်လျဉ်း၍လည်း “ဒီပေးစာနှစ်စောင်ကို ကြည့်ရင် ရိုးသားမှုမရှိတာတွေ့နိုင်ပါတယ်။ တကယ်တော့ နိုင်ငံတော်အစိုးရကို ရိုးရိုးသားသားချဉ်းကပ်ပြီး ညှိနှိုင်းဖို့ ကြိုးစားတာမျိုးသာဖြစ်သင့်ပါတယ်။ အခုတော့ မရိုးသားတဲ့သဘော၊ ကိုယ်ကောင်း သူများဆိုး ဖြစ်အောင် လုပ်တဲ့သဘောဖြစ်နေပြီး တည်ဆဲအစိုးရရဲ့ Image ပျက်အောင် ရည်ရွယ်လုပ်သလို မျိုးလို့ပဲ ကျနော် ခံစားမိပါတယ်” ဟုလည်း ဆောင်းပါးရှင်က မှတ်ချက်ပေးထားသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီပါတီတို့အနေဖြင့် ပေးစာ (၂) စောင်ပေးပို့ရာတွင် ပထမအကြိမ်က ပါတီကြေညာချက်နှင့်အတူ ပူးတွဲထုတ်ပြန်ခဲ့ကြောင်း၊ ဒုတိယအကြိမ်တွင်လည်း အန်အယ်လ်ဒီလူငယ်အဖွဲ့က မီဒီယာများသို့ တိတ်တဆိတ် ကြိုဖြန့်ခဲ့ကြောင်း၊ မီဒီယာများမှတဆင့် တည်ဆဲအစိုးရကို အကျပ်ကိုင်ရန်ဖြစ်ကြောင်း စသဖြင့် ရေးသားထားသည်။

ဆောင်းပါးရှင်က အဆိုပါ စာနှစ်စောင်ကိစ္စအပြင် ၂၀၀၇ ခုနှစ်အတွင်း မစ္စတာ ဂမ်ဘာရီလာရောက်စဉ်က ဂမ်ဘာရီမှတဆင့် စင်ကာပူနိုင်ငံတွင် တဖက်သတ်ကြေညာချက်ထုတ်ပြန်ခဲ့ကြောင်း၊ ထိုကြောင့် ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီတို့သည် မရိုးသားသည့် သဘောထားဖြင့် မီဒီယာကို အသုံးချကာ လက်ဦးအောင်ဖွနေသည်မှာ (၃) ကြိမ်တိုင်ပြီ ဖြစ်ကြောင်း ရေးသားထားသည်။

အဆိုပါရေးသားချက်များနှင့်စပ်လျဉ်း၍ ဦးဝင်းတင်က “ကျနော်တို့ တရားဝင်ရပ်တည်ဆဲဖြစ်တဲ့ ပါတီရဲ့လှုပ်ရှားမှုတွေ၊ အာဘော်တွေနဲ့ ပတ်သက်ပြီး ပြည်တွင်းမီဒီယာတွေမှာ ဖော်ပြနိုင်ခွင့်မရှိဘူး။ အဲဒီအခါမှာ ပြည်ပမီဒီယာတွေက ကျနော်တို့ကို မေးတယ်၊ မြန်းတယ်၊ ဆက်သွယ်တယ်။ ကျနော်တို့ကလည်း မီဒီယာကိုတုံ့ပြန်ရမယ့် ၀တ္တရားရှိသည်နဲ့အညီ ပြောတယ်၊ ဆက်ဆံတယ်။ ဒါကလွဲပြီး ကျနော်တို့က မီဒီယာနဲ့ ပုလင်းတူဘူးဆို့ လုပ်ခြင်းသော်လည်းကောင်း၊ မီဒီယာကို ခိုင်းစားခြင်းမျိုး၊ အသုံးချခြင်းမျိုး လုပ်လို့မရဘူး။ ဒီမိုကရေစီ ထုံးတမ်းစဉ်လာအရ မီဒီယာဟာ သူ့လုပ်ငန်းသူ လုပ်နေကြတာ။ အဲဒါကို သူတို့ နားမလည်ဘူး။ သူတို့အကျင့်စရိုက်အတိုင်းပဲ ထင်နေကြတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာ (၂) စောင်အနက် နောက်ဆုံးတစောင် စောလျင်စွာ မီဒီယာသို့ ပေါက်ကြားရသည့်အတွက်မူ စိတ်မကောင်းဖြစ်ရသော်လည်း ပထမအကြိမ်စာမှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ သဘောထားဖြင့် လုံလောက်သည့် အချိန်ပေးပြီးမှ ထုတ်ပြန်ခဲ့ခြင်းသာဖြစ်ကြောင်း ဦးဝင်းတင်က ပြောသည်။

နေအိမ်အကျယ်ချုပ်ကျခံနေရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှု ရုပ်သိမ်းပယ်ဖျက်ရေး ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက်
မြန်မာနိုင်ငံဆိုင်ရာ အနောက်နိုင်ငံအချို့မှ သံတမန်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း စက်တင်ဘာ (၂၅) ရက်စွဲဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ ပေးပို့ခဲ့သည့်စာတွင် ထည့်သွင်းတောင်းဆိုထားသည်။ အဆိုပါတောင်းဆိုချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြေညာချက်အမှတ် ၆/၀၉/၀၉ အဖြစ် ထုတ်ပြန်ခဲ့သည်။

ဒုတိယပေးစာကို ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ နိုဝင်ဘာ (၁၁) ရက်နေ့စွဲဖြင့် တွေ့ဆုံဆွေးနွေးရေး အတွက် ကမ်းလှမ်းပေးပို့ခဲ့သည်။

