Saturday, January 24, 2009

ထိုင်း-မြန်မာ အောက်လမ်းခရီး ဟွေ့ဟင်ဖွန်ဂိတ်နှင့် (၉၉၉) လူပွဲစားများ

ရဲရင့်မြင့်မောင် / ၂၃ ဇန်န၀ါရီ ၂၀၀၉


ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ကမ်းနားရှိ အမှတ် (၁၀) ဂိတ်တည်ရှိရာ ထာ့အာရွာ၏တဖက်ကမ်း မြန်မာနိုင်ငံ မြဝတီ ဘက်ကမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သည် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေကြသည့် မြန်မာ နိုင်ငံသားများကို လူကုန်ကူးရောင်းဝယ်ဖောက်ကားရာ နေရာဒေသတခုအဖြစ် တည်ရှိလာခဲ့သည်မှာ ဆယ်စုနှစ်တခုခန့် ရှိခဲ့ပြီဖြစ်သော်လည်း မြန်မာအာဏာပိုင်များ၏ ခွင့်ပြုချက်ဖြင့် မြဝတီခရိုင်အာဏာပိုင်များ၊ ဒီကေဘီအေအဖွဲ့ဝင်များ၊ လူပွဲစားများ ပူးပေါင်းကာ လုပ်ကိုင်ကြသဖြင့် မည်သည့်အာဏာပိုင်အဖွဲ့အစည်းများမှ အရေးယူဆောင်ရွက်ခြင်းမရှိဘဲ ယနေ့ထက်တိုင် လူကုန်ကူးမှုများကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေလျက်ရှိသည်။

ဘန်ကောက်မြို့နှင့် ထိုင်းနိုင်ငံနေရာဒေသအနှံ့အပြားတွင် အလုပ်လုပ်ကိုင်နေကြသည့် မြန်မာအလုပ်သမားများမှာ မြန်မာ ပြည် ပြန်မည့်အချိန်တွင် မိမိတို့စုဆောင်းထားသည့် လုပ်အားခများကို နယ်စပ်ရှိ မိမိတို့ ဆွေမျိုးသားချင်း အသိမိတ်ဆွေ များထံ ဘဏ်မှတဆင့်ငွေလွှဲကြပြီး ဘန်ကောက်ရှိ မော်ချိကားဂိတ်သို့သွားကာ ဘန်ကောက်-မဲဆောက် ပြေးဆွဲသည့် ညကားဖြင့် မဲဆောက်သို့ ပြန်လာကြသည်။

မနက် (၅) နာရီခန့်တွင် မဲဆောက်မြို့အဝင် စစ်ဆေးရေးဂိတ်ကြီးဖြစ်သည့် ဟွေ့ဟင်ဖွန်ဂိတ် အရောက်တွင် ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်များ ကားပေါ်တက်လာပြီး “ဒီကားပေါ်မှာပါတဲ့ ဗမာ၊ ကရင်၊ မွန် အားလုံး ဆင်းကြပါ” ဟုဆိုလျှင် ကားပေါ်ပါ မြန်မာနိုင်ငံသားအားလုံး မိမိတို့ယူဆောင်လာသည့် ပစ္စည်း၊ အထုပ်အပိုးများနှင့်အတူ ကားပေါ်မှဆင်းပြီး အဖမ်းခံကြရသည်။

ဘန်ကောက်-မဲဆောက် ကားတစီးလျှင် နေ့စဉ်မြန်မာ (၁၅) ဦးမှ (၂၀) အထိ ပုံမှန်ပါရှိတတ်ပြီး မဲဆောက်-ဘန်ကောက်ပြေးဆွဲသည့် ခရီးသည်တင်လိုင်းကားကြီးများမှာ နေ့စဉ် (၁၅) စီးခန့် ပုံမှန်ပြေးဆွဲလျက်ရှိသည်။ ၎င်းနည်းလမ်းဖြင့် ဘန်ကောက်မှပြန်လာကြသည့် မြန်မာနိုင်ငံသားများ နေ့စဉ် (၁၀၀) မှ (၁၅၀) ခန့် ပုံမှန်ရှိသည်။ အခါကြီးရက်ကြီးများဖြစ်သည့် သင်္ကြန်ကာလ၊ နှစ်သစ်ကူးကာလ၊ သီတင်းကျွတ်ကာလများတွင် ဘန်ကောက်မှ လိုင်းကားစီး၍ ပြန်ဆင်းလာသူ နေ့စဉ် (၃၀၀) ခန့်ရှိသည်။

အဆိုပါ ထိုင်းလဝက၏ ဖမ်းဆီးခြင်းခံရသူများကို မဲဆောက် ထိုင်းလဝကရုံးတွင် ကိုယ်ရေးအချက်အလက်နှင့် ဓာတ်ပုံမှတ် တမ်းများယူပြီး ထိုင်းလဝက က ထိုင်းဘက်ကမ်း အမှတ် (၁၀) ဂိတ်မှ မြန်မာဘက်ခြမ်းရှိ (၉၉၉) ဒီကေဘီအေဂိတ်သို့ စာရင်းနှင့်တကွလွှဲအပ်ပြီး နယ်နှင်လိုက်သည်။ နယ်နှင်ခံရသည့် မြန်မာနိုင်ငံသားများ (၉၉၉) ဒီကေဘီအေဂိတ်သို့ ရောက်ရှိချိန်တွင် အသင့်စောင့်ဆိုင်းနေသော ဒီကေဘီအေဂိတ်မှ တာဝန်ရှိသူများက လူစာရင်းကောက်ယူပြီးနောက် ၎င်းတို့လက်သပ်မွေးထားသည့် အမာခံလူပွဲစားများထံသို့ ရောက်ရှိလာသူများကို တဦးလျှင် ထိုင်းဘတ်ငွေ (၉၀၀) နှုန်းဖြင့် အချိုးကျခွဲဝေပေးလိုက်သည်။ လူတဦး (၉၀၀) နှုန်းဖြင့် လူတရာအတွက် ဘတ်ငွေ (၉) သောင်းအား ဒီကေဘီအေသို့ ပေးရသည်။

ဒီကေဘီအေဂိတ်မှ ရွေးထုတ်သွားသူများကို ပွဲစားများက မိမိတို့နေအိမ်အသီးသီးသို့ ခေါ်ဆောင်သွားပြီး လူတဦးလျှင် (၁,၂၀၀) နှုန်းဖြင့် အရွေးခံစေသည်။ မြဝတီမှ အောက်ပြန်ဆင်းမည့် ခရီးစဉ်ကိုလည်း ၎င်းတို့ပိုင်ကားများဖြင့်သာ လိုရာသို့ သွားစေသည်။ ဘန်ကောက်ပြန်အများစုမှာ နယ်စပ်အခြေအနေအား ကြိုတင်သိရှိထားသဖြင့် အနည်းဆုံး ဘတ်ငွေ (၃-၄) ထောင်ခန့် ဆောင်ထားကြသည့်အတွက် ပွဲစားအား ငွေ (၁,၂၀၀) ပေး၍ ပွဲစား၏အစီစဉ်ဖြင့် မြဝတီမြို့ကားဂိတ်မှတဆင့် အနယ်နယ်အရပ်ရပ်သို့ လိုရာခရီးဆက်ကြရသည်။ အချို့ငွေပါမလာသူများအား ပွဲစားများက ၎င်းတို့အိမ်တွင် ထား၍ ထိုင်း နိုင်ငံနှင့် မြန်မာနိုင်ငံရှိ ဆွေမျိုးများအား အဆက်အသွယ်လုပ်စေပြီး ငွေဖြင့် လာ၍ရွေးရသည်။ လူကိုယ်တိုင်မလာနိုင်သူ များအနေဖြင့် ပွဲစား၏ဘဏ်စာရင်းမှတဆင့် ငွေလွှဲပေးရသည်။ လာရွေးမည့်လူမရောက်ခင်စပ်ကြား နေထိုင်စားသောက် ရေးအတွက် ပွဲစားက တရက် (၁၀၀) နှုန်းဖြင့် တာဝန်ယူကျွေးမွေးထားပြီး ရက်အလိုက် ကုန်ကျသမျှကို ဆွေမျိုးများက ငွေ ပေးချေပြီးမှ ခေါ်သွားခွင့်ရှိသည်။

လူတဦးလျှင် ဘတ် (၉၀၀) နှုန်းဖြင့် နေ့စဉ် လူ (၁၀၀) မှ (၂၀၀) အတွက် ရရှိသည့်ငွေများကို ဒီကေဘီအေသို့ ပေးရသည့်ကိစ္စနှင့် ပတ်သက်၍ မြန်မာလူပွဲစားတဦးက “ဒီကေဘီအေက ဒီငွေတွေကို အကုန်လုံးမရဘူး။ ထိုင်းလဝကကို လည်း ရာခိုင်နှုန်းနဲ့ ပြန်ပေးရတယ်။ လူတယောက်ကို ဒီကေဘီအေက (၉၀၀) ရတယ်။ ထိုင်းလဝကကို တယောက် သုံးရာနှုန်းနဲ့ ပြန်ပေးရတယ်လို့ သိရတယ်။ ဒါတရားဝင်တော့မဟုတ်ဘူး။ ထိုင်းလဝကရယ်၊ ဒီကေဘီအေရယ် မြန်မာလူပွဲစားတွေ သူတို့ညှိပြီးလုပ်ထားတဲ့ နားလည်မှုပဲ” ဟု ပြောသည်။

ယခင်ကဆိုလျှင် ဘန်ကောက်မှမဲဆောက်သို့ ပြန်လာသူများမှာ တရားဝင်မဟုတ်သောနည်းဖြင့် ထိုင်းလဝကကို တဦးလျှင် ဘတ် (၅၀၀) နှုန်း ဒဏ်ကြေးပေးဆောင်ရပြီး ထိုင်းလဝကမှ နယ်စပ်သို့ သွားရောက်ပို့ဆောင်ပေးသည်။ ၎င်းကိစ္စနှင့်ပတ် သက်၍ အထက်သို့တိုင်တန်းမှုများရှိ၍ ပြဿနာတက်သောကြောင့် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ခန့်ကစကာ ယခင်ကဲ့သို့ဘတ် (၅၀၀) ပေးဆောင်စရာ မလိုတော့သော်လည်း ထိုင်းလဝက၊ ဒီကေဘီအေနှင့် လူပွဲစားများညှိကာ နားလည်မှုဖြင့် ဆက်လက်လုပ်ကိုင်ကြသည်ဟု ဒီကေဘီအေ တပ်ဖွဲ့ဝင်တဦးက ပြောသည်။

အဆိုပါ (၉၉၉) ဒီကေဘီအေဂိတ်ကို အခြေပြု၍ လူပွဲစားများက မြဝတီမှတဆင့် ဘန်ကောက်သို့ အလုပ်သွားလုပ်မည့် မြန် မာနိုင်ငံသားများကို လူတဦးလျှင် ထိုင်းဘတ်ငွေ (၁၅,၀၀၀) ဖြင့် ပို့ဆောင်ပေးလျက်ရှိသည်။

လိုရာခရီးရောက်သူများရှိပြီး အချို့လမ်းခရီးတွင် ဖမ်းဆီးခံရကာ နယ်စပ်ပြန်ပို့ခံရသူများလည်းရှိသည်။ အချို့မှာ ခရီးစဉ်လမ်းကြောအတွင်း အကြောင်းအမျိုးမျိုးကြောင့် သေဆုံးသူများနှင့် ပျောက်ဆုံးသူများလည်း မကြာခဏ ဖြစ်လေ့ရှိသည်။

မြန်မာလူပွဲစားများက ဘန်ကောက် သွားမည့်သူများကို ထိုင်းဘက်ကမ်းသို့ တဆင့်ပေးပို့ပြီး ထိုင်းဘက်ကမ်းရှိ လူကြိုလူပို့မည့် ဒေသခံများနှင့် ဆက်သွယ်ကာ လိုရာခရီးသို့ ပို့ဆောင်ပေးကြသည်။ မဲဆောက်မှ ဘန်ကောက်သို့ သွားရာတွင် ကားကြီးကားငယ်များတွင် နည်းအမျိုးမျိုးဖြင့် ဝှက်ကာ တိုက်ရိုက်သယ်ဆောင်သူများရှိပြီး အချို့လူကယ်ရီများမှာ မဲဆောက်မှ တာခ်ခရိုင်မြို့အထိ တောလမ်းခရီးကို တရက်၊ နှစ်ရက်ခရီးခန့် လမ်းလျှောက်ရပြီး စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်း၍ သွားကြရသူများလည်း ရှိသည်။ အချို့တောလမ်းခရီးတွင် အဖမ်းခံရပြီး ငွေကုန်လူပန်းဖြစ်ရသူများနှင့် ဖျားနာ၍သေဆုံးသူများလည်း မကြာခဏ ရှိသည်ဟု ကိုယ်တွေ့ကြုံခဲ့ ရသူတဦးက ပြောသည်။

လက်ရှိမြန်မာနိုင်ငံ၏ စီးပွားရေးချွတ်ခြုံကျမှုကြောင့် မြန်မာနိုင်ငံအရပ်ရပ်မှ လူငယ်၊ လူရွယ်အများစုမှာ လုပ်အားခပိုမိုရရှိ သည့် ထိုင်းနိုင်ငံသို့ မည်မျှပင်အခက်အခဲနှင့် အန္တရာယ်ရှိစေကာမူ မြန်မာပြည်တွင် ငတ်တလှည့်၊ ပြတ်တလှည့်ဖြင့် နေရ သည်ထက် ယခုကဲ့သို့ စွန့်စားပါက မြန်မာနိုင်ငံထက်စာလျှင် မျှော်လင့်ချက်များစွာရှိသည်ဟု လယ်သမားဘဝကိုကျောခိုင်း ပြီး မိသားစုနှင့်အတူ မဲဆောက်ရောက်လာသည့် ပဲခူးမြို့သား ကိုတင်အောင်က ပြောသည်။

(၉၉၉) ဂိတ်မှ လူပွဲစားအမျိုးသမီးတဦးက “လူကုန်မှုဥပဒေတွေဘာတွေ ငါတို့မသိဘူး။ ဘယ်သူ့ဆီမှလည်း ပိုက်ဆံအလ ကားမတောင်းဘူး။ တန်ရာတန်ကြေးပဲယူတယ်။ အကုန်လုံးရတာလည်း မဟုတ်ဘူး။ ဟိုခွံ့ဒီခွံ့လိုက်လုပ်ရတာတွေလည်း
အများကြီးရှိတယ်။ ဘန်ကောက်သွားဖို့ လာခဲ့ကြလို့ ဘယ်သူ့ကိုမှမခေါ်ဘူး၊ ဒီဂိတ်က ပြန်လာကြပါလို့ ဘယ်သူ့ကိုမှလည်း မပြောဘူး၊ သွားမယ့်သူက သူတို့ဘာသာသူတို့ သွားကြလာကြတာပဲ။ ကားတန်းတရက်ခြား အောက်ကနေ မြဝတီကို တက်လာတဲ့လူ တနေ့ (၃-၄) ရာလောက်ရှိတယ်။ ကိုယ်တိုင်လုပ်တာလည်း မဟုတ်ဘူး၊ ငါတို့ကတဆင့်ခံပွဲစားပဲ။ ငါတို့ရတာပဲ လူမြင်တယ်၊ ပြဿနာဖြစ်လို့ အဖမ်းခံရတာ၊ ငွေကုန်တာ ဘယ်သူမှမမြင်ဘူး။ မြဝတီမှာက အကုန်လုံးနဲ့ ဝေစားမျှစားလုပ်ရတယ်။ အဲလိုလုပ်တာတောင်မှ မနှစ်က ပွဲစားတယောက် နေပြည်တော်က လာဖမ်းလို့ အခု ထောင်ကျနေတယ်။ မထွက်သေးဘူး။ ဘန်ကောက်က ပြန်လာတဲ့သူတွေကို ငါတို့က (၉၀၀) နဲ့ရွေးပြီး (၁,၂၀၀) နဲ့ ပြန်တောင်းတယ်။ တချို့ပြန်လာတဲ့ လူတွေ မြဝတီက ဟိုလူကြီးအမျိုး၊ ဒီလူကြီးအမျိုးဆိုပြီးတော့ ဒီအတိုင်းလာခေါ်သွားတယ်။ အဲဒါတွေကျတော့ ငါတို့စိုက်ထားတာတွေ တပြားမှပြန်မရဘူး။ လူတွေကို မလာစေချင်ရင် မြဝတီမှာ အဝင်မခံနဲ့ပေါ့။ ကော့ကရိတ်မှာ ပိတ်ဖမ်းပါလား။ ဘယ်သူလာရဲမလဲ။ သိချင်ရင်အောက်ဆင်းသွား၊ ကရင်ပြည်နယ်မှာဆိုရင် ရွာတိုင်းပဲ အပျိုလူပျိုမရှိတော့ဘူး။ အားလုံး ထိုင်းမှာချည်းပဲ။ ဒီကိစ္စရဲ့ အရင်းခံဟာ ပွဲစားမဟုတ်ဘူး၊ သဘောပေါက်" ဟု ခေတ်ပြိုင်သို့ ပြောသည်။

ထိုင်းလဝကမှ (၉၉၉) ဂိတ်သို့ ပြန်ပို့သည့် ဘန်ကောက်ပြန်များမှာ ငွေကြေးရှိပြီး မိမိအစီစဉ်ဖြင့် ပြန်လာကြသူများကိုသာ အဓိကပို့ဆောင်ပေးပြီး မိမိအစီစဉ်ဖြင့်မဟုတ်ဘဲ ဘန်ကောက်နှင့် အခြားဒေသများတွင် အဖမ်းခံရ၍ ပြန်လာကြသူများကို ထိုင်းလဝကက အခြားဂိတ်များမှတဆင့် မြဝတီဘက်ပြန်ပို့ကြသည်။

မဲဆောက်မှမြဝတီသို့ ဝင်ရောက်ရာတွင် (၉၉၉) ဂိတ်အပါအဝင် ထိုင်း-မြန်မာချစ်ကြည်ရေးတံတားကြီး၏ ဘေးဝဲယာတွင် ထိုင်း-မြန်မာနှစ်နိုင်ငံနားလည်မှုဖြင့် ဖွင့်လှစ်ထားသည့် လှေဆိပ် (၁၇) ဂိတ်ရှိသည်။ အဖမ်းခံရ၍ ရောက်ရှိလာသူများမှာ ငွေကြေးမပါရှိကြဘဲ အဝတ်တထည် ကိုယ်တခုဖြင့် ပြန်လာကြသူများ ဖြစ်ကြသည်။ ထိုင်းနိုင်ငံအတွင်း တရားမဝင် နေထိုင်သူများ ဖမ်းဆီးခံရပါက ငွေရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ထိုင်းလူဝင်မှုကြီးကြပ်ရေးအဖွဲ့က ဥပဒေအရ သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ရမည်ဖြစ်သည်ဟု မဲဆောက်အခြေစိုက် ရောင်ခြည်ဦး မြန်မာအလုပ်သမားအဖွဲ့မှ ဥပဒေရေးရာတာဝန်ခံ ကိုကျော်ထွေးက ပြောသည်။

