Friday, October 16, 2009

ဒေါ်အောင်ဆန်းစုကြည် အယူခံ အလားအလာ ပိုကောင်းလာ

ဒေါ်အောင်ဆန်းစုကြည် အယူခံ အလားအလာ ပိုကောင်းလာ

2009-10-16 ( RFA )

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ အကျိုးဆောင်ရှေ့နေတွေ တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ ဒီကနေ့ တနာရီကျော်ကြာ တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အယူခံကိစ္စနဲ့ ပတ်သက်ပြီး အဓိက ဆွေးနွေးခဲ့ကြတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းက အာအက်ဖ်အေကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် ပြင်သစ်နိုင်ငံ ပါရီ မြို့တော်ခမ်းမရှေ့တွင် ၂ဝဝ၉ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့က နာမည်ကျော် ပြင်သစ်အနုပညာရှင်များ စုဝေးပြီး ငြိမ်သက်စွာ တောင်းဆိုဆန္ဒပြနေပုံ ဖြစ်ပါသည်။ (Photo: RFA)

ရန်ကုန်တိုင်းတရားရုံးက ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံကို ပယ်ချခဲ့တဲ့ အကြောင်းပြ အချက်အလက်တွေဟာ ရှင်းလင်းမှု မရှိပေမယ့် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေက အတည်မဖြစ်တော့ဘူး ဆိုတာကို ဆုံးဖြတ်ခဲ့တဲ့အတွက် ဥပဒေကြောင်းအရ အလားအလာတွေ ပိုကောင်းလာတယ်လို့ ဦးဥာဏ်ဝင်းကဆိုပါတယ်။

ဦးဥာဏ်ဝင်း။ ။'ဥပဒေအရ ကျနော်တို့ နဂိုရ် ရှိတဲ့အခြေအနေကနေ ပိုတောင် ကောင်းလာသေးတယ်။ တိုင်းတရားရုံးက ၇၄ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေဟာ အတည်မဖြစ်တော့ဘူး၊ သုံးလို့မရဘူး၊ သုံးခွင့်မရှိတော့ဘူးလို့ ဆုံးဖြတ်တာဟာ ပိုပြီးတော့ ဥပေဒေကြောင်းအရ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အပြစ်မရှိကြောင်း ပိုမိုထင်ရှားစေတဲ့ ဥပဒေ အချက်အလက်လို့ ကျနော်တို့ မြင်ပါတယ်။ ဒါကိုလည်း ကျနော်တို့ ပြင်ဆင်မှုမှာ ဒီအချက်ကို ထည့်သွင်းထားပါတယ်'

ဒီကနေ့ တွေ့ဆုံရာမှာ အရေးယူပိတ်ဆို့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် အပါအဝင် သံတမန်တွေနဲ့ ဆွေးနွေးခဲ့တာတွေကို ဒေါ်အောင်ဆန်းစုကြည်က ပြောပြခဲ့တယ်လို့ သိရပါတယ်။ ဒီတွေ့ဆုံမှုတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က တိုးတက်မှု လက္ခဏာတရပ်လို့ သုံးသပ်ပေမယ့် အသေးစိတ်သဘောထားကိုတော့ အခုချိန်မှာ ပြောလို့မရသေးဘူးလို့ ဦးဥာဏ်ဝင်းက ဆိုပါတယ်။

စစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို စွဲချက်တင်ခဲ့တဲ့ ဥပဒေပုဒ်မဟာ တရားမဝင်တဲ့ ၁၉၇၄ ဖွဲ့စည်းပုံအရ ဖြစ်နေတာကြောင့် အမှုကနေ ကွင်းလုံးကျွတ် လွတ်ရမှာဖြစ်တယ်လို့ အကျိုးဆောင် ရှေ့နေတွေက အဓိကတင်ပြနေတာ ဖြစ်ပါတယ်။

အင်းစိန်ထောင်တွင်းတရားရုံးက ဆိုင်းငံ့ပြစ်ဒဏ် တနှစ်ခွဲ ချမှတ်ထားတဲ့ စီရင်ချက်ကို ဒေါ်အောင်ဆန်းစုကြည်က အယူခံတင်ရာမှာ ရန်ကုန်တိုင်းတရားရုံးက ပြီးခဲ့တဲ့လက ပယ်ချ ခဲ့တဲ့အတွက် ဗဟိုတရားရုံးအထိ ဆက်လက်တင်သွင်းတာ ဖြစ်တယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ နေအိမ်မှာ အကန့်အသတ်နဲ့ နေရပြီး အာဏာပိုင်တွေက အကျိုးဆောင်ရှေ့နေတွေနဲ့ပဲ တွေ့ဆုံခွင့်ပြုထား ပါတယ်။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီခေါင်းဆောင်ဖြစ်တဲ့အတွက် အဖွဲ့ဝင်တွေနဲ့ တွေဆုံညှိနှိုင်းမှုတွေ လုပ်ဖို့ လိုအပ်နေတယ်လို့ အကျိုးဆောင်ရှေ့နေ ဦးဥာဏ်ဝင်းက ပြောပါတယ်။

ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရှေ့နေတွေ တွေ့ဆုံခဲ့တဲ့ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က တင်ပြထားပါတယ်။

ဆက်သွယ် မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ အယူခံကိစ္စအတွက် တွေ့ဆုံဆွေးနွေး

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ အယူခံကိစ္စအတွက် တွေ့ဆုံဆွေးနွေး

မြင့်မောင်
သောကြာနေ့၊ အောက်တိုဘာလ 16 ရက် 2009 ခုနှစ် 17 နာရီ 24 မိနစ်


နယူးဒေလီ (မဇ္ဈိမ)။ ။ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ဗဟိုတရားရုံးချုပ်တွင် သူ၏ အမှု အယူခံဝင်ရေး အတွက် ရှေ့နေများနှင့် ယနေ့ နေ့လည်ပိုင်းတွင် နေအိမ်၌ တွေ့ဆုံခွင့် ရရှိခဲ့သည်။

နေအိမ်အကျယ်ချုပ် စည်းကမ်း ဖောက်ဖျက်မှုဖြင့် ပြစ်ဒဏ်ချမှတ်ခံရသည်ကို ဗဟိုတရားရုံးချုပ်တွင် ဆက်လက်၍ အယူခံ ဝင်ရောက်နိုင်ရန် မူကြမ်း ရေးဆွဲရေးအတွက် သူ၏ ရှေ့နေ ၄ ဦးအနက် ဦးဥာဏ်ဝင်းနှင့် ဒေါ်ခင်ဋ္ဌေးကြွယ် တို့ကို ဒေါ်အောင်ဆန်းစုကြည်က ၁နာရီကျော်ကြာ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ သူ၏ နေအိမ်၌ ဆွေးနွေးခဲ့ကြသည်။

“ကျနော်နဲ့ ဒေါ်ခင်ဋ္ဌေးကြွယ် နှစ်ဦး တွေ့ပါတယ်။ ပထမပိုင်းမှာတော့ အမှုကိစ္စ ဆွေးနွေးပါတယ်” ဟု ရှေ့နေ ဦးဥာဏ်ဝင်းက မဇ္ဈိမကို ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် အင်းစိန်ထောင်တွင်း မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ် ပြစ်ဒဏ်ချခဲ့ရာ၊ ဗိုလ်ချုပ်မှူးကြီးက ပြစ်ဒဏ်အား ထက်ဝက်လျှော့ချကာ ဆိုင်းငံ့ ပြစ်ဒဏ်အဖြစ် နေအိမ်တွင် အကျယ်ချုပ်ထားရှိရန် ညွှန်ကြားခဲ့သည်။

ထို့နောက် ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများက ရန်ကုန်တိုင်း တရားရုံးသို့ အမှုကို အယူခံဝင်ရာ နှစ်ဖက်ကြားနာမှုများ ပြုလုပ်ပြီး ယခုလ ၂ ရက်နေ့တွင် ပယ်ချခဲ့သည်။ ယခုတဖန် ဗဟိုတရားရုံးချုပ်သို့ ဆက်လက် အယူခံ ဝင်ရောက်ရေးအတွက် ရှေ့နေများနှင့် ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံ၍ ပြင်ဆင်နေကြခြင်း ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်သည် အမှုကိစ္စ ပြောဆိုပြီးသည့်နောက် မကြာသေးခင်က သူမနှင့် သံတမန်များ တွေ့ဆုံခဲ့သည့် အတွေ့အကြုံများကို ဆက်လက် ပြောဆိုခဲ့ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် တဦးလည်း ဖြစ်သူ ရှေ့နေ ဦးဥာဏ်ဝင်းက ပြောသည်။

''ဒုတိယပိုင်း အနေနဲ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒီရက်ပိုင်းအတွင်းမှာ သူတွေ့ခဲ့ရတဲ့ အတွေ့အကြုံ၊ သံတမန်တွေနဲ့ တွေ့တဲ့ အတွေ့အကြုံ၊ ဆက်ဆံရေးဝန်ကြီးနဲ့တွေ့တဲ့ ကိစ္စနဲ့ပတ်သက်လို့ အဲဒီ အတွေ့အကြုံကို ပြောပြတယ်။ အဲဒီ တွေ့ကြုံတဲ့ အချက်အလက်တွေကို သတင်းထုတ်ပြန်စရာ မရှိသေးပါဘူး'' ဟု သူက ပြောသည်။

ယခုလ ၁၄ ရက်နေ့တွင် EU (ဥရောပသမဂ္ဂ) ကိုယ်စားလှယ် သံတမန် ၂၀ ဦးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရ ဧည့်ဂေဟာ စိမ်းလဲ့ကန်သာတွင် တွေ့ဆုံပြီးနောက် ဗဟန်းမြို့နယ် အနောက် ရွှေဂုံတိုင်လမ်းရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးသို့ သွားရောက်ကာ ပါတီခေါင်းဆောင်များနှင့်ပါ တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံခြား ပိတ်ဆို့အရေးယူမှုများ လျော့ပါးရေးအတွက် ပူးပေါင်း ဆောင်ရွက်နေမှုအပေါ် ပါတီ၏ ရှုမြင်ပုံနှင့် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ပေးရန် ပြောဆိုခြင်းသည် စစ်အစိုးရနှင့် အာဏာခွဲယူရေး ဟုတ်၊ မဟုတ် စသည်များကို EU သံတမန်များက ပါတီခေါင်းဆောင် များကို စုံစမ်း မေးမြန်းခဲ့သည်။

ထို့အပြင် ယခုလ ၉ ရက်နေ့တွင်လည်း ရန်ကုန်ရှိ မြန်မာပြည်ဆိုင်ရာ အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျား သံတမန်များသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပြီးနောက် အန်အယ်ဒီ ခေါင်းဆောင်များနှင့်ပါ ရုံးချုပ်တွင် တွေ့ဆုံခဲ့သေးသည်။

အလားတူ စစ်အစိုးရ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နှင့်ပါ ယခုလ ၃ ရက်နှင့် ၇ ရက်နေ့တွင် အစိုးရ ဧည့်ဂေဟာ၌ပင် တွေ့ဆုံခဲ့သေးသည်။

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်သည် အကျယ်ချုပ် ကျခံနေရင်း သံတမန်များ၊ စစ်အစိုးရ ကိုယ်စားလှယ်ဖြင့် တွေ့ဆုံခွင့်ရခြင်းမှာ အနောက် နိုင်ငံများမှ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူမှုများ ဖယ်ရှားရေးအတွက် ပူးပေါင်း ဆောင်ရွက်လိုကြောင်း စစ်အစိုးရအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ စာရေးသား ပေးပို့ပြီးနောက် ပေါ်ထွက်လာခြင်း ဖြစ်သည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ ( ကြားဖြတ် / သတင်းအကျဉ်း )

ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေများ တွေ့ဆုံ
( ကြားဖြတ် / သတင်းအကျဉ်း )


မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ အောက်တိုဘာလ 16 ရက် 2009 ခုနှစ် 15 နာရီ 25 မိနစ်


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ထံသို့ သူမ၏ ရှေ့နေများ ယနေ့ နေ့လည်ပိုင်းတွင် သွားရောက် တွေ့ဆုံခဲ့သည်။

“ဒီနေ့ ဒေါ်စုနဲ့တော့ ရှေ့နေတွေ သွားတွေ့ကြတယ်။ ဘာကိစ္စ သွားတွေ့တယ်ဆိုတာတော့ မသိရသေးဘူး” ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က မဇ္ဈိမကို ပြောသည်။

ဒေါ်အောင်ဆန်းစုကြည် အကျယ်ချုပ် ကျခံနေရသည့် ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နေအိမ်သို့ ရှေ့နေ ဦးဥာဏ်ဝင်း အပါအဝင် ရှေ့နေများ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်မှ ၂ နာရီခွဲအထိ သွားရောက်တွေ့ဆုံခဲ့ကြသည်။

ယခုအခါ ရှေ့နေများ ပြည်ထဲရေး ရုံးဘက်သို့ သွားနေကြသည်။


မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

သံဃာ ၃၀ ခန့် ဖမ်းဆီးခံရ

သံဃာ ၃၀ ခန့် ဖမ်းဆီးခံရ


Thursday, 15 October 2009 18:50 ဧရာဝတီ


ရွှေဝါရောင် တော်လှန်ရေး ၂ နှစ် ပြည့်မြောက်သည့် စက်တင်ဘာမှ စတင်၍ အာဏာပိုင်များက သံဃာ အပါး ၃၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မိတ္ထီလာမြို့မှ သံဃာ ၁၃ပါး၊ ကျောက်ပန်းတောင်းမြို့မှ သံဃာ ၁၀ ပါးတို့ကို စက်တင်ဘာလ နှောင်းပိုင်းတွင် ဖမ်းဆီးခဲ့ကြောင်း သံဃာများနှင့် နီးစပ်သူများ၏ အဆိုအရ သိရသည်။ စစ်အစိုးရကို ဆန္ဒပြရန် လှုံ့ဆော်ခဲ့သည့် အတွက် ဖမ်းဆီးခံရခြင်း ဖြစ်သည်ဟု ၎င်းတို့က ယူဆနေကြသည်။

ဖမ်းဆီးခံရသူများထဲတွင် မိတ္ထီလာမြို့ နဂါးရုံကျောင်းမှ သံဃာများလည်း ပါဝင်ကြောင်း မိတ္ထီလာမြို့ရှိ အမည် မဖော်လိုသော အစိုးရ အရာရှိတဦးက ပြောသည်။

စက်တင်ဘာလတွင် အနည်းဆုံး သံဃာ ၁၂ပါး ထိန်းသိမ်းခံရကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း(AAPP)က အတည်ပြု ပြောဆိုသည်။

AAPP တွဲဖက် အတွင်းရေးမှူး ကိုဘိုကြည်က “စက်တင်ဘာလအတွင်းမှာ သံဃာတော် အပါး ၂၀ လောက် အဖမ်းခံရတယ်၊ မကြာခင်ကပဲ သံဃာတော် ၇ ပါး အဖမ်းခံရတယ်လို့ သတင်းရတယ်” ဟု ဧရာဝတီသို့ ပြောသည်။ အဆိုပါ ဖမ်းဆီးမှုများသည် ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းတို့တွင် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ထိုင်းနိုင်ငံ အခြေစိုက် AAPP အဖွဲ့၏ စာရင်းပြုစုချက်အရ မြန်မာပြည်တွင် နိုင်ငံရေး အကျဉ်းသား အနည်းဆုံး ၂၁၁၉ ဦးရှိရာ သံဃာတော် ၂၂၄ ပါး ပါဝင်ကြောင်း သိရသည်။

မကြာသေးမီက လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် အကျဉ်းသား ၇၁၁၄ ဦးတွင် နိုင်ငံရေး အကျဉ်းသား ၁၂၇ ဦး ပါဝင်သည်။ ထိုအထဲတွင် သံဃာ ၄ ပါး ပါဝင်သည်။

မြန်မာနိုင်ငံ သံဃာ့တပ်ပေါင်းစုကလည်း ရွှေဝါရောင်တော်လှန်ရေး ၂ နှစ်ပြည့်ချိန်တွင် စစ်အစိုးရအား ဆက်လက်၍ သပိတ်မှောက် ကံဆောင်ရန် ပြည်တွင်းပြည်ပရှိ သံဃာများကို နှိုးဆော်ခဲ့သည်။

ထို့ကြောင့် သြဂုတ်လမှ စတင်၍ အာဏာပိုင်တို့က ဘုန်းကြီးကျောင်းများတွင် လုံခြုံရေးများ ချထားခြင်း၊ သံဃာများအား စောင့်ကြည့်ခြင်းတို့ကို ပိုမို ပြုလုပ်ခဲ့သည်။ ထို့အပြင် အနယ်နယ် အရပ်ရပ်ရှိ သံဃာများ၊ နိုင်ငံရေး လှုပ်ရှားမှုများတွင် ပါဝင်သည့် လူငယ်များကို ထိန်းသိမ်းခဲ့သည်။

ရွှေဝါရောင်တော်လှန်ရေးသည် ၂၀၀၇ ခုနှစ်က ဖြစ်ပွားခဲ့သည့် နာမည်ကျော် သံဃာ့လှုပ်ရှားမှု ဖြစ်သည်။ ထိုနှစ် စက်တင်ဘာ ၅ရက်နေ့တွင် ပခုက္ကူမှ သံဃာ ၅၀၀ ကျော်က မေတ္တာပို့ လမ်းလျှောက် ဆန္ဒပြခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖြိုခွဲခဲ့သည်။ သံဃာ ၃ ပါးကို ဓာတ်တိုင်တွင် တုပ်နှောင်ကာ ရိုက် နှက်ခဲ့သောကြောင့် မြန်မာပြည် အနှံ့အပြားမှ ရဟန်း ရှင်လူများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

ထိုဖြစ်ရပ်ကို စစ်အစိုးရက ပြန်လည် တောင်းပန်ခြင်း မပြုသဖြင့် နိုင်ငံအနှံ့မှ သံဃာတော်များက ၂၀၀၇ စက်တင် ဘာ ၁၈ ရက်မှစ၍ အာဏာပိုင် တို့ကို ပတ္တနိက္ကုဇ္ဇန ကံဆောင် သပိတ်မှောက်ခဲ့သည်။ ထို့ပြင် သံဃာ တော်များ မေတ္တာပို့ ဆန္ဒပြ ကြွချီရာမှ လူထု လှုပ်ရှားမှု အသွင်သို့ ကူးပြောင်းခဲ့သည်။ အာဏာပိုင် တို့က စက်တင်ဘာ ၂၆ နှင့် ၂၇ ရက်နေ့တို့တွင် ရန်ကုန်မြို့ရှိ ဆန္ဒပြမှုများကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်း ကာ သံဃာနှင့် သီလရှင်များကို ဖမ်းဆီး တရားစွဲပြီး နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လိုက်သည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Thursday, October 15, 2009

မြန်မာစစ်တပ်မှ ကလေးစစ်သားတယောက် သေဒဏ်ချမှတ်ခံရ

မြန်မာစစ်တပ်မှ ကလေးစစ်သားတယောက် သေဒဏ်ချမှတ်ခံရ

2009-10-15 ( RFA )

ရှမ်းပြည်မြောက်ပိုင်း လောက်ကိုင်မြို့ ခမရ ၃၂၂ က အသက် ၁၆ နှစ်အရွယ် တပ်သား မောင်အောင်ကိုထွေးဟာ ဒီကေဘီအေ စစ်သားတယောက်ကို ပစ်ခတ်မှုနဲ့ လားရှိုးထောင်မှာ သေဒဏ် စီရင်ချက် ချမှတ်ခံထားရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂ဝဝ၆ ခုနှစ်က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်နေ ဦးလှဝင်း၊ ဒေါ်သိန်းဌေး တို့ရဲ့ သား၊ ၈ တန်း ကျောင်းသား မောင်အောင်ကိုထွေးဟာ ကျောင်းသွားရင်း ပျောက်ဆုံးသွားခဲ့ပါတယ်။ ပျောက်ဆုံးပြီး တလအကြာမှာ လောက်ကိုင်မြို့ ခမရ ၃၂၂ က မိသားစုကို ဆက်သွယ်လာခဲ့ တာကြောင့် မောင်အောင်ကိုထွေး စစ်တပ်ထဲ ရောက်နေတာ သိရတယ်လို့ အစ်မဖြစ်သူက ပြောပါတယ်။ အဲဒီနောက် ၅ လအကြာမှာ မောင်အောင်ကိုထွေးက အစ်မဖြစ်သူတွေဆီကို ဆက်သွယ်ပြီး သူ စစ်တပ်မှာ မပျော်တော့ကြောင်း၊ အိမ်ပြန်ချင်ကြောင်း ပြောခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနောက်ပိုင်းကတည်းက မောင်အောင်ကိုထွေးနဲ့ အဆက်အသွယ် ပြတ်သွားခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၆ လလောက်ကတော့ အစ်မဖြစ်သူက လောက်ကိုင်မြို့က ခမရ ၃၂၂ ကို ဆက်သွယ်ပြီး မောင်အောင်ကိုထွေးရဲ့အခြေအနေကို မေးမြန်းကြည့်တဲ့ အခါ မောင်အောင်ကိုထွေး သေဒဏ် ချမှတ်ခံထားရကြောင်း သိခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။

အစ်မ
။ ။ 'မကြီးက အိပ်မက်တွေ မကောင်းလို့ ဆက်ရော။ ကျွန်မ မောင်လေးတယောက် ဘယ်လို ဖြစ်နေလဲ အိပ်မက်တွေ မကောင်းလို့ပေါ့နော်။ အဲဒါ သူ့တပ်ရင်းက ဖုန်းကိုင်ရော။ ကိုင်တော့ မသိဘူးလားတဲ့၊ အောင်ကိုထွေးအကြောင်းတဲ့။ အောင်ကိုထွေးကတဲ့ ဒီကေဘီအေကို သတ်လို့တဲ့ ထောင်ကျနေတယ်၊ သေဒဏ်ချထားတယ် သူ့ကိုတဲ့။ အဲဒါ ညီမတို့ စလိုက်တော့ သူ့ကို သေဒဏ်ချနေပြီ၊ သူ့ကို။'

အခုလို သေဒဏ် ချမှတ်ခံထားရတဲ့အကြောင်းကတော့ မောင်အောင်ကိုထွေးအပါအဝင် မြန်မာ စစ်သား ၄ ယောက်နဲ့ ဗုဒ္ဓဘာသာ ကရင်တပ်မတော် ဒီကေဘီအေ တပ်သားတယောက် အချင်းများကြရာက ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာမှာ ဒီကေဘီအေတပ်သား သေဆုံးသွားခဲ့ပါတယ်။ မြန်မာစစ်သား နှစ်ယောက် ထွက်ပြေးသွားခဲ့ပြီး မောင်အောင်ကိုထွေးနဲ့ ကျန်တယောက် အဖမ်းခံခဲ့ကြရပါတယ်။ အခု သူတို့အပေါ် သေဒဏ်ချမှတ်ခဲ့တာကို ဘယ်သူ့ကိုမှ အသိမပေးဖို့ တပ်တွင်း အရာရှိတယောက်က ပြောဆိုခဲ့တဲ့အတွက် မိသားစုဝင်တွေ အနေနဲ့ မပြောရဲပဲ နေခဲ့ကြရတယ်လို့ အစ်မဖြစ်သူက ဆိုပါတယ်။

အစ်မ။ ။ 'သေဒဏ်ချထားတာ အဲဒီက အကုန်လုံး သိတယ်။ ညီမတို့က မသိဘူး ထင်လို့ပေါ့နော်၊ ပထမက သူ့ရဲ့အရာရှိက ဖုန်းဆက်တာ။ ဒီအမိန့်က အိတ်ပိတ်လာတာပါတဲ့၊ ဘယ်သူမှ မပြောပါနဲ့ပေါ့နော်။ သေဒဏ်တဲ့၊ အိတ်ပိတ်တဲ့။ ဒီအမှုက သေဒဏ်ချထားတာ ဘယ်သူ့ကိုမှ မပေါက်ကြားစေပါနဲ့တဲ့။ ညီမတို့ကို နားလည်တဲ့ လူတွေက ပြောတယ်၊ စစ်တပ်က သူ့သားကိုသူ သေအောင် မသတ်ဖူးပေါ့နော်။ ညီမတို့ကလည်း အဲဒါနဲ့ ဘာမှ မပြောပဲ၊ ဘာမှ ဟိုဥစ္စာ အကြောင်း ဘယ်သူ့ကိုမှ မဖွင့်ပြောပဲနဲ့ ဒီအတိုင်း နေနေတာ၊ သူတို့က မပေါက်ကြားစေနဲ့ ဆိုလို့။'

ပြီးခဲ့တဲ့ အင်္ဂါနေ့က အစ်မဖြစ်သူက မောင်အောင်ကိုထွေး အကျဉ်းကျနေရာ လားရှိုးထောင်ကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မောင်အောင်ကိုထွေးဟာ အသက် ၁၆ နှစ်ကျော်ကျော်သာ ရှိသေးတဲ့ ကလေးတဦး ဖြစ်နေတာကြောင့် အခုလို သေဒဏ် အပြစ်ချမှတ်တာဟာ တရားနည်းလမ်း မကျကြောင်း၊ မောင်အောင်ကိုထွေးရဲ့ ပြစ်ဒဏ် လျော့ပေါ့ သက်သာစေဖို့အတွက် တတ်ကျွမ်းနားလည်သူတွေနဲ့ လုပ်ဆောင်သွားမှာ ဖြစ်တဲ့အကြောင်း အစ်မဖြစ်သူက RFA ကို ပြောခဲ့ပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, October 14, 2009

ဥရောပသံရုံး ကိုယ်စားလှယ် အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေ့ဆုံ

ဥရောပသံရုံး ကိုယ်စားလှယ် အဖွဲ့နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွေ့ဆုံ

2009-10-14 ( RFA )

ဆွီဒင်နိုင်ငံ သံအမတ်ကြီး ခေါင်းဆောင်တဲ့ ထိုင်းနိုင်ငံအခြေစိုက် အီးယူ ဥရောပသံရုံးတွေက ကိုယ်စားလှယ် အဖွဲ့တဖွဲ့ဟာ အန်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် စီအီးစီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့နဲ့ အန်အယ်လ်ဒီရုံးချုပ်မှာ ဒီကနေ့ အောက်တိုဘာ ၁၄ ရက်က လာရောက် တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲကို အီးယူအဖွဲ့ကိုယ်စားလှယ် အယောက် ၂ဝ နဲ့ အန်အယ်လ်ဒီ စီအီးစီအဖွဲ့ဝင် ၆ ဦး တက်ရောက်ခဲ့တယ်လို့ ပါတီပြောခွင့်ရပုဂ္ဂိုလ် တဦးဖြစ်သူ ဒေါက်တာ ဝင်းနိုင်က RFA ကို ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး နှိုးဆော်မှုတခုအဖြစ် ဘယ်လ်ဂျီယမ်နိုင်ငံ၊ ဘရပ်ဆဲလ်မြို့ရှိ ဥရောပ ပါလီမန်အဆောက်အအုံ မျက်နှာစာပေါ်တွင် မီးမောင်းထိုး ပြသထားသည့် ဒေါ်အောင်ဆန်းစုကြည်၏ ရုပ်ပုံကို ဇွန်လ ၁၈ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

ဒေါက်တာ ဝင်းနိုင်။ ။ 'ဒီနေ့ ကျွန်တော်တို့ အဖွဲ့ချုပ်ကို ဥရောပသမဂ္ဂ ကိုယ်စားလှယ် ၂ဝ လာပြီးတော့ ကျွန်တော်တို့ CEC အဖွဲ့နဲ့ တွေ့ဆုံတယ်။ CEC အဖွဲ့မှာ ဦးသန်းထွန်း၊ ဦးလှဖေ၊ ဦးညွန့်ဝေ၊ ဦးစိုးမြင့်၊ ဦးဝင်းတင်နဲ့ ဦးခင်မောင်ဆွေတို့ ပါတယ်။ အဲ သူတို့က လက်ခံ တွေ့ဆုံပြီးတော့ ဆွေးနွေးကြတယ်ပေါ့။'

ဒီကနေ့ တွေ့ဆုံပွဲမှာ အီးယူသံကိုယ်စားလှယ်အဖွဲ့ဘက်က ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အန်အယ်လ်ဒီ ပါတီရဲ့ သဘောထား ရပ်တည်ချက်ကို အဓိကထား မေးမြန်းခဲ့ပြီး၊ အန်အယ်ဒီ စီအီးစီအဖွဲ့ဘက်က ရွှေဂုံတိုင်ကြေညာစာတမ်းပါ တောင်းဆိုချက် ၃ခုကို စစ်အစိုးရဘက်က လိုက်လျောရင် ရွေးကောက်ပွဲဝင်မဲ့ အကြောင်း ပြန်လည်ရှင်းပြခဲ့တယ်လို့ ပါတီ စီအီးစီအဖွဲ့ဝင် ဦးခင်မောင်ဆွေက ပြောပါတယ်။

ဦးခင်မောင်ဆွေ ။ 'Election ကျရင် ဘယ်လို လုပ်မလဲပေါ့ဗျာ။ 2010 ကိုပေါ့။ ဘယ်လို လုပ်ကြမလဲဆိုတော့ ကျွန်တော်တို့က elelection တော့ ရွှေဂုံတိုင် ညီလာခံထဲမှာ ပါတဲ့အတိုင်း ကျွန်တော်တို့ ရပ်တည်နေပါတယ်။ အဲ option သုံးခုကို ကျွန်တော်တို့ တောင်းထားပါတယ်။ တောင်းထားတာကို၊ တောင်းထားတာနဲ့ကျွန်တော်တို့ သက်ဆိုင်ရာ အာဏာပိုင်ဖက်က လိုက်လျောပြီးတော့ ပေးမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဝင်ကြဖို့ပဲ ရှိပါတယ်။ '

အန်အယ်ဒီပါတီ ရွေးကောက်ပွဲ ဝင်ရောက်ရေးနဲ့ ပတ်သက်လို့ လောလောဆယ် တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးကြောင်း၊ ရွေးကောက်ပွဲ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ တရားဝင် ထုတ်ပြန်တဲ့ အခါမှသာ ပါတီညီလာခံတရပ် ကျင်းပပြီးနောက် ဆုံးဖြတ်ချက် ချမှတ်မှာဖြစ်ကြောင်း အီးယူအဖွဲ့ကို ရှင်းပြခဲ့တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

ဒီကနေ့ တွေ့ဆုံပွဲဟာ ၁ နာရီကျော် ကြာမြင့်ခဲ့ပြီး တခြား စီအီးစီအဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးအောင်ရွှေ၊ ဦးလွင်နဲ့ ဦးလွန်းတင်တို့တော့ တက်ရောက်နိုင်ခြင်း မရှိဘူးလို့ သိရပါတယ်။

ရန်ကုန်မြို့မှာ ရှိတဲ့ အမေရိကန်၊ ဗြိတိန်နဲ့ သြစတြေးလျနိုင်ငံ သံရုံးတွေက သံတမန်တွေလည်း ပြီးခဲ့တဲ့ သောကြာနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံပြီးနောက် အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုတွေအဖွဲ့နဲ့ ပါတီရုံးချုပ်မှာ တွေ့ဆုံခဲ့ပါသေးတယ်။

အီးယူသံတမန်အဖွဲ့နဲ့ အန်အယ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့တို့ ဒီကနေ့ တွေ့ဆုံမှုနဲ့ ပတ်သက်လို့ စီအီးစီအဖွဲ့ဝင် ဦးခင်မောင်ဆွေနဲ့ RFAအဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ငွေမပေးနိုင်သူ မြန်မာအလုပ်သမားအများစု မလေးရှား အကျဉ်းစခန်းတွေမှာ သောင်တင်ဆဲ

ငွေမပေးနိုင်သူ မြန်မာအလုပ်သမားအများစု မလေးရှား အကျဉ်းစခန်းတွေမှာ သောင်တင်ဆဲ

2009-10-14 ( RFA )

မလေးရှားနိုင်ငံမှာ အကြောင်းမျိုးစုံနဲ့ တရားမဝင် နိုင်ငံခြားသားအဖြစ် အဖမ်းဆီးခံရပြီး လူဝင်မှုကြီးကြပ်ရေး စခန်းတွေမှာ အကျဉ်းကျနေတဲ့ မြန်မာအလုပ်သမားတွေ ထောင်နဲ့ချီ သောင်တင်နေပါတယ်။


ထိုင်း-မလေးရှားနယ်စပ်ရှိ ဘလန်တစ် လူဝင်မှုကြီးကြပ်ရေးဌာန လျှို့ဝှက် အကျဉ်းစခန်းကို အပြင်မှ မြင်ရပုံ ဖြစ်ပါသည်။ မလေးရှားနိုင်ငံတွင် တရားမဝင် လာရောက် အလုပ်လုပ်သော နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်မပေးမီ ၎င်းအကျဉ်းစခန်းတွင် ချုပ်နှောင်ဖမ်းဆီးထားသည်။ (Photo: RFA)

ဒီမြန်မာအလုပ်သမားတွေကို မြန်မာအစိုးရက ဌာနေပြန်နိုင်ဖို့ စီစဉ်နေတယ်လို့ မကြာခင်က စစ်အစိုးရ မီဒီယာတွေကတဆင့် ထုတ်ပြန်ပြောကြားပေမဲ့ ဒီအစီအစဉ်အရ မလေးရှားအကျဉ်းစခန်းမှာ ကျနေတဲ့ သူတွေအဖို့ ငွေကြေးမတတ်နိုင်တဲ့အပြင် လုံခြုံရေး စိတ်မချရတာတွေ ရှိနေတယ်လို့ သိရပါတယ်။

မြန်မာသံရုံးက အရာရှိတွေမဟုတ်ပဲ ပွဲစားနဲ့ ကိုယ်စားလှယ်တွေပဲ လာတာကြောင့်လည်း မြန်မာအလုပ် သမားတွေဟာ ဒီအစီအစဉ်ကို မယုံမရဲဖြစ်နေကြတယ်လို့ မကြာခင်ကမှာ မလေးရှား လန်ကန်းအကျဉ်းစခန်းက ပြန်လွတ်လာသူ မြန်မာတဦးက RFA ကို ပြောပြပါတယ်။

ပြန်လွတ်လာသူ။ ။ 'ကျွန်တော်တို့ မြန်မာပြည်က လူတွေကို ဒီ အင်မီဂရေးရှင်းတွေက အရင်လို ထိုင်းဖက်တွေကို ထိုင်းမှာ သွားဂွမ်းနေမလား၊ အဲဒီလိုလည်း မဂွမ်းတော့ဘူး။ သူတို့က သံရုံးနဲ့ ညှိပြီးမှ သံရုံးက အေးဂျင့်နဲ့ လွှတ်တယ်ဗျာ။ ခုနက ၂၂ဝဝ တို့၊ ၅၅ဝ တို့နဲ့ ရောက်လာတယ်။ အဲဒီတော့ လူတွေက အဲဒီဟာတွေကို မယုံကြည်ဘူး၊ စောင့်ကြည့်ကြတယ်။ စောင့်ကြည့်တော့ သူတို့ သတင်းရတာက ကောင်းကောင်းမွန်မွန် မရောက်ဖူး၊ ပိုက်ဆံတွေ ပေးရတယ်ကြားတယ်။ ၅၂ဝ သမားရော၊ ၂ဝ၂ဝ သမားတွေရော။ အဲဒါကြောင့် လူတွေက မပြန်တဲ့လူ၊ မပြန်ရဲကြဘူး။ အဲဒီဟာက အဓိက ဒုက္ခပဲ။'

လောလောဆယ် မလေးရှားနိုင်ငံအနှံ့ လဝက အကျဉ်းစခန်း ၁ဝ ခု ရှိပြီး ဒီစခန်းတွေမှာ မြန်မာအလုပ်သမားတွေက အများစု ဖြစ်တယ်လို့ သိရပါတယ်။

မလေးရှားမှာ ငွေကြေးတောင်းခံတဲ့အပြင် မြန်မာပြည်က မိသားစုတွေဆီကို ငွေတောင်းခံတာ၊ မင်္ဂလာဒုံ လေဆိပ်မှာ စစ်ဆေးထိန်းသိမ်းထားတာနဲ့ ငွေကြေး မတတ်နိုင်တာတွေကြောင့်လည်း ဒီအစီအစဉ်ဟာ မအောင်မြင်ပဲ ရှိနေတယ်လို့ ဆိုပါတယ်။

တချို့ကလည်း အဖမ်းအဆီးကို စိုးရိမ်တဲ့အတွက် မလေးရှားမှာပဲ ဒုက္ခသည်အဖြစ် ဆက်နေလိုသူတွေ ရှိတယ်လို့ လူ့အခွင့်အရေးလုပ်ကိုင်နေသူ မြန်မာတွေက ပြောပါတယ်။

မကြာခင်ကမှာ မလေးရှား လန်ကန်းအကျဉ်းစခန်းက ပြန်လွတ်လာသူ မြန်မာတဦးကို RFAအဖွဲ့သား ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင်အမှု ရုံးတင်၊ နိုင်ငံရေးလှုပ်ရှားသူများ နှစ်ရှည်ထောင်ဒဏ်ချ

ကိုညီညီအောင်အမှု ရုံးတင်၊ နိုင်ငံရေးလှုပ်ရှားသူများ နှစ်ရှည်ထောင်ဒဏ်ချ

Wednesday, 14 October 2009 18:26 အေးလဲ့

အာဏာပိုင်တို့က လေဆိပ်တွင် ဖမ်းဆီးခဲ့သူ ကိုညီညီအောင်ကို လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု တို့ဖြင့် အင်းစိန်ထောင်တွင်း တရားရုံး၌ ယနေ့ စတင် ရုံးထုတ်ခဲ့ကြောင်း သူ၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ ကိုကျော်ဇောလွင် (ခေါ်) ကိုညီညီအောင်သည် အမေရိကန်နိုင်ငံသား အဖြစ်လည်း ခံယူထားသောကြောင့် ရန်ကုန်မြို့ အမေရိကန်ကောင်စစ်ဝန် ဌာနမှ တာဝန်ရှိသူ တချို့က ရုံးချိန်း စတင်မည့် နံနက် ၁၀ နာရီတွင် သွားရောက်ခဲ့ကြောင်း အင်းစိန်ထောင် ဝန်ထမ်း တဦးက ပြောသည်။

ကိုညီညီအောင်၏ မိခင်အပါအ၀င် မိသားစုဝင် တချို့သည် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခံထားရသည်။

ကိုညီညီအောင် ဖမ်းဆီးခံရပြီး ၃ ပတ် အကြာတွင် သူ၏သတင်းကို အစိုးရ သတင်းစာများတွင် တွေ့ရသည်။

ထိုစဉ်က ရန်ကုန်တွင် ဗုံးပေါက်ကွဲမှုများ ဖြစ်ပေါ်ချိန်နှင့် တိုက်ဆိုင်နေရာ အစိုးရက ကိုညီညီညီအောင်သည် ထိုပေါက်ကွဲမှုများအတွက် တာဝန်ရှိသည်ဟုလည်း စွပ်စွဲခဲ့သည်။

ကိုညီညီအောင်သည် ၂၀၀၅ မှ ၂၀၀၉ အတွင်း လူမှုရေးဗီဇာ (Social Visa) ဖြင့် မြန်မာနိုင်ငံသို့ (၈)ကြိမ် ပြန်ခဲ့ကြောင်း သတင်းစာတွင် ရေးထားသည်။

“ညီညီအောင်သည် ဆူပူလှုပ်ရှားမှုများ စီစဉ်သူ ဖြစ်ရုံမျှမက ဖောက်ခွဲရေး လုပ်ငန်းများ အတွက်ပါ တာဝန်မကင်းသူ တစ်ဦးဖြစ်သည်ဟု ဆိုရမည် ဖြစ်သည်” ဟု သတင်းစာက ဆိုသည်။

အစိုးရက သူ့ကို အကြမ်းဖက်သမား ဖြစ်သယောင် ရေးသားခဲ့သော်လည်း ယနေ့ တရားစွဲသည့်အခါ လိမ်လည်မှု၊ စာရွက် စာတမ်း အတု ပြုလုပ်မှု တို့ဖြင့် စွဲဆိုလိုက်သည်။

အစိုးရက နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်သူတို့ကို ပုဒ်မမျိုးစုံဖြင့် တရားစွဲ၊ ထောင်ချလျက်ရှိသည်။

ယမန်နေ့က သံဃာတချို့ အပါအဝင် နိုင်ငံရေးလှုပ်ရှားသူ ၁၁ ဦးခန့်ကို အင်းစိန်ထောင်အတွင်းရှိ တရားရုံးတွင် ထောင်ဒဏ် ၅ နှစ်မှ ၁၀ နှစ်အထိ ချမှတ်လိုက်ကြောင်း သိရသည်။

“အသင်း အဖွဲ့ ပုဒ်မ (၆) နဲ့ ၁၁ ဦးကို ထောင် ၅ နှစ် ချတယ်။ အဲဒီအထဲက ၄ ဦးက အသင်း အဖွဲ့ ပုဒ်မ အပါအဝင် ဖောက်ခွဲမှုနဲ့ ထပ်ပေါင်းပြီး ထောင်ဒဏ် ၁၀ နှစ် ချလိုက်တယ်” ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

အရှင် စန္တိမာ(ခေါ်) ထွန်းနောင်၊ ကျော်ဇင်မင်း(ခေါ်) ဇော်မိုး၊ ဝဏ္ဏနွယ်၊ ဇင်မင်းရှိန် တို့ ၄ ဦးသည် ထောင်ဒဏ် ၁၀ နှစ်စီ အမိန့်ချခံရခဲ့ကြောင်း သိရသည်။

ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရသူများမှာ ကိုစောမောင်၊ ကိုအောင်မိုးလွင်၊ ကိုမိုးထက်နေ၊ ကိုထွန်းလင်းအောင်၊ ကိုဇော်လတ်၊ ကိုနိုင်ဝင်း၊ ကိုထွန်းလင်းဦး တို့ ဖြစ်ကြောင်း သိရသည်။

ထို ၁၁ ဦးသည် သံဃာ့တပ်ပေါင်းစု အဖွဲ့၊ အမှန်တရား ဖော်ထုတ်ရေးအဖွဲ့၊ လူထုတရပ်လုံးအတွက် စတေးခံ အကောင်းဆုံး မြေသြဇာ အဖွဲ့ နှင့် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး စသော အဖွဲ့အစည်းများမှ ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ယခုမှ ထောင်ဒဏ်များ ချမှတ်ခံရခြင်း မဟုတ်ပေ။ ရွှေဝါရောင် တော်လှန်ရေး နှစ်ပတ်လည် လှုပ်ရှားမှုဖြင့် ၂၀၀၈ ခုနှစ် အတွင်း ဖမ်းဆီးခံရပြီး နောက်ပိုင်းတွင် ပုဒ်မ အမျိုးမျိုးဖြင့် ဆက်လက် ရုံးတင် စစ်ဆေးခံနေရခြင်း ဖြစ်သည်။

၎င်းတို့ထဲမှ ကိုဇင်မင်းရှိန်သည် ယခုအခါ ထောင်ဒဏ် စုစုပေါင်း ၂၃ နှစ် ချမှတ်ခံထားရသည်။

၂၀၀၇ ခုနှစ် နောက်ပိုင်း ပြည်ပသို့ တိမ်းရှောင်သွားသော သံဃာတော် နှစ်ပါး ဖြစ်သည့် ဦးပညာဇောတ(ခေါ်) နတ်ဇော၊ ဦးစန္ဒာဓိက(ခေါ်) စိုးမိုးအောင် တို့ကို စစ်အစိုးရက တရားခံပြေးများအဖြစ် သတ်မှတ်ပြီး ထောင်ဒဏ်အသီးသီး ချမှတ်ထားကြောင်း သိရသည်။

ရွှေဝါရောင်တော်လှန်ရေး နှစ်ပတ်လည် လှုပ်ရှားမှုဖြင့် ၂၀၀၉ ခုနှစ် အတွင်း ဖမ်းဆီးစစ်ဆေးခံရနေရသူ ၁၀၀ ခန့် ရှိကြောင်း နိုင်ငံရေး အကျဉ်းသားများ ကူညီ စောင့်ရှောက်ရေး အသင်း (AAPP) ၏ စာရင်းအရ သိရသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, October 13, 2009

ကျွန်ပြုခံထားရသည့် မြန်မာ ၁၈ ဦးကို ထိုင်းရဲ ကယ်ဆယ်

ကျွန်ပြုခံထားရသည့် မြန်မာ ၁၈ ဦးကို ထိုင်းရဲ ကယ်ဆယ်

2009-10-13 ( RFA )

ဗန်ကောက်မြို့နဲ့ မိုင် တရာကျော်လောက် ဝေးတဲ့ ထိုင်းနိုင်ငံတောင်ပိုင်း ခွန်ဘူရီခရိုင် ဆာထာဟစ် (Sattahip) ပင်လယ်ကမ်းခြေမြို့လေးမှာ လူမှောင်ခိုတွေ လက်ထဲက မြန်မာနိုင်ငံသား ၁၈ ဦးကို ထိုင်းအာဏာပိုင်တွေက ကယ်တင်နိုင်ခဲ့တယ်လို့ သတင်း ရရှိပါတယ်။ အဲ့ဒီ ၁၈ ဦးထဲမှာ အမျိုးသမီးတွေနဲ့ အသက်မပြည့်သေးတဲ့ ကလေးသူငယ်တွေလည်း ပါဝင်ပါတယ်။


ထိုင်းနိုင်ငံမှ ငါးဖမ်းစက်လှေတစင်းပေါ်တွင် အလုပ်လုပ်နေသော မြန်မာ အလုပ်သမားများ ဖြစ်ပါသည်။ (Photo: AFP)

လူကုန်ကူးမှု ကျူးလွန်တဲ့သူတွေကတော့ မြန်မာအမျိုးသမီး ၁ ဦးနဲ့ ထိုင်းလူမျိုး ၂ ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ဆာထာဟစ်ရဲစခန်းကို RFA က စုံစမ်းကြည့်တဲ့အခါမှာတော့ ကယ်လိုက်နိုင်တဲ့ မြန်မာတွေကို ပတ္တယား လူဝင်မှုကြီးကြပ်ရေးရုံးကို လောလောဆယ် ပို့ထားကြောင်းနဲ့ လူကုန်ကူးမှု ကျူးလွန်တဲ့ ထိုင်းလူမျိုးတွေကိုတော့ တရားရုံး ပို့လိုက်ပြီလို့ ရဲအရာရှိက ပြောပါတယ်။ မြန်မာ ၁၈ ဦးနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက် ပေးဖို့ကိုတော့ ရဲအရာရှိက ငြင်းဆန်ပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က အလုပ်သမားရေးတွေ ဆောင်ရွက်ပေးနေတဲ့ ထိုင်းဖောင်ဒေးရှင်း တခုက အာဏာပိုင်တွေကို အကြောင်းကြားခဲ့တဲ့အတွက် ညနေပိုင်းမှာ ငါးဖမ်းလှေ နှစ်စင်းကို ရှောင်တခင် ဝင်ရောက်ရှာဖွေရာမှာ ကျွန်ပြုခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို တွေ့တာလို့ သိရပါတယ်။

သူတို့ကို ငါးဖမ်းလုပ်ငန်းတွေက အလုပ်ကြမ်းတွေ ခိုင်းစေထားပြီး လစာငွေ လုံးဝမပေးကြောင်း၊ ကျန်းမာရေးမကောင်းတဲ့အခါမှာလည်း ဆေးကုသမှု မပေးကြောင်း၊ အသက်ဆုံး သွားသူတွေကို ပင်လယ်ထဲ မျှောလိုက်ကြောင်း အလုပ်သမားတွေက ပြန်ပြောတယ်လို့ ဆိုပါတယ်။

ထိုင်းအာဏာပိုင်တွေ ဝင်ဖမ်းစဉ်မှာ လူကုန်ကူးသူတွေက ရဲတွေကို ထိုင်းဘတ်ငွေ ၁ သိန်း လာဘ်ထိုးကြောင်း၊ ဒါပေမဲ့ ရဲဝန်ထမ်းတွေက အဲဒီငွေကို လုံးဝမယူပဲ မြန်မာတွေကို ကယ်တင်လိုက်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအပြင် လူကုန်ကူးမှု တကယ် ကျူးလွန်သူတွေကို အရေးယူသွားမှာဖြစ်ပြီး၊ မြန်မာတွေကိုတော့ နေရပ်ဌာနေတွေကို ပြန်ပို့ပေးမှာဖြစ်ကြောင်း သိရပါတယ်။

ထိုင်းနိုင်ငံက ပင်လယ်ငါးဖမ်းလုပ်ငန်းမှာ ရောင်းစားခံရတဲ့ မြန်မာနိုင်ငံသား ၁၈ ဦးကို DSI ထိုင်းအထူးစုံစမ်းရေးအဖွဲ့၊ LPN အလုပ်သမား အခွင့်အရေး မြှင့်တင် ဆောင်ရွက်ရေး ကွန်ရက်အဖွဲ့နဲ့ မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂအဖွဲ့တို့ ပူးပေါင်းပြီး ငါးဖမ်းလှေ နှစ်စီးနဲ့ ပွဲစားအိမ်တွေကို လွန်ခဲ့တဲ့ ၂ ရက်က ရှောင်တခင် ဝင်ရောက် စီးနင်းဖော်ထုတ်ပြီး ကယ်တင်နိုင်ခဲ့ပါတယ်။ ဒီဖော်ထုတ်မှုမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ ပင်လယ်ပျော်များ သမဂ္ဂအဖွဲ့ရဲ့ ရွှေ့ပြောင်းအလုပ်သမား အစည်းအရုံး တာဝန်ခံ ဦးကိုကိုအောင်ကို RFA အဖွဲ့သား ကိုကျော်ကျော်အောင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဆက်သွယ်မေးမြန်းချက်အား နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ကိုညီညီအောင် လိမ်လည်မှုဖြင့် တရားစွဲခံရဖွယ်ရှိ

ကိုညီညီအောင် လိမ်လည်မှုဖြင့် တရားစွဲခံရဖွယ်ရှိ

Monday, 12 October 2009 18:54 ကိုထွေး

အာဏာပိုင်တို့က လေဆိပ်တွင် ဖမ်းဆီးခဲ့သူ ကိုညီညီအောင်ကို လိမ်လည်မှု၊ စာရွက် စာတမ်းအတု ပြုလုပ်မှုတို့ဖြင့် ယမန် ယူထားပြီး ယင်းပုဒ်မဖြင့် စွဲချက်တင်ရေး မတင်ရေး အတွက်မူ စောင့်ကြည့် ရမည် ဖြစ်ကြောင်း ၎င်း၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောသည်။

ရှေ့နေများ ဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း တို့သည် အမေရိကန် နိုင်ငံသား၊ မြန်မာ့အရေး လှုပ်ရှားသူ ကိုညီညီအောင်နှင့် ယနေ့ နေလည် ၁ နာရီမှ ၃ နာရီအထိ လွတ်လွတ်လပ်လပ် တွေ့ဆုံခွင့် ရခဲ့ကြောင်း သိရသည်။

“အမှုသွား အမှုလာကို အခုအချိန်ထိ အတိအကျမသိရသေးဘူး၊ ယမန်ယူထားတဲ့ ပုဒ်မနဲ့ တရားစွဲ မစွဲဆိုတာကို တော့စောင့်ကြည့်ရမယ်” ဟု ဦးဉာဏ်ဝင်းက ပြောသည်။ လိမ်လည်မှု ပုဒ်မ ၄၂၀၊ စာရွက်စာတမ်းအတု ပြုလုပ်မှု ပုဒ်မ ၄၆၈ တို့ဖြင့် ယမန်ယူထားသည်ဟု ဆိုသည်။

ကိုညီညီအောင်၏ စိတ်ဓာတ်နှင့် ကျန်းမာရေးမှာ ကောင်းမွန်လျက်ရှိကြောင်း၊ အမှုနှင့် ပတ်သက်၍ အပြည့်အစုံ တိုင်ပင်နိုင်ခြင်းမရှိသေးဘဲ ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကိုသာ မေးမြန်းခဲ့ရခြင်းဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရန်ကုန်မြို့ အမေရိကန်သံရုံး အရာရှိတဦး သွားရောက် တွေ့ဆုံခွင့် ရခဲ့စဉ် ကိုညီညီအောင်က နှိပ်စက်ညှဉ်းပန်းခံရပုံကို ပြောကြားခဲ့ကြောင်း သိရသည်။

“သူနှိပ်စက်ခံရတဲ့ အကြောင်းလည်း ပြောပါတယ်၊ ကျနော်ပြောနိုင်တာက ၇ ရက်လောက် ထမင်းမစား ရဘူး ဆိုတာပါပဲ” ဟု ဦးဉာဏ်ဝင်း က ဆိုသည်။

ကိုညီညီအောင်သည် ၁၉၈၈ ခုနှစ် လူထု လှုပ်ရှားမှုတွင် ပါဝင်ခဲ့ပြီး ၂ လခန့် အထိန်းသိမ်းခံရသည်။ နောက်ပိုင်းတွင် ထိုင်းနယ်စပ်သို့ တောခိုခဲ့ပြီး မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး (ABSDF) တွင် ခေတ္တ ပါဝင်ခဲ့သည်။

ထို့နောက် အမေရိကန် ပြည်ထောင်စုတွင် သွားရောက် ခိုလှုံခွင့်ယူခဲ့သည်ဟု သိရသည်။

ကိုညီညီအောင်သည် စက်တင်ဘာ ၃ ရက်နေ့ ညနေပိုင်းက ဘန်ကောက်မှ ရန်ကုန်မြို့သို့ သွားရောက်ခဲ့ရာ မင်္ဂလာဒုံလေဆိပ်တွင် အာဏာပိုင်တို့က ထိန်းသိမ်းခဲ့သည်။

အာဏာပိုင်တို့က ထိုသို့ ဖမ်းဆီးပြီး ၃ ပတ်အကြာတွင် ကိုညီညီအောင်သည် အကြမ်းဖက် ဖောက်ခွဲရေး သမား တဦး ဖြစ်ကြောင်း စွပ်စွဲပြောကြားလိုက်သည်။

အကြမ်းဖက်သမားအဖြစ် စွပ်စွဲခံရသူမှာ ကိုညီညီအောင် တဦးတည်း မဟုတ်ပေ။ မြန်မာပြည်မှ နိုင်ငံရေးသမား အများအပြားသည် ထိုသို့ စွပ်စွဲခံရပြီး အကျဉ်းချခံထားရသည်။

မြန်မာပြည်တွင် နိုင်ငံရေးအကျဉ်းသား ၂၀၀၀ ၀န်းကျင်ရှိကြောင်း သိရသည်။ ပြီးခဲ့သည့် စက်တင်ဘာလက နိုင်ငံရေး အကျဉ်းသား တချို့ ခြွင်းချက်ဖြင့် ပြန်လည် လွတ်မြောက်လာသည်။


မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Monday, October 12, 2009

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း စာအုပ် ရှေ့နှစ်အတွင်း ထွက်မည်

ဗိုလ်ချုပ်မှူးကြီးသန်းရွှေအကြောင်း စာအုပ် ရှေ့နှစ်အတွင်း ထွက်မည်

2009-10-12 ( RFA )

Than Shwe: Unmasking Burma's Tyrant ( မြန်မာ စစ်အာဏာရှင် ရဲ့ ဇာတိရုပ် ) လို့ အဓိပ္ပာယ်ရတဲ့ စာအုပ်တအုပ်ကို သတင်းစာ ဆရာ Benedict Rogers နဲ့ Jeremy Woodrum တို့ နှစ်ဦး ပူးပေါင်း ရေးသားနေကြပါတယ်။ အဲဒီ စာအုပ်မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ အထ္တုပ္ပတ္တိနဲ့ သူအုပ်ချုပ်နေစဉ်ကာလ မြန်မာနိုင်ငံရဲ့ အခြေအနေတွေ ပါဝင်မယ်လို့ သိရပါတယ်။

၂ဝဝ၈ ခုနှစ် မေလ ၁ဝရက်နေ့က ဆန္ဒခံယူပွဲတွင် နအဖ စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ နေပြည်တော်ရှိ မဲရုံတွင် ဆန္ဒမဲ ထည့်နေပုံ ဖြစ်ပါသည်။ အခြေခံဥပဒေ မူကြမ်းကို ထောက်ခံမဲ ၉၂.၄ ရာခိုင်နှုန်းဖြင့် အတည်ပြုကြောင်း စစ်အစိုးရက မေလ ၁၅ရက်နေ့တွင် ကြေညာသည်။ (Photo: AFP)

ဒီစာအုပ် ရေးသားရတဲ့အကြောင်းရင်းနဲ့ ပတ်သက်ပြီး စာရေးသူ Benedict Rogers ပြောပြတာကတော့ ကျနော်တို့မှာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း ရေးရတဲ့ အကြောင်းရင်း နှစ်ရပ် ရှိပါတယ်။ အကြောင်းတချက်က စစ်အာဏာရှင်အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံရဲ့ အခြေအနေကို ပုံစံတမျိုးနဲ့ တင်ပြဖို့ပါ။ နောက်တချက် ကျနော်တို့ စဉ်းစားမိတာက တခြားအာဏာရှင်တွေဖြစ်တဲ့ ဆက်ဒမ်ဟူစိန်၊ ကင်ဂျုံအီး၊ မူကာဘီ၊ ကတ်စ်ထရို တို့အကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်အတော်များများ ထုတ်ဝေခဲ့ပြီး ဖြစ်တဲ့အတွက် သူတို့အကြောင်း လူအတော်တော်များများ သိနေပါတယ်။ ဒါပေမဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်းကိုတော့ အနည်းအကျဉ်းလောက်ပဲ ကမ္ဘာက သိတဲ့ အတွက် ဒီထက်ပိုပြီး အချက်အလက်တွေ ပေးနိုင်ဖို့ ရည်ရွယ်ပြီး ရေးသားတာပါ လို့ Benedict Rogers ပြောသွားပါတယ်။

ဒီစာအုပ်အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနဲ့ နီးနီးကပ်ကပ် ဆက်ဆံလုပ်ကိုင်ခဲ့ဖူးသူ မြန်မာ ၇ ဦးနဲ့ တွေ့ဆုံမေးမြန်းခွင့် ရသလို သူနဲ့ တိုက်ရိုက် ဆက်ဆံခွင့်ရခဲ့တဲ့ နိုင်ငံတကာ သံတမန်အရာရှိတွေ၊ ကုလသမဂ္ဂ ကိုယ်စားလှယ်တွေကိုလည်း တွေ့ဆုံမေးမြန်းပြီး အချက်အလက်တွေ စုဆောင်းခဲ့တယ်လို့ သိရပါတယ်။

စာရေးသူ Benedict Rogers ကတော့ အခုလို စစ်တပ်ရဲ့ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်လာခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့အောင်မြင်ရေး လျှို့ဝှက်ချက်ကတော့ အထက်လူကြီးအပေါ် အကြွင်းမဲ့ သစ္စာရှိမှုနဲ့ ရိုသေ ကျိုးနွံ နာခံမှုတွေပဲ ဖြစ်တယ် လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာတောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေအကြောင်း သိရှိသူ အလွန် နည်းပါးလှပါတယ်။ အဲဒါကြောင့် ဒီစာအုပ်ကို ရေးသားတဲ့ စာရေးဆရာ နှစ်ယောက် အချက်အလက်တွေကို ဘယ်လို ရှာဖွေစုဆောင်းခဲ့ကြသလဲဆိုတာ ပူးတွဲ စာရေးသူ တဦးဖြစ်တဲ့ Benedict Rogersကို မအင်ကြင်းနိုင်က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

ဆက်သွယ်မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာစစ်အစိုးရထံမှ တရုတ်အစိုးရက ကုန်သည်များအတွက် လျော်ကြေးတောင်း

မြန်မာစစ်အစိုးရထံမှ တရုတ်အစိုးရက ကုန်သည်များအတွက် လျော်ကြေးတောင်း

2009-10-12 ( RFA )

ကိုးကန့်ဒေသမှာ ဖုန်ကျားရှင်တပ်များနဲ့ စစ်အစိုးရတပ်ဖွဲ့တွေ ဖြစ်ပွားခဲ့တဲ့ စစ်ပွဲနောက်ပိုင်း တရုတ်နိုင်ငံသားတွေရဲ့ ဆုံးရှုံး နစ်နာခဲ့ရတာတွေအတွက် တရုတ်အစိုးရက လျော်ကြေးတောင်းတယ်လို့ တရုတ်မြန်မာနယ်စပ် ကုန်သည်အသိုင်းအဝိုင်းက ပြောပါတယ်။

မြန်မာစစ်အစိုးရနှင့် ကိုးကန့်အဖွဲ့တို့ တိုက်ပွဲများ ဖြစ်ပွားခြင်းကြောင့် တရုတ်နိုင်ငံ ယွန်နန်ပြည်နယ်ရှိ နယ်စပ်မြို့ဖြစ်သော နန်စန်းသို့ ထွက်ပြေးလာသည့် ကိုးကန့် ဒုက္ခသည်များကို သြဂုတ်လ ၃၁ ရက်နေ့က တွေ့ရပုံ ဖြစ်ပါသည်။ (Photo: AFP)

သြဂုတ်လ အတွင်းက ကိုးကန့်ဒေသမှာ စစ်ဖြစ်ပွားပြီးနောက် ဒေသတွင်းမှာ ရှိတဲ့ တရုတ်လူမျိုးပိုင် လုပ်ငန်း အားလုံးလိုလိုပျက်စီးသွားတာ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ တရုတ်ကုန်သည်တွေရဲ့ လုပ်ငန်းများဟာ လုယက်ဖျက်ဆီးခံရတာ ဖြစ်တယ်လို့ ဆိုပါတယ်။ အတည်ပြုလို့ မရတဲ့ သတင်းတွေအရ ဖျက်ဆီးသူတွေဟာ စစ်အစိုးရရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီပျက်စီးမှုတွေ အပြင် သေဆုံးသူတွေအတွက်ပါ လျော်ကြေးတောင်းခံတာ ဖြစ်တယ်လို့ တရုတ်ကုန်သည်တွေနဲ့ လုပ်ငန်းတွဲပြီး လုပ်နေတဲ့ တိုင်းရင်းသား ကုန်သည်တဦးက ပြောပါတယ်။

ကုန်သည်။ ။ 'တဦးကို ယွမ် သုံးသိန်းပေါ့ဗျာ၊ နောက် အဆောက်အဦး ပျက်စီး ဆုံးရှုံးမှုလည်း စာရင်းတွေ တော်တော်များတယ်လို့ ပြောတယ်။ တရုတ်အစိုးရကလည်း သူတို့ကို နေပြည်တော် တင်ထားတယ်လို့ ပြောတယ်။'

တရုတ်ပြည်ဖက်ကို ထွက်ပြေးလာတဲ့ တရုတ်ကုန်သည်တွေကို တရုတ်အာဏာပိုင်တွေက စာရင်းကောက် ယူပြီး သူတို့ရဲ့ ဆုံးရှုံးနစ်နာခဲ့ရတာတွေအတွက် ခုလိုတောင်းဆိုတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒေသခံတွေ အဆိုအရ တရုတ် နိုင်ငံခြားဆက်ဆံရေးဌာနက နေပြည်တော်ကို စာရင်းများ တင်ပြပြီး တောင်းဆိုတာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကိုးကန့်စစ်ပွဲ ပြီးသွားချိန်နောက်ပိုင်း တရုတ်လူမျိုးများ မြန်မာပြည်ဖက်ကို သွားတာကိုလည်း တရုတ်အာဏာပိုင်တွေက ကန့်သတ်ထားတယ်လို့ သိရပါတယ်။ ဒေသခံတဦးက ခုလို ပြောပြပါတယ်။

ဒေသခံ။ ။ 'ခရီးသည်တွေ ပေးမသွားဘူးလေ။ ခရီးသည်လိုင်းက ပိတ်ထားတာ။ နဂိုကဆို မူဆယ် နန်းခမ်းက နေ့တိုင်းရှိတယ်။ နေ့တိုင်း သွားခွင့်ပေးတယ်။ အခုဟာက လုံးဝ သွားခွင့်မပေးဘူး။ ဗမာပြည်က နေပြီးတော့ ပိတ်ထားတာ မန္ဈလေးဖက်ကို ပတ်စပို့နဲ့ သွားလို့ မရဘူး။ သွားခွင့်မပေးဘူး။ ပတ်စပို့နဲ့ သွားရင် လေယာဉ်နဲ့ သွား။ ဗမာပြည်က ပိတ်တာ။ ကိုးကန့် ပြဿနာဖြစ်ပြီး နောက်ကျတော့ တရုတ်နိုင်ငံခြားရေးဌာနကနေပြီးတော့ ဗမာပြည်မြောက်ပိုင်း ဒေသတွေကို သွားပြီး စီးပွားရေး မလုပ်ဖို့ အလည်မသွားဖို့ ဆိုတဲ့ဥစ္စာကို ထုတ်ပြန်ပြီးနောက်ဆိုရင် ဒီဒေသတွေက ပိတ်သွားပြီ။'

ဒေသခံတဦး ပြောပြတာပါ။ ကိုးကန့်ဒေသက နောက်ဆုံးအခြေအနေနဲ့ ပတ်သက်ပြီး RFA မှ ဦးတင်အောင်ခိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဆက်သွယ် မေးမြန်းချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ....။

မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

Sunday, October 11, 2009

နာဂစ်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းများ လက်ရှိအခြေအနေ

နာဂစ်ကယ်ဆယ်ရေးနဲ့ ထူထောင်ရေးလုပ်ငန်းများ လက်ရှိအခြေအနေ

2009-10-11 (RFA )

မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသက နိုင်ငံတကာနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့တွေ ဆောင်ရွက်နေတဲ့ နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးနဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေမှာ တနှစ်ပြည့်ခဲ့တဲ့ ၂ဝဝ၉ ခုနှစ် မေလ ကနေ စက်တင်ဘာ လကုန်အထိ ငါးလတာ ကာလ အတွင်း လုပ်ငန်းအောင်မြင်မှုတွေ ရှိသလို တဖက်ကလည်း အခက်ခဲတွေ ရှိနေဆဲပဲလို့ အောက်တိုဘာလ ၉ ရက် နေ့စွဲနဲ့ ထုတ်ပြန်တဲ့ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနဲ့ လခြမ်းနီ အဖွဲ့ကြီးရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

နာဂစ်စ် လေဘေးဒုက္ခသည်များ ကူညီကယ်ဆယ်ရေးအတွက် တင်ပို့မည့် ဆေးဝါးပစ္စည်းများကို ဗန်ကောက် လေတပ်စခန်းတွင် မေလ ၁ဝရက်နေ့က ပြင်ဆင်နေပုံ ဖြစ်ပါသည်။ နိုင်ငံတကာမှ ပေးပို့ ကူညီသော ဆေးဝါးများကို အာနိသင် မပြယ်အောင် စနစ်တကျ သိုလှောင် သိမ်းဆည်းထားနိုင်ရန် အအေးခန်း အရေးတကြီး လိုအပ်ပါသည်။ (Photo: AFP)

အာအက်ဖ်အေ ဝိုင်းတော်သား ကိုကျော်မင်းထွန်းက ကောက်နှုတ် စုစည်းတင်ပြထားပါတယ်။

ကောက်နှုတ် စုစည်းတင်ပြချက် နားဆင်ရန် >>> ဒီမှာ ကလစ်ပါ ခင်ဗျား ...။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေ ပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

ရှမ်းအရှေ့မြောက်ကို ထိုးစစ်ဆင်ရန် နအဖတပ်များ အသင့်ဖြစ်နေ

Saturday, 10 October 2009 12:06 ဗထူး

စစ်အစိုးရက ဝပြည် သွေးစည်းညီညွတ်ရေးအဖွဲ့ (ဝသဖ) ဒေသကို ထိုးစစ်ဆင်ရန် နယ်မြေဒေသ အတွေ့ကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြင့် ပြင်ဆင်နေလျက်ရှိသည်။

မိုင်းလား၊ ပန်ဆန်းဒေသများကို ထိုးစစ်ဆင်ရန် တမခ (၉၉) နှင့် ရမခ လက်အောက်ခံတပ်များကို စနစ်တကျ ပြင်နေပြီဖြစ်ကြောင်း တပ်မတော်အရာရှိတဦးက ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေးတပ်မတော် စစ်သည်များ။
(Photo: www.mongloi.org)


“တမခ (၉၉) နဲ့ အရင် အဲဒီဒေသဘက်တွေကို ထိုးစစ်ဆင်ဖူးတဲ့ တပ်တွေပါမယ်။ လောလောဆယ် အဲဒီတပ်တွေကို မွန်းမံ သင်တန်းတွေ လုပ်နေတယ်” ဟု ပြောသည်။

ယင်းစစ်ဆင်ရေးအတွက် မိတ္ထီလာအမြောက်တပ်ရင်းများလည်း အသင့်အနေအထား ပြင်ဆင်ထားပြီး (ဝသဖ) နှင့် ဦးစိုင်းလင်း ဦးဆောင်သည့် မိုင်းလားအဖွဲ့များအနေဖြင့် ၎င်းတို့၏ ရပ်တည်ချက်များ မပယ်ဖျက်ပါက တိုက်ခိုက်ရန် အသင့်ပြင်ဆင်နေခြင်းဖြစ်ကြောင်း အဆိုပါ တပ်မတော်အရာရှိက ဆက်ပြောသည်။

“တရုတ်ရဲ့ နောက်ခံရှိနေတာကိုလည်း သိတယ်။ ဒါကြောင့် လုပ်ရကိုင်တွယ်ရ နည်းနည်းခက်နေတယ်။ တရုတ်နဲ့ ဆက်ဆံရေးက မရှိမဖြစ်လိုအပ်နေတော့ ဘယ်တော့ စစ်ဆင်ရေးစရမယ်ဆိုတာ ကျနော်တို့အနေနဲ့ ခန့်မှန်းရခက်နေတုန်းပဲ။ ဒါပေမဲ့ တပ်တွေအားလုံးကတော့ အသင့်အနေအထားပဲ” ဟု ပြောသည်။

ယခုစစ်ဆင်ရေးတွင် ပါဝင်မည့် အမှတ် (၉၉) တပ်မဌာနချုပ်၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ရှိ တပ်ရင်းများမှာ ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) နှင့် တိုက်ပွဲများအတွင်း အတွေ့အကြုံရှိသည့် တပ်ရင်းတပ်ဖွဲ့များဖြစ်သည်။

မြန်မာပြည်တွင် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များအထဲတွင် ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်သည် စစ်အင်အား နှစ်သောင်းခွဲမှ သုံးသောင်းအကျော်ထိရှိပြီး လက်နက်ကိုင် ပြည်သူ့စစ်အင်းအား လေးသောင်းခန့်ရှိသည့် အင်အားတောင့်တင်းဆုံး လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

မှတ်ချက် ။ ။ http://www.yoma3.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...

ပိတ်ဆို့မှု ပယ်သင့် မပယ်သင့် မဆုံးဖြတ်ရသေး

ပိတ်ဆို့မှု ပယ်သင့် မပယ်သင့် မဆုံးဖြတ်ရသေး

2009-10-11 ( RFA )

မြန်မာနိုင်ငံကို ချမှတ်ထားတဲ့ စီိးပွားရေး အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်သင့် မသင့်နဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ဟာ မူဝါဒရေးရာ ဆုံးဖြတ်ချက် မချမှတ်ရသေးဘူးလို့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှသံအမတ်ကြီးက အောက်တိုဘာလ ၁ဝ ရက်နေ့က ပြောကြားလိုက်ပါတယ်။

နိုင်ငံကို အုပ်ချုပ်နေတဲ့ စစ်အစိုးရအပေါ် ချမှတ်ထားတဲ့ အရေးယူပိတ်ဆို့မှုတွေကို ပယ်ဖျက်ဖို့အတွက် အနောက်တိုင်းသံတမန်တွေနဲ့ ရှားရှားပါးပါး တွေ့ဆုံခွင့်ရချိန်မှာ တိုက်တွန်းမယ် မတိုက်တွန်းဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ယတိပြတ် မဆုံးဖြတ်ရသေးဘူးလို့ ဗြိတိန် သံအမတ်ကြီး Andrew Heyn က သတင်းထောက်တွေကို ဘန်ကောက်မြို့မှာ ပြောကြားပါတယ်။

ဒါပေမယ့် အရေးယူပိတ်ဆို့တဲ့ မူဝါဒကို ပယ်သင့်မသင့် အနောက်နိုင်ငံတွေက ထားရှိတဲ့ သဘောထားကို ဒေါ်အောင်ဆန်းစုကြည်က မေးမြန်းတယ်လို့ ဆိုပါတယ်။ ဒီလို မေးမြန်းတဲ့အခါ မြန်မာနိုင်ငံက အကျဉ်းထောင်တွေမှာ နိုင်ငံရေးအကျဉ်းသား ၂၁ဝဝ ရှိနေတဲ့ကိစ္စ၊ လာမယ့်နှစ်မှာ ကျင်းပမယ့် ရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိကိစ္စ၊ တိုင်းရင်းသား လူနည်းစုတွေကို ကိုင်တွယ်ဆက်ဆံနေတဲ့ ကိစ္စတွေဘက် ဆွေးနွေးဖို့ ဦးတည်သွားတယ်လို့ ဗြိတိသျှ သံအမတ်ကြီးက ပြောပါတယ်။

အချက်အလက်ရှာတဲ့ ဆွေးနွေးပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ အတော့်ကို ရှင်းလင်း ပြတ်သားပြီး အရေးယူပိတ်ဆို့တာနဲ့ ပတ်သက်လို့တော့ မူဝါဒ မချမှတ်နိုင်သေးဘူးလို့ ဆိုပါတယ်။


မှတ်ချက် ။ ။ http://www.rfa.org မှ ကူးယူ မျှဝေပါသည်။

အပြည့်အစုံ ဖတ်ရန် ...