သို့သော် အဆိုပါ ဒေါ်အောင်ဆန်းစုကြည်၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ထားမှုများကို ရုပ်သိမ်းရေးကိစ္စ နောက်ဆက်တွဲဟူသော ပေးစာသည် ပြည်ပမီဒီယာများတွင် ပေါက်ကြားခဲ့ခြင်းဖြစ်သည်။

ထိုစာတွင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် အစိုးရနှင့်ညှိနှိုင်းကာ နိုင်ငံအကျိုးရှိစေမည့် ကိစ္စရပ်များကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပြီး သူမ ပါတီကိစ္စရပ်များ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် ဗဟိုအလုပ်အမှုဆောင်များနှင့် စုံညီအစည်းအဝေးကို သူမအိမ်တွင် ကျင်းပခွင့်ပြုရန်၊ ပါတီဗဟိုအလုပ်အမှုဆောင်များနှင့် ဆွေးနွေးညှိနှိုင်းပြီးပါက နိုင်ငံ့အကျိုးရှိစေမည့် ကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန်အတွက် နအဖအစိုးရဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့်လည်း တွေ့ဆုံဆွေးနွေးလိုပါကြောင်း ရေးသားဖော်ပြထားသည်။


မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, December 8, 2009

မသိနားမလည်သူကို လှည့်ဖြားပြီး စစ်တပ်ထဲ ခေါ်သွင်း

မသိနားမလည်သူကို လှည့်ဖြားပြီး စစ်တပ်ထဲ ခေါ်သွင်း

2009-12-08 ( RFA )

ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့နယ် အမှတ် ၂ ရပ်ကွက် ကောင်းကွက်သစ်ပင်လမ်းမှာ နေထိုင်တဲ့ ဦးမြင့်ရွှေ - ဒေါ်ခင်နွဲ့တို့ရဲ့သားဖြစ်သူ အသက် ၁၉ နှစ်အရွယ် မောင်သက်ကိုကိုဟာ မိသားစု ဝမ်းရေး အတွက် ရန်ကုန်မြို့ကို အလုပ်ရှာဖွေလုပ်ကိုင်ဖို့ သွားရောက်ခဲ့ရာက စစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး၊ ဘယ်ကို ပို့ဆောင်ထားမှန်းမသိ ဖြစ်နေတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

ကလေးစစ်သား ပပျောက်ရေးကိစ္စများကို မြန်မာစစ်အစိုးရနှင့် ဆွေးနွေးရန် ကလေးများနှင့် လက်နက်ကိုင် ပဋိပက္ခများဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မီးစ် ရာချစ်ကာ ကူမားရား ဆွာမိ (ဝဲ) သည် ၂ဝဝ၇ ခုနှစ်၊ ဇွန်လ၊ ၂၇ရက်နေ့က မြန်မာနိုင်ငံ နေပြည်တော်သို့ သွားရောက်၍ ထိုအချိန်က ယာယီဝန်ကြီးချုပ် (ယခုဝန်ကြီးချုပ်) ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် (ယာ)နှင့် တွေ့ဆုံစဉ် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

မောင်သက်ကိုကိုဟာ ပြီးခဲ့တဲ့အောက်တိုဘာလ ၁၆ ရက်နေ့က ရန်ကုန် ကြည်မြင်တိုင်မြို့မှာ ရှိတဲ့ သူ့ရဲ့ အဒေါ်ဖြစ်သူထံမှာ ခေတ္တတည်းခိုပြီး အလုပ်ရှာဖွေ လုပ်ကိုင်ဖို့ သွားရောက်ခဲ့တာပါ။ အောက်တိုဘာလ ၁၉ ရက်နေ့မှာတော့ မီးရထား ရဲဝန်ထမ်းဖြစ်သူ ကိုချမ်းမောင်ကနေ ဝက်ဆီဖတ် စက်ရုံမှာ အလုပ်သွင်းပေးမယ်ဆိုပြီး ခေါ်ဆောင်သွားခဲ့ပေမဲ့၊ စက်ရုံကို ခေါ်ဆောင်မသွားပဲ ကျပ်ငွေတသောင်းရမယ်ဆိုကာ ခလရ-၁၅ က ဗိုလ်ကြီး အောင်ကျော်စိုးထံ ခေါ်သွားပြီးနောက် ၊ ရန်ကုန် ဒညင်းကုန်းစစ်သားစုဆောင်းရေး တပ်စခန်းထဲ ပို့ဆောင်ခံလိုက်တယ်လို့ အစ်မဖြစ်သူ မစမ်းယုခင်က RFA ကို ပြောပါတယ်။

မောင်သက်ကိုကိုဟာ အသက် ၁ဝ နှစ်အရွယ်ကတည်းက သင်္ကန်းစည်းခဲ့ပြီး ကိုရင်ဘဝနဲ့ နေထိုင်လာရာကနေ မိသားစု စားဝတ်နေရေး မပြေလည်တာကြောင့် ရန်ကုန်မှာ အလုပ်သွားမရှာခင် ၂ လ အလိုမှာ ကိုရင်ဘဝက ထွက်ခဲ့သူဖြစ်တယ်။ ဦးနှောက်မကောင်းတဲ့ ရောဂါဝေဒနာ ရှိတာကြောင့် နေအိမ်မှာ ပြန်လည်နေထိုင်ဖို့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ ဒညင်းကုန်း စစ်သားစုဆောင်းရေး တပ်စခန်းမှာ သွားရောက် ခေါ်ယူပေမဲ့ ခေါ်ခွင့် မရခဲ့ဘူးလို့ အစ်မဖြစ်သူက ဆက်ပြောပါတယ်။

မစမ်းယုခင်။ ။ 'ဒီ ဒညင်းကုန်းစစ်တပ်ကို ရောက်ခဲ့တဲ့ အချိန်မှာ သင်တန်း ပို့လိုက်ပြီလို့ ပြောပါတယ်။ အမေလည်း အသည်း အသန်ဖြစ်လို့ ဆေးရုံတင်ထားရပါတယ် ပြောတော့မှ မောင်ဖြစ်သူကို တွေ့ရပါတယ်၊ တွေ့ရတော့လည်း ထောင်သားနဲ့ တွေ့ရသလို နောက်ဖက်က စစ်သားတွေက ရပ်နေပြီး ဘာမှ ပြောခွင့် မရပါဘူး၊ ပြန်ခေါ်ဖို့ မိခင်ဖြစ်သူက တခေါက် ထပ်သွားပြီးတော့ ဗိုလ်ကြီးအောင်ကျော်စိုးနဲ့ ပြောပါတယ်၊ ပြန်ထုတ်လို့ မရတော့ဘူးလို့ သူက ပြောလိုက်တာပါ။'

မောင်သက်ကိုကို ကို အောက်တိုဘာလကုန်မှာ စစ်သင်တန်းတက်ဖို့ အတွက် နယ်ကိုပို့မယ်ဆိုတဲ့ သတင်းကြားတာကြောင့် မိသားစုဝင်တွေ ပြန်ခေါ်နိုင်ဖို့ ထပ်မံကြိုးစားခဲ့ပေမဲ့ သက်ဆိုင်ရာ အာဏာပိုင်တွေက မောင်သက်ကိုကို မရှိတော့ကြောင်း စစ်သင်တန်းတက်ဖို့ တခြားတပ်စခန်းကို ပြောင်းသွားပြီးဖြစ်ကြောင်းသာ သိခဲ့ရတယ်လို့ ဆက်ပြောပါတယ်။

ဦးနှောက်မကောင်းတဲ့ ရောဂါဝေဒနာသည် မောင်သက်ကိုကိုဟာ ဘယ်တပ်စခန်းမှာ စစ်သင်တန်းတက်နေတယ်ဆိုတာ စုံစမ်းမေးမြန်းလို့ မရဖြစ်နေသလို နေအိမ်လည်း ပြန်မရောက်လာတာကြောင့် မိသားစုဝင်တွေ အနေနဲ့ စိုးရိမ်သောက ရောက်နေကြရတယ်လို့ မိခင်ဖြစ်သူ ဒေါ်ခင်နွဲ့က ပြောပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေ ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံဝင်ချိန်တွင် အစိုးရရှေ့နေများကလည်း ရှေ့တိုးမည်

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများ အယူခံဝင်ချိန်တွင်
အစိုးရရှေ့
နေများကလည်း ရှေ့တိုးမည်

မိုးမခအထောက်တော် ၀၀၂
ဒီဇင်ဘာ ၈၊ ၂၀၀၉



အစိုးရရှေ့နေများက ဒေါ်အောင်ဆန်းစုကြည်အပေါ် ချမှတ်ထားသည့် ပြစ်ဒဏ်ကို တိုးမြှင့်နိုင်ရန်၊ လျော့ပေါ့ခြင်း မပြုနိုင်ရန် ဗဟိုတရားရုံးသို့ ဦးတိုက်လျောက်ထားရန် ကြားနာမည့်ရက် (ဒီဇင်ဘာ ၂၁၊ ၂၀၀၉) မှာ ဒေါ်စု၏ ရှေ့နေများ အယူခံကြားနာမည့်ရက်နှင့် တရက်တည်း ဖြစ်နေကြောင်း အမေရိကန်အခြေစိုက် ယူအက်စ်ကန်ပိန်းအဖွဲ့ ဦးဆောင်သူ (ကို) အောင်ဒင်က ထုတ်ဖော်ပြောဆိုသည်။

မူလအစက သတင်းများတွင် ထွက်ပေါ်နေခဲ့သလို အကျယ်ချုပ်ကျခံနေရသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖက်ကသာ တရားရုံးတော်သို့ အယူခံလျောက်ထားခြင်း မဟုတ်ကြောင်း၊ အချိန်တပြိုက်နက်တည်း အစိုးရရှေ့နေများကလည်း ချမှတ်ထားသော ပြစ်ဒဏ်ကို မလုံလောက်သေးဟူသော အကြောင်းပြချက်နှင့် ထပ်မံ ပြန်လှန် လျောက်ထားသည်ဟု ကြားသိရကြောင်း၊ ဗဟိုတရားရုံးအနေဖြင့် နှစ်ဖက်စလုံး၏ လျောက်လဲချက်များကို ကြားနာရမည် ဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်အား အရေးယူမှုများ တိုးမြှင့်ရန် ယခုကတည်းက ကြိုတင်ပြင်ဆင်နေပြီဆိုသည်မှာ ထင်ရှားကြောင်း၊ စစ်အာဏာရှင်များက ဒေါ်အောင်ဆန်းစုကြည်နှင့်တကွသော အတိုက်အခံအင်အားစုများနှင့် ငြိမ်းချမ်းစွာဖြင့် အတူတကွ တွေ့ဆုံဆွေးနွေး အဖြေရှာမည်ဟူသော မျှော်လင့်ချက်ကို ပြန်လည် သုံးသပ်သင့်ကြောင်း ၎င်းက မိုးမခသို့ ပြောကြားသည်။

ရန်ကုန်မြို့နေ သတင်းစာဆရာကြီးတဦးက ၎င်းအမြင်ကို ပြောကြားရာတွင် ယခုအချိန်အထိ ၂၀၁၀ ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး စစ်အာဏာရှင်တို့ ကိုယ်တိုင်က ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ အတိုက်အခံဒီမိုကရေစီအင်အားစုများအပေါ် သွေးတိုးစမ်းနေသည့် သဘော ရှိသည်ဟု ထင်ကြောင်း၊ နိုင်ငံတကာက အရှေ့အနောက် အစိုးရများကိုယ်တိုင်က ၂၀၁၀ ရွေးကောက်ပွဲကို မျှမျှတတ ဖြစ်မြောက်စေချင်သည့် ဖိအားကို ပေးနေကြကြောင်း၊ စစ်အာဏာရှင်များကိုယ်တိုင်က ၎င်းတို့ကိုယ်တိုင် အကြပ်အတည်းဖြစ်မည့်လမ်းကို ရွေးချယ်မည့်အစား ဆင်ခြေများ၊ လုပ်ကြံဖန်တီးမှုများ၊ အတားအဆီးများ ဖန်တီးပြီး ရှောင်လွဲရန် အချိန်ဆွဲရန် ကြိုးစားမည် ဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုသည်။

“၂၀၁၀ မှာ ရွေးကောက်ပွဲ ဖြစ်တာ မဖြစ်တာထက် နိုင်ငံတကာက ပိတ်ဆို့အရေးယူတာတွေ ရုပ်သိမ်း၊ နောက်ဆုတ်သွားဖို့က သူတို့အတွက် အရေးပိုကြီးတယ် ထင်ပါတယ်။ အမျိုးသားညီလာခံတို့၊ အခြေခံဥပဒေ ရေးဆွဲတာတို့ကို ဟိုးလွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက လုပ်နေခဲ့တာပဲ။ ပြည်တွင်း ပြည်ပ ပယောဂတွေကြောင့် သူတို့တွေ ကြန့်ကြာတယ်လို့ ပြောချင် ဆင်ခြေပေးချင် ပေးနိုင်တယ်။ ၂၀၁၀ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ဥပဒေအကြပ်အတည်းတွေ၊ နိုင်ငံရေးအကြပ်အတည်းတွေ ဖန်တီးလာနိုင်တာက စစ်ဗိုလ်ချုပ်တွေသာ ဖြစ်ပါတယ်။” ဟု အထက်ပါသတင်းအပေါ် မိတ်ဆွေတဦးက မှတ်ချက်ပေးသည်။

၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ အတိုက်အခံပါတီ အင်န်အယ်ဒီ၏ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၈၉ ဇူလိုင်လကတည်းက အကျယ်ချုပ်ဖြင့် ဖမ်းဆီးထားခဲ့ပြီး မကြာခဏဆိုသလို ပြန်လွှတ်ပေးခြင်း၊ အကျယ်ချုပ်ပြန်လည် ချမှတ်ခြင်းများ ပြုခဲ့သည်။ ၂၀၀၃ မေ ၃၀ ဒီပဲယင်းတွင် စစ်အစိုးရလက်ပါးစေများက ဒေါ်စု၊ ဦးတင်ဦးနှင့် ပါတီဝင်များကို အကြမ်းဖက်လုပ်ကြံရန် မအောင်မြင်ခဲ့ပြီးနောက် အကျယ်ချုပ်ဖမ်းဆီးထားခဲ့ရာ ၂၀၀၉ ခုနှစ် ဇူလိုင်တွင် အမေရိကန်သားတဦး နေအိမ်တွင်း ကျုးကျော်ခိုးဝင်ရန် ကြိုးစားသည့်အမှုကို အကြောင်းပြုပြီး သြဂုတ်လတွင် ထောင်ဒဏ် ၃ နှစ်ကို အကျယ်ချုပ် ၁ နှစ်ခွဲ ဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခဲ့သည်။ ယခု ဒေါ်စု၏ ရှေ့နေများ အယူခံဝင်ရန် ကြိုးပမ်းချက်ကို ဗဟိုတရားရုံးက ကြားနာရန် သဘောတူခဲ့သည်။


မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, December 7, 2009

အမေရိကန်နိုင်ငံသား ကိုညီညီအောင် ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြ

အမေရိကန်နိုင်ငံသား ကိုညီညီအောင် ထောင်တွင်းမှာ အစာငတ်ခံဆန္ဒပြ

2009-12-07 ( RFA )


စက်တင်ဘာလအတွင်း ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ အဖမ်းခံခဲ့ရတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်ဟာ အင်းစိန်ထောင်ထဲမှာ အစာငတ်ခံ ဆန္ဒပြနေတယ်လို့ သိရပါတယ်။


မြန်မာနိုင်ငံသို့ အသွား စက်တင်ဘာ ၃ ရက်နေ့က မင်္ဂလာဒုံ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်ပြီးနောက် စစ်အစိုးရ၏ ဖမ်းဆီးခြင်းခံထားရသူ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုကျော်ဇောလွင် ခေါ် ကိုညီညီအောင်၏ ယခင် ဓာတ်ပုံတခု ဖြစ်ပါသည်။ (Photo: RFA)

ဒီဇင်ဘာ ၇ ရက် ဒီကနေ့ နေ့လည်ပိုင်းက ကိုညီညီအောင်ကို ထောင်ဝင်စာ တွေ့ခွင့်ရခဲ့တဲ့ အဒေါ်ဖြစ်သူ ဒေါ်ခင်ခင်ဆွေက ကိုညီညီအောင် ဘာကြောင့် ဆန္ဒပြနေတယ်ဆိုတာနဲ့ သူမ မြင်တွေ့ခဲ့တဲ့ အခြေအနေကို RFA ကို ခုလိုပြောပြပါတယ်။