ကားတန်းတရက်ခြား မြဝတီမြို့မှတဆင့် မဲဆောက်ဒေသအတွင်း ဝင်ရောက်ပြီး အလုပ်အကိုင်ရှာဖွေသူ (၃၀၀) ခန့်ရှိသည် ဟု ထိုင်းလူဝင်မှုကြီးကြပ်ရေးတပ်ဖွဲ့ဝင်တဦးက ခန့်မှန်းပြောဆိုသည်။ မြန်မာလူကယ်ရီတဦး၏အဆိုအရ ဘန်ကောက်နှင့် ထိုင်းနိုင်ငံအတွင်းပိုင်းသို့ မဲဆောက်မြို့မှတဆင့် ဝင်ရောက်သူများမှာ နေ့စဉ်လူဦးရေ (၁၅၀) ခန့်ရှိသည်ဟု ဆိုသည်။

ထိုင်းအစိုးရက ၂၀၀၈ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းလိုက်သည့် လူကုန်ကူးမှုဆိုင်ရာ တိုက်ဖျက်ရေးဥပဒေ (BE ၂၅၅၁) အရ ထိုင်းအာဏာပိုင်များက မြန်မာအပါအဝင် အခြားအိမ်နီးချင်းနိုင်ငံအချို့မှ အလုပ်အကိုင်လာရောက် ရှာဖွေသူများအား ထိုင်း နိုင်ငံအတွင်းသို့ အလုံးအရင်းနှင့် ဝင်ရောက်မှုတားဆီးရေးကို အရှိန်အဟုန်ဖြင့် လုပ်ကိုင်လျက်ရှိသော်လည်း သန်းချီသည့် တရားမဝင် ဝင်ရောက်သူများ ထိုင်းနိုင်ငံအတွင်းသို့ ရောက်ရှိနေခြင်းသည် လူကုန်ကူးမှုများတွင် ဒေသခံများနှင့် အာဏာ ပိုင်အချို့ ပါဝင်ပတ်သက်မှုရှိ၍သာ ဖြစ်သည်ဟု မြန်မာရွှေ့ပြောင်းအလုပ်သမား အကူအညီပေးရေးအဖွဲ့တခုမှ တာဝန်ရှိသူ တဦးက သုံးသပ်ပြောဆိုသည်။

ထိုင်းနှင့်မြန်မာ နှစ်နိုင်ငံကြားတွင်လည်း နယ်စပ်ဖြတ်ကျော်သည့် လူကုန်ကူးမှုတွင် နှစ်နိုင်ငံ အာဏာပိုင် အဖွဲ့အစည်းများနှင့် ဒေသခံအာဏာပိုင်များ ပါဝင်ပတ်သက်မှုမရှိလျှင် ယခုကဲ့သို့ လူကုန်ကူးမှုနှင့် ဆက်စပ်သည့် အခြေနေဆိုးများ ဖြစ်ပေါ်လာနိုင်မည် မဟုတ်ကြောင်းလည်း ဆက်လက်ပြောကြားသည်။

ထိုင်းရှေ့နေများအဖွဲ့က ကမကထပြုပြီး မဲဆောက်မြို့တွင် ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေ ရေးရာဆွေးနွေးပွဲတခုတွင် လာရောက်ဆွေးနွေးပို့ချသည့် ထိုင်းရှေ့နေအဖွဲ့မှ ရှေ့နေတဦးက ဆွေးနွေးပွဲတက်ရောက်လာ သည့် မြန်မာ့အရေးဆောင်ရွက်နေကြသော အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များကို “ထိုင်းနိုင်ငံမှာ လာဘ်စားမှု တွေရှိတဲ့အတွက် အဲဒါကိုခင်ဗျားတို့ ကျေးဇူးတင်ရမယ်။ ဒီကလူတွေလာဘ်မစားဘူးဆိုရင် ခင်ဗျားတို့အခုလိုတောင် ဒီဆွေး နွေးပွဲကို လာတက်ခွင့်ရမှာ မဟုတ်ဘူး” ဟု ပြောကြားခဲ့သည်။

မြဝတီခရိုင်အတွင်း ဖြစ်ပွားနေသည့် လူကုန်ကူးမှုများနှင့်ပတ်သက် ၍ မြဝတီမြို့ခံကုန်သည်တဦးက "ဒီကိစ္စမှာ ဒီကေဘီ အေနဲ့လူပွဲစား တွေ အဓိကလုပ်နေကြပေမယ့် တကယ်မရှိမဖြစ်ကတော့ ခရိုင်အာဏာပိုင်တွေရဲ့ ပါဝင်ပတ်သက်မှုက အဓိက ကျပါတယ်။ ခရိုင်အာဏာပိုင်တွေရဲ့ နားလည်မှုမရရင် မြဝတီမှာ ဘာမှလုပ်လို့ မရပါဘူး။ မနှစ်ကဆိုရင် (၉၉၉) ဂိတ်က ပွဲစားကြီးတဦးကို နေပြည်တော်က တိုက်ရိုက်လာဖမ်းပြီး လူကုန်ကူးမှုနဲ့ အဲဒီလူ အခု ထောင်ကျနေတယ်။ အဲဒီလူကို စစ်ကြောရေးဝင်တော့ အကုန်ဖော် ရတော့တာပဲ။ ခရိုင်အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ရပ်ကွက် အဆင့်ကို ဘယ်လောက်ပေးရတယ်၊ ဘယ်သူ့ကို ရာခိုင်နှုန်း ဘယ်လောက်ပေးရလဲ၊ လစဉ်ကြေးဘယ်လောက်ပေးရသလဲ ဆိုတာကအစ ဖော်တော့ သူတို့ ပိုက်ဆံပေးရတဲ့လူတွေထဲမှာ မြဝတီခရိုင်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌ ဦးအောင်ဆွေညွန့်လည်း ပါဝင်ပတ်သက်နေတဲ့အတွက် နေပြည်တော်ကနေ သူ့ကို မနှစ်ကနယ်ပြောင်းပြီး အရေးယူလိုက် တယ်။ ကျနော်တို့နိုင်ငံမှာက လူကုန်ကူးမှုမှာ ပါဝင်ပတ်သက်တဲ့ ခရိုင်ဥက္ကဋ္ဌလိုအဆင့်တောင် နယ်ပြောင်းတာလောက်ပဲ အရေးယူ ခံရတယ်။ တကယ် တိုင်းပြည်ကောင်းအောင် လုပ်မယ့်လူတွေကို တော့ ထောင်နှစ် (၁၀၀) တို့၊ (၇၀) တို့ချတာတွေ လုပ်တယ်။ ကျနော်တို့နိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးစနစ်ကို တွက်သာကြည့် တော့။ အခုသူ့နေရာမှာလာတဲ့ မြဝတီခရိုင်ဥက္ကဋ္ဌ ဗိုလ်မှူးထွန်းထွန်း လက်ထက်မှာလည်း အစကတော့ ဟုတ်မလိုလိုနဲ့ အခုပုံမှန်လိုပဲ ပြန်ဖြစ်နေပါပြီ။ ဒီကေဘီအေနဲ့ လူပွဲစားတွေဟာ ဘန်ကောက်က ပြန်လာတဲ့လူတွေကို ရွေးထုတ်တာအပြင် နေ့တိုင်းဘန်ကောက်ကို ခိုးသွားကြတဲ့ မြန်မာတွေကိုလည်း သူတို့ပဲ လူပွဲစားလုပ်ပြီး စီစဉ်ဆောင်ရွက်ပေးနေတာပါ။ ဒီကိစ္စ ကနေ့အထိ လုပ်လို့ရနေတာကတော့ အာဏာပိုင်တွေရဲ့ ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်တယ်။ ခက်တာက မြဝတီမှာ အမှန်ပြောရင် ပြဿနာရှိတယ်” ဟု ပြောသည်။

လူပွဲစားများသည် မြဝတီ-ဘားအံ ပြေးဆွဲသည့်ကားများ အသီးသီးဝယ်ထားကြပြီး ဘန်ကောက်တက်၍ အလုပ်လုပ်မည့် လူများအား ဘားအံမှတဆင့် မြဝတီ၊ ဘန်ကောက်သို့ တိုက်ရိုက်ပို့ဆောင်ပေးမှုများလည်း ရှိသည်။

ဘားအံမှ စထွက်ရာတွင် မှတ်ပုံတင်မရှိသူများအတွက် လူပွဲစားများက ဘားအံနှင့်မြဝတီကြားရှိ စစ်ဆေးရေးဂိတ်များကို လာဘ်ငွေပေး၍ အခက်အခဲမရှိ ဖြတ်ကျော်နိုင်ကြပြီး မြဝတီရောက်ရှိသည့်အခါ ၎င်းတို့ခေါ်လာသူများအား ဒီကေဘီအေ (၉၉၉) ဂိတ်အတွင်းသို့ ခေါ်ဆောင်သွားပြီး ၎င်းတို့အိမ်များတွင် တည်းခိုစေသည်။ ထိုမှတဆင့်ဘန်ကောက်သို့ ဘတ် (၁၅,၀၀၀) နှုန်းဖြင့် လက်ငင်း ငွေပေးချေပြီးမှ ဆက်လက်ပို့ဆောင်ပေးသည်။ ဘားအံ-မြဝတီလမ်းကြောအတွက် ကုန်ကျသည့်လမ်းခရီးစရိတ် ကျပ် (၁) သောင်းခန့်ကိုလည်း သီးခြားပေးရသည်ဟု သိရှိရသည်။

မြဝတီမှ မြန်မာဘုန်းတော်ကြီးတစ်ပါးက “ဒီကိစ္စဘာကြောင့် ဖြစ်ရသလဲဆိုတာ လူတွေအားလုံးသိကြပါတယ်။ မြန်မာပြည် ကို အုပ်ချုပ်မင်းလုပ်နေတဲ့လူတွေလည်း သူတို့သိကြပါတယ်။ ခက်တာက အမှန်တရားကို သူတို့လက်မခံကြဘူး။ သူတို့ဖြစ် ချင်တာပဲ သူတို့လုပ်တယ်။ တိုင်းပြည် မအေးချမ်းသရွေ့တော့ ဒီပြဿနာတွေ ရှိနေအုံးမှာပဲ။ တိုင်းပြည် အေးချမ်းမှပဲ လူထု တွေလည်း သက်သာမယ်။ ဒါမှမဟုတ်ပဲ ဒီအတိုင်းသာ ဆက်သွားမယ်ဆိုရင်တော့ ဒီဒုက္ခသံသရာကြီးဟာ ဒီလိုပဲ သံသရာ လည်နေမှာဖြစ်တယ်” ဟု မိန့်ကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေကြသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများ၏အဆိုအရ ထိုင်းနိုင်ငံအတွင်း တရားမဝင်ရောက်ရှိနေသည့် မြန်မာနိုင်ငံသား (၂) သန်းခန့်ရှိပြီး ထိုင်းအလုပ်သမားဝန်ကြီးဌာနတွင် တရားဝင် အလုပ်လုပ်ကိုင်ခွင့် မှတ်ပုံတင်ထားသူမှာ (၅) သိန်းခန့်ရှိသည်ဟု သိရသည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

သောင်ရင်းကမ်းစပ်က ဆုတောင်း


“သောင်ရင်းကမ်းစပ်က ဆုတောင်း”


ဒီကနေ့ရဲ့အနာဂတ်ဟာ
နက်ဖြန်ခါမှာ ပစ္စုပန်ဖြစ်တော့
သြော်... ဒီလိုဟိုလိုတွေ
လှိမ့်တချီ ပြန်တလှည့်နဲ့
ရွှေရေစိမ်သရဖူအတွက် ကြိုးဝိုင်းက
ကန္တာရဆန်လှတယ်ကွယ်...

အလဲထိုးခံလိုက်ရတဲ့
ရှောင်ချိန်မဲ့ ၀ိုက်လက်သီးများ
အားပေးသူမရှိပေမယ့် လှလိုက်တဲ့ပွဲ
လောကဓံနဲ့ လူ၊ လူနဲ့ လောကဓံသာ...

လီယိုတော်စတွိုင်းရဲ့
“လူတယောက်မြေဘယ်လောက်များများလိုသလဲ”
ဒါဟာ ယနေ့ဒစ်ဂျစ်တယ်လ်ရာစုရဲ့
လမ်းဘေးလက်ဖက်ရည်ဆိုင်ဟာသဖြစ်ခဲ့ပေါ့
ရယ်ရမလို ငိုရမလိုဘ၀များ
ပြောမဆုံးအောင် မိုးလင်းခဲ့ရ ညများနဲ့
ရွှေတို့ရဲ့ ငိုချင်းရှည်...

ဒီသွေးမြစ်တစင်းပေါ်
မိုးခါးရေတွေ အလျံအပယ်ရွာချ
ဟပြဲနေတဲ့ ပါးစပ်များသာ
ရီရယ်လစ်ဇမ် ဖြစ်သွားခဲ့ပြီ...

ဒါတွေအားလုံး ပြည်ဖုံးကားချ
အိမ်ပြန်လမ်းတွေ ဖြူးဖြောင့်
တခြမ်းပဲ့အသိုက်တွေကင်းလို့
ကဗျာဆရာတွေ အမိမြေပေါ်
ကဗျာရွတ်နိုင်ကြစေသား...



ရဲဝင့်သူ

၁၇.၃.၂၀၀၈


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.yewintthu.co.cc မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

မြန်မာပြည်လွတ်မြောက်ရေးအဖွဲ့ချူပ် (Free Burma Federation) ၏ ပြည်တွင်းလှုပ်ရှားမှုအဖြစ် ဦးသန့် ပုံပါ စာရွက်များအား ရန်ကုန်မြို့ တွင် ဖြန့်ဝေ။




မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://freeburmafederation.blogspot.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Friday, January 23, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-၂


ဗိုလ်ထက်မင်း / ၂၃ ဇန်န၀ါရီ ၂၀၀၉


နအဖရဲ့  One Army group အရ အပစ်ရပ်အဖွဲ့ကို မြန်မာတပ်မတော်မှာ လက်ခံမယ်ဆိုရင် လည်း သူတို့အား အဆင့်တူပေးဖို့ အခက်အခဲတွေ ရှိနေပါသေးတယ်။

သူတို့ရဲ့  ဗိုလ်ကြီးတဦးကို မြန်မာ့တပ်မတော်မှာ တပ်ခွဲမှူးရာထူး ဗိုလ်ကြီးအဆင့် ပေးမယ်ဆိုရင် စစ်နည်းဗျူဟာ သင်ခန်းစာများ စနစ်တကျ မသင်ခဲ့ရလို့ မကျွမ်းကျင်မှု အပြင် ပညာရေး အဆင့်အတန်း၊ ဘာသာစကား ကလည်း စကားပြောပြီး မြန်မာစစ်သားများရဲ့ ကြည်ညိုလေးစားမှုကို ရရန် တော်တော် ခက်ခက်ခဲခဲ တည်ဆောက်ရဖို့ ရှိပါတယ်။

အချို့အပစ်ရပ်အဖွဲ့တွေဆိုရင် ပါတီတရပ်အသွင်ကူးပြောင်းပြီး သူတို့ရဲ့ လူမျိုးစုဆိုင်ရာ ပါတီမရှိခဲ့တာကြောင့် ရွေးကောက်ပွဲဝင်ဖို့ စိုင်းပြင်းနေကြပါတယ်။ လွှတ်တော်မှာ တရားဝင် ပြောရေးဆိုခွင့် အခွင့်အရေး လက်လွှတ်သွားကြမှာ စိုးရိမ်ဟန် ရှိပါတယ်။

ဒါပေမယ့် ကချင်ပြည်နယ်မှာပင် ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (KIA) က လုပ်မယ့်ပါတီတရပ်ကို စခုန်တိန်ယိန်း ဦးစီးတဲ့ ဒီမိုကရေစီသစ်တပ်မတော်-ကချင် NDA (K) နဲ့ KIA ခွဲထွက် ဗိုလ်မှူးကြီး လဆန်အောင်ဝါတို့ အဖွဲ့တွေ ပူးပေါင်းပါဝင်မှု ရှိ မရှိ မသေချာသေးကြောင်း သိရပါတယ်။

နအဖက လက်နက်ကိုင် အပစ်ရပ်အဖွဲ့တွေကို လက်နက်ဖြုတ်သိမ်းဖို့ ကြိုးစားတဲ့နေရာမှာ အပစ်ရပ်အဖွဲ့တွေက ပါတီတရပ်အဖြစ် ၀င်မယ်ဆိုရင် အခြေခံဥပဒေအရ လက်နက်ကိုင် မိခင်တပ်က အပြီးအပိုင် ထွက်ရမှာဖြစ်လို့ သူ့အလိုလို လက်နက် ဖြုတ်ခိုင်းပြီးသား ဖြစ်သွားမှာကိုလည်း အပစ်ရပ်အဖွဲ့တွေက စိုးရိမ်နေကြပါတယ်။ ဒါကြောင့် အချို့အပစ်ရပ်အဖွဲ့တွေက လက်နက်ဖြုတ်ခိုင်းတာ မခံချင်တာကြောင့် ရွေးကောက်ပွဲ မ၀င်ဘူးလို့ ပြောနေသံလည်း ကြားနေရပါတယ်။

တချို့ အားနည်းတဲ့ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေကို ရှမ်းပြည်နယ်မှာ နအဖက အင်အားသုံး ခြိမ်းခြောက်လက်နက်ဖြုတ်ဖို့ သွေးထိုးစမ်းကြည့်တဲ့အခါမှာ အင်အားကြီး အပစ်ရပ်အဖွဲ့တွေရဲ့  ဝေဖန်သံ ပွက်လောရိုက်သွားလို့ နအဖလည်း အရှိန်တန့်သွားပါသေးတယ်။

နအဖနဲ့ ငြိမ်းချမ်းရေး ရယူထားခဲ့တဲ့ ထဲဘူးဖဲ ဦးစီး ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) နဲ့ စိုင်းရီ ဦးစီး ရှမ်းပြည်အမျိုးသားတပ်မတော် (SSNA) (တပ်မဟာ ၁၁၊ ၁၉) အဖွဲ့၊ ခွန်သူရိန် ဦးစီး (ပင်မအဖွဲ့တချို့  မပါ) ရှမ်းပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးအဖွဲ့ (ရလလဖ) အဖွဲ့တို့ဟာလည်း နအဖနဲ့ ပဋိပက္ခဖြစ်ပြီး တောထဲ ပြန်ဝင်သွားကြပါတယ်။

ဒါကြောင့် အဖွဲ့ဝင်အားလုံးပါတဲ့ KNPP နဲ့ SSNA နှစ်ဖွဲ့ နုတ်လိုက်ပါက လက်ကျန်အဖွဲ့ စုစုပေါင်း (၃၄) ဖွဲ့ရှိရာ အပစ်ရပ် လက်နက်ကိုင်အဖွဲ့နှင့် လက်နက်ကိုင် စွန့်လွှတ် ထားသော အဖွဲ့များ အပါအ၀င် အုပ်စုအမျိုးအစားအနေနဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့နဲ့ အင်အားငယ်သော အဖွဲ့ငယ် (၁၉) ဖွဲ့ပါဝင်ပါတယ်။ အဲဒီ အဖွဲ့တွေရဲ့  ခေါင်းဆောင်များ၊ အဖွဲ့အမည်တွေနဲ့ ငြိမ်းချမ်းရေး စတင်ဝင်ရောက်ခဲ့စဉ်က အင်အား (လက်နက်စာရင်း အမှန်မရှိနိုင်၍ မဖော်ပြတော့ပါ) စာရင်းကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ်။


မှတ်ချက်။ ။ ဂျော်နီထူး ဦးစီး ကရင် God's Army (၁၀ ဦး)၊ ဒေးမူး KNPP၊ စောဘေးဘေ KNPP နဲ့ တိတ်စိုး/သန်းစိုးအောင် ရခိုင်အမျိုးသားညီညွတ်ရေးပါတီ (NUPA) တို့ဟာ အင်အားနည်းပြီး တဦးချင်း ၀င်၍ အဖွဲ့အနေနဲ့ မဖော်ပြတော့ပါ။

အင်အား (၁) ထောင် အထက်ရှိလို့ အနက်လိုင်း တင်ထားတဲ့ အင်အားကြီးအဖွဲ့ (၁၅) ဖွဲ့ထဲမှ မော်ထိုင်းတပ်မတော် (MTA) အဖွဲ့အား လက်နက်အချို့  ပြန်လည်ထုတ်ပေးပြီး ဒေသ ပြည်သူ့စစ် အဖွဲ့အနေနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းမှာ (၉) ဖွဲ့ ဖြန့်ခွဲထားပါတယ်။

ဒါ့အပြင် နအဖက လက်နက်တပ်ဆင် ဖွဲ့စည်းပေးထားသော သီးခြားအဖွဲ့သစ်အဖြစ် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ပြည်သူ့စစ်အဖွဲ့ (၉) ဖွဲ့ ရှိပါသေးတယ်။ အဲဒီ ပြည်သူ့စစ်အဖွဲ့ အမည်များမှာ မုံးကိုး၊ ဖောင်းဆိုင်း၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်၊ မုံးပေါ်၊ မူဆယ်၊ နမ့်ခမ်း၊ မိုင်းငေါ့ တို့ ဖြစ်ပါတယ်။

အဲဒီလို အဖွဲ့ပေါင်းများစွာကို ကိုင်တွယ်နိုင်ဖို့ နအဖက ငြိမ်းချမ်းရေး ရယူခဲ့စဉ်မှာ သဘောတူညီချက် (၁၄) ချက် ထားရှိပေမယ့် အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေက နအဖရဲ့ မရိုးသားမှုကို သိရှိလာတာရယ်၊ အချင်းချင်း မယုံသင်္ကာ သံသယစိတ် ရှိတာရယ်ကြောင့် စည်းကမ်းချက်တွေအား မထိန်းဘဲ ဖောက်ဖျက်မှုတွေ ရှိကြပါတယ်။

အဲဒီ (၁၄) ချက်အနက် ဖောက်ဖျက်ခဲ့တဲ့အချက်အများစုကို ရှင်းပြရရင်

-အစိုးရ ဆန့်ကျင်တဲ့ အဖွဲ့အစည်းများနှင့် လုံးဝ မဆက်သွယ်ရန် ဆိုတာကို လျှို့ဝှက်စွာ ဆက်သွယ်နေကြခြင်း၊

-လက်ရှိ တပ်အင်အားအပြင် ထပ်မံတိုးချဲ့ ခြင်း၊ လူသစ် မစုရန်ဆိုတာကို မလိုက်နာဘဲ KIA နဲ့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ အင်အားများ တိုးချဲ့ နေကြခြင်း၊

-သင်တန်းဖွင့်လှစ်၍ စစ်ရေးလေ့ကျင့်မှုများ မပြုလုပ်ရန် ဆိုတာကို နားမထောင်ဘဲ UWSA၊ KIA၊ မွန်ပြည်သစ်ပါတီ (NMSP) အပစ်ရပ်အဖွဲ့များ စစ်ရေးပြ သင်တန်းဆင်းပွဲများ အကြိမ်ကြိမ် ပြုလုပ်ကြခြင်း၊

-လူ လက်နက် ခဲယမ်း ဖွဲ့စည်းပုံစာရင်း အသေးစိတ်ပေးရန် ဆိုတာကို နှိပ်ကွပ်မှာ စိုးလို့ အင်အားကို လျော့ပြီး မမှန်မကန် ပေးထားခြင်း၊

-ဆက်ကြေးကောက်ခြင်း၊ ဘိန်းခွန်ကောက်ခြင်း၊ ဘိန်းလုပ်ငန်းကို လုပ်ကိုင်ခြင်း၊ လူထုကို အနိုင်ကျင့်ခြင်း စတာတွေ လုံးဝမပြုရ ဆိုတဲ့အချက်တွေ ဖြစ်ပါတယ်။

ဒါပေမယ့် တိုးတက်သောဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) အပါအ၀င် ရှမ်းပြည်နယ်ရှိ အပစ်ရပ် တိုင်းရင်းသားအဖွဲ့ အများစုက အလေးအနက် လိုက်နာခြင်း မပြုဘဲ လုပ်ကိုင်ဆောင်ရွက်နေကြခြင်း၊ သတ်မှတ်နယ်မြေတွင် သွားလာ၍ ရသော်လည်း အခြားနေရာများ သွားလာလိုပါက တပ်စခန်းများသို့ သတင်းပို့၍ လက်နက်မဲ့ သွားလာရန် ဆိုတာကို နားမထောင်ဘဲ မန္တလေးမြို့ တော်အထိ ပစ္စတိုကဲ့သို့ လက်နက်တိုများ ယူဆောင်သွားရာ စားသောက်ဆိုင်များတွင် ပြဿနာ တက်ရာမှ တိုင်းမှူးနှင့် ထိပ်တိုက် တွေ့ခြင်း၊ နိုင်ငံရေးပါတီများနှင့် ကင်းရှင်းစွာ နေထိုင်ရန် ဆိုတာကို တရားမ၀င်ရော၊ တရားဝင်ပါ ဆက်သွယ်ကြခြင်း၊ အစိုးရရဲ့  အုပ်ချုပ်ရေး၊ စီမံခန့်ခွဲရေး၊ တရားစီရင်ရေး အပိုင်းများမှာ ၀င်ရောက်စွက်ဖက်ခြင်း မပြုရန် ဆိုတာကို အပစ်ရပ်အဖွဲ့များက မြို့များ ပေါ်တွင် သူတို့ရဲ့  တပ်ဖွဲ့ဝင်တွေ ပြဿနာ ဖြစ်ပွားတာနဲ့ ရဲနဲ့ တရားသူကြီးအား ခြိမ်းခြောက်ခြင်းနဲ့ စစ်ထောက်လှမ်းရေး အကာအကွယ်သုံးပြီး ဆွဲထုတ်ခြင်း စတဲ့ ဖောက်ဖျက် ကျူးလွန်နေကြတာတွေ အားလုံးကို နအဖက အတွင်းကြိတ်ပြီး ဖြေရှင်းနေရတာတွေ အများကြီး ရှိပါတယ်။

အရေးကြီးဆုံး အချက်ဖြစ်တဲ့ အချက် နံပါတ် (၂) အရ အပစ်ရပ်အဖွဲ့တွေအနေနဲ့ လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ် စွန့်လွှတ်ရန်ဆိုတဲ့ အချက်ကို စစ်အာဏာရှင်တွေ မလုပ်နိုင်သေးတာ တွေ့ရပါတယ်။

စရဖ မှ ဗိုလ်ရဲမြင့်ဟာ အပစ်ရပ် တိုင်းရင်းသားအဖွဲ့တွေနဲ့ ညှိနှိုင်းနေပြီး နည်းလမ်း ရှာဖွေ နေကြပါတယ်။ ဗိုလ်ရဲမြင့်ဟာ ရှမ်းအရှေ့  မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေး အဖွဲ့ခေါင်းဆောင် ဦးစိုင်းလင်းကို တွေ့ဆုံကာ လာမယ့်ရွေးကောက်ပွဲမှာ ခေါင်းဆောင်များအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ရန် တိုက်တွန်းခဲ့ပါတယ်။

အချို့သော တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များအနေနဲ့ စစ်အစိုးရ ချဉ်းကပ်လာတဲ့ “အပစ်အခတ်ရပ်စဲရေး ပုံစံအသစ်” အား လက်ခံလိုတဲ့ သဘောရှိဟန်တူပါတယ်။ သူတို့က လိုချင်တဲ့ နိုင်ငံရေး အခွင့်အရေးတချို့ကိုလည်း ရမယ်။ မိမိတို့ရဲ့ လက်နက်ကိုင်တပ်ကိုလည်း ဖျက်သိမ်းဖို့ မလိုတဲ့အတွက် စစ်အစိုးရ ကမ်းလှမ်းလာတဲ့ ထိုအပစ်အခတ် ရပ်စဲရေးပုံစံသစ်အား သဘောကျကောင်း ကျနိုင်ပါတယ်။

လက်ခံမယ်ဆိုရင် စစ်အစိုးရ အထိုက်အလျောက်ခွဲပေးတဲ့ နိုင်ငံရေးနှင့် စီးပွားရေး အခွင့်အရေးတချို့ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့  လက်နက်ကိုင်တပ်ဖွဲ့တွေကို စစ်အစိုးရက ပြုပြင်ပြောင်းလဲ ဖွဲ့စည်းမှာကိုတော့ လက်ခံရမှာ ဖြစ်ပါတယ်။

အဲဒါကတော့ အပစ်ရပ် အဖွဲ့တွေရဲ့ တပ်တွေကို ပြည်နယ်စောင့် အထူးရဲများအဖြစ် အသွင်ပြောင်းထားရှိဖို့နဲ့ တိုင်းမှူးရဲ့ ကွပ်ကဲမှု အောက်ထဲသို့ ထည့်သွင်းစေရေး နည်းလမ်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့  ကွပ်ကဲမှုအောက် အခြေခံယူနစ်ဖြစ်တဲ့ တပ်ရင်းတွေထဲ တိုက်ရိုက်ထည့်ပြန်ရင်လည်း အထက်မှာ တင်ပြခဲ့သလို အခက်အခဲများ ရှိလာနိုင်တာမို့ နည်းလမ်းအသစ် ရွေးချယ်နေဟန် တူပါတယ်။

ဒါပေမယ့် ပြည်နယ်စောင့် ရဲတပ်ဖွဲ့အနေနဲ့ သူတို့ကို ဖွဲ့စည်းခွင့် ပေးရင်တောင် ရဲတပ်ဖွဲ့ရဲ့  ဖွဲ့စည်းပုံ သတ်မှတ်ချက်အရ ဆက်ထားခွင့် မရနိုင်တဲ့ လေယာဉ်ပစ် ဒုံးပျံများ၊ စွမ်းအားမြှင့် ပေါက်ကွဲမှု ပြင်းထန်တဲ့ လက်နက်ကြီးများ၊ ဗုံးများ၊ မိုင်းဗုံးများ လုံခြုံရေးနဲ့ ဆက်သွယ်ရေးစက်များကို မြန်မာစစ်တပ်က ပြန်သိမ်းလို့ ရ၊ မရ ဆိုတဲ့ပြဿနာများလည်း ရှိနေပါတယ်။

တဖန် အပစ်ရပ် အဖွဲ့ခေါင်းဆောင်တွေက တိုင်းမှူးရဲ့  အမိန့်အတိုင်း နာခံမှုအပိုင်းမှာ နာခံမှု မရှိနိုင်ဘဲ တိုင်းမှူးရဲ့  လုပ်ပိုင်ခွင့် အာဏာနဲ့ ဆုံးဖြတ်ပေးနိုင်မှု နိမ့်ပါးလာနိုင်တာမို့ အာခံနိုင်ကြောင်း “၀” တပ်ဖွဲ့တွေရဲ့ ဖြစ်စဉ်ကလည်း သက်သေပြနေပါတယ်။

ဒါ့အပြင် အချို့  တိုင်းလက်အောက်ခံ တိုင်းမှူးရဲ့  ကွပ်ကဲမှုအောက် တပ်အင်အားမှာ အပစ်ရပ်အဖွဲ့ရဲ့  အင်အားနဲ့ နှိုင်းယှဉ်ပါက အင်အားချည့်နဲ့နေတာလည်း ထည့်သွင်းစဉ်းစားစရာ ဖြစ်နေပါတယ်။

အချုပ်ဆိုရရင် နအဖရဲ့  လက်နက်ကိုင် အပြီးစွန့်လွှတ်နိုင်ရေး “မူ” ကို အပစ်ရပ် အဖွဲ့တွေက တင်းမာစွာ တုံ့ပြန်ကြမယ့် သဘောရှိပါတယ်။

ဒါကြောင့် အပစ်ရပ်အဖွဲ့တွေဟာ စစ်အာဏာရှင်တွေအတွက် စိန်ခေါ်မှုတရပ် ဖြစ်နေပြီး ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီး တက်လာမယ့် ရုပ်သေးအရပ်သားအစိုးရသစ်အတွက် လည်း ခေါင်းခဲစရာ ပြဿနာတရပ်အဖြစ် ရှိနိုင်ပါတယ်။

“အင်္ဂလိပ်အခက် ဗမာ့အချက်” ဆိုပြီး မြန်မာ့လွတ်လပ်ရေးအတွက် တနိုင်ငံလုံး တိုက်ပွဲဝင်ခဲ့ကြပါတယ်။ “နအဖရဲ့  အခက် ပြည်သူတွေရဲ့ အချက်” ဆိုတာကို သတိထားပြီး မပြီးဆုံးသေးတဲ့ မြန်မာနိုင်ငံရဲ့ လွတ်လပ်မှု တရားမျှတမှုတို့အတွက် နည်းလမ်းပေါင်းစုံနဲ့ ဆက်လက်တိုက်ပွဲဝင်ရမှာ ဖြစ်ပါတယ်။


၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-(၁) ကို ဒီမှာ ဖတ်နိုင်ပါတယ်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

ဦးသန့် သို့မဟုတ် မီးလျှံကြားက ကြာပန်းတပွင့်


Friday, 23 January 2009 18:45 ကိုစိုး


အာရှတိုက်ရဲ့ ပထမဆုံး ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံသား ဦးသန့်ဟာ အသက် ထင်ရှားရှိပါက ဇန်န၀ါရီ ၂၂ ရက်နေ့မှာ အနှစ် ၁၀၀ ပြည့်ခဲ့ပါပြီ။

ဦးသန့် အသက် ၁၀၀ ပြည့် အမှတ်တရ အခမ်းအနားတွေကို မြန်မာနိုင်ငံ အပါအ၀င် ထိုင်း၊ မလေးရှား စတဲ့ ကမ္ဘာ့နေရာ တော်တော်များများမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပကြပါတယ်။

ရန်ကုန်မြို့အင်းလျားလိပ် ဟိုတယ်မှာလည်း ဦးသန့် နဲ့ လုပ်ဖော်ကိုင်ဖက် မိတ်ဆွေတွေ၊ နိုင်ငံခြား သံတမန်တွေ၊ မိသားစုဝင်တွေက မနေ့ ညနေပိုင်းမှာ ဦးသန့် အသက် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားကို ကျင်းပခဲ့ကြ တယ်လို့ ဦးသန့်ရဲ့ သား သားမက်ဖြစ်သူ ဒေါက်တာတင်မြင့်ဦး က ပြောပြပါတယ်။

အဲဒီ အခမ်းအနားကို လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းကလည်း ဂုဏ်ပြု သ၀ဏ်လွှာတစောင် ပေးပို့ခဲ့ပါတယ်။

မစ္စတာ ဘန်ကီမွန်းရဲ့သ၀ဏ်လွှာမှာ ဦးသန့်ဟာ ရှေ့က အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ဒက်ဟားမားရှိုး ကွယ်လွန်ပြီး နောက် သူ့သက်တမ်းကာလအတွင်း ကမ္ဘာ့ပြဿနာတွေကို ထိထိ ရောက်ရောက်ကိုင်တွယ်ဖြေရှင်း နိုင်ခဲ့တဲ့ အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ကျေပွန်ခဲ့သူ တဦးဖြစ်ကြောင်း၊ ဦးသန့်ဟာ တခုတည်းသော ကမ္ဘာ့ မိသားစု ဖြစ်ရေးနဲ့ ကမ္ဘာ့ မိသားစုကြီးရဲ့ ငြိမ်းချမ်းဖွံ့ဖြိုးရေးအတွက်ဆိုတဲ့ ဦးတည်ချက်နဲ့ လုပ်ကိုင် ဆောင် ရွက်သွားသူ ဖြစ်ကြောင်း ဂုဏ်ပြုပြောဆိုထားပါတယ်။

ဦးသန့်နဲ့ ပတ်သက်ပြီး အထွေထွေအတွင်းရေးမှူးချုပ်ဟောင်း တဦး ဖြစ်သူ ကိုဖီအာနန်ကလည်း ဦးသန့်ဟာ ကျန်းမာရေး၊ ပညာရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေး၊ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စတဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ်တွေကို ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်သွားသူ ဖြစ်ကြောင်း ၂၀၀၃ ခုနှစ်က ပြောကြားတဲ့ မိန့်ခွန်းတခုမှာ ထည့်သွင်းပြောကြားခဲ့ဖူးပါတယ်။

အဲဒီအပြင် ဦးသန့်ဟာ သတင်းမီဒီယာတွေရဲ့ အခန်းကဏ္ဍကိုလည်း သိနားလည်သူ ဖြစ်တယ်လို့ ကိုဖီအာနန်က ဆိုတယ်။

“ဦးသန့်ဟာ သတင်း မီဒီယာတွေနဲ့လည်း သင့်သင့်မြတ်မြတ် လုပ်ဆောင်ခဲ့ပါတယ်၊ ဘာဖြစ်လို့လည်း ဆိုတော့ ကုလသမဂ္ဂရဲ့ ဆောင်ရွက်ချက်တွေကို ကမ္ဘာ့ပြည်သူတွေဆီ ဖြန့်ဝေ အသိပေးတဲ့နေရာမှာ မီဒီယာက ထိထိ ရောက်ရောက် ဆောင်ရွက်နိုင်တယ်ဆိုတာကို နားလည်ထားသူဖြစ်လို့ပါပဲ”လို့လည်း သူက ထည့်သွင်း ပြောကြား ခဲ့ပါသေးတယ်။

ဦးသန့်ရဲ့ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ဖြစ်ခဲ့သူ ရာမတ်စ် နာဆစ် ကလည်း“ဦးသန့်ဟာ သတင်းစာရှင်းလင်းပွဲ အတွေ့ အကြုံ ကောင်းကောင်းရှိတဲ့သူပါ၊ သူဟာ သတင်းသမားတွေကို အေးဆေးတည်ငြိမ်စွာ ဆက်ဆံ တတ်ပါတယ်၊ စာနယ်ဇင်းအတွေ့အကြုံရှိခဲ့သူတဦးပီပီ သူဆိုလိုချင်တာကို သတင်းသမားတွေ နားလည် အောင်လည်း ထုတ် ဖော် ပြောဆိုနိုင်သူဖြစ်ပါတယ်”လို့ ပြောခဲ့ဖူးတယ်။

ဦးသန့်ဟာ ကုလသမဂ္ဂတာဝန် မထမ်းဆောင်ခင် ရှေ့ပိုင်း အချိန်ကာလတွေမှာ မြန်မာနိုင်ငံထုတ် သတင်းစာ၊ မဂ္ဂဇင်း စတဲ့ မြန်မာစာနယ်ဇင်းတွေမှာ စာတွေ ပုံမှန်ရေးသားခဲ့ပြီး “ပြည်တော်သာ ခရီး” အမည်ရှိ အတွဲ ၃ တွဲ ထုတ်ဝေတဲ့ စာအုပ် အပါအ၀င် အင်္ဂလိပ်မြန်မာ ဘာသာပြန်နဲ့ ပင်ကိုရေး စာတွေကို ရေးသားခဲ့သူ တဦးဖြစ်ပါ တယ်။

၁၉၅၁ မှ ၁၉၅၇ ခုနှစ်အထိ မြန်မာနိုင်ငံရဲ့ ပထမဆုံး ၀န်ကြီးချုပ်ဖြစ်သူ ဦးနု ရဲ့ အတွင်းရေးမှူး တာဝန်ကို ဦးသန့် ထမ်းဆောင်နေချိန်မှာ ဦးနု နိုင်ငံရပ်ခြား ခရီးစဉ်တွေမှာပြောဆိုဖို့ မိန့်ခွန်းတွေကိုလည်း ရေးသား ပေးခဲ့ရတယ်လို့ သိရပါတယ်။

ဦးသန့်နဲ့ ဦးနုဟာ ယခင် ကျောင်းဆရာ ဘ၀ကပင် ရင်းနှီးခင်မင်ကြတဲ့ မိတ်ဆွေရင်းချာတွေဖြစ်ပြီး ဦးသန့်ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ သံအမတ်အဖြစ် ရွေးချယ်ခဲ့ခြင်းဟာ ဦးနု လူရွေးမှန်ပေမယ့် ဦးသန့်ကိုယ်တိုင် က လူတော်တဦးဖြစ်လို့ အတွင်းရေးမှူးချုပ်တာဝန်ကို ထမ်းဆောင်နိုင်ခြင်း ဖြစ်တယ်လို့ ရန်ကုန်မြို့နေ ၀န်ကြီးချုပ် ဟောင်း ဦးနု ရဲ့ သမီး ဒေါ် စန်းစန်းနုကလည်း ပြောပြတယ်။

“ဦးလေးသန့်က အင်မတန် သဘောထားပြည့်ဝပြီးတော့ အင်မတန် သဘောကောင်းတဲ့ ပုဂ္ဂိုလ်ပါ၊ စာလည်း သိပ်ဖတ်တယ်၊ ဖေဖေနဲ့က ဆရာလုပ်ကတည်းက ရင်းနှီးတာ၊ နောက် သူတော်လွန်းလို့ ဖေဖေခေါ်တာ ၊ ရန်ကုန် မှာ အစိုးရ အဖွဲ့မှာ အလုပ်လုပ်ကြတာ၊ ဖေဖေက ပြောပါတယ်၊ ကိုသန့်ဟာ အင်မတန် သဘောကောင်း ပြီး အင်မတန် အေးဆေးတဲ့ လူတဲ့၊ သူ့ကို တော်မှန်းသိလို့ ယူအန်ကို ပို့တာပါ၊ အတွင်းရေးမှူးချုပ် မဖြစ်ခင်ပေါ့၊ သံအမတ်အနေနဲ့ ၅၇ ခု လောက်က၊ ဖေဖေ လူရွေးမှန်သွားတာလည်း ပါတာပေါ့၊ ဖေဖေ ဘယ်လောက်ရွေးရွေး ဦးလေးသန့်ကိုယ်တိုင်က မတော်ရင်လည်း မဖြစ်ပါဘူး၊ ငယ်ငယ်ကတည်းက ဦးလေးသန့်နဲ့က လက်ပွန်းတတီး နေခဲ့တာပါ၊ ဦးလေးသန့် ဂူကို ပန်းချင်းပို့လိုက်ပါတယ်”လို့ ဒေါ်စန်းစန်းနုက ပြောဆိုပါတယ်။

ဒီလို ဂုဏ်ယူဖွယ်ရာ တည်ကြည်တဲ့ ဥပဓိရုပ်ပိုင်ရှင် ဦးသန့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဖြစ်လာရခြင်းဟာ ဦးနု က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်အဖြစ် တာဝန်ပေးအပ်လိုက်ခြင်းက စတင်ခဲ့တာလို့ သံအမတ် ကြီး ဟောင်း ဦးသက်ထွန်းကလည်း အတွေးအမြင်စာစောင်မှာ အမှတ်တရ ပြောပြထားပါသေးတယ်။

ဦးသန့်ဟာ ဧရာဝတီတိုင်း ပန်းတနော်မြို့မှာ ၁၉၀၉ ခု ဇန်န၀ါရီလ ၂၂ ရက်က မွေးဖွားခဲ့ပြီး ငယ်စဉ်က ပန်းတနော် အမျိုးသား အထက်တန်းကျောင်းမှာ အခြေခံပညာကို သင်ကြားခဲ့ပြီးနောက် ရန်ကုန်တက္ကသိုလ်ကို ဆက်လက် တက်ရောက်ကာ ပညာဆည်းပူးခဲ့ပါတယ်။

ကုလသမဂ္ဂရဲ့ တတိယ မြောက် အထွေထွေအတွင်းရေးမှူးချုပ်တာဝန်ကို ဦးသန့်ဟာ ၁၉၆၁ ခု မှ ၁၉၇၁ ခုနှစ် အထိ ထမ်းဆောင်ခဲ့ရာ သူ့ သက်တမ်းကာလအတွင်း ကမ္ဘာစစ်ပွဲ ဖြစ်ပွားနိုင်တဲ့အထိ ကြီးမားတဲ့ ကျူးဘား နျူကလီးယားဒုံး ပြဿနာကို စေ့စပ်ဖြေရှင်းနိုင်ခဲ့တဲ့ သမိုင်းမှတ်တမ်းဝင် ဆောင်ရွက်ချက်မျိုးကို ပြုလုပ် နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဗီယက်နမ်စစ်ပွဲ အပါအ၀င် ၁၉၆၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့တဲ့ အိန္ဒိယ-ပါကစ္စတန် ပဋိပက္ခ စတဲ့ ကမ္ဘာ့ရေးရာ များစွာကို ဦးသန့်ဟာ သူ့ရဲ့ အတွင်းရေးမှူးချုပ် သက်တမ်း ၂ ကြိမ်အတွင်း ဖြေရှင်းဆောင်ရွက်ခဲ့ပါတယ်။

ဦးသန့်ဟာ လုပ်ဖော်ကိုင်ဖက် အဖွဲ့ဝင်တွေနဲ့အတူ ပြဿနာဖြစ်ပွားရာ ကမ္ဘာ့နေရာဒေသတွေကို သွားရောက်ပြီး ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းဆောင်မှုတွေကိုလည်း ပြုလုပ်ခဲ့သူဖြစ်ပါတယ်။

ဦးသန့် ကုလသမဂ္ဂမှာ တာဝန်ထမ်းဆောင်နေစဉ် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ရေးဆိုင်ရာ အစီ အစဉ်၊ ကုလသမဂ္ဂ ရန်ပုံငွေ အစီအစဉ်၊ ကုလသမဂ္ဂ ပညာရေးဆိုင်ရာနဲ့ ကုလသမဂ္ဂတက္ကသိုလ် အစီအစဉ် စတဲ့ ဖွံ့ဖြိုးရေး အစီအစဉ်များစွာကိုလည်း တည်ထောင် လုပ်ကိုင်ခဲ့ပါတယ်။

သံအမတ်ကြီးဟောင်း သခင်ချန်ထွန်းက ဦးသန့်ရဲ့ အရည်အချင်းပြည့်ဝပြီး ဆက်ဆံရေးကောင်းမွန်ခြင်း ကြောင့် သော်လည်းကောင်း၊ အဲဒီအချိန် ဖဆပလ အစိုးရလက်ထက် မြန်မာနိုင်ငံရဲ့ တက်ကြွပြီး ဘက်မလိုက်တဲ့ နိုင်ငံခြားရေးမူဝါဒ ကြောင့်သော်လည်းကောင်း မြန်မာနိုင်ငံကို ကမ္ဘာကသိရှိ လေးစားခံခဲ့ရတယ်လို့ပြောပါတယ်။

“ဦးသန့်ဟာ သူ့ရဲ့အရည်အချင်းတွေကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ အလေးစားခံခဲ့ရတယ်၊ ဒါကြောင့် ဗမာနိုင်ငံ အနေနဲ့ ဦးသန့်အတွက် အင်မတန် ဂုဏ်တက်ခဲ့သလို ဦးသန့်ကိုလည်း ဗမာနိုင်ငံသားတိုင်းက မမေ့အပ်ဘူး၊ ဂုဏ် ပြုထိုက်တယ်လို့ ပြောချင်ပါတယ်”လို့ သခင်ချန်ထွန်းက ဆိုပါတယ်။

ဒီလို ဂုဏ်ပြုထိုက်သူကို ဦးနေ၀င်းဟာ သူရဲ့ ပုဂ္ဂလိက အာဃာတ ကြောင့် ဂုဏ်မပြုခဲ့တာလို့ သိမီခဲ့သူများက ပြောပြပါတယ်။

ဦးနေ၀င်း တိုင်းပြည်အာဏာသိမ်းပြီးနောက် ၁၉၆၉ ခုနှစ်မှာ ဦးနုက ဦးနေ၀င်းအစိုးရကို လက်နက်ကိုင် တော်လှန်ဖို့ ကမ္ဘာကိုပတ် အကူအညီတောင်းခံနေရာမှ နယူးယောက်မြို့ ကမ္ဘာ့ကုလသမဂ္ဂအဆောက်အဦ အတွင်းရှိ သတင်းစာအသင်း ခန်းမမှာ သူ့အစိုးရကို ပုတ်ခတ် ပြောဆိုတာကို ဦးနေ၀င်းက ခွင့်မလွှတ်နိုင်ဘဲ ဖြစ်ခဲ့ကြောင်းနဲ့ အဲဒီနောက်ပိုင်းမှာ ဦးသန့် မြန်မာပြည် ပြန်တဲ့အခါ ကြိုဆိုပုံပြောင်းလဲသွားခဲ့ကြောင်းကို သံအမတ်ကြီး ဟောင်း ဦးသက်ထွန်း က အတွေးအမြင် စာစောင်မှာ ရေးသားထားပါတယ်။

သတင်းစာအသင်းခန်းမ အသုံးပြုပုံကို ကုလသမဂ္ဂတွင်းရေးမှူးချုပ်က ၀င်ရောက်စွက်ဖက်ခွင့်မရှိဘူးဆိုတာကို အဲဒီအချိန်က ဗိုလ်ချုပ်ကြီးနေ၀င်း မသိရှိကြောင်းလည်း ဦးသက်ထွန်းရဲ့ ရေးသားချက်မှာ ပါရှိတယ်။

ဒီလို အာဏာရှင်တဦးရဲ့ မျက်စောင်းဒဏ် ခံခဲ့ရတဲ့ ဦးသန့်ဟာ မြန်မာပြည်ကိုပြန်လာတိုင်း အာဏာရှင်ကို တွေ့ဆုံ ဖို့ ကြိုးပမ်းခဲ့သူဖြစ်ကြောင်းလည်း သိရတယ်။ ဦးသန့်ရဲ့ အဲဒီအပြုအမူဟာ ကမ္ဘာ့ရေးရာတွေကိုဖြေရှင်းရာမှာ အေးချမ်း တည်ငြိမ်စွာ ဖြေရှင်းတတ်တဲ့ ပင်ကိုစိတ်ထားအပြုမှုကို ပြဆိုခြင်းဖြစ်တယ်လို့လည်း ဆိုကြတယ်။

ဦးသန့်ဟာ အထွေထွေအတွင်းရေးမှူးချုပ်တာဝန်က အနားရပြီးနောက် ၁၉၇၄ ခုနှစ် နိုဝင်ဘာ၂၅ ရက်မှာ အမေရိ ကန်နိုင်ငံ နယူးယောက်မြို့မှာ အဆုတ်ကင်ဆာနဲ့ ကွယ်လွန်ခဲ့တယ်။ သူ့ ရုပ်ကလာပ်ကို မိသားစုက မြန်မာနိုင်ငံ ကို ပြန်လည်သယ်ဆောင်ခဲ့ရာက နိုင်ငံရေးလှုပ်ရှားမှုအသွင်ဆောင်တဲ့ အရေးအခင်းတခု ပေါ်ပေါက်ခဲ့တယ်။

အဲဒီအချိန်က အာဏာရ ဦးနေ၀င်း အစိုးရက ဦးသန့်ကို တလေးတစား ဂုဏ်ပြုဖို့ ပျက်ကွက်တာကြောင့် တက္ကသိုလ်ကျောင်းသားတွေက မကျေမနပ် ဖြစ်ပြီး ဆန့်ကျင်ခဲ့ပါတယ်။ ဦးသန့်ရုပ်အလောင်းကို ရန်ကုန် တက္ကသိုလ်ရှိ ယခင် သမဂ္ဂ အဆောက်အဦ နေရာ ဟောင်းမှာ ဂူသွင်းသင်္ဂြီုဟ်ဖို့ ကျောင်းသားတွေရဲ့ ဦးဆောင်စီစဉ်တဲ့လှုပ်ရှားမှုမှာ ရဟန်းသံဃာတွေနဲ့ အများပြည်သူတွေလည်း ပါဝင်ခဲ့ပြီး ဦးသန့် အရေး အခင်း ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ဦးသန့်အရေးအခင်းမှာ ဦးနေ၀င်းအစိုးရက လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ အင်အားသုံး ဖြိုခွဲခဲ့လို့ ရန်ကုန် တက္ကသိုလ် ကျောင်းဝန်းအတွင်း အနည်းဆုံး ကျောင်းသား ၁၃ ဦး သေဆုံးခဲ့ပြီး လူ ၇၀ ခန့် ဒဏ်ရာရရှိကာ လူပေါင်း ၃၀၀၀ ခန့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ တရားဝင် ထုတ်ပြန်ကြေညာခဲ့ပေမယ့် အသေအပျောက် နှင့် ဒဏ်ရာရသူစာရင်း ပိုများနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။

နောက်ဆုံးမှာတော့ ဦးသန့် ရုပ်ကလာပ်ကို ဦးနေ၀င်း အစိုးရက ကန်တော်မင်ပန်းခြံအတွင်းမှာပဲ ဂူသွင်း သင်္ဂြီုဟ်စေခဲ့ပါတယ်။

အဲဒီ ကန်တော်မင် ပန်းခြံအတွင်းက ဦးသန့် အုတ်ဂူရှိရာကို ပြီးခဲ့တဲ့နှစ် မေလက တိုက်ခတ်ခဲ့တဲ့ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေ ကူညီကယ်ဆယ်ရေးအတွက် မြန်မာပြည်ကို ရောက်ရှိလာတဲ့ လက်ရှိ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက သွားရောက် ဂါရ၀ ပြုခဲ့ပါသေးတယ်။

အဲဒီလို ကမ္ဘာ့အလယ်မှာ ၀င့်ကြွားလောက်စရာ မြန်မာနိုင်ငံသား ဦးသန့်ကို သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်က မီးလျှံကြား က ကြာပွင့်တပွင့် လို့ တင်စားပြောဆိုသွားခဲ့ပါတယ်။

“တိုင်းပြည်ရဲ့ လွတ်လပ်ရေး သက်တမ်း နှစ်ပေါင်း ၆၀ အတွင်းမှာ နှစ်ပေါင်း ၄၀ လောက်က စစ်အစိုးရ တွေက အုပ်ချုပ် တယ်၊ နှစ်ပေါင်း ၂၀ ကျော်ကျော် လောက်က ပြည်တွင်းစစ်တွေဘာတွေနဲ့ ကြုံရတယ် ဆိုတော့၊ တိုင်းပြည်မှာ အကြီးအကျယ် ဆင်းရဲ ဒုက္ခတွေရောက်နေတယ်၊ အဲဒီထဲကနေပြီးတော့ မီးလျှံတွေထဲကနေပွင့်တဲ့ ကြာပွင့် တပွင့် လိုပဲ ဦးသန့်လို ပုဂ္ဂိုလ်မျိုး ပေါ်ထွက်ခဲ့တယ်၊ အဲဒီပုဂ္ဂိုလ်ရဲ့ နမူနာတွေ၊ အဲဒီပုဂ္ဂိုလ်ရဲ့ ထူးချွန်မှုတွေ၊ အဲဒီပုဂ္ဂိုလ်ရဲ့ အားထုတ်မှုတွေမျိုး ကျနော်တို့ ဗမာတွေဟာ အမြဲတမ်း ကျနော်တို့ စိတ်ထဲမှာ ရှိဖို့ကောင်းတယ်၊ ရှိဖို့သင့်တယ်၊ ဗမာနိုင်ငံသားတိုင်းဟာ ဦးသန့်လို ထူးချွန်တဲ့ ပုဂ္ဂိုလ်မျိုးဖြစ်အောင် ကြိုးပမ်းသင့်တယ်၊ အားထုတ် သင့်တယ်လို့ အဲဒီလိုပဲ တိုက်တွန်းချင်တယ်”။ ။

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Thursday, January 22, 2009

မလေးရှားက နိုင်ငံခြား အလုပ်သမားများကို တံခါးပိတ်ပြီ

Thursday, 22 January 2009 17:16 ဇာနည်ဝင်း

မလေးရှားနိုင်ငံသည် ၎င်း၏နိုင်ငံသားများ အလုပ်အကိုင် ရှားပါးလာမည်ကို ကာကွယ်သည့် အနေဖြင့် စက်ရုံ၊ စတိုးဆိုင်၊ စားသောက် ဆိုင်များအတွက် ပြည်ပမှ အလုပ်သမားများ ခေါ်ယူခြင်းကို တားမြစ် လိုက်ကြောင်း အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီ သတင်းတပုဒ်တွင် ရေးသားထားသည်။

ကမ္ဘာ့စီးပွားရေး ကျဆင်းမှုနှင့်အတူ မလေးရှားရောက် နိုင်ငံခြားသားတို့၏ ရှေ့ရေးကလည်း မရေမရာ ဖြစ်လာသည် (ဓာတ်ပုံ - အေပီ)

နိုင်ငံခြားသား အလုပ်သမားများ လျှော့ချရန် ကုမ္ပဏီများကို ညွှန်ကြားထားကြောင်း အဆိုပါ အမည် မဖော်လိုသူ အရာရှိက ပြောပြသည်ဟု ဆိုသည်။

မလေးရှားနိုင်ငံ The Star သတင်းစာ အင်တာနက် စာမျက်နှာတွင်မူ ပြည်ပမှ အလုပ် သမားများ ခေါ်ယူမှု လျှော့ချခြင်းကို တဆင့်ပြီး တဆင့် လုပ်ကိုင်သွားမည် ဟူသော ဒုဝန်ကြီးချုပ် Datuk Seri Najib Tun Razak ၏ ပြောကြားချက်ကို ဖော်ပြထားသည်။

ပို့ကုန် အားထားသည့် မလေးရှား နိုင်ငံ၏ စီးပွားရေး ကျဆင်းမှုကြောင့် ပြီးခဲ့သည့် သုံးလအတွင်း နိုင်ငံသား တသောင်းကျော်၊ နိုင်ငံခြားသား အလုပ်သမား သုံးထောင်ကျော် အလုပ်ပြုတ်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။ ယခုနှစ်ကုန်ပိုင်းတွင် နိုင်ငံသား လေးသောင်းခွဲခန့် အလုပ်ပြုတ်ဦးမည်ဟု အစိုးရက ခန့်မှန်းထားသည်။

မလေးရှားတွင် မြန်မာနိုင်ငံသား အများအပြားလည်း အလုပ် လုပ်ကိုင်လျက်ရှိသည်။ ဤသို့သော အခြေအနေတွင် မြန်မာ အလုပ်သမားအချို့သည် အလုပ် ဖြုတ်ခံရမည်ကို စိုးရိမ်သဖြင့် အချိန်ပို အခမဲ့ လုပ်အားပေးနေရသည်ဟု မလေးရှားအခြေစိုက် မြန်မာ အလုပ်သမား အဖွဲ့ တခုက ဆိုသည်။

“အိုဗာတိုင်ကြေးတွေ မပေးတော့တာတို့၊ လစာတွေ လျှော့လိုက်တာတို့ အဲဒါတွေ ရှိတယ်။ အဲဒါကို မကျေနပ်ရင်တော့ ပြန်ရမယ်ပေါ့” ဟု မြန်မာနိုင်ငံသား အလုပ်သမား အခွင့်အရေး ကာကွယ်ရေး အဖွဲ့ (BWRPC) မှ ကိုရဲမင်းထွန်းက ဧရာဝတီသို့ ပြောပြသည်။

“အသက် ၂၃ နဲ့ ၂၈ ကြားထဲရှိတဲ့ မိန်းကလေးတွေ။ ဗမာပြည်ကနေ စက်ချုပ်မယ် ဆိုပြီး ဒီလာ။ ဒီလာပြီးတော့ ယုံတောင် မယုံနိုင်စရာပဲ၊ တခါ အလုပ်လုပ်ရင် နာရီ ၂၀၊၂၆ နာရီ အဲဒီလို လုပ်ရတာ။ ပလာတာ တချပ်ကျွေးတယ်။ ပြီးတော့ အဲဒီလို လုပ်ရတာ” ဟု ကိုရဲမင်းထွန်းက ရှင်းပြသည်။

စက်ရုံ အလုပ်သမားများသည် လစာက မလေးရှား ရင်းဂစ် ၅၀၀ကျော် (ဒေါ်လာ ၂၀၀ ခန့်) ရရှိကြောင်း၊ မလေးရှား နိုင်ငံသားများ မက်မောသည့် ၀င်ငွေ မဟုတ်ကြောင်း ကိုရဲမင်းထွန်းက ဆိုသည်။

မလေးရှားသည် အာရှတိုက်တွင် ပြည်ပ အလုပ်သမား အများဆုံး ခေါ်ယူ တင်သွင်းသည့် နိုင်ငံတခုဖြစ်သည်။ လူဦးရေ ၂၇ သန်းရှိသော မလေးရှားနိုင်ငံတွင် ပြည်ပမှ အလုပ်သမားပေါင်း ၂ သန်းကျော် အလုပ် လုပ်ကိုင်လျက် ရှိသည်။ ထိုအထဲတွင် မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နိုင်ငံသားများ ပါဝင်ပြီး ဆောက်လုပ်ရေး၊ စိုက်ပျိုးရေး လုပ်ငန်းခွင် နှင့် စက်ရုံများတွင် လုပ်ကိုင်ကြသည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, January 21, 2009

ဒေါ်အောင်ဆန်းစုကြည်အား ချုပ်ပိုင်ခွင့် မေလကုန် (၆) နှစ်ပြည့်ပြီဟု ရှေ့နေ ဦးကြည်ဝင်းပြော


မင်းနိုင်သူ/ ၂၁ ဇန်န၀ါရီ ၂၀၀၉



ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်အကျယ်ချုပ် ချုပ်ပိုင်ခွင့်မှာ ၂၀၀၉ ခုနှစ် မေလ (၂၉) ရက်တွင် (၆) နှစ်သက်တမ်း ကုန်ဆုံးပြီဖြစ်ကြောင်းနှင့် အယူခံအမှုမှာ အမှုအဖြစ်လက်ခံထားသည့်အဆင့်တွင်သာ ရှိနေသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ရှေ့နေ ဦးကြည်ဝင်းက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “အခုဆိုရင် အကျယ်ချုပ်က လွတ်ဖို့ လေးလသာသာလောက်ပဲ လိုတော့တယ်လေ။ ဒေါ်စုကို သူတို့ တားဆီးထားတဲ့အမိန့်က (၂၉) ရက် မေဗျ။ ဆိုတော့ မေလ (၂၉) ရက်ဆိုရင် ကုန်ဆုံးပြီ။ အဲဒီမှာ (၆) နှစ်ပြည့်ပြီ။ ဒါ…သူတို့တွက်ကိန်းနဲ့သူတို့ ချုပ်ပိုင်ခွင့်ရှိတယ်ဆိုပြီး သူတို့ဘာသာထားတာ။ ကျနော်တို့ တွက်ကိန်းကတော့ (၅) နှစ်ပဲ။ အဲတော့ ကောင်းပြီ… ဒါကအငြင်းပွားစရာဖြစ်လာပြီဆိုတော့ လျှောက်လဲပေါ့ဗျ။ အဲဒီ လျှောက်လဲမှုကို ဘယ်သူက ဆုံးဖြတ်မှာလဲဆိုတော့ တရားရုံးချုပ်လိုဟာမျိုးလည်း မရှိဘူးဗျ။ ဆိုတော့ (၆) နှစ်လို့ ယူဆတဲ့ ပုဂ္ဂိုလ်ကပဲ ပြန်ပြီးတော့ ဆုံးဖြတ်ရမယ့်သဘော ဖြစ်နေတယ်” ဟု ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်အား ၂၀၀၃ ခုနှစ် ဒီပဲယင်းအရေးအခင်းအပြီးတွင် နအဖအစိုးရက နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေပုဒ်မ ၁၀ (ခ) ဖြင့် ထိန်းသိမ်းအရေးယူခဲ့သည်။ ထိုဥပဒေသည် ၁၉၇၅ ခုနှစ် ဥပဒေသတ်မှတ်ချက်အရ (၁) နှစ်အထိ တားဆီးမှုပြုလုပ်နိုင်ကာ ဆက်လက်တားဆီးလိုပါက ၀န်ကြီးအဖွဲ့၏ ခွင့်ပြုချက်ဖြင့် တကြိမ်လျှင် ရက် (၁၈၀) ထက်မပိုစေဘဲ စုစုပေါင်း (၃) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြဋ္ဌာန်းထားသည်။

၎င်းနောက် ၁၉၉၁ ခုနှစ် န၀တလက်ထက်တွင် တကြိမ်လျှင် (၁) နှစ်ထက်မပိုစေဘဲ စုစုပေါင်း (၅) နှစ်ထိ ခွင့်ပြုနိုင်ကြောင်း ပြင်ဆင်ခဲ့သည်။ ထိုဥပဒေအရ နအဖက ဗဟိုအဖွဲ့၏ တားဆီးခွင့် (၁) နှစ်၊ ၀န်ကြီးအဖွဲ့၏ ခွင့်ပြုခွင့် (၅) နှစ် စုစုပေါင်း (၆) နှစ်ချမှတ်ခွင့်ရှိကြောင်း ကိုင်စွဲထားကာ အန်အယ်လ်ဒီက ဥပဒေတွင် စုစုပေါင်း (၅) နှစ်ဟု ပြဋ္ဌာန်းထားချက်ကို ထောက်ပြသည်။

“အခုလို အငြင်းပွားစရာတွေဖြစ်လာပြီဆိုတော့ အယူခံလျှောက်လဲရတာပေါ့။ လျှောက်လဲတယ်ဆိုတာကိုက အမှန်တရားကိုသိချင်လို့။ ကျနော်တို့ကလည်း တင်ပြမယ်။ တဖက်ကလည်း ကျနော်ထင်တယ်။ ဗဟိုအဖွဲ့အတွက် များသောအားဖြင့်တော့ ရှေ့နေချုပ်ရုံးက လုပ်ပေးတာ။ အဲတော့ ကျနော်တို့ နှစ်ဦးပြိုင်ပြောတာကို အစိုးရအဖွဲ့က ဆုံးဖြတ်ပေါ့။ အခုဟာကတော့ အချိန်ဆွဲနေလို့ပဲ လေးလကျန်တော့တယ်” ဟု ဦးကြည်ဝင်းက ရှင်းလင်းပြောဆိုသည်။

ဇန်န၀ါရီ (၁၂) ရက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ရှေ့နေအဖွဲ့ တွေ့ခွင့်ရခဲ့သည်ဟူသော သတင်းများပေါ်ထွက်ခဲ့ရာ မဟုတ်ပါကြောင်း ဦးကြည်ဝင်းက ငြင်းဆိုသည်။ သို့ရာတွင် တွေ့ဆုံနိုင်ရန် ၀န်ကြီးချုပ်ထံ မေတ္တာရပ်ခံစာတစောင် ပေးပို့ထားကြောင်း သိရသည်။

“ကျနော်တို့ ဇန်န၀ါရီ (၂၀) ရက်နေ့ကမှ ဒေါ်စုနဲ့တွေ့ခွင့်ရဖို့ ၀န်ကြီးချုပ်ဆီ မေတ္တာရပ်ခံစာ ပေးပို့ထားပါတယ်။ သတင်းတပ်ဖွဲ့ကိုတင်ပြတော့ သူတို့မှာ ခွင့်ပြုနိုင်ခြင်းမရှိပါဘူးဆိုတော့ ၀န်ကြီးချုပ်ဆီကိုပဲ တင်လိုက်တယ်။ တွေ့ခွင့်ပြုဖို့တင်ထားတဲ့ ရက်ကိုတော့ ထုတ်မပြောတော့ဘူးဗျ” ဟု ဦးကြည်ဝင်းက ပြောသည်။


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

ဒေါ်အောင်ဆန်းစုကြည် “အမှန်တရားစိတ်ဓာတ် နှိုးဆော်သူဆု” ရ


NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉



စစ်အစိုးရကို တိုက်ပွဲဝင်ရာ၌ မြန်မာပြည်သူများအား ဦးဆောင်ခဲ့မှုအတွက် အမေရိကန်နိုင်ငံရှိ Realizing the Dream အဖွဲ့မှ “အမှန်တရားစိတ်ဓာတ် နှိုးဆော်သူဆု” (Trumpet of Conscience Award) ကို ဒေါ်အောင်ဆန်းစုကြည်အား ပေးအပ်လိုက်သည်။

Trumpet of Conscience ဆိုသည်မှာ ကွယ်လွန်သူ လူမဲခေါင်းဆောင် ဒေါက်တာ မာတင်လူသာကင်း၏ ၁၉၆၇ ခု နိုဝင်ဘာနှင့် ဒီဇင်ဘာတွင် ဟောပြောခဲ့သည့် နာမည်ကျော် လူ့အခွင့်အရေးဆိုင်ရာ မိန့်ခွန်းပေါင်းချုပ်ကို ခေါ်ဆိုသည့် အမည်ဖြစ်သည်။ ၁၉၆၈ ခုနှစ် ဒေါက်တာ မာတင်လူသာကင်း အလုပ်ကြံခံရပြီးနောက်ပိုင်း သူ၏ မိန့်ခွန်းပေါင်းချုပ်ကို အမှန်တရားစိတ်ဓာတ် နှိုးဆော်သူ (Trumpet of Conscience) အမည်ဖြင့် ထုတ်ဝေနိုင်ခဲ့သည်။

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Tuesday, January 20, 2009

န.အ.ဖ နွားအဖွဲ့ တွေရဲ့ ယုတ်မာရက်စက်မှူ့ တွေထဲက


အမျိုးကို စောင့်ရှောက်ပါတယ်ဆိုတဲ့ D.K.B.A နဲ့ ( န.အ.ဖ ) နွားအဖွဲ ရဲ့ လက်ချက်နဲ့ သူတို့ ခုလို သေကြရပြန်ပြီ။




န.အ.ဖ (နွားအဖွဲ့ ) နဲ့ D.K.B.A တို့ရဲ့ နှိပ်ကွပ် မှူ့ တွေကြောင့် သူတို့တွေ ဒီလိုထွက်ပြေး နေကြရတယ်။

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.co2zenith.co.cc မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

အမေရိကန်သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ လူဖြူအစွန်းရောက်အန္တရာယ်ရှိဟု FBI သုံးသပ်


NEJ/ ၂၀ ဇန်န၀ါရီ ၂၀၀၉




ယနေ့ အမေရိကန်နိုင်ငံ ၀ါရှင်တန်ဒီစီမြို့တော်၌ ကျင်းပမည့် အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲတွင် နာမည်ရ နိုင်ငံတကာအကြမ်းဖက်သမားများ တိုက်ခိုက်မည့်သတင်းမရရှိသော်လည်း ၀ါရှင်တန်မြို့တော် နယ်နိမိတ်အတွင်း လမ်းပန်းဆက်သွယ်ရေးများကို နှောင့်ယှက်နိုင်သည့် သံသယလုပ်ရပ်များရှိနေသည်ဟု လုံခြုံရေးကြိုတင် သုံးသပ်ချက်အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။

သမ္မတသစ် အိုဘားမား၏ ကျမ်းသစ္စာကျန်ဆိုပွဲကို ဆန့်ကျင်သည့် ဆန္ဒပြသူများ၊ အဖွဲ့အစည်းများ၊ ကမ္ဘာ့နိုင်ငံရေးနှင့် အခြားပြဿနာများအပေါ် ကန့်ကွက်ဆန္ဒပြသူတို့ကြောင့် လမ်းများ ပိတ်ဆို့နိုင်သည်ဟု မှန်းထားကြောင်း ခေတ်ပြိုင်က ဖတ်ရှုခွင့်ရသည့် အမေရိကန် လုံခြုံရေးအဖွဲ့ (၁၅) ဖွဲ့ စုပေါင်းသုံးသပ်ထားသည့် လုံခြုံရေး အစီရင်ခံစာတွင် ဖော်ပြထားသည်။




အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လူ (၁) သန်းခွဲမှ (၂) သန်းထိ တက်ရောက်နိုင်သည်ဟု အမေရိကန် လုံခြုံရေးအဖွဲ့များက မှန်းထားသည်။ FBI နှင့် အခြား လုံခြုံရေးအဖွဲ့များ၏ မှန်းဆချက်အရ အိုဘားမား၏ ကျမ်းသစ္စာကျန်ဆိုပွဲကို နိုင်ငံတကာနှင့် ပြည်တွင်း အကြမ်းဖက်မှုအန္တရာယ်ရှိနေကြောင်း ခိုင်လုံသည့် အထောက်အထားမရှိဟု ဆိုသည်။

သို့သော် အမေရိကန်သမိုင်းတွင် ပထမဆုံးအကြိမ် လူမဲသမ္မတ ဖြစ်လာသည့် အခမ်းအနားကြီး ဖြစ်သည့်အတွက် လူဖြူုသည်သာ အမြင့်မြတ်ဆုံးအယူအဆ လက်ကိုင်ထားသည့် တယူသန် ပုဂ္ဂလိက အစွန်းရောက်သမားများ၏ အန္တရာယ်ဖြစ်နိုင်ခြေ များနေသည်ဟု FBI နှင့် အခြား လုံခြုံရေးအဖွဲ့များက သုံးသပ်သည်။

အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ အနှောင့်အယှက်ပေးနိုင်မည့် ဖြစ်နိုင်ခြေရှိသည့် အန္တရာယ်အလားအလာများတွင်-

-အရပ်လုပ်ဖောက်ခွဲရေးပစ္စည်းများသုံးပြီး တိုက်ခိုက်မည့်အန္တရာယ်၊
-ဖောက်ခွဲရေးပစ္စည်းများသုံး လက်နက်ကိုင်တိုက်ပြီး ဓားစာခံလုပ်မည့် အန္တရာယ်၊
-တဦးချင်း အသေခံ ဗုံးဖောက်ခွဲမည့် အန္တရာယ်ဟု သုံးမျိုးခွဲ စဉ်းစားထားကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

အဓိက လေဆိပ် (၃) ခုဖြစ်သည့် ရော်နယ်ရီဂင် လေဆိပ်၊ ၀ါရှင်တန် ဒါးလက်စ် နိုင်ငံတကာ လေဆိပ်နှင့် ဘော်လ်တီမိုး-၀ါရှင်တန် နိုင်ငံတကာ လေဆိပ်များအနက် ၀ါရှင်တန်မြို့တွင်းကျသည့် ရော်နယ်ရီဂင် လေဆိပ်အတွက် မြို့ပြလေကြောင်းဦးစီးဌာနက အထူးလုံခြုံရေးချထားသော်လည်း သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို လေကြောင်းမှ အကြမ်းဖက်မည့် ခြိမ်းခြောက်မှုမျိုး သို့မဟုတ် အဆိုပါ လေဆိပ်များကို အခြေခံပြီး တိုက်မည့် ခြိမ်းခြောက်မှုမျိုး မသိရသေးဟု သုံးသပ်သည်။

ဝါရှင်တန်ဒီစီမြို့တော် လေကြောင်းရန်ကာကွယ်ရေးဇုန် သက်မှတ်ချက်

FBI ဗုံးကျွမ်းကျင်သူများအသုံးပြုသည့် ထရပ်ကား

အိုဘားမား၏ သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲကို နိုင်ငံတော် အထူးလုံခြုံရေးပွဲအဖြစ် အမေရိကန် ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။ လုံခြုံရေးရာ လုပ်ငန်းစဉ်များ စီမံခြင်း၊ ညွှန်ကြားခြင်း၊ အကောင်အထည် ဖော်ခြင်း စသည့် ကိစ္စများအတွက် U.S Secret Service အမေရိကန်သမ္မတ လုံခြုံရေးအထူးတပ်ဖွဲ့က ဦးဆောင် တာဝန်ယူထားသည်။ ကျမ်းသစ္စာကျိန်ဆိုပွဲတွင် သမ္မတ အိုဘားမားကို တိုက်ခိုက်လာသည်ဖြစ်စေ၊ ပွဲတော်အတွင်း အကြမ်းဖက်မှု ပေါ်ပေါက်လျှင်ဖြစ်စေ ထိန်းသိမ်းကာကွယ်ရေး၊ ရာဇ၀တ်မှု စစ်ဆေးရေးကိစ္စများအတွက် FBI ခေါ် ပြည်တွင်းထောက်လှမ်းရေးနှင့် ရာဇ၀တ်မှုခင်း စုံစမ်းဖော်ထုတ်ရေးအဖွဲ့က တာဝန်ယူသည်။

FBI နှင့် အမေရိကန်သမ္မတ လုံခြုံရေးအထူးတပ်ဖွဲ့အပြင် အမေရိကန် တပ်မတော်လက်အောက်ခံ (၅) ဖွဲ့၊ ကက်ပီတိုဟီး ရဲအဖွဲ့နှင့် ၀ါရှင်တန်ဒီစီ မြို့တော်ရဲအဖွဲ့များကလည်း ကျမ်းသစ္စာကျိန်ဆိုပွဲလုံခြုံရေးတွင် အရေးပါသည့် တာဝန်များ ယူထားကြသည်။

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaingnews.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

အရေးတကြီး ဖြည့်ဆည်းရမယ့် ကွက်လပ်

စိုးနေလင်း
တနင်္လာနေ့၊ ဇန်နဝါရီလ 19 2009 18:40 - မြန်မာစံတော်ချိန်

ကျနော်တို့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်တလျှောက်မှာ ကျောင်းသားဆန္ဒပြမှု၊ သပိတ်တိုက်ပွဲ၊ အလုပ်သမားသပိတ် အုံကြွမှုတွေအများကြီး ဖြစ်ပွားခဲ့ပါတယ်။ အထူးသဖြင့် ကျောင်းသားလှုပ်ရှားမှု တိုက်ပွဲတွေက များခဲ့ပါတယ်။

အစိုးရပြုတ်ကျရေး ရည်မှန်းချက်နဲ့ မဟုတ်ဘဲ အခွင့်အရေးနစ်နာဆုံးရှုံးမှု၊ ပြဿနာတရပ်ပေါ်မှာ အစိုးရရဲ့ ဖြေရှင်းပုံကို မကျေနပ်တဲ့အတွက် ဆန္ဒပြ ကန့်ကွက်သပိတ်မှောက်မှုတွေလည်း ရှိခဲ့ပေမယ့် အဲဒါတွေအားလုံးဟာ ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ကျောင်းသား သွေးမြေကျ၊ သမိုင်းဝင်ကျောင်းသား သမဂ္ဂကြီး ပြိုကျအောင် ပစ်ခတ်နှိမ်နှင်း ဖောက်ခွဲဖျက်ဆီးခဲ့တဲ့ အာဏာရှင်အစိုးရကို နာကြည်းစိတ်၊ တော်လှန်ဆန့်ကျင် ဖြိုဖျက်ချင်စိတ်တွေကို အခြေခံခဲ့ကြတာပါပဲ။

အဲဒီစိတ်ဓာတ် အခြေခံနဲ့ပဲ (တချို့ ဒီထက်နက်နဲတဲ့ အတွေးအခေါ် အခြေခံနဲ့ ဆန့်ကျင်ကြတဲ့ သူတွေလည်း ရှိပါတယ်) ၆၂ ခုနှစ် နောက်ပိုင်းကာလ တက္ကသိုလ်ကျောင်းသား မျိုးဆက်တွေဟာ အစိုးရကို ဆန့်ကျင်ရင်ဆိုင်ဖို့ ကြိုးစားခဲ့ကြပါတယ်။ အဓိက စိတ်ဓာတ်ကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေး ဒီမိုကရေစီ ဖွံ့ဖြိုးဖြစ်ပေါ်ရေးပါပဲ။

ဒါကို ၆၂ ခုနှစ် နောက်ပိုင်းကာလ ကျောင်းသားတိုက်ပွဲ အဆက်ဆက်မှာ ပါဝင်လှုပ်ရှားပြီး စစ်အစိုးရကို ဆန့်ကျင်အာခံ တွန်းလှန်ခဲ့ကြတဲ့ ကျောင်းသားကျောင်းသူတိုင်း သိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ကျောင်းသားတိုက်ပွဲတွေအားလုံးဟာ တစိတ်တပိုင်း အောင်မြင်မှုမျိုး၊ ယာယီအောင်မြင်မှုမျိုး ရတာမျိုးပဲ ဖြစ်နေပါတယ်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ဒီမိုကရေစီတည်ဆောက်ရေး ကြိုးပမ်းအားထုတ်မှု ဖြစ်စဉ်ကြီးကို အောင်မြင်ပြီးဆုံးအောင် မသယ်ဆောင်နိုင်ခဲ့ပါဘူး။ အကြောင်းရင်းကတော့ အဲဒီအချိန်က ကျောင်းသားလှုပ်ရှားမှုတွေဟာ ကျောင်းသားသက်သက် လှုပ်ရှားမှုတွေသာ ဖြစ်ခဲ့ပြီး၊ အလုပ်သမား၊ လယ်သမားနဲ့ လူထုလူတန်းစားတွေအားလုံးနဲ့ မပေါင်းစည်းနိုင်ခဲ့ပါဘူး။

၁၉၇၄ ခုနှစ် ဇွန်လ အလုပ်သမားအရေးအခင်းမှာတော့ အလုပ်သမားနဲ့ ကျောင်းသား ပေါင်းစည်းလှုပ်ရှားနိုင်ခဲ့ပေမယ့် လူထုလှုပ်ရှားမှုအဖြစ် မကူးပြောင်းနိုင်သေးခင်မှာဘဲ စစ်အာဏာရှင်တွေရဲ့ ရက်ရက်စက်စက် ခြေမှုန်းတာကို ခံခဲ့ရပါတယ်။

အဲဒီ ကျောင်းသားနဲ့ အလုပ်သမား တိုက်ပွဲတွေက ရရှိခဲ့တဲ့ နိုင်ငံရေးအမြတ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး စိတ်ဓာတ်၊ နှစ်ပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ဖိနှိပ်မှုတွေ မတရားမှုတွေအပေါ် ပြည်သူလူထုရဲ့ မကျေနပ်ဖြစ်မှုတွေ ပေါင်းစည်းသွားတဲ့ အချိန်မှာတော့ ၁၉၈၈ လူထုဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက်လာခဲ့ပါတော့တယ်။

ဒါပေမယ့် အဲဒီအရေးတော်ပုံကြီးဟာ အောင်ပွဲရလုဆဲဆဲ အခြေအနေမှာပဲ လျှော့ပေါ့တွက်ချက်မှု၊ တိုက်ပွဲအပေါ် သုံးသပ်အကဲဖြတ်ချက် မှားယွင်းမှု၊ နိုင်ငံရေးအတွေ့အကြုံ အားနည်းမှု စတဲ့ အမှားတွေကြောင့် အောင်ပွဲနဲ့ ဝေးခဲ့ရပါတယ်။

နောက်ဆုံးမှာတော့ စစ်အာဏာရှင်အစိုးရဟာ သူတို့လိုချင်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို အတင်းရအောင် ရေးဆွဲ၊ အတင်းအကျပ် အတည်ပြုပြီး အခု ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို အပြီးသပ် ပယ်ဖျက်ပစ်တော့မယ့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ ပြင်ဆင်နေပါပြီ။ အဲဒီလို ပြင်ဆင်တဲ့နေရာမှာ စစ်အစိုးရဟာ နောက်ထပ် လမ်းပေါ်ဆန္ဒပြပွဲတွေ ပေါ်ထွက်မလာရအောင် လူထုအုံကြွမှု ထပ်ဖြစ်ပေါ်မလာရအောင် အစိုးရဆန့်ကျင်သူ မှန်သမျှ လုံးဝ နလန်မထူနိုင်အောင် ဖိနှိပ်ခြေမှုန်းရေး ပုံစံကို အသုံးပြုနေပါတယ်။

သူတို့ ချမှတ်ဖော်ဆောင်နေတဲ့ လုပ်ငန်းစဉ်တွေကို ထိပါးဆန့်ကျင်သူ မှန်သမျှကို ကျားကုတ်ကျားခဲ ဖော်ထုတ်ဖမ်းဆီးပြီး၊ မကြားဝံ့မနာသာ နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်၊ ရက်ရက်စက်စက် နှိပ်ကွပ်နေတာကို မြင်သာထင်ရှား ဖြစ်နေပါပြီ။ တဖက်ကလည်း ပြည်သူလူထုကို အသက်ရှင်နေထိုင်ရေးအတွက် အကျပ်အတည်း တွေ့နေအောင် လုပ်ပြီး၊ မက်လုံးပေး စည်းရုံးသိမ်းသွင်းတဲ့ နည်းနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်လိုသူတွေကို လူထုထဲက ဖဲ့ထုတ်စည်းရုံးပြီး လက်ကိုင်တုတ် အဖွဲ့အစည်းတွေကို အခိုင်အမာ ဖွဲ့စည်းနေပါတယ်။

အဲဒီဒေါက်တိုင်တွေရဲ့ အင်အားနဲ့ ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမှာ အနိုင်ယူပြီး အရေခွံ အရပ်ဝတ်နဲ့ စစ်အစိုးရတရပ် တရားဝင် ပေါ်ထွန်းလာအောင် မဖြစ်မနေ ကြိုးစားတော့မှာ အသေအချာပါပဲ။

စစ်အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ဒီမိုကရေစီ တည်ဆောက်ရေး အရေးတော်ပုံကြီးဟာ ပကတိ အခြေအနေအရ ပြည်တွင်းက ပြည်သူလူထု မပါဘဲ ဘယ်နည်းနဲ့မှ အောင်မြင်မှု မရနိုင်ပါဘူး။ တကယ့် အခြေခံ ပြည်သူလူထုကြီးကတော့ စစ်အာဏာရှင်စနစ်ကို ခါးခါးသီးသီး အာခံဆန့်ကျင် တွန်းလှန်ဖို့ အဆင်သင့် ရှိနေကြတယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

ဒါပေမယ့် ပြည်သူလူထုဟာ မှန်ကန်ရဲရင့်တဲ့ ဦးဆောင်ပါတီ၊ ဦးဆောင်အဖွဲ့အစည်းတခုရဲ့ ခေါင်းဆောင်မှု မရှိဘဲနဲ့တော့ ရက်စက်ကြမ်းတမ်း ဉာဏ်နီဉာဏ်နက် များလှသလို အင်အားတောင့်တင်းတဲ့ ဖက်ဆစ်စစ်အစိုးရကို အောင်ပွဲရအောင် တိုက်ခိုက်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

ဒီတာဝန်ကို ဘယ်သူ ထမ်းဆောင်မှာပါလဲ။ အဖြစ်သင့်ဆုံးကတော့ လူထုက ယုံကြည်အပ်နှံ ရွေးချယ်တင်မြှောက်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပဲ ဖြစ်ပါတယ်။ လူထုကို မှန်ကန်တဲ့ တိုက်ပွဲလမ်းကြောင်းပေါ် ဆွဲတင်ပြီး၊ လူထုရှေ့က ရဲရဲရင့်ရင့် ဦးဆောင်ရင်း စစ်အာဏာရှင်တွေ လက်မြှောက် အရှုံးပေးလာတဲ့အထိ ဖော်ဆောင်လို့ ရနိုင်သမျှ တိုက်ပွဲပုံစံ မျိုးစုံကို ဖော်ဆောင်တိုက်ပွဲဝင် ရပါလိမ့်မယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ဖော်ဆောင်ရေးအတွက် လူထုရဲ့ ယုံကြည်အပ်နှံ တာဝန်ပေးအပ်ခံရတဲ့ ပါတီတရပ်အနေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်ပြီး၊ ဒီမိုကရေစီထွန်းကားရေး ကြိုးစားအားထုတ်ပေးဖို့ အဓိက တာဝန်ရှိနေတယ် ဆိုတာကလည်း ရှင်းနေပါတယ်။

ဒါပေမယ့် ဒီတာဝန်ကို ကျေကျေပွန်ပွန် ထမ်းဆောင်ဖို့ဆိုတာ အလွန်ခက်ခဲ ပင်ပန်းမှာဖြစ်သလို၊ အန္တရာယ်ကြီးမားတဲ့အတွက် ယုံကြည်ချက် ခိုင်မာအားကောင်းဖို့ လိုသလို စွန့်လွှတ်အနစ်နာခံမှုတွေ အများကြီး လိုအပ်မှာဖြစ်ပါတယ်။

အတိုက်အခံ ဒီမိုကရေစီအင်အားစုတွေ အနေနဲ့လည်း မိမိတို့ရဲ့ ယုံကြည်ချက်၊ ရပ်တည်ချက်နဲ့ လက်တွေ့ လုပ်ရပ်တွေကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်၊ မိမိကိုယ်ကိုယ် ဝေဖန်ရေးလုပ်ပြီး မိမိတို့ရဲ့ တဦးချင်း ချို့ယွင်းအားနည်းချက်တွေနဲ့ အမှားတွေ၊ အသင်းအဖွဲ့နဲ့ ပါတီ တခုလုံးအရ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို ပြုပြင်တည့်မတ်ဖို့ လိုအပ်ပါလိမ့်မယ်။

ဒီအချိန်ဟာ တဦးနဲ့ တဦး၊ တဖွဲ့နဲ့ တဖွဲ့ အပြန်အလှန် အပြစ်တင်နေရမယ့်အချိန် မဟုတ်ပါဘူး။ အပြုသဘော ဝေဖန်ရေးနဲ့ ပြုပြင်ထိန်းမတ် ဝေဖန်ရေး တည်ဆောက်ရမယ့် အချိန်ပါ။ တခုသတိထားဖို့ လိုအပ်တာက ရိုးရိုးသားသား ဝေဖန်သုံးသပ်၊ အမှားကို အမှန်ပြုပြင်တာမှာ အချိန်နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ကိုယ်ကိုယ်တိုင်က အမှားကို အမှားလို့ မြင်ပြီး၊ ပြုပြင်တည့်မတ် အမှန်လမ်းကြောင်းကို ရွေးချယ်ရဲဖို့ တော့ လိုအပ်ပါလိမ့်မယ်။

လူထုဒီမိုကရေစီ တော်လှန်ရေးကြီးဟာ ကာလရှည်ကြာလာတာနဲ့အမျှ အကျအဆုံး၊ အဆုံးအရှုံးတွေ၊ နစ်နာမှုတွေ များပြားလာနေပါပြီ။ နောက်ဆုံး တိုင်းပြည်နဲ့ လူမျိုး အဆုံးစွန် ပျက်သုန်းသွားနိုင်တဲ့ အခြေအနေ ဖြစ်လာပြီလို့ ယူဆနိုင်တဲ့ အခြေအနေ ရောက်လာနေပြီဖြစ်လို့ နှောင့်နှေးကြံ့ကြာ အချိန်ဆွဲနေလို့ မဖြစ်ပါဘူး။

အမြန်ဆုံး ပြန်လည်ဝေဖန်သုံးသပ်၊ ချို့ယွင်းအားနည်းချက်နဲ့ အမှားတွေကို အမြန်ဆုံး ပြုပြင်တည့်မတ်ပြီး၊ စစ်အာဏာရှင်တွေရဲ့ ထာဝရ အာဏာတည်မြဲရေး ကြိုးပမ်းအားထုတ်မှုတွေကို အမြန်ဆုံး ရိုက်ချိုးချေဖျက်ပစ်ကြဖို့ လိုအပ်ပါတယ်။


စိုးနေလင်း

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Monday, January 19, 2009

၂၀၁၀ ရွေးကောက်ပွဲနဲ့ အပစ်အခတ်ရပ်စဲရေးအဖွဲ့များ ကံကြမ္မာ-၁


ဗိုလ်ထက်မင်း / ၁၉ ဇန်န၀ါရီ ၂၀၀၉



နအဖရဲ့  အခြေခံဥပဒေအရ ၂၀၁၀ ရွေးကောက်ပွဲပြီးရင် တခုတည်းသော တပ်မတော် ရှိရမည်ဆိုတဲ့ သတ်မှတ်ချက် ရှိတာမို့ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်ဖြုတ်သိမ်းခိုင်းမလား၊ ဒါမှမဟုတ် တပ်မတော်ရဲ့  ကွပ်ကဲမှု အောက်ထဲကို ဆွဲထည့်မလားဆိုတာ နအဖအနေနဲ့ အကျပ်အတည်းဖြစ်နေတာ တွေ့ရပါတယ်။

နအဖဟာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပထမဦးဆုံး ငြိမ်းချမ်းရေး ယူခဲ့စဉ်က ပေါ်ပေါ်တင်တင် မလုပ်ရဲဘဲ သံသယ ရှိစွာနဲ့ တိုးတိုးတိတ်တိတ် လုပ်နေရာမှ နိုင်ငံရေး အမြတ်ထုတ်တဲ့အနေနဲ့ စိတ်ဓာတ် စစ်ဆင်ရေးနဲ့ ၀ါဒဖြန့် နည်းဗျူဟာ တရပ်အဖြစ် အဲဒီသတင်းကို ဦးစားပေး ခေါင်းကြီးပိုင်းတွေမှာ တခမ်းတနား လုပ်လာကြပါတော့တယ်။

တကယ်တမ်းကျတော့ နအဖရဲ့ သဘောထား မမှန်တာတွေ၊ ကတိပျက်ကွက်တာတွေ၊ တိုင်းရင်းသား အဖွဲ့အချင်းချင်း အခွင့်အရေးပေးရာမှာ ဘက်လိုက်မှု ရှိတာတွေ၊ လက်နက်နဲ့ ငြိမ်းချမ်းရေးဆိုပြီး အမှန်တော့ ဦးကျိုးအောင် နာမ်နှိမ်အောင် လုပ်ခဲ့ပုံတွေ၊ တိုင်းရင်းသားအဖွဲ့တွေက ဘိန်းကြောင့် ရရှိလာတဲ့ တရားမ၀င် ငွေမည်းများကို ငွေဖြူဖြစ်ရေး စစ်အာဏာရှင်တွေနဲ့ ပူးပေါင်းဆောင်ရွက်ကြပုံတွေ၊ ငြိမ်းချမ်းရေးအဖွဲ့နဲ့ နအဖရဲ့  သဘောတူညီထားချက် (၁၄) ချက်မှာ အများစုကို ဖောက်ဖျက်ကြပုံ စတာတွေကို တင်ပြသွားပါမယ်။

ပထမဦးဆုံး ငြိမ်းချမ်းရေး လုပ်ခဲ့တဲ့ ဖုံကျားရှင်း ဦးစီးသော ရှမ်းမြောက် အထူးဒေသ (၁) ကိုးကန့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့နဲ့ ဦးစိုင်းလင်း ခေါင်းဆောင်တဲ့ ရှမ်းအရှေ့ မိုင်းလားဒေသ အထူးဒေသ (၄) အပစ်အခတ် ရပ်စဲရေးအဖွဲ့တို့ဟာ သူတို့ကို မြန်မာတပ်မတော် လက်အောက်သို့ တပ်ရင်းအလိုက် စုစုစည်းစည်း သွင်းပါ။ တပ်ရဲ့  အဆင့်၊ ရာထူး၊ လစာများကို ခံစားပြီး မြန်မာစစ်တပ်ရဲ့  အမိန့်အတိုင်း နာခံမယ်လို့ အဆိုပြုခဲ့ဖူးပါတယ်။

စစ်ရုံးမှာ ရှိနေတဲ့ မျိုးဆက်သစ် လူငယ်တပ်မတော် အရာရှိများက ဒီအတိုင်းဆို လက်ခံသင့်ကြောင်း မျှော်လင့်နေကြပေမယ့် မူလက မယုံသင်္ကာတွေ ရှိနေကြတဲ့ တင်းမာတဲ့ ဗိုလ်ချုပ်အချို့ က လက်မခံဘဲ တဦးချင်း ခွဲထုတ်ကာ မြန်မာတပ်မတော် တပ်ရင်းတွေရဲ့  လက်အောက်ကို ဖြန့်ခွဲစေလွှတ်မှာ ဖြစ်ကြောင်း ပြန်ကြားခဲ့ပါ တယ်။ ကိုးကန့်နဲ့ ရှမ်းတပ်တွေက တပ်ရင်းအလိုက်သာ တာဝန်ထမ်းဆောင်လိုတဲ့အတွက် ညှိမရဘဲ စိတ်ပျက်စရာ ပျက်ပြယ်သွားခဲ့ရပါတယ်။

နအဖဟာ ၂၀၀၇ သံဃာ့အရေးအခင်း မတိုင်ခင်က အန္တရာယ် အရှိဆုံး အနီးကပ်ရန်သူ စာရင်း (၅) မျိုး သတ်မှတ်ထားပါတယ်။

နံပါတ် (၁) ကတော့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့် နှင့် ထောက်လှမ်းရေးပြုတ်များ၊
နံပါတ် (၂) ကတော့ KNU, KNPP နှင့် လက်နက်ကိုင် သောင်းကျန်းသူများ၊
နံပါတ် (၃) ကတော့ အပစ်ရပ် လက်နက်ကိုင် အဖွဲ့အစည်းများ၊
နံပါတ် (၄) ကတော့ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်များ၊
နံပါတ် (၅) ကတော့ မင်းကိုနိုင်နှင့် ၈၈ မျိုးဆက်ကျောင်းသားများတို့ပဲ ဖြစ်ကြပါတယ်။

ဒါကြောင့် အဆင့် နံပါတ် (၃) အဖြစ် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား လျှို့ ဝှက်စွာ သတ်မှတ်ထားတာကိုက သံသယစိတ်ရှိပြီး သတိထားနေတာ သိသာလွန်းလှပါတယ်။

အဲဒီ အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ထဲမှာ နအဖရဲ့ အကြောက်ရွံ့ဆုံး အဖွဲ့ကတော့ ၀ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA “၀” အဖွဲ့ပင် ဖြစ်ပါတယ်။


ရန်သူတွေ ဖြစ်ခဲ့တဲ့ UWSA “၀” အဖွဲ့က တကယ်တော့ ဗကပ ကွန်မြူနစ် အမာခံတွေ ဖြစ်ခဲ့ကာ မိုင်းယောင်း သိမ်းပိုက်ခဲ့စဉ်က ချင်း (၃) တပ်ရင်း အိမ်ထောင်သည် လိုင်းရဲမေများကို မုဒိမ်းကျင့်ခဲ့သူများဖြစ်ပြီး ဒီမိုကရေစီကို မလိုလားသူများ ဖြစ်ပါတယ်။


န၀တ တက်လာစဉ်က ဘိန်းဘုရင် ခွန်ဆာရဲ့ MTA တပ်ဖွဲ့ဝင်များဟာ အင်အားကြီးမားတာကြောင့် နအဖက အသေအလဲ တိုက်ခိုက်နေခဲ့ရပါတယ်။ ဒီအချိန်မှာ “၀” တပ်ဖွဲ့တွေဟာ မရိုးသားတဲ့ အကြံအစည်များနဲ့ နအဖဘက်ကို ၀င်ရောက်ကူညီပြီး MTA ခွန်ဆာတပ်ဖွဲ့များကို တိုက်ခိုက်ပေးခဲ့ပါတယ်။

တဖန် နအဖကလည်း မရိုးသားတဲ့ အကြံအစည်များဖြင့် ခွန်ဆာ လက်နက်ချပြီးတဲ့အခါမှ “၀” တပ်ဖွဲ့တို့ကို ထိုင်းနိုင်ငံအား Buffer Zone ကြားခံထားလို၍ လည်းကောင်း၊ MTA မှ ခွဲထွက် SSA ဗိုလ်မှူးကြီး ရွက်ဆစ် တပ်ဖွဲ့တွေကို တိုက်ခိုက်ခိုင်းလို၍လည်းကောင်း ထိုးကျွေးခဲ့ပြန်ပါတယ်။

UWSA တပ်ဖွဲ့တွေရဲ့  အကြံအစည်များကတော့ ပြည်နယ် ဖွဲ့လို့ရအောင် (၆) မြို့ နယ် ရရှိရေးအတွက် ရှမ်းအမျိုးသမီးများကို ငွေကြေး အင်အားသုံး၍ တမျိုး၊ လက်နက်အားကိုး အနိုင်ကျင့်၍တဖုံ အတင်းအကျပ် ပေါင်းသင်းဆက်ဆံရာမှ လူဦးရေ တိုးပွားစေပြီး “၀” အင်ပါယာကို တိုးချဲ့စေပါတယ်။

UWSA “၀” တွေဟာ ရှမ်းပြည်နယ်ကို “၀ါး” မျိုရန် ကြံစည်နေပြီး အမျိုးသားညီလာခံမှာ ရှမ်းပြည်နယ်မကြီးရဲ့  တိုက်ရိုက်အုပ်ချုပ်မှုအောက်တွင် မနေလိုကြောင်းနှင့် ဗဟိုက တိုက်ရိုက်အုပ်ချုပ်တဲ့ ရှမ်းပြည်နယ်မှ ခွဲထွက်ပြီး သီးခြားပြည်နယ် သတ်မှတ်ပေးဖို့ အမျိုးသားညီလာခံကျင်းပနေချိန် တောင်းဆိုခဲ့ပါတယ်။ တနည်းပြောရရင် ၀ပြည်နယ်ခွဲထွက်ခွင့်တောင်းခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် စစ်အစိုးရဘက်က လက်မခံခဲ့ပါဘူး။

တဖန် ရှမ်းပြည်နယ်တောင်ပိုင်း ထိုင်း-မြန်မာ နယ်စပ်တွေမှာ ချထားတဲ့ “၀” တပ်ဖွဲ့တွေဟာ သူတို့ရဲ့  အင်အားကို တိုးချဲ့ ကာ အခိုင်အမာ ခြေကုပ်စခန်းများ တည်ဆောက်ခဲ့တာမို့ နအဖလည်း လန့်ဖြန့်ကာ နယ်စပ်က UWSA တွေ ပြန်ရုပ်သိမ်းဖို့ တြိဂံတိုင်း စစ်ဌာနချုပ် တိုင်းမှူးက အမိန့်ပေးတာတောင် ပထမဦးဆုံးအကြိမ် “အာခံ” ခဲ့သူများဖြစ်ပါတယ်။

တဖန် AK – 47 လက်နက်စက်ရုံများနဲ့ လေယာဉ်ပစ် ဒုံးပျံများ အပါအ၀င် လက်နက်များ တပ်ဆင်ကာ UWSA “၀” တပ်ဖွဲ့ဝင် အင်အား (၂၀,၀၀၀) ကျော် ရှိလာဖို့ ယောက်ျားလေးတွေကို အရွယ်ရောက်သူတိုင်း စစ်မှုထမ်း ခိုင်းခဲ့ပါတယ်။ တရုတ်နိုင်ငံနှင့် နီးစပ်စွာ ထိတွေ့ဆက်ဆံခဲ့ရာ မြန်မာနိုင်ငံ ဒီမိုကရေစီ ရခဲ့ရင်တောင် ထကြွသောင်းကျန်းမယ့် အရင်ဆုံး သူပုန်များလို့ ဆိုရမှာ ဖြစ်ပါတယ်။

တကယ်တော့ နအဖဟာ ကိုယ်မွေးတဲ့မျောက် ကိုယ့်ပြန်ခြောက်တာ ခံနေရပြီး နိုင်ငံတကာမှ မူးယစ်ဆေးဝါး ပြစ်မှုအဖြစ် ၀ရမ်းထုတ် ဆုငွေထုတ်ထားတာတောင် ပေါက်ယူချမ်း၊ ဝေရှောက်ခန်း စတဲ့ “၀” ခေါင်းဆောင်များကို ဖမ်းဖို့ တာဝန် ပျက်ကွက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ နအဖနဲ့ ပေါင်းပြီး “၀” အဖွဲ့တွေရဲ့  စီးပွားရေး သောင်းကျန်းပုံ တွေကို ဆက်လက်တင်ပြသွားပါ့မယ်။ တကယ်တော့ နအဖဟာ ဘိန်းဘုရင် ခွန်ဆာဆီမှ “ငွေမည်း” များ ရရှိခဲ့လို့ အလိုတူ အလိုပါ အကြိုက်တွေ့သွားပြီ ဖြစ်ပါတယ်။

နအဖ ဒုတိယခေါင်းခဲတဲ့ အဖွဲ့ကတော့ မွန်ပြည်သစ်ပါတီ (NMSP) ဖြစ်ပြီး အမျိုးသား ညီလာခံမှာကတည်းက တင်းမာစွာ တုံ့ပြန်တာ ခံခဲ့ရပါတယ်။ ငြိမ်းချမ်းရေး လုပ်ခဲ့စဉ်က NMSP ဥက္ကဋ္ဌ နိုင်ရွှေကျင်ကို တပ်ချုပ် ဗိုလ်သန်းရွှေ ကိုယ်တိုင် လက်ခံ ကြိုဆိုခဲ့ရခြင်းမှာ KNU ကို ထိန်းချုပ်နိုင်အောင် မျှော်မှန်းတာရယ်၊ ထိုင်းနယ်စပ် နှင့် ဆက်စပ်နေပြီး ပင်လယ်ကမ်းခြေ ထွက်ပေါက်ကို ပိုင်စိုးတာရယ်၊ KIA နှင့် UWSA ကဲ့သို့ နောက်ပိုင်း မလုံခြုံတဲ့ အနေအထား မရှိတာကြောင့် အချိန်မရွေး တောထဲ ပြန်ရောက်သွားနိုင်တာမို့ စည်းရုံးခြင်း ဖြစ်ပါတယ်။

ယခုလည်း အမျိုးသားညီလာခံမှာ နအဖက တိုင်းရင်းသားအဖွဲ့တွေ (အပစ်အခတ်ရပ်စဲရေး ၁၃ ဖွဲ့) တင်ပြခဲ့တဲ့ ကိုယ်ပိုင်အခွင့်အရေး ပြဋ္ဌာန်းချက်များကို မလိုက်လျှောခဲ့လို့ တိုင်းရင်းသားအဖွဲ့တွေရဲ့  ကိုယ်စီ ရင်ထဲမှာတော့ မကျေနပ်မှုတွေ အသီးသီး အနည်းနဲ့အများ ရှိနေကြပါတယ်။

နအဖရဲ့  တတိယ အစိုးရိမ်ရဆုံး နောက်တဖွဲ့ကတော့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဖြစ်ပြီး ရှမ်းပြည်နယ် မြောက်ပိုင်း KIA တပ်ဖွဲ့ဝင်တွေကို နအဖ စစ်တပ်က အကြောင်းမဲ့ ပစ်သတ်တဲ့ ကိစ္စမှာ အစာမကြေ ဖြစ်ခဲ့ပါတယ်။

KIA ဟာ အမျိုးသားညီလာခံတက်နေတဲ့ အချိန်အခိုက်အတန့်မှာ အဲဒီကိစ္စ ဖြစ်တာရယ်၊ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ MI အဖွဲ့ အရေးယူ ဖျက်သိမ်းခဲ့ရလို့ အသစ်ဖွဲ့စည်းလိုက်တဲ့ “စရဖ” အကြီးအကဲ ဗိုလ်မြင့်ဆွေရဲ့  ကိုင် တွယ်ဖြေရှင်းမှု ညံ့ဖျင်းတာရယ်ကြောင့် ကျေနပ်မှု မရှိဘဲ တင်းမာမှု အထွဋ်အထိပ် ရောက်နေခဲ့ပါတယ်။

KIA မှ ဒု-ဥက္ကဋ္ဌ ဒေါက်တာ တူးဂျာကိုယ်တိုင် နအဖ အကြီးအကဲတွေကို စစ်ရုံးမှာ တွေ့ခွင့်ရဖို့ အချိန်ကြာမြင့်စွာ စောင့်နေရလို့ စိတ်မရှည်နိုင်တော့ဘဲ ဒေါသတကြီး တုံ့ပြန်တော့မှ ဒု-တပ်ချုပ် ဗိုလ်မောင်အေးက ၀င်ရောက် ဖြေရှင်းပေးလိုက်ရပါတယ်။


နအဖရဲ့  မပြေလည်နိုင်သေးတဲ့ KNU နှင့် Gentleman Agreement လည်း ယခုအခါ အလှမ်းဝေးသွားပြီ ဖြစ်ပါတယ်။

KNU ရဲ့  ဗဟိုဌာနချုပ် မာနယ်ပလောကို တိုက်ခိုက်နိုင်ရန် လမ်းပြပေးရတဲ့ ကျေးဇူးကို ထောက်ထားပြီး DKBA ကိုတော့ နယ်စပ်ဂိတ်များမှာ “အစာ” ချကြွေးကာ မြှောက်စားလိုက်ပြန်ပြီ ဖြစ်ပါတယ်။ ဒါပေမယ့် KNU မှာ ယခင်က အရာခံဗိုလ် အဆင့်သာရှိခဲ့ပြီး DKBA မှာ စစ်ဦးစီးချူပ် ဖြစ်နေတဲ့ ဗိုလ်ချုပ်ကျော်သန်းနဲ့ ယခင်က ဆရာ့ ဆရာကြီးများဖြစ်ခဲ့တဲ့ နအဖနဲ့ ပူးပေါင်းထားသော ဗိုလ်ချုပ်ထိန်မောင်၊ ရင်းမှူး ဒု-ဗိုလ်မှူးကြီး သမူဟဲ၊ ဖဒို အောင်ဆန်း စတဲ့အဖွဲ့တွေရဲ့  ရပ်တည်ရေး၊ စားဝတ်နေရေး၊ ကရင်ပြည်နယ် လုပ်ပိုင်ခွင့် အာဏာခွဲဝေမှု ပြဿနာများကို နအဖဟာ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

တကယ်တော့ ရင်းမှူး ဒု-ဗိုလ်မှူးကြီး စောသမူဟဲနဲ့ အဖွဲ့တွေ လက်နက်အားလုံးချပြီးမှ အလုံးစုံ အလင်းဝင်ခဲ့တဲ့ ဖြစ်စဉ်အပေါ် နအဖက တအံ့တသြ ဖြစ်ခဲ့ရပြီး တဂူထဲက ခြင်္သေ့နှစ်ကောင် ဖြစ်သော ဗိုလ်မောင်အေးနဲ့ ဗိုလ်ခင်ညွန့်တို့ကတောင် တခါမှ မတွဲစဖူးတွဲလာကာ သူ့အား ကြိုဆိုခဲ့ရဖူးပါတယ်။

စောသမူဟဲကိုတောင် ဦးစားမပေးဘဲ DKBA ဟာ “ဖား” တာ တော်လွန်းရာမှာ ကရင်အချင်းချင်းတောင် သတ်ပေးလို့ နအဖက မျက်နှာသာပေး ဘက်လိုက်တာ သိသာလှပါတယ်။

နအဖအနေနဲ့ အပစ်ရပ်အဖွဲ့တွေကို ကိုင်တွယ်ရာမှာ ဘက်လိုက်မှုများနဲ့ သွေးခွဲမှုများ ရှိနေပါတယ်။ အခွင့်အရေး နည်းနည်း ပေးမိရင်တောင် သတင်းပေါက်ကြားမှု ရှိတာကြောင့် တချို့ကို ဒီထက်ပိုပြီး သာသာထိုးထိုး အခွင့်အရေး ပိုပေးထားလို့ အပစ်ရပ် အဖွဲ့အတွင်းမှာလည်း မကျေနပ်မှု ရှိနေကြကြောင်း သိရပါတယ်။

(ဒုတိယပိုင်းကို လာမည့် သောကြာနေ့တွင် ဖော်ပြမည်ဖြစ်ပါသည်)


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.khitpyaing.org မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Sunday, January 18, 2009

မြန်မာမျိုးချစ်များအား ဖမ်းဆီးမှုနှစ်ချုပ်စာရင်း (အပြည့်အစုံ မဟုတ်ပါ)

ခွာညို

တကယ်တော့ ဒီ အဖမ်းအဆီးစာရင်းလုပ်ထားတာ နှစ်ဟောင်း နှစ်သစ် စပ်ကူးမတ်ကူးကာလမှာပါ။ လေးအောက်အယ်ဒီတာလေးက မိုးကြိုး (၁၀၀) ပြည့်မှာ ဒေါ်ကူမဲန်ထရီအနေနဲ့ ထည့်ချင်တယ်လုပ်ပေးပါ.. ဆိုလို့ လုပ်ပေးထားတာပါ။ ဒါပေမယ့် ဒီလက အစောင် (၁၀၀) ပြည့်လည်း ဖြစ်...(၁၀) နှစ်မြောက်မွေးနေ့နဲ့လည်းတိုက်နေတော့ စာမျက်နှာ နည်းနည်း ကြပ်သွားတာရော စာရင်းကလည်း မထင်မှတ်ဘဲ အတော်ရှည် သွားတော့ ထည့်လို့မရတော့ဘူးနဲ့ တူပါတယ်။ ဒါနဲ့ပဲ ကျမ ဘလော့ထဲ ရောက်လာရတာပါ။

ပန်းစပယ် နန်းအလယ် မပေါ်ခိုက်ဟာမို့ ခံပွင့်ကိုကုံး...ဆိုသလိုပေါ့..


စစ်အစိုးရသည် ၂၀၀၇ ခုနှစ်၊ ရွှေဝါရောင်တော်လှန်ရေးကို အစပြုသော လောင်စာဆီဈေးနှုန်း ကန့်ကွက်မှုမှ နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအားကူညီနေသည့် ဇာဂနာအထိ ဖမ်းဆီးထားသမျှ ပြည်သူ့ဘက်မှ ရပ်တည်သော အနုပညာရှင်များ၊ နိုင်ငံ့အရေးလှုပ်ရှားသူ ကျောင်းသားအဖွဲ့များ၊ နိုင်ငံရေးပါတီများ အထူးသဖြင့်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်များအား အစုလိုက် အပြုံလိုက် နှစ်ရှည်ထောင် ဒဏ်များချမှတ်ခဲ့ ဆက်လက်၍လည်း ဖမ်းဆီးထောင်ချခြင်းများကို အရှိန်အဟုန်ဖြင့် ကျူးလွန်နေဆဲဖြစ်သည်။

သာသနာတော်ကိုထောင်ချခြင်း

ထောင်ဒဏ် ၆၈ နှစ်အချခံရသော မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီး၏
ဦးဆောင်ဆရာတော် အသျှင် ဂမ္ဘီရအား ခန္တီးထောင်၊
နောင်တော် ကိုအောင်ကျော်ကျော်အားတောင်ကြီးထောင်၊
အမှုတွဲ ကိုဝဏ္ဏအောင်အား ပဲခူးထောင်

စက်တင်ဘာ (၅) က ရန်ကုန်တိုင်း၊ သံလျှင်မြို့နယ်၊ ဗိုလ်ချုပ်ရွာရှိ မာလာရုံကျောင်းတိုက် ကျောင်းတိုင်ဆရာတော် သက်တော် (၅၈) နှစ်အား ဖမ်းဆီးသွားကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ကပြောသည်။

စက်တင်ဘာတွင် သံဃာတော်များ ဆုတောင်းမေတ္တာပို့ကြွချီခြင်းများနောက်ပိုင်း ဘုန်းကြီးကျောင်းများသို့ စီးနင်းဖမ်းဆီးခြင်းခံရသော သံဃာ တော်များအနက် ပုဇွန်တောင်မြို့နယ်၊ ကျားကျောင်းဆရာတော် ဦးစန္ဒိမာအား ၂၀၀၈ ခုနှစ်၊ ကျောက်တံတားတရားရုံးမှ ထောင်ဒဏ် (၈) နှစ် ချမှတ်လိုက်ကြောင်း နိုဝင်ဘာလ (၁၄) ရက်နေ့ ခေတ်ပြိုင်သတင်းတွင်ဖော်ပြထားသည်။ ဦးစန္ဒိမာနှင့်အတူ ကိုကို (ခေါ်) ကိုဝဏ္ဏနွယ်ကိုလည်း အလားတူချမှတ်ခဲ့သည်။ စွဲဆိုခံရသော အမှုများမှာ မတရားအသင်းအက်ဥပဒေ ပုဒ်မ (၁၇/၁-၂) ဖြစ်ပြီး ဆက်လက်၍လည်း အသင်းအဖွဲ့ပုဒ်မ (၆) နှင့်လည်းကောင်း၊ ဖောက်ခွဲဖျက်ဆီးပုဒ်မ (၅/၆) စသည့်အမှုလက်ကျန်များဖြင့် နောက်ထပ် ထောင်ဒဏ်ကျခံရန်ရှိနေသေးကြောင်းလည်း သိရသည်။

ယမန်နေ့က မင်္ဂလာတောင်ညွန့်တရားရုံးမှ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ရွှေတောင်ကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဦးပြည်ကျော်အား ထောင်ဒဏ် (၁၀) နှစ်၊ ဦးသုတဉာဏနှင့် တူမဖြစ်သူ မအိတို့အား ထောင်ဒဏ် (၅) နှစ်စီချမှတ်ခဲ့ကြောင်းသိရသည်။

တရားခံဖြစ်သွားသော ရှေ့နေများ

ဒီမိုကရေစီရေး ထောက်ခံလှုပ်ရှားသူများအား ဥပဒေအကျိုးဆောင်ပေးနေကြသော ရှေ့နေကြီး များဖြစ်ကြသည့် ဦးအောင်သိန်းနှင့် ဦးခင် မောင်ရှိန်တို့အား တရားရုံးအား မထီမဲ့မြင်ပြုမှုနှင့် ထောင်ဒဏ်လေးလစီ ချမှတ်ကာ ဦးအောင်သိန်းအား ပုသိမ်ထောင်သို့လည်းကောင်း။ ဦးခင် မောင်ရှိန်အား မြောင်းမြထောင်သို့လည်းကောင်း ပြောင်းရွှေ့လိုက်သည်။ တရားခွင်တွင် “တရားစီရင်ရေးကို မယုံကြည်တော့…” ဟု သုံးနှုန်း ခဲ့ခြင်းကြောင့် တရားရုံးချုပ် ဒုတိယညွှန်ကြားရေးမှူးချုပ်တစ်ဦးက တရားစွဲခြင်းဖြစ်ကြောင်း…ဤသည်မှာ အမှုသည် များ၏ ပြောကြား ချက်အတိုင်း တင်ပြခြင်းသာဖြစ်ကြောင်းနှင့် တရားခွင်အတွင်း တရားခံတွေကိုယ်တိုင် သုံးနှုန်းစဉ်က လည်းကောင်း… စာတင်သည့်အခါက လည်းကောင်း ဟန့်တားခြင်း… ပြန်ဖျက်ပေးရန် တောင်းဆိုခြင်းများလည်း တရားသူကြီးမှ မရှိခဲ့ကြောင်း လုပ်ထုံး လုပ်နည်းများကို ခေတ်ပြိုင် သို့ ရှင်းပြခဲ့သည်။

အောက်တိုဘာ (၃၀) ကလည်း လူငယ်ရှေ့နေ ကိုညီညီထွေးနှင့် ၎င်း၏အမှုသည် သုံးဦးဖြစ်သော ကိုရန်နိုင်ထွန်း၊ ကိုမျိုးကျော်ဇင်နှင့်မီးသွေး ခေါ် ကိုအောင်မင်းနိုင်တို့အား တရားခွင်ကို မထီမဲ့မြင်ပြုမှုနှင့် ထောင်ဒဏ် (၆) လစီချမှတ်ခဲ့သည်။ ကိုညီညီထွေးသည် ရှေ့နေ ကိုစောကျော် ကျော်မင်းနှင့်အတူ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ၀တ်ပြုဆုတောင်းပွဲများအတွက် ဖမ်းဆီးချုပ်နှောင်ခံရသူ (၁၁) ဦးတို့အတွက် လိုက်ပါဆောင်ရွက်ပေးနေသူဖြစ်သည်။

ကိုစောကျော်ကျော်မင်းက တိမ်းရှောင်လျှက်ရှိနေပြီး တရားစွဲဆိုသော နေ့က ကိုညီညီထွေးအား ဒီဗွီဘီမှ ဆက်သွယ်မေးမြန်းခဲ့ရာတွင် ကိုညီ ညီထွေးက “ကျနော်တို့ နိုင်ငံရေးအမှုတွေ လိုက်နေကတည်းက အားလုံးကိုစွန့်ပြီးလိုက်ရတဲ့ အနေအထားပဲလေ၊ လိုင်စင်ဆိုတာလည်း မသေချာဘူး၊ ထောင်ကျရေး မကျရေးလည်း မသေချာဘူး၊ မျှတတဲ့ တရားစီရင်ရေးအရဆိုရင်တော့ ကျနော်တို့လို ရှေ့နေတွေကို တန်ပြန် တရားစွဲဆိုခံရဖို့ဆိုတာက သိပ်တော့ မမျှော်လင့်ထားဘူး။ သမိုင်းတလျှောက်မှာ ကျနော်သိသလောက် တစ်ကြိမ်မှလည်း မကြုံတွေ့ဖူးဘူး။ ထောင်ကျမှာ၊ လိုင်စင်ပြုတ်မှာ ဒါနဲ့ပတ်သက်ပြီးတော့သိပ်ပြီး စိုးရိမ်တကြီး အထိတ်တလန့်ကြီး ခံစားရတာမျိုးတော့ မရှိဘူးခင်ဗျ” ဟု ဖြေကြားသွားခဲ့သည်။

ဖမ်းဆီးထားသူများအနက်မှ ကိုအောင်သိန်းလွင်ကို ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ (၅) ခုနှင့် ထောင်ဒဏ် (၁၁) နှစ်၊ ဘောင်းဘောင်း ခေါ် ကိုဇော်မင်းအား ပုဒ်မ ၅၀၅ (ခ) အစိုးရ သို့မဟုတ် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်အောင်ကြံစည်မှုများနှင့် ထောင်ဒဏ် (၂) နှစ် ချမှတ် ခဲ့ကြောင်းသိရသည်။

စာ၊ နယ်၊ ဇင်းမှ အဖမ်းခံရသူများ-

အာဏာရူးကြီးသန်းရွှေ - စာတန်းပါအောင် ကဗျာရေးသားခဲ့သော ကဗျာဆရာစောဝေအား နိုဝင်ဘာ (၁၀) ရက်နေ့က ထောင်ဒဏ် (၂) နှစ် ချမှတ်လိုက်သည်။ အချစ်ဂျာနယ်တွင် ချစ်သူများနေ့အထိမ်းအမှတ်အဖြစ် ရေးသားသောကဗျာ၏ ထိပ်ဆုံးစာလုံးများကို ဒေါင်လိုက်ဖတ်ပါက “အာနာရူးကြီး မှူးကြီးသန်းရွှေ” ဟူသော စာတန်းထွက်လာသောကြောင့် ၂၀၀၈ ခုနှစ် ဇန်န၀ါရီလ (၂၃) ရက်တွင် ရဲအထူးသတင်းတပ်ဖွဲ့ (အက်စ်ဘီ) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလ (၇) ရက်နေ့တွင် ပြည်တွင်းအပတ်စဉ်ထုတ် စောင့်ကြည့် သတင်းဂျာနယ်မှ တရားရုံးဝန်ထမ်းများ လာဘ်ပေး လာဘ်ယူသတင်းရေးသားခဲ့သော သတင်းထောက် ကိုထွန်းထွန်းသိန်းနှင့် ထည့်သွင်းဖော်ပြခဲ့သော အယ်ဒီတာ ဦးခင်မောင်အေးတို့အား တရားခွင်မတင်ဘဲ ထောင်ဒဏ် (၃) လစီချမှတ်ပြီးမှ နေအိမ်များသို့လာရောက် ဖမ်းဆီးသွားခဲ့သည်။ အောက်တိုဘာလအတွင်းက ဖော်ပြ ခဲ့သော ထိုသတင်းမှာ မြန်မာနိုင်ငံ စာပေစိစစ်နှင့် မှတ်ပုံတင်ဌာနက ခွင့်ပြုချက် ရပြီးမှ ထည့်သွင်းဖော်ပြခဲ့ခြင်းဖြစ်ကြောင်း ပြည်တွင်း သတင်းထောက်တစ်ဦးက ဧရာဝတီသတင်းဌာနသို့ပြောခဲ့သည်။

နာဂစ်မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအားကူညီမှုဖြင့် ၂၀၀၈ ခုနှစ်၊ ဇွန်လ (၁၃) ရက် က ဖမ်းဆီးခံခဲ့ရသော အားကစားအယ်ဒီတာ ဇော် သက်ထွေးအား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးထိခိုက်စေမှု၊ သာသနာတော်ညှိုးနွမ်း အောင်ကြံဆောင်မှုတို့ဖြင့် ထောင်ဒဏ် (၄) နှစ် ချမှတ် လိုက်သည်။

နိုဝင်ဘာ (၂၈) ရက်နေ့တွင် မြန်မာနေးရှင်းဂျာနယ် အယ်ဒီတာချုပ် ဦးသက်ဇင်နှင့် မန်နေဂျာဖြစ်သူ ဦးစိန်ဝင်းမောင်တို့အား တရားမ၀င် ပုံနှိပ် ထုတ်ဝေမှုဖြင့် ထောင်ဒဏ် (၇) နှစ်စီချမှတ်ခဲ့သည်။ စက်တင်ဘာလအတွင်းက ပန်းသတင်းဂျာနယ် သတင်းထောက်ချုပ် ကိုစောမြင့်သန်း အဖမ်းခံရကြောင်း သတင်းရရှိပြီး ၎င်း၏ နောက်ဆက်တွဲသတင်းကို ထပ်မံမရရှိသေးပါ။

ဂီတနှင့် အနုပညာရှင်များ

မြန်မာပြည်တွင် ပထမဆုံး ဟစ်ဟော့အဖွဲ့မှ အဆိုတော် ဇေယျာသော်အား ဖေဖော်ဝါရီလကုန်ပိုင်းက ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် (၆) နှစ်ဖြင့် ကော့သောင်းထောင်သို့ ပြောင်းရွှေ့ပစ်ခဲ့သည်။ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်းတွင် လူငယ်များအချစ်တော် ဟစ်ဟော့အဖွဲ့ ဖြစ်သည့် အက်ဆစ် တေးဂီတအဖွဲ့သည် မျိုးဆက်သစ်လူငယ်များ အစည်းအရုံး (Generation Wave) ကို တည်ထောင်ပြီး မြန်မာပြည်အား အကြမ်းမဖက်လှုပ်ရှားမှုများဖြင့် နိုင်ငံရေးပြောင်းလဲတိုးတက်လာစေရန် တတ်စွမ်းသမျှ ကြိုးစားနေသော လူငယ် အဖွဲ့ ဖြစ်သည်။

ဇေယျာသော်နှင့်အတူ ဖမ်းဆီးခံခဲ့ရသူများမှာ ကိုအောင်ဇေဖြိုး(တောင်ငူထောင်)၊ ကိုအာကာဗိုလ် (ကျောက်ဖြူထောင်)၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟ၀င်းတင် အား (ညောင်ဦးထောင်) တို့ဖြစ်ကြပြီး ၎င်းတို့အား ပုဒ်မ ၆/၈၈ ခွင့်ပြုချက်မရဘဲ အသင်းအဖွဲ့ ဖွဲ့စည်းမှုဖြင့် ယခု မတ်လအတွင်းက ဖမ်းဆီးတရားစွဲဆိုထားခဲ့ခြင်းဖြစ်သည်။ ဇေယျာသော်မှာ တရားမ၀င် နိုင်ငံခြားငွေကိုင်ဆောင်မှု တစ်မှု ၂၄/၁ တစ်မှုတိုး၍ (၆) နှစ်ကျခံစေခဲ့သည်။

မြန်မာနိုင်ငံ၏ နာမည်ကြီး ဟစ်ဟော့အဆိုတော် ရန်ရန်ချန်းကို ဧပြီလ (၁၈) ရက်၊ သင်္ကြန်အတက်နေ့ (ကြာသာပတေးနေ့) က မုံရွာမြို့ တွင် ဖမ်းဆီးခဲ့သည်။

စက်တင်ဘာ (၃) ရက်တွင် အဖွဲ့ဝင်ကိုတင်မျိုးထွဋ် (ခ) ကိုကျော်ဦးအား ဖမ်းဆီးသွားကြောင်း G/W အဖွဲ့မှ ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စက်တင်ဘာတော်လှန်ရေးနှစ်ပတ်လည်နား နီးလာသောကြောင့် အထိမ်းအမှတ်လှုပ်ရှားမှုများပြုလုပ် မည်စိုးသောကြောင့် လူငယ်အဖွဲ့များကို ပစ်မှားထားပြီး ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်း အဖွဲ့ခေါင်းဆောင် ကိုမိုးဃ်သွေးက ပြောသည်။

အောက်တိုဘာ (၃) ရက်နေ့တွင် Generation Wave (G/W) မျိုးဆက်သစ်လူငယ်များအစည်းအရုံးမှ အဖွဲ့ဝင် (၄) ဦးအပါအ၀င် နိုင်ငံရေး လှုပ်ရှားသူ လူငယ် (၈) ဦးအား ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်တွင်း နေအိမ်တစ်အိမ်မှ ဖမ်းဆီး သွားခဲ့ကြောင်း (G/W) က ကြေညာသည်။

အောက်တိုဘာ (၉) ရက်နေ့က ရန်ကုန် နှင့် အခြားမြို့များတွင် (G/W) ဖွဲ့စည်းသည့် တစ်နှစ်ပြည့်အထိမ်းအမှတ်အဖြစ် “စစ်အာဏာရှင် အဆုံးသတ် ၂၀၀၈” ဟု ရေးသားထားသည့် တစ်လက်မခွဲပတ်လည် စာရွက်ပိုင်းများဖြန့်ဝေမှုဖြင့် ကိုခိုင်ကိုမွန် (ခ) ငြိမ်းချမ်း၊ ကိုရဲ သူကို (ခ) ညီညီ၊ ကိုဇင်မင်းအောင်နှင့် ကိုအောင်ပိုင် အဖမ်းခံခဲ့ကြရပြီး ၎င်းတို့နှင့်အတူ အိမ်ရှင်များနှင့် ထိုအိမ်သို့ အလည်ရောက်နေသည့် ဧည့်သည်များ ကို အောက်တိုဘာ (၉) ရက်နှင့် (၁၀) ရက် နေ့များတွင် ဖမ်းဆီးသွားခဲ့သည်။ လက်ကိုင်ဖုန်း၊ ကင်မရာ၊ စာရွက် စာတန်း အပိုင်းများနှင့် လှုပ်ရှားမှု မှတ်တမ်းတင် ဓာတ်ပုံများကို သိမ်းဆည်းသွားခဲ့သည်။

ရွှေသံစဉ် တေးဂီတအဖွဲ့၏ အဖွဲ့မှူး ဂီတအနုပညာရှင် ကိုဝင်းမော်နှင့် အခြားအဆိုတော်နှစ်ဦးတို့အား ဒေါ်အောင်ဆန်းစုကြည်ကို အားပေး ထောက်ခံသော သီချင်းများရေးမှုဖြင့် ၂၀၀၇ နိုဝင်ဘာ (၂၇) ရက်က ဖမ်းဆီးသွားခဲ့သည်။ ၂၀၀၈ အောက်တိုဘာ (၃၀) တွင် ရွှေသံစဉ် ကိုဝင်းမော်၊ ကိုမြတ်စံနှင့်အတူ အဖမ်းခံရသည့် ကိုသိန်းအောင်လင်း (ခ) ရှဲအား ထောင်တွင်းအထူးတရားရုံးက ဥပဒေပုဒ်မ (၅) ခုဖြင့် ထောင်ဒဏ် (၁၁) နှစ် ချမှတ်လိုက်သည်။

၂၀၀၈ ခုနှစ်၊ ဇွန်လ (၅) ရက် က ပြည်သူ့အချစ်တော် ဇာဂနာအား လာရောက်ဖမ်းဆီးစဉ်က ဖမ်းဆီးသူများက (၂) ရက်လောက်ကြာမည်ဟု ပြောသွားခဲ့သော်လည်း နိုဝင်ဘာ (၂၇) ရက်နေ့တွင် အင်းစိန်တရားရုံးမှ ထောင်ဒဏ် (၅၉) နှစ်ချကာ မြန်မာပြည်မြောက်ဖျားပိုင်း မြစ်ကြီးနား ထောင်သို့ ပို့လိုက်ပြီဖြစ်သည်။ ဇာဂနာအားလာရောက်ဖမ်းဆီးