Friday, November 27, 2009

မြန်မာ့အရေး သတင်းစာဆရာ Larry Jagan နဲ့ ဆွေးနွေး

မြန်မာ့အရေး သတင်းစာဆရာ Larry Jagan နဲ့ ဆွေးနွေး

25 November 2009


မြန်မာနိုင်ငံရဲ့လက်ရှိနိုင်ငံရေး အခြေအနေ ရှေ့ကို တိုးတက်ကောင်းမွန်လာနိုင်မလား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စာကို ဗိုလ်ချုပ်မှုးကြီးသန်းရွှေ က လက်ခံတုံ့ပြန်မလား၊ ၂၀၁၀ ရွေးကောက်ပွဲအလားအလာ စတဲ့အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး မြန်မာ့ရေးရာကျွမ်းကျင်သူ သတင်းစာဆရာLarry Jagan နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ။ ။ Larry Jagan အနေနဲ့ ယခုလက်ရှိ မြန်မာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ အမေရိကန်အစိုးရက မူဝါဒသစ်အရ မြန်မာစစ်အစိုးရကို ချဉ်းကပ်နေတာကို တွေ့ရပါတယ်။ အဲဒီအရေးနဲ့ ပတ်သက်ပြီးတော့ တိုးတက်မှုအလားအလာ တစုံတရာမြင်ရပါသလား။

Larry Jagan ။ ။ ဝမ်းနည်ပါတယ်။ တိုးတက်မှုအလားအလာ မတွေ့ရသလောက်ပါဘဲ။ တစိတ်တဒေသအားဖြင့် ဗိုလ်ချုပ်မှုးကြီးသန်းရွှေဟာ အမေရိကန်နဲ့ ထိတွေ့ဆက်ဆံရေးကို အေးတိအေးစက် လုပ်နေပါတယ်။ သူလိုချင်တဲ့ တခုတည်းသောအရာက အရေးယူဒဏ်ခတ်ပိတ်စို့မှုတွေ ရုတ်သိမ်းရေးပါ။ ဒီအတွက် သူဘက်ကလိုက်ရောရမယ့် ကိစ္စက သူထင်တာထက် များနေတဲ့အတွက် ဒါကို သူစိတ်မဝင်စားတော့ပါဘူး။ အမေရိကန်ဘက်ကလည်း ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ကိစ္စကိုသာ အဓိကထားနေပါတယ်။ တကယ်လိုသာ အမေရိကန်က စစ်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်ကြား ဆွေးနွေးဖြစ်ရေးကိုသာ အဓိကထားတယ်၊ လိုလားတယ်ဆိုရင် ပိုပြီးကောင်းပါလိမ့်မယ်။ စစ်အစိုးရနဲ့ အမေရိကန် နှစ်ဘက်စလုံးက ဒီလိုဖြစ်နေတဲ့အတွက် လောလောဆယ်မှာရှေ့ မတိုးနိုင်တော့ပါဘူးဗျာ။

ဦးကျော်ဇံသာ ။ ။ ဒီလိုဆိုရင် ဒေါ်အောင်ဆန်းစုကြည်ကို မလွှတ်ဘဲနဲ့ မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့်မြတ်ရေး ဖြစ်နိုင်ပါမလား။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည် ကျနော့်ကို အမြဲပြောဘူးပါတယ် သူ့လွတ်မြောက်ရေးက တွေ့ဆုံဆွေးနွေးရေးမှု ဖြစ်မြောက်ရေးလောက် အရေးမကြီးပါဘူးတဲ့။ ဗိုလ်ချုပ်မှုးကြီးနဲ့သာ တကယ် ဆွေးနွေးဖြစ်မယ်ဆိုရင် သူ့လွတ်မြောက်ရေးကို နောက်ချန်ထားလို့ ရပါတယ်။ ဆွေးနွေးဖြစ်ဖို့မယ်ဆိုရင် သဘောတူညီချက်ရရင် သူအပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ၊ ထောက်လှမ်းရေးဟောင်းတွေအားလုံး ပြန်လွတ်မြောက်မှာပါ။ အရေးကြီးတာက ဖြစ်စဉ်ရှေ့ကို တိုးနိုင်ဖို့ နှစ်ဘက်ဆွေးနွေးနိုင်ဖို့ပါ။ ဒီလို ရှေ့တိုးနိုင်ဖို့၊ ဆွေးနွေးနိုင်ဖို့ ဆိုတာကလည်း ပြည်တွင်းက စတင်တဲ့ဖြစ်စဉ်သာ ဖြစ်ရပါလိမ့်မယ်။ ပြည်ပက လာလို့ မရနိုင်ပါဘူး။

ဦးကျော်ဇံသာ ။ ။ တခါ အမေရိကန်အစိုးရ အထူးသဖြင့် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton က ဒီမူဝါဒသစ်ကိစ္စကို ပြောတဲ့နေရာမှာ ပြောပုံပြောနည်းက သင့်မြတ်ရေးလေသံထက် တင်းမာတဲ့သဘောရှိနေတယ်လို့ ကျနော် စဉ်းစားမိတယ်။ Larry ဘယ်လိုသဘောရပါသလဲ။

Larry Jagan ။ ။ ဟုတ်ပါတယ် Hillary Clinton အပါအဝင် အမေရိကန်အစိုးရတဖွဲ့လုံးဟာ ဒီကိစ္စ အခက်ကြုံနေရပါတယ်။ အမေရိကမှာ ဒီမိုကရေစီဘက်ကို ယိမ်းတဲ့ လှုပ်ရှားမှုတွေက သိပ်အားကောင်းပါတယ်။ အထူးသဖြင့် အရေးယူပိတ်စို့မှုတွေကို ပိုပြီးတင်းတင်းကြပ်ကြပ် ချမှတ်ဖို့ တောင်းဆိုနေကြတာပါ။ ဒါကို Hillary Clinton နဲ့ အမေရိကန်အစိုးရတို့က မူဝါဒသစ်နဲ့ ယှဉ်ထိုးတွက်ချက်နေရတာပါ။ ဒါကြောင့် ဒီချဉ်းကပ်မှုဟာ မူဝါဒသစ်မဟုတ်ဘူး၊ အပြောင်းအလဲ မဟုတ်ဘူး ပြန်လည်တည်မတ်ထားတဲ့ကိစ္စ ဖြစ်တယ်လို့ ပြောနေရတာပါ။ အရေးယူပိတ်စို့ဒဏ်ခတ်မှုကို ဆက်လုပ်ပြီး ဆွေးနွေးမယ်။ စစ်အစိုးရက လျှော့လာမှ သူတို့ဘက်ကလည်း လျှော့မယ်ဆိုတဲ့ သဘောပါ။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာဆိုရင် စစ်အစိုးရနဲ့ အမေရိကန်အရာရှိတွေ တွေ့ဆုံမှုဟာ နှစ်ကြိမ်မြောက်ရှိခဲ့ပြီးဆိုတော့က စစ်အစိုးရက ကန်လိုက်တဲ့ဘောလုံးက ဟိုဘက်ကိုရောက်နေပြီ ဟိုဘက်က ပြန်ကန်ဖို့ဘဲ လိုတော့တယ်ဆိုပြီးတော့ တွက်နေကြတယ်။ အဲဒါကို Larry ဘယ်လို သဘောရပါသလဲ။

Larry Jagan ။ ။ ကျနော့်အမြင်မှာတော့ တဘက်နဲ့တဘက် အပြန်အလှန် ကစားနေတဲ့ game ပွဲစဉ်တရပ်တောင် မရောက်သေးပါဘူး။ နှစ်ဘက်လုံးဟာ နောက်ဆုံးမျဉ်းပေါ်မှာ မတ်တပ်ရပ်နေကြပြီးတော့ တဘက်က စရွှေ့လာမလားဆိုတာ စောင့်ကြည့် စောင့်ဆိုင်းနေကြတုန်းဘဲ ဖြစ်ပါတယ်။ အမေရိကန်ဘက်ကတော့ ရွှေ့ချင်တဲ့ အရိပ်အကဲပြသထားပါပြီ။ မြန်မာဘက်က သိပ်အလေးနက် မဟုတ်ရင်တောင်မှ အရိပ်အရောင်လောက်တော့ ပြန်ပြသင့်ပါတယ်။ ဒီနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ဦးတင်ဦး အပါအဝင် အန်အယ်လ်ဒီ စီအီးစီ အားလုံးနဲ့ တွေ့ခွင့်ပေးရေးဟာ အချက်အချာကြပါတယ်။ ဒီလို တွေ့ဆုံမှုမရှိဘဲ လုံးဝလုံးဝ ရှေ့ကို မတိုးနိုင်ပါဘူး။ ဒုတိယအချက်ကတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေက ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဘို့ သဘောတူ ရပါလိမ့်မယ်။ ဒါဆိုရင် အမေရိကန်ဘက်က အလျှော့ပေးရေးစကား ပြောလာလိမ့်မယ် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အမေရိကန်တို့ဟာ ဒီမြန်မာနိုင်ငံအရေးမှာ ချဉ်းကပ်မှုအသစ်ပြောင်းလာတဲ့ ကိစ္စမှာ ရည်ရွယ်ချက်က သူတို့အကျိုးအတွက်ဘို့ဘဲ မဟုတ်လား။ အဓိက, ကတော့ တရုတ်နိုင်ငံ လွှမ်းမိုးမှုအောက်က မြန်မာနိုင်ငံကို ဆွဲထုတ်ခြင်းတယ် သူတို့ဘက်ကို ပါလာစေချင်တယ်။ ဒီလောက်ကြီးမားတဲ့ အကျိုးစီးပွားကို အမေရိကန်က စတေးခံမလား မြန်မာ့အရေးမှာ သူဆွေးနွေးတာ မအောင်မြင်ဘူးဆိုရင် စတေးလိုက်မလား၊ စွန့်လွှတ်လိုက်မယ် ထင်သလား။

Larry Jagan ။ ။ အမေရိကန် မူဝါဒ ပြောင်းလဲရတာ အကြောင်းရင်းတွေ အများကြီးပါ။ ဒီအထဲမှာ မြန်မာနိုင်ငံအပေါ် တရုတ်သြဇာလွှမ်းမိုးမှုကို စိုရိမ်မှုကိစ္စကလည်း တချက်ဆိုတာ သံသယ မရှိပါဘူး။ အထက်လွှတ်တော်အမတ် Jim Webb က ဒီအချက်ကို သိပ်အလေးထားပါတယ်။ ဒါပေမဲ့ ကျနော်ကတော့ သမ္မတ Obama နဲ့ ဝန်ကြီး Clinton တို့က မြန်မာပြည်သူတို့က လူ့နေမှုအဆင့်အတန်းနဲ့ လူ့အခွင့်အရေးကိစ္စတွေကို အလေးအနက်ထားတယ်လို့ ယုံကြည်ပါတယ်။ သူတို့ဟာ လူမှန်နေရာမှန်တွေပါ။ ပြဿနာက အမေရိကန်တွေက ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးကိစ္စကိုဘဲ သိပ်အလေးထားနေကြတဲ့ကိစ္စပါ။ ဒီကိစ္စကြောင့် မြန်မာပြည်သန်းပေါင်း ၅၀ ကျော်လောက် အကျိုးဆုံးရှုံးရမယ်သဘော ရှိနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါက အမေရိကန်ရဲ့ အကျိုးစီးပွားနဲ့ ပတ်သက်တဲ့သဘောပေါ့။ စစ်အစိုးရဘက်က ပြန်ကြည့်ရင် စစ်အစိုးရကလည်း သူတို့အပေါ်မှာ ထားရှိတဲ့ ပိတ်စို့အရေးယူမှုကို ရုတ်သိမ်းစေချင်တယ်၊ နိုင်ငံတကာ အသိုင်အဝိုင်းမှာ သူတို့ဝင်ဆန့်ချင်တဲ့ ရည်ရွယ်ချက်တွေရှိတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မလွတ်ပေးဘဲ ထားပြီးတော့ ဒီလိုအချက်တွေ အောင်မြင်နိုင်တဲ့ အခြေအနေ ရှိရဲ့သားနဲ့ အဲဒီရည်ရွယ်ချက်ကို စတေးမလား။ ဒေါ်အောင်ဆန်းစုကြည်ကို လွတ်ကောင်းမလွတ်နိုင်ဘူးလား၊ ဒီနေရာမှာ မလွတ်ပေးနိုင်ဘူးလား။

Larry Jagan ။ ။ ကျနော်တို့လို့ လေ့လာသုံးသပ်နေသူတွေကတော့ ပိတ်စို့အရေးယူ ဒဏ်ခတ်မှုတွေ ရုတ်သိမ်းမယ်၊ တဖက်က ဒေါ်အောင်ဆန်းစုကြည်ကို လွတ်မယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ game လုပ်နေကြတယ်ဆိုတာမျိုး သုံးသပ်ရတာကို ပိုကြိုက်ကြပါတယ်။ ဒါပေမဲ့ စစ်အစိုးရက ဒီလောက် ညံ့တယ်၊ နုံအလိမ့်မယ်လို့ ကျနော်မထင်ပါဘူး။ အရေးယူပိတ်စို့ ဒဏ်ခတ်မှု ရုတ်သိမ်းရေးဆိုတာ ချက်ချင်း မဖြစ်နိုင်ဘူးဆိုတာ သူတို့သိပါတယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ဖြေးဖြေးခြင်း ဝင်ဆန့်ဖို့အတွက်ကလည်း ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ပေးဘို့ မလိုဘူးလို့ သူတို့က တွက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ ကရော ဒေါ်အောင်ဆန်းစုကြည် ကို လွတ်ပေးဖို့ ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်ရွံနေရတာလဲ။

Larry Jagan ။ ။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမှာ မပါဝင်စေချင်ပါဘူး။ ဘယ်နိုင်ငံရေး မဲဆွယ်လှုပ်ရှားမှုတွေမှာလည်း မပါစေချင်ပါဘူး။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်သာ လာမယ့် ရွေးကောက်ပွဲမှာ ပါလာရင် သူရဲ့  အာဏာတည်မြဲရေးနဲ့ သူ့မိသားစု လုံခြုံရေး အန္တရာယ်ရှိနိုင်မယ်လို့ ဗိုလ်ချုပမှုးကြီးက တွက်နေလိုပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပြီး Larry ရော ဘယ်လိုထင်သလဲ။ တကယ်ဘဲ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗိုလ်ချုပ်မှုးကြီးသန်းရွှေ တို့ လုံခြုံရေးအတွက် အန္တရာယ်ပြုနိုင်မယ် ထင်သလား။ ဗိုလ်ချုပ်မှုးကြီးသန်းရွှေတို့ရဲ့  စိုရိမ်မှုက တကယ်ရော လက်တွေ့ကြပါရဲ့ လား။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည်က ဗိုလ်ချုပ်မှုးကြီးသန်းရွှေ မိသားစုအတွက် ခြိမ်းခြောက်မှုတရပ်ဖြစ်တယ်လို့ ကျနော်မထင်ပါဘူး။ ဒါပေမဲ့ ပွင့်လင်းမြင်သာမှုရှိတဲ့ အရပ်သား အစိုးရတရပ် တက်လာရင်တော့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေရဲ့ မိသားစု စီးပွားရေးသာမက ကျန်တဲ့စီးပွားရေးလုပ်ငန်းအားလုံးဟာ စနစ်တကျ စစ်ဆေးမှုတွေနဲ့ စည်းကမ်းဥပဒေတွေနဲ့အညီ လုပ်လာကြရမှာတော့ သေချာပါတယ်။ တကယ်တော့ ဒီလိုစည်းနဲ့ကမ်းနဲ့ ဥပဒေစနစ်တကျရှိဖို့ဆိုတာ တကယ်လိုအပ်တဲ့ကိစ္စပါ။ ဒါမှလည်း မြန်မာနိုင်ငံ တိုးတက်နိုင်မှာပါ။ ဒါကိုတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အန်အယ်လ်ဒီတို့က လိုလားကြမယ် ထင်ပါတယ်။ ဒါပေမဲ့ စစ်အစိုးရကို ပြစ်ဒဏ်ခတ်ဖို့ကိုတော့ သူတို့လိုလားမယ် မဟုတ်ပါဘူး။ ၂၀၀၃ ခုနှစ် မတ်လမှာ ကျနော် ဒေါ်အောင်ဆန်းစုကြည်နဲ့ နောက်ဆုံးတွေ့ခဲ့တုန်းက သူက ကျနော်ကို ပြောခဲ့ပါတယ်။ သူတို့ဟာ စစ်အစိုးရကို ဒဏ်ခတ်ဘို့ကို မလိုလားပါဘူး။ လူတဦးတယောက်အတွက် လူ့တစုအတွက်မဟုတ်ဘဲ တတိုင်းပြည်လုံးအတွက် အတူတကွ ပူးပေါင်းလက်တွဲ ဆောင်ရွက်ဖို့ လိုလားတယ်လို့ ကျနော့်ကို ပြောခဲ့ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အဲဒီသဘောထားပေါ်မှာ အခြေခံပြီးတော့ ဗိုလ်ချုပ်မှုးကြီးဆီကို စာတွေ ရေးပို့ခဲ့တာ ဖြစ်ပါတယ်။ ဒီလို စာရေးတာဟာလည်း ပြည်ပရဲ့ပါဝင်မှု ပရောဂ တစုံတရာကြောင့် မဟုတ်ဘဲနဲ့ home-grown လို့ ခေးတဲ့ ပြည်တွင်းက ပေါ်ပေါက်လာတဲ့ လုပ်ရပ်စစ်စစ်ဖြစ်ပါတယ်။ ကိုယ့်တို့အချင်းချင်း ညှိနှိုင်းဆောင်ရွက်ဖို့ ပြောတဲ့ကိစ္စသာ ဖြစ်ပါတယ်ဆိုတော့ ဒီလို ဒေါ်အောင်ဆန်းစုကြည်ရဲ့စတင်ဆောင်ရွက်မှုကရော ဘယ်လောက်ထိ အလားအလာ ကောင်းမယ်ထင်ပါသလဲ။

Larry Jagan ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတင်လုပ်ဆောင်ချက်ဟာ ကြိုဆိုသင့်တဲ့ကိစ္စလို့ ထင်ပါတယ်။ စက်တင်ဘာလက ရေးလိုက်တဲ့ သူရဲ့ ပထမစာမှာ စစ်အစိုးရပေါ် အရေးယူပိတ်စို့ဒဏ်ခတ်မှုတွေ လျှော့ပေါ့ရေး ကူညီဆောင်ရွက်ဖို့ကို သူကရေးခဲ့တယ်။ ဒုတိယစာမှာ ဦးတင်ဦးအပါအဝင် အန်အယ်လ်ဒီ စီအီးစီ အဖွဲ့ဝင်တွေနဲ့ တွေ့ပြီးညှိနှိုင်းမယ်။ ပြီးတော့ ဗိုလ်ချုပ်မှုးကြီးနဲ့ တွေ့ပါရစေလို့ ရေးတယ်။ ဆိုတော့ ဒါကရှင်းနေပါတယ် ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်တုန်းက ဒါမျိုးလုပ်ခဲ့သည်ဖြစ်စေ မလုပ်ခဲ့သည်ဖြစ်စေ အခုအခါ အလျှော့အတင်း ရှိလာပြီးတော့ အပေးအယူလုပ် ညှိနှိုင်းဖို့ အဆင့်သင့်ရှိနေတယ်ဆိုတာကတော့ ရှင်းနေပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒါကို စစ်အစိုးရဘက်က ဘယ်လိုတုံ့ပြန်လာမယ် ထင်ပါသလဲ။ အမေရိကန်ကို တုံ့ပြန်ဖို့ပြောတာ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည် ရဲ့မေတ္တာရပ်ခံချက်ကို တုံ့ပြန်ဖို့ကိစ္စကို ပြောတာပါ။ ဘယ်လိုတုံ့ပြန်လာမယ် ထင်ပါသလဲ။

Larry Jagan ။ ။ တကယ်တော့ စစ်အစိုးရက အပြုသဘောနဲ့ တုံ့ပြန်သင့်တယ်လို့ ကျနော်ထင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ရလို့ ဗိုလ်ချုပ်မှုးကြီးသန်းရွှေဘက်က တစုံတရာ ဆုံးရှုံးစရာ ရှိတယ်လို့ ကျနော်တော့ မမြင်ပါဘူး။ သူတို့တွေ့သင့်တယ်။ ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စတင်လုပ်ဆောင်ချက်သာ ဖြစ်တယ်။ အမေရိကန်တွေ လုပ်တာမဟုတ်ဘူးဆိုတာ အမြင်ရှင်းသင့်ပါတယ်။ သူဟာ အမေရိကန်ရဲ့ ရုပ်သေမဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ အခုလောလောဆယ်မှာ နှစ်ဖက်စလုံးက မရွေ့ကြတော့ဘူးဆိုတော့က ၂၀၁၀ ရွေးကောက်ပွဲကာလရော ဒီလိုနဲ့ဘဲ ဆိုက်ရောက်သွားမလား။

Larry Jagan ။ ။ မဟုတ်ပါဘူး။ ဒေါ်အောင်ဆန်းစုကြည်ဘက်က ရွေ့နေပါတယ်။ တလှမ်းပြီးတလှမ်း လှမ်းရင် စစ်အစိုးရကို သူက လက်ကမ်းနေပါတယ်။ စစ်အစိုးရဘက်က တုံ့ပြန်မှုကိုတော့ မတွေ့ရပါဘူး။ ရှေ့ဆက်ပြီးတော့ ဘာမှ ဖြစ်မလာရင်တော့ ရွေးကောက်ပွဲကတော့ ဒီအခြေအနေအတိုင်းဆိုရင် ဆက်ပြီးဖြစ်လာမှာဘဲ။ ရွေးကောက်ပွဲအပြီး လွှတ်တော်ခေါ်တဲ့အထိ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေပြင်ဆင်မှု မရှိလာနိုင်ဘူးဆိုတာကလည်း ရှင်းနေပါတယ်။ အန်အယ်လ်ဒီ နဲ့ အတိုက်အခံတွေဘက်က ရွေးကောက်ပွဲ မတိုင်ခင် ဖွဲ့စည်းပုံဥပဒေကို ပြင်ပေးဖို့တောင်းဆိုနေတာကလည်း လက်တွေ့မကျပါဘူး။

ဆွေးနွေး သုံးသပ်ချက်အား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ။


မှတ်ချက် ။ ။ http://www.voanews.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, November 26, 2009

ဒေါ်အောင်ဆန်းစုကြည်၏စာနှင့် ပတ်သက်ပြီး ပညာရှင်များ ဆွေးနွေးမည်

ဒေါ်အောင်ဆန်းစုကြည်၏စာနှင့် ပတ်သက်ပြီး ပညာရှင်များ ဆွေးနွေးမည်

2009-11-26 ( RFA )

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီ ပေးပို့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့စာဟာ မြန်မာ့နိုင်ငံရေးကို ဘယ်လို အလှည့်အပြောင်း ဖြစ်စေနိုင်သလဲ ဆိုတာကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ဂျပန်ပါမောက္ခတွေနဲ့ အမေရိကန် ပါမောက္ခများ လာမယ့် နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွှေဂုံတိုင်ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၂ဝဝ၉ ခုနှစ် နိုဝင်ဘာ ၂၃ ရက်နေ့က ကျင်းပနေစဉ်။ (Photo: Courtesy of NLD LA – Japan Branch)

အဲ့ဒီ ဆွေးနွေးပွဲဟာ မြန်မာ့အရေး စောင့်ကြည့်နေတဲ့ ပညာရှင်တွေအကြား ပြုလုပ်တဲ့ သီးသန့်ဆွေးနွေးပွဲ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီဆွေးနွေးပွဲကို တိုကျိုမြို့ရှိ ဂျပန်တက္ကသိုလ်တခုက ကြီးမှူးပြုလုပ်တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲ တက်ရောက်ကြမယ့် ဂျပန်-အမေရိကန် ပါမောက္ခတွေနဲ့ နီးစပ်သူတွေရဲ့ အဆိုအရ ဒေါ်အောင်ဆန်းစုကြည်ပေးပို့တဲ့ စာတွေနဲ့ပတ်သက်လို့ သံတမန်လောကနဲ့ ပညာရှင်များ အသိုင်းအဝိုင်းမှာ တော်တော်လေး စိတ်ဝင်စားနေတာကြောင့် ခုလို ဆွေးနွေးတဲ့အဆင့် ဖြစ်လာတာလို့ ဆိုပါတယ်။

အလားတူ ဒေါ်အောင်ဆန်းစုကြည် ရေးသားတဲ့စာကို စစ်အစိုးရဖက်က ဘယ်လို တုန့်ပြန်လာမလဲ ဆိုတာကို ဂျပန် နိုင်ငံခြားရေးဝန်ကြီးဌာနက စောင့်ကြည့်နေပြီး မြန်မာ့နိုင်ငံရေးပြဿနာမှာ ဂျပန်နိုင်ငံအနေနဲ့ ဘယ်အခန်းကဏ္ဍကနေ ဆက်လက် ပါဝင်လှုပ်ရှားမယ် ဆိုတာကို ဆုံးဖြတ်ဖို့ရှိကြောင်းလည်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, November 25, 2009

ကိုညီညီအောင်ကို နိုင်ငံခြားငွေ တရားမဝင် သယ်ဆောင်မှုပုဒ်မ ထပ်တပ်

ကိုညီညီအောင်ကို နိုင်ငံခြားငွေ တရားမဝင် သယ်ဆောင်မှု
ပုဒ်မ ထပ်တပ်


2009-11-25 ( RFA )


ရန်ကုန် မင်္ဂလာဒုံလေဆိပ်အဝင်မှာ အဖမ်းဆီးခံရပြီး အင်းစိန်အကျဉ်းထောင်မှာ အထိန်းသိမ်းခံနေရတဲ့ မြန်မာပြည်ဖွား အမေရိကန်နိုင်ငံသား ကိုညီညီအောင်အပေါ် နိုင်ငံခြားငွေကြေး တရားမဝင် ယူဆောင်လာမှုနဲ့ ပတ်သက်လို့ နိုဝင်ဘာ ၂၇ လာမဲ့ သောကြာနေ့မှာ တရားလိုပြသက်သေတွေကို ခေါ်ယူစစ်ဆေးဖို့ ရှိကြောင်း ကိုညီညီအောင်ရဲ့ ရှေ့နေ ဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

နာမည်ဆိုးနှင့် ကျော်ကြားသော မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်၏ အုတ်ရိုးအပြင်ဘက်တွင် အစောင့်တဦး လှည့်ပတ်စောင့်ကြည့်နေပုံ ဖြစ်ပါသည်။ (PHOTO: AFP)

အစောပိုင်းမှာ စစ်အစိုးရက ကိုညီညီအောင်ကို ပုဒ်မ ၄၂ဝ လိမ်လည်မှု ပုဒ်မ ၄၆၈ စာရွက်စာတမ်းအတု သုံးစွဲမှု ပုဒ်မတွေ တပ်ထားပေမဲ့ အခုနောက်ဆုံး ကိုညီညီအောင်ကို ထပ်စွဲလိုက်တဲ့ ပုဒ်မကတော့ လေဆိပ်အဝင်မှာ အမေရိကန်ဒေါ်လာကို တရားဝင်မကြေညာပဲ လျှို့ဝှက်သယ်ဆောင်မှု ပုဒ်မပဲဖြစ်ကြောင်း ကိုညီညီအောင်ရဲ့ရှေ့နေ ဦးကြည်ဝင်းက ပြောပါတယ်။

ကိုညီညီအောင်ကို မေးမြန်းနိုင်ဖို့ သူ့ရှေ့နေတွေဖြစ်တဲ့ ဦးကြည်ဝင်းနဲ့ ဦးဥာဏ်ဝင်းတို့က ပြီးခဲ့တဲ့ စနေနေ့က အာဏာပိုင်တွေကို စာရေးသား တောင်းဆိုခဲ့ရာမှာ ဒီကနေ့ ကိုညီညီအောင်နဲ့ တွေ့ဆုံမေးမြန်းခွင့် ရကြောင်း ရှေ့နေဦးကြည်ဝင်းက RFA ကို ပြောပါတယ်။

ဦးကြည်ဝင်း။ ။ 'အဓိကက ညီညီအောင်ကို foreign exchange နိုင်ငံခြားငွေ လဲလှယ်ရေး ဥပဒေနဲ့ ထပ်ပြီး စွဲတင်တယ်လေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်လို့ ညီညီအောင်နဲ့ကျွန်တော်တို့နဲ့ တေ့တေ့ဆိုင်ဆိုင် သူနဲ့ကို တွေ့ဆုံပြီးတော့ ဘယ်လိုဖြစ်တာလဲ၊ အဲဒါကို ဆွေးနွေးချင်တာနဲ့ ကျွန်တော်တို့ စာတင်လိုက်တယ်၊ စာတင်လိုက်တော့ ထောင်ကလည်း ခွင့်ပြုတယ်။'

အင်းစိန်ထောင်တွင်း ဒီကနေ့တွေ့ဆုံကြရာမှာ ကိုညီညီအောင် ကျန်းမာရေး ကောင်းမွန်တာ တွေ့ရကြောင်းနဲ့ အမှုရဲ့ ရှေ့အလားအလာ ဘယ်လိုရှိမယ်ဆိုတာ သူ့အနေနဲ့ ခန့်မှန်းပြောဆိုဖို့ခက်ကြောင်း ကိုညီညီအောင်ရဲ့ ရှေ့နေဦးကြည်ဝင်းက ပြောပါတယ်။

ကိုညီညီအောင်ဟာ မြန်မာပြည်တွင်းမှာ မငြိမ်မသက်ဖြစ်အောင် ဖန်တီးဖို့ ဝင်ရောက်လာတယ်ဆိုပြီး စစ်အစိုးရဖက်က စွပ်စွဲထားတဲ့အပြင် ၊ သူနဲ့ ပတ်သက် ဆက်နွှယ်နေတယ်လို့ ယူဆခံရသူ တချို့ကိုလည်း စစ်အစိုးရက ဖမ်းဆီးခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကိုပြုံးချို နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားနေရ

ကိုပြုံးချို နှလုံးသွေးကြောကျဉ်းဝေဒနာ ခံစားနေရ

2009-11-24 ( RFA )

မြန်မာပြည်တောင်ဖက်စွန်း ကော့သောင်းမြို့က အကျဉ်းထောင်မှာ ထောင်ဒဏ် ၆၅ နှစ်ကျခံနေရတဲ့ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုပြုံးချို ခေါ် ကိုဌေးဝင်းအောင်ကို မိသားစုက ဒီကနေ့ နိုဝင်ဘာလ ၂၄ ရက်နေ့ မနက်ပိုင်းမှာ ထောင်ဝင်စာ သွားတွေ့ခဲ့ရာမှာ ကိုပြုံးချိုမှာ နှလုံးသွေးကြောကျဉ်းတဲ့ဝေဒနာ ခံစားနေရတယ်လို့ သိခဲ့ရပြီး လောလောဆယ် ဆေးကုသခံယူနေရတယ်လို့ မိသားစုက RFA ကို ပြောပြပါတယ်။

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ၂ဝဝ၆ခုနှစ် ဇူလိုင် ၁၉ရက် အာဇာနည်နေ့က အာဇာနည် ဗိမာန်သို့ အလေးပြုရန် စုဝေး သွားရောက်နေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (ရှေ့တန်း ဝဲမှယာ) ကိုပြုံးချို၊ ကိုမင်းဇေယျ၊ ကိုမင်းကိုနိုင်။ (Photo: AFP)

ကိုပြုံးချိုရဲ့ဖခင်ဖြစ်သူ ဦးဝင်းမောင် နဲ့ သူ့ရဲ့ဇနီး မဝါတို့ ၂ ဦးထောင်ဝင်စာသွားပြီး တွေ့ခဲ့ကြတာပါ။ ထောင်အာဏာပိုင်တွေက ဝေဒနာခံစားနေရတဲ့ ကိုပြုံးချိုနဲ့ နာရီဝက်နီးပါး တွေ့ဆုံ စကားပြောခွင့် ပေးခဲ့တယ်လို့ ဖခင်ဖြစ်သူ ဦးဝင်းမောင်က အခုလို ပြောပါတယ်။

ဦးဝင်းမောင်။ ။ 'ဆရာဝန်တွေရဲ့ ယူဆချက်အရ နှလုံးသွေးကြော ကျဉ်းတယ်လို့ ပြောပါတယ် သူ့အပြောကတော့။ အဲ့ဒါကြောင့် မိုလို့ အဲ့ဒီ သွေးကြောကျဉ်းတာနဲ့ ဆိုင်တဲ့ ဆေးကို သူသောက်နေတယ်တဲ့၊ တကယ်လို့ ပရက်ရှာကလည်းပဲ တခါတလေ တက်တာလေးတွေ ဘာတွေ ရှိတယ်တဲ့၊ အဲ့ဒါကြောင့်မိုလို့ပေါ့လေ၊ သူဂရုစိုက်ပြီးတော့ တော့ကုနေ ပါတယ်တဲ့၊ ဘာမှ စိုးရိမ်စရာတော့ မရှိပါဘူးတဲ့၊ ဆေးသောက်လိုက်ရင်တော့ အခြေအနေ ကောင်းဖို့ အလားအလာ ရှိပါတယ်တဲ့။'

ကိုပြုံးချိုဟာ အခုနှစ်စပိုင်း ထောင်ဝင်စာ ပိတ်ပင်ခံရတဲ့ကိစ္စအပေါ် စိတ်အနှောင့်အယှက် ဖြစ်ရာကာနေ သွေးတိုးရောဂါ စဖြစ်လာခဲ့တယ်လို့ ဆိုပါတယ်။ နှလုံးသွေးကြောကျဉ်းမှန်း သိရတာကတော့ ခုတခေါက်မှလို့ ဖခင်ဖြစ်သူက ပြောပြပါတယ်။

ထောင်ဝင်စာသွားတွေ့ရာမှာ ငွေကြေးတချို့နဲ့ စားသောက်စရာတွေ အားလုံးပေးခွင့်ရခဲ့ပေမဲ့ မိသားစုနဲ့ ဝေးတဲ့အရပ်က အကျဉ်းထောင်ကို ပို့ထားခံရတာဆိုတော့ မိသားစုအနေနဲ့ အမြဲစိတ်ပူနေရတဲ့ အကြောင်း ဆက်ပြောပြပါတယ်။

ဦးဝင်းမောင်။ ။ 'မိဘအနေနဲ့ကတော့ စိတ်ပူရတာပေါ့ဗျား၊ ဘာပဲဖြစ်ဖြစ်ပေါ့ နည်းနည်းပါးပါး အားနည်းတယ် ချို့ယွင်းတယ် ဆိုတည်းကိုက စိတ်ကတော့ နည်းနည်း အနှောင့်အယှက် ဖြစ်သွားတာပေါ့၊ ဒါပေနဲ့ ဒီအစားအသောက် အနေအထိုင် မှန်တယ်၊ အအိပ်မှန်တယ်ဆိုတာလေးကို သိရပြန်တော့လည်း နည်းနည်း ဖြေလို့တော့ ရပါတယ်၊ ဒီလို ဝေးလံတဲ့နေရာတွေကို ပို့ထားခြင်းအားဖြင့် သူရဲ့ကျန်းမာရေး အခြေအနေကိုလည်း ကျနော်တို့ စိုးရိမ်နေရ ပါတယ်၊ မိဘရဲ့ ကျန်းမာရေးအခြေအနေကိုလည်း သူက စိုးရိမ်နေရပြီး စိတ်မဖြောင့်ရပါဘူး၊ အဲဒီတော့ တတ်နိုင်လို့ရှိရင် နီးစပ်တဲ့နေရာကို ရောက်နိုင်ရင်တော့ ပိုအကောင်းဆုံး ဖြစ်လိမ့်မယ်လို့ ကျနော်ယူဆပါတယ်။'

လောလောဆယ် ကော့သောင်းအကျဉ်းထောင်ကို ရောက်ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ၅ ယောက်ကို သီးသန့်အဆောင်တွေမှာ တယောက်စီ ခွဲထားပြီး တခြားအကျဉ်းသားတွေနဲ့လည်း တွေ့ခွင့်မပေးဘူးလို့ သိရပါတယ်။ ကိုပြုံးချိုကို ၂ဝဝ၈ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့မှာ ရန်ကုန် အင်းစိန် အကျဉ်းထောင်ကနေ ကော့သောင်းထောင်ကို ပြောင်းရွှေ့ခဲ့တာ ဖြစ်ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, November 24, 2009

ကိုမင်းကိုနိုင် ကျန်းမာရေးဆိုးဝါးနေ

ကိုမင်းကိုနိုင် ကျန်းမာရေးဆိုးဝါးနေ

2009-11-24 ( RFA )

ရှမ်းပြည်နယ် ကျိုင်းတုံထောင်ကို အပို့ခံထားရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် ကိုမင်းကိုနိုင် ကျန်းမာရေး ဆိုးဝါးနေတယ်လို့ RFA က စုံစမ်းသိရှိ ရပါတယ်။

၈၈ မျိုးဆက် ကျောင်းသား ကိုမင်းကိုနိုင် ၂ဝဝ၇ခုနှစ် ဇန်နဝါရီလက နှစ်ရှည် ထောင်ဒဏ်မှ လွတ်မြောက်ခဲ့ပြီးနောက် မိသားစုနေအိမ်တွင် တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒီအကြောင်းကို အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးခင်မောင်ဆွေ၊ ဦးစိန်လှဦး၊ ဒေါက်တာသန်းငြိမ်း၊ ဦးသိန်းညွန့်နဲ့ ဒေါက်တာဝင်းနိုင်တို့ ၅ ဦးက ကိုမင်းကိုနိုင်ရဲ့ မိဘတွေဆီ နိုဝင်ဘာ ၂၃ ရက် မနေ့က သွားရောက် အားပေးခဲ့ကြရာမှာ သိခဲ့ရတာလို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က RFA ကို ပြောပါတယ်။

ကိုမင်းကိုနိုင်ကို စစ်အစိုးရက ၂ဝဝ၇ ခုနှစ်မှာ ဒုတိယအကြိမ်အဖြစ် ထောင်ဒဏ် ၆၅ နှစ်နဲ့ ၆ လ ချမှတ်ပြီး ရန်ကုန်မှာ ရှိတဲ့ မိသားစုတွေနဲ့ ဝေးရာ ကျိုင်းတုံထောင်ကို ၂ဝဝ၈ ခုနှစ် နိုဝင်ဘာလ ၁၅ ရက်ကစပြီး ပို့ထားတာပါ။

အရင်ကလဲ အင်းစိန်ထောင်နဲ့ စစ်တွေထောင် တိုက်ခန်းတွေထဲမှာ တယောက်တည်း ၁၅ နှစ်လောက် နေခဲ့ရပါတယ်။ ဒီ့အတွက် အခုတခေါက်ထောင်ကျခံနေရချိန်မှာ ကိုမင်းကိုနိုင်ဟာ အရိုး ကျီးပေါင်းတက်တဲ့ ဝေဒနာ၊ အဆစ်အမြစ် ကိုက်ခဲတဲ့ဝေဒနာ၊ မျက်စိဝေဒနာ၊ နှလုံးနဲ့ သွေးတိုးရောဂါတွေ ခံစားနေရပါတယ်။

ကိုမင်းကိုနိုင်ဟာ ကျိုင်းတုံထောင်မှာ အခြား နိုင်ငံရေးအကျဉ်းသား အဖော်တွေ မရှိပဲ တဦးတည်း နေရသလို မိသားစုဝင်တွေအနေနဲ့လည်း ခရီးဝေးလွန်းတဲ့အတွက် ပုံမှန်သွား မတွေ့နိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ကိုမင်းကိုနိုင်ရဲ့ ရဲဝံ့စွန့်စား၊ စွန့်လွှတ်မှုတွေကြောင့် နိုင်ငံတကာကသူ့ကို ဆု ၆ ခု ချီးမြှင့်ထားပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, November 23, 2009

ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရဖို့ ဂျပန်ကြိုးပမ်းမည်

ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရဖို့ ဂျပန်ကြိုးပမ်းမည်

2009-11-23 ( RFA )

မြန်မာစစ်အစိုးရက ကျင်းပမဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ သက်ဆိုင်ရာ နိုင်ငံရေးပါတီအားလုံး ပါဝင်ခွင့်ရရေးကို ဂျပန်အစိုးရသစ်အနေနဲ့ အလေးပေးဆောင်ရွက် သွားမယ်လို့ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နိုဝင်ဘာ ၂၃ ရက် ဒီကနေ့ ကျင်းပခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲမှာ ဂျပန် ဒု နိုင်ငံခြားရေး ဝန်ကြီး Mr. Tetsuro Fukuyama က ပြောကြားလိုက်ကြောင်း သိရပါတယ်။

တိုကျိုမြို့တွင် နိုဝင်ဘာ ၂၃ ရက်နေ့က ကျင်းပသော ရွှေဂုံတိုင်ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲသို့ တက်ရောက်လာသော ဂျပန် ဒုတိယ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ တက်ဆုရို ဖုကုယာမ ဧည့်မှတ်တမ်း လက်မှတ်ရေးထိုးနေပုံ ဖြစ်ပါသည်။ ဝဲအစွန်မှာ နေအိမ်အကျယ်ချုပ် ချထားသော NLD ဒု ဥက္ကဋ္ဌ ဦးတင်ဦး၏သား၊ NLD (လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ) ဥက္ကဋ္ဌ ဦးသန့်ဇင်ဦး၊ ခေါင်းပေါင်းဝါ ပေါင်းထားသူမှာ သထုံမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မြင့်ထွန်း ဖြစ်ပါသည်။ (Photo: Courtesy of NLD LA – Japan Branch)

ဂျပန်နိုင်ငံမှာ ကျင်းပလေ့ရှိတဲ့ မြန်မာ့အရေးဆိုင်ရာ ဆွေးနွေးပွဲကို အခုလို ဂျပန်ဝန်ကြီးတဦး တက်ရောက်တာဟာ ပထမဦးဆုံးအကြိမ် ဖြစ်ပါတယ်။

NLD လွတ်မြောက်နယ်မြေ၊ ဂျပန်ဌာနခွဲ က တာဝန်ယူကျင်းပတဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲကို တိုကျိုမြို့က ဂျပန် အလုပ်သမားသမဂ္ဂများ အဖွဲ့ချုပ် Rengoရဲ့ အဆောက်အဦးခန်းမထဲမှာ ကျင်းပခဲ့တာဖြစ်ပြီး ဂျပန်မြန်မာနဲ့ နိုင်ငံခြားသံရုံးကကိုယ်စားလှယ် စုစုပေါင်း ၅ဝဝ ဝန်းကျင် တက်ရောက်ကြောင်း သိရပါတယ်။

နှီးနှောဖလှယ်ပွဲမှာ ဂျပန်ဒုနိုင်ငံခြားရေးဝန်ကြီး အပါအဝင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက အရာရှိတွေ Giren လို့ခေါ်တဲ့ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ ဂျပန်လွှတ်တော်အမတ်များ သမဂ္ဂဥက္ကဋ္ဌနဲ့ အခြား ဂျပန်လွှတ်တော်အမတ်တွေ၊ AIPMC ခေါ် မြန်မာ့အရေးဆိုင်ရာ အာဆီယံပါလီမန် အမတ်များအဖွဲ့က ထိုင်းနိုင်ငံလွှတ်တော်အမတ် Dr. Rachada DhnadirEk နဲ့ NCGUB အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ အလုပ်သမားရေးဝန်ကြီး ဦးခွန်မြင့်ထွန်းတို့လည်း ပါဝင်ပြီး ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေပါ တက်ရောက်ခဲ့ကြတာ ဖြစ်ပါတယ်။

ဒီကနေ့ နှီးနှောဖလှယ်ပွဲမှာ ဂျပန် ဒု-နိုင်ငံခြားရေးဝန်ကြီး Mr. Fukuyama က ဂျပန်အစိုးရသစ် အနေနဲ့ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပြောဆိုသွားတာကို NLD လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးက ပြန်ပြောပြပါတယ်။

ဦးသန့်ဇင်ဦး။ ။ 'သူ့အနေနဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ ပိုပြီးတော့ ထဲထဲဝင်ဝင် ဆောင်ရွက်မယ်၊ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီးတော့ အများကြီး ပြန်လည် စဉ်းစားနေတယ်၊ နောက် မစ္စတာ ဟာတိုးယာမ ကနေပြီးတော့ ဝန်ကြီးချုပ်ဖြစ်လာတဲ့အချိန်မှာ မြန်မာနိုင်ငံမှာ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အားလုံး ပူးပေါင်း ပါဝင်နိုင်တဲ့ဟာမျိုး ဖြစ်အောင် ကြိုးစားနေတယ် ဆိုတာလည်း ပြောပါတယ်။'

တိုကျို-ရွှေဂုံတိုင်ကြေညာစာတမ်း နှီးနှောဖလှယ်ပွဲကို ကိုယ်တိုင်တက်ရောက် ဟောပြောဆွေးနွေးခဲ့တဲ့ အဝေးရောက် အမျိုးသားညွန့်ပေါင်းအစိုးရ အလုပ်သမားရေးဝန်ကြီး ဦးခွန်မြင့်ထွန်းက မြန်မာစစ်အစိုးရကသာ ဆက်ပြီး အာဏာရနေမယ်ဆိုရင် ဒေသတွင်း နိုင်ငံတွေကို ခြိမ်းခြောက်လာမှာ ဖြစ်တယ်လို့ ဆွေးနွေးခဲ့ကြောင်း ပြောဆိုပါတယ်။

ဦးခွန်မြင့်ထွန်း။ ။ 'ကျွန်တော် အဓိက မီးမောင်းထိုးပြခဲ့တာကတော့ ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြဿနာဟာကျွန်တော်တို့ ပြည်တွင်းရေး ပြဿနာပဲ မဟုတ်တော့ဘူး၊ ဒေသတွင်း နိုင်ငံတကာ ပြဿနာ ဖြစ်လာပြီ ဆိုတာ အဓိက ကျွန်တော်တို့ ပြောခဲ့ပါတယ်။ တကယ်လို့ စစ်အာဏာရှင်စနစ်က ကျွန်တော်တို့ တိုင်းပြည်မှာ စိုးမိုးသွားမယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးမှု ဆိုတာဟာ ဘယ်လိုနည်းမှ မရှိနိုင်ဘူး၊ တရားဥပဒေ စိုးမိုးမှု မရှိဘူးဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ အနုမြူ ညူကလီးယား ပညာရပ်တွေကို ငြိမ်းချမ်းတဲ့ နည်းအတွက် အသုံးချမှာ မဟုတ်ဖူး။ စစ်လက်နက်အတွက် အသုံးချမှာ ဖြစ်တယ်ဆိုတာ အဓိက ထောက်ပြတယ်။ ဒီ နအဖ စစ်အုပ်စုဟာ ဒေသတွင်းမှာ ပိုပြီးတော့ မောက်မာလာမယ်၊ အထူးသဖြင့်ကျွန်တော်တို့ ဗမာပြည်က ထွက်တဲ့ ယူရေနီယမ်ကို သန့်စင်ပြီးတော့မှ မြောက်ကိုရီးယားနဲ့ နအဖ စစ်အာဏာရှင်တွေက ဂျပန်အပါအဝင် ဒေသတွင်း နိုင်ငံတွေကို ချိန်ရွယ်ခြိမ်းခြောက်ပြီ ဆိုရင် ကျွန်တော်တို့ အင်မတန်ကို စိတ်မကောင်း ဖြစ်ရမယ်ဆိုတာကို အဓိက ထောက်ပြပါတယ်။'

တိုကျိုမြို့မှာ ကျင်းပခဲ့တဲ့ ရွှေဂုံတိုင်ကြေညာစာတမ်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲအပြီးမှာ အချက်၃ ချက်ကို တောင်းဆိုခဲ့ပြီး၊ အဲဒီအထဲမှာ ဂျပန်အပါအဝင် ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာပြည်မှာ စစ်မှန်တဲ့ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေး ပေါ်ပေါက်လာအောင် လုပ်ဆောင်ပေးဖို့ ၂ဝဝ၈ခုနှစ် အခြေခံဥပဒေကို မပြင်ပဲ စစ်အစိုးရက ရွေးကောက်ပွဲ ဆက်လုပ်သွားမယ်ဆိုရင် ၂ဝ၁ဝ ရွေးကောက်ပွဲ ရလဒ်ကို နိုင်ငံတကာက အသိအမှတ် မပြုကြဖို့ တောင်းဆိုခဲ့ကြောင်း သိရပါတယ်။

ရွှေဂုံတိုင်ကြေညာစာတမ်း နိုင်ငံတကာ နှီးနှောဖလှယ်ပွဲအကြောင်းနဲ့ပတ်သက်လို့ NLD လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦးကို RFA ဝိုင်းတော်သား ကိုဥာဏ်ဝင်းအောင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ် ပါခင်ဗျား ။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...