ဒေါ်ခင်ခင်ဆွေ။ ။ 'လွတ်လပ်မှုမရှိဘူး၊ တရားမျှတမှုမရှိဘူး၊ ဖိနှိပ်ချုပ်ချယ်တယ် ဆိုပြီး အဲဒီသုံးခုနဲ့ သူ ဟမ်းဂါးစထရိုက် လုပ်နေတယ်။ သူအဲဒါ မရမချင်း သူအစာမစားဘူးလို့ ပြောလိုက်တယ်။ ၁၂ နာရီခွဲလောက်က တွေ့ပါတယ်။ လွတ်လွတ်လပ်လပ် တွေ့လို့ရတယ်။ ဖုန်းနဲ့ ပြောရတယ်။ သူလည်း ပြောတယ်။ အစတုန်းကလိုတော့ အရမ်းကြီး မပြောနိုင်ဘူးပေါ့။ မောမယ်ဆိုပြီး ၁၅ မိနစ်လောက်ပဲ။ အချိန်ပြည့်အောင် ကျမတို့မပြောဘူး ၊ သူ့ကြည့်ရတာလည်း အရမ်း မောနေတာပေါ့။ ကျန်းမာရေးအခြေအနေက ကောင်းတယ် မစိုးရိမ်နဲ့လို့တော့ သူပြောပါတယ်။ ကျမထင်တာကတော့ သောကြာနေ့ ရုံးထုတ်တုန်းက ဘာမှမဖြစ်ဘူး ဆိုတော့ စနေနေ့က စတာ ထင်တယ်။'

ခုလိုအစာငတ်ခံ ဆန္ဒပြနေတာဟာ သူ့အတွက်မဟုတ်ပဲ အကျဉ်းကျနေသူ အားလုံးအတွက် လုပ်ဆောင်နေတာ ဖြစ်ကြောင်းနဲ့ ထောင်အာဏာပိုင်တွေဘက်ကတော့ ဘယ်လိုမှ တုံ့ပြန်ပုံ မရသေးဘူးလို့ ဒေါ်ခင်ခင်ဆွေက ဆက်ပြောပါတယ်။

ဒေါ်ခင်ခင်ဆွေ။ ။ 'သူကို ဘယ်လိုကောင်းကောင်းထားထား ၊ သူမြင်နေရတာဟာ လုံးဝကို ဖိနှိပ်ချုပ်ချယ် တယ် ပေါ့နော်၊ ဝန်ထမ်း တွေက အစက ပြောတဲ့အတိုင်းပဲ သူတို့ စဉ်းစားဥာဏ်နဲ့ မလုပ်ဘူးတဲ့ ၊ ဦးနှောက် ရှိပြီး ဦးနှောက် အသုံးမပြုဘူးလို့ ပြောပါတယ်။ သူအသက်ရှင်နေတာ အစာစားဖို့အသက်ရှင်နေတာ မဟုတ်ဘူး ၊ အသက်ရှင်ဖို့ အစာစားတာတဲ့၊ အစာစားဖို့ အသက်ရှင်တယ်ဆိုတာ တိရိစ္ဆာန်ဖြစ်သွားမယ်တဲ့။ အဲဒါကို ထပ်ကာတလဲလဲ သူပြောတယ်။'

ကိုညီညီအောင်ကို တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှု၊ လိမ်လည်မှုနဲ့ မှတ်ပုံတင်အတု ပြုလုပ်မှု စတာတွေနဲ့ စွဲချက်တင် စစ်ဆေးနေပြီး အင်းစိန်ထောင် အဆောင်အမှတ် ၈ မှာ ချုပ်နှောင်ထားတာပါ။
ကိုညီညီအောင်ရဲ့ မိခင် ဒေါ်စန်းစန်းတင်ဟာလည်း မိတ္ထီလာထောင်မှာ အကျဉ်းကျခံနေရပြီး မောင်နှမဝမ်းကွဲ တော်စပ်သူတွေ ဖြစ်တဲ့ မနိုးနိုး၊ ကိုကျော်စွာဌေး၊ ၈၈ ကျောင်းသူ မသက်သက်အောင်၊ မသက်သက်အောင်ရဲ့ ခင်ပွန်း ကိုချစ်ကိုလင်း တို့ဟာလည်း ဝေးလံတဲ့ ထောင်တွေမှာ နှစ်ရှည်ထောင်ဒဏ်တွေ ကျခံနေရသူတွေ ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာ့အရေး ထိရောက်စွာ ကိုင်တွယ်ဖို့ လွှတ်တော်အမတ် ၄ဝဝ လက်မှတ်ထိုး

မြန်မာ့အရေး ထိရောက်စွာ ကိုင်တွယ်ဖို့ လွှတ်တော်
အမတ် ၄ဝဝ လက်မှတ်ထိုး

2009-12-07 ( RFA )

မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ဒီမိုကရေစီရေး ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်လာအောင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအနေနဲ့ ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းပေးဖို့ ပန်ကြားထားတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို ကမ္ဘာတဝန်းက လွှတ်တော်အမတ် စုစုပေါင်း ၄ဝဝ ကျော် လက်မှတ်ရေးထိုး ထောက်ခံထားပြီလို့ သိရပါတယ်။



အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ရှိ ကမ္ဘာ့ ကုလသမဂ္ဂ ဌာနချုပ် အဆောက်အအုံ ဖြစ်ပါသည်။ (Photo: AFP)

ဂျပန်နိုင်ငံ အထက်လွှတ်တော်အမတ်နှစ်ဦးက ဦးဆောင်ပြီး နိုင်ငံတကာမှာ မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲ့အစည်းအားလုံး ပူးပေါင်းဆောင်ရွက်ကြတာဖြစ်တယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် US Campaign for Burma အဖွဲ့ရဲ့မူဝါဒရေးရာ ညွှန်ကြားရေးမှူး ဦးအောင်ဒင်က RFA ကို ပြောပါတယ်။

ဦးအောင်ဒင်။ ။ 'မြန်မာနိုင်ငံ စစ်အစိုးရအပေါ်မှာ လုံခြုံရေးကောင်စီက တိကျပြတ်သားစွာ အရေးယူဖို့၊ အဲဒီ အရေးယူတဲ့ ဆုံးဖြတ်ချက်တရပ်ကို အမြန်ဆုံးချဖို့၊ အဲဒီဆုံးဖြတ်ချက်ထဲမှာ တစ်အချက် မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ရာဇဝတ်မှုတွေအတွက် စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ပြီးတော့ စစ်ဆေး၊ ဖော်ထုတ်၊ အရေးယူဖို့၊ ဒုတိယအချက်ကတော့ မြန်မာနိုင်ငံ စစ်အစိုးရအပေါ်မှာ ကမ္ဘာတဝန်းက လက်နက်ရောင်းချမှုတွေ ပိတ်ဆို့ဟန့်တားဖို့၊ အဲဒီစာကို ကမ္ဘာတဝန်းက လွှတ်တော်ကိုယ်စားလှယ်တွေ လက်မှတ်ထိုးဖို့ ကျွန်တော်တို့ စည်းရုံးခဲ့တာ အခုဆိုလို့ရှိရင် လွှတ်တော်ကိုယ်စားလှယ် ၄ဝဝ ကျော် လက်မှတ်ရေးထိုးပြီးပါပြီ။ ဂျပန်နိုင်ငံကပါမယ်၊ အိန္ဒိယ၊ ကိုရီးယား၊ ဥရောပသမဂ္ဂ နိုင်ငံများ၊ နောက် ဘရာဇီးလ်၊ မော်လဒိုက် အစရှိတဲ့ နိုင်ငံတွေ၊ နောက် အမေရိကန် ပြည်ထောင်စုကလည်း ပါပါတယ်။'

ဒါဟာ နိုင်ငံတကာ လွှတ်တော်အမတ်တွေအနေနဲ့ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အားပေး ထောက်ခံတယ်ဆိုတာ ထင်ထင်ရှားရှား ပြသလိုက်တာ ဖြစ်တယ်လို့ သူကဆိုပါတယ်။ အဲဒီစာကို လာမဲ့ ဒီဇင်ဘာလ ၁ဝ ရက်၊ ၆၁ နှစ်မြောက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့မှာ ဂျပန်နိုင်ငံ တိုကျိုမြို့ကနေ ကုလသမဂ္ဂ လုံခြုံရေးကောင်စီကို တိုက်ရိုက်ပေးပို့မှာ ဖြစ်ပါတယ်။

အလားတူပဲ အမေရိကန်သမ္မတ အိုဘားမားအနေနဲ့ ဒီနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ချီးမြှင့်တဲ့ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး ထည့်သွင်းပြောဆိုဖို့ တင်ပြထားတယ်လို့ ဦးအောင်ဒင်က ပြောပါတယ်။

ဦးအောင်ဒင်။ ။ 'အမေရိကန်သမ္မတ အိုဘားမားက ဒီနှစ်အတွက် နိုဘယ်လ် ငြိမ်းချမ်းရေးဆုကို ရပါတယ်။ ရတော့ ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ နော်ဝေနိုင်ငံ အော်စလိုကို သွားပြီးတော့ ဆုလက်ခံမှာပါ။ အဲလို ဆုလက်ခံတဲ့အခါကျတော့ သူ့ရဲ့ ဆုယူတဲ့အထိမ်းအမှတ် မိန့်ခွန်း ပြောမှာပေါ့နော်။ အဲလို မိန့်ခွန်းပြောတဲ့အခါမှာ မြန်မာပြည်က လက်ရှိ အကျဉ်းကျနေတဲ့ နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်အကြောင်းကိုလည်း ထည့်သွင်းပြောကြားဖို့ ကျွန်တော်တို့ ပန်ကြားထားပါတယ်။ ကျွန်တော်တို့ ယုံကြည်ပါတယ်၊ သူလည်း သူ့ရဲ့ မိန့်ခွန်းထဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုတဲ့အကြောင်း သူထည့်သွင်း ပြောကြားလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။'

စစ်အစိုးရက ကြေညာထားတဲ့ လာမဲ့ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲကို အများ ယုံကြည် လက်ခံနိုင်အောင် ထင်သာမြင်သာရှိတဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ မြန်မာစစ်ခေါင်းဆောင်တွေကို ဖိအားပေးဖို့ လိုတယ်လို့ နိုင်ငံတကာက မြန်မာ့အရေး လှုပ်ရှားနေသူတွေက ပြောပါတယ်။

မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂရဲ့လုပ်ဆောင်ချက်တွေအပေါ် မြန်မာ့အရေး လှုပ်ရှားနေသူတွေအနေနဲ့ ဘယ်လိုအမြင် ရှိနေသလဲဆိုတာ RFA မှ မအင်ကြင်းနိုင်က မေးမြန်း တင်ပြထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ် ပါ ခင်ဗျား။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ရန်ကုန်မြို့ရဲ့ နေရာအချို့မှာ ကြိုးမဲ့ အင်တာနက်စနစ် စတင်မည်

ရန်ကုန်မြို့ရဲ့ နေရာအချို့မှာ ကြိုးမဲ့ အင်တာနက်စနစ် စတင်မည်

မိုးမခ အထောက်တော်၊ ရန်ကုန်
ဒီဇင်ဘာ ၇၊ ၂ဝဝ၉



ရန်ကုန်မြို့လယ် ဆိုင်တဆိုင်တွင် ကော်ဖီသောက်ရင်း အင်တာနက် သုံးစွဲနေသည့် လူငယ်တချို့။ ရန်ကုန်တွင် ကြိုးမဲ့ အင်တာနက် (ဝိုင်ဖိုင် အင်တာနက်) အသုံးပြုခွင့်ရမည်ဟူသော သတင်း နှစ်ဆန်းပိုင်း ထွက်ပေါ်လာပြီး ယခုမှ အမှန်တကယ် သုံးနိုင်ခြင်း ဖြစ်သည်။ ကြိုးမဲ့ အင်တာနက် စနစ်အရ ကွန်ပျူတာတွင် တယ်လီဖုန်း လိုင်းကြိုး တပ်ဆင်ရန် မလိုဘဲ Prepaid WiFi Card တွင် ပါဝင်သည့် အမည်နှင့်လျှို့ဝှက်နံပါတ်များ ထည့်သွင်းပြီး အင်တာနက် သုံးနိုင်မည် ဖြစ်သည်။
(ဓာတ်ပုံ-မိုးမခ)


အင်တာနက်ဆိုတာဟာ သူတို့အတွက် သတင်း အချက်အလက်တွေ ပေါက်ကြားစေတဲ့အရာ၊ ပြင်ပမှ သတင်းအချက်အလက်တွေ ဝေဘန်မှုတွေ အမြင်တွေ ဝင်ရောက်လာစေတဲ့ ဆက်သွယ်ရေးစနစ်လို့ နအဖ အစိုးရက ယေဘုယျအားဖြင့် နားလည်ထားပါတယ်။

အင်တာနက်ဆိုတာဟာ သူတို့အတွက် သတင်း အချက်အလက်တွေ ပေါက်ကြားစေတဲ့အရာ၊ ပြင်ပမှ သတင်းအချက်အလက်တွေ ဝေဘန်မှုတွေ အမြင်တွေ ဝင်ရောက်လာစေတဲ့ ဆက်သွယ်ရေးစနစ်လို့ နအဖ အစိုးရက ယေဘုယျအားဖြင့် နားလည်ထားပါတယ်။

ထို့အတွက်ကြောင့် သူတို့ရဲ့လုံခြုံရေးအတွက် အင်တာနက်ကို တနည်းမဟုတ် တနည်းနဲ့ ထိမ်းချုပ်ထားလိုတဲ့ အစိုးရအနေနဲ့ တဖက်မှာလည်း နအဖ ခေါင်းဆောင်ပိုင်းက သားသမီးတွေရဲ့ ကိုယ်ပိုင် အကျိုးစီးပွားတွေ ရှိနေတဲ့ အတွက် လုံခြုံရေးနဲ့ အကျိုးစီးပွား တို့ရဲ့ ဝိရောဓိ ဖြစ်တာကို တွေ့မြင်နေရပါတယ်။

တရုတ်နိုင်ငံတို့လို အင်တာနက်ကို အဆင့်မြင့် နည်းပညာ၊ အတတ်ပညာတွေနဲ့ တင်းကျပ်စွာ မထိန်းချုပ်နိင်တဲ့အတွက် အင်တာနက်လိုင်းကို ကုန်ကျစရိတ်မြင့်ထားဖို့၊ လိပ်စာတွေ၊ မှတ်ပုံတင် အမှတ်တွေ အလုပ်အကိုင်တွေနဲ့ ချိတ်ဆက်ထားဖို့၊ အင်တာနက်ဆိုင်တွေမှာလည်း သုံးစွဲသူတွေကို နိုင်ငံရေး ဝက်ဆိုက်တွေ မကြည့်ရအောင် စောင့်ကြည့်၊ ပြောဆိုဖို့ ဖိအား ပေးထားပါတယ်။

အခုလ ၁ ရက်နေ့မှာ စတင် ရောင်းချမယ့် ကြိုတင်ငွေပေး ဝိုင်ဖိုင်ကဒ်နဲ့ ရန်ကုန်မြို့ရဲ့ နေရာ ၆ နေရာမှာ အင်တာနက် သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ယခု ကဒ်ကို Prepaid WiFi Card လို့ ခေါ်ဆိုပြီး ရောင်းချတဲ့ ကုမ္ပဏီကတော့ Redlink Communication Company ပါ။ Redlink ကုမ္ပဏီဟာ ဇေကမ္ဘာ ဦးခင်ရွှေရဲ့ သမီးနဲ့ သမက်ဖြစ်သူ ဗိုလ်ချုပ်ကြီးသူရရွှေမန်းရဲ့သား တိုးနိုင်မန်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အများသုံး အင်တာနက်လိုင်းတွေ စတင် မိတ်ဆက်ပေးခဲ့တာ ထောက်လှမ်းရေး အကြီးအကဲဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်ရဲ့ သားဖြစ်ပြီး အဲဒီနောက် အိုင်တီနဲ့ နည်းပညာ ဈေးကွက်ထဲမှာ နအဖ ဗိုလ်ချုပ်သားသမီး အတော်များများလည်း ဝင်ရောက် လုပ်ကိုင်လျက်ရှိကြပါတယ်။

ယခု စတင်ရောင်းချတဲ့ ၁၅နာရီ ကဒ်ကို ၅ဝဝဝ ကျပ် လို့ ဆိုတဲ့အတွက် တနာရီ ၃၃ဝ ကျပ် ဝန်းကျင် ကျသင့်ပါတယ်။ နောက်ပိုင်းမှာတော့ နာရီ ၃ဝ၊ နာရီ ၄ဝ သုံးလို့ရတဲ့ ကဒ်တွေ ရောင်းချဖို့ အစီအစဉ်ရှိတယ် လို့လည်း ဂျာနယ် သတင်းများ အရ သိရပါတယ်။

လက်ရှိ ကြိုးမဲ့ အင်တာနက် (ဝိုင်ဖိုင် အင်တာနက်) သုံးစွဲနိုင်သည့် နေရာများမှာ စီတီးမတ် ဆိုင်ခွဲ သုံးနေရာ ဖြစ်တဲ့ မြေနီကုန်းစီတီးမတ်၊ ပုဇွန်တောင် အိစ်ပွိုင့်၊ ကိုးမိုင် နော့သ်ပွိုင့် ၊ အင်းယားကန် နဘေးရှိ စိမ်းလန်းစိုပြေ စားသောက်ဆိုင်ဧရိယာ၊ ကန်တော်ကြီး ကရဝိတ်၊ မြရိပ်ညိုဟိုတယ် sport bar တို့ ဖြစ်ပါတယ်။

နိုင်ငံတကာမှာလို ကော်ဖီဆိုင်တွေ၊ တက္ကသိုလ်ကျောင်းဝင်းတွေ၊ အများစာကြည့်တိုက်တွေမှာ အခမဲ့ ဝိုင်ဖိုင် တပ်ဆင်ထားခြင်း မရှိသေးပါဘူး။ ယခု လုပ်ဆောင်တဲ့အစီအစဉ်ဟာ သတင်း ကိုယ်ရေး ကိုယ်တာ အချက်အလက် လုံခြုံစိတ်ချရစေဖို့ အင်တာနက်ကို မိမိကိုယ်ပိုင် ကွန်ပျူတာနဲ့ သုံးစွဲလိုသူများ အတွက် အဆင်ပြေမယ်လို့ ရန်ကုန်ရှိ အိုင်တီ နည်းပညာ စိတ်ဝင်စားသူ တဦးက ပြောပါတယ်။

`အင်တာနက်ကို အရင်က လူတယောက်ရဲ့ ကိုယ်ရေး အချက်အလက်နဲ့ သုံးတဲ့ တယ်လီဖုန်းနံပါတ်နဲ့၊ လိပ်စာနဲ့ ချိတ်ဆက်ထားခဲ့တာ၊ အများသုံး အင်တာနက်ဆိုင်လိုကျတော့လည်း ဘယ်လောက်ထိ လုံခြုံ စိတ်ချရသလဲဆိုတာ မသိနိုင်ဘူး၊ တချို့ဆိုင်မှာ ပြည်ပက အတိုက်အခံ လုပ်သူနဲ့ ချက်တင် လုပ်မိသူတွေ နောက်ရက်မှာ အဖမ်းခံရတာ၊ သတိပေးခံရတာတွေ ရှိခဲ့တော့ လုံခြုံမှု မရှိတာတော့ အမှန်ပဲ၊ အခုလို ဒိုင်ရယ်အပ် (Dial up) ထက်လည်းမြန် ကိုယ်ပိုင်ကွန်ပျူတာနဲ့လည်း သုံးနိုင်တဲ့ အခြေအနေက မဆိုးဘူးလို့ ဆိုရမယ်´ဟု အဆိုပါ စိတ်ဝင်စားသူက ပြောပါတယ်။

ယခုလောလောဆယ်တွင် ရန်ကုန်မြို့ရှိ အဆင့်မြင့်ကော်ဖီဆိုင် တချို့တွင် ကော်ဖီသောက်သုံးပါက ဝိုင်ဖိုင် အင်တာနက် အခမဲ့ သုံးခွင့်ရှိတာ ကို တွေ့ရပါတယ်။

နအဖ အစိုးရအတွက် အာဏာတည်မြဲရေး အတွက် ဆက်သွယ်ရေး နည်းပညာသစ်များကို ပိတ်ပင်လိုတဲ့ ဆန္ဒက တဘက်မှာ ရှိသလို အခြားတဘက်မှာ သူတို့ရဲ့ မိသားစုဝင်များ ကိုယ်တိုင်ရဲ့ ကိုယ်ကျိုးစီးပွားကတဘက် လွန်ဆွဲလျက်ရှိတဲ့ ယခုလို အဖြစ်အပျက်များကိုလည်း တွေ့မြင်နေရပါတယ်။

မှတ်ချက် ။ ။ http://moemaka.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, December 6, 2009

ဒေါက်တာ စင်သီယာမောင်၏ ရွှေရတုမွေးနေ့ အခမ်းအနား မယ်တော်ဆေးခန်းတွင် ကျင်းပပြုလုပ်(ဓါတ်ပုံ)

ဒေါက်တာ စင်သီယာမောင်၏ ရွှေရတုမွေးနေ့ အခမ်းအနား မယ်တော်ဆေးခန်းတွင် ကျင်းပပြုလုပ် (ဓါတ်ပုံ)



မှတ်ချက် ။ ။ ဓါတ်ပုံများကို http://myatlayngon.blogspot.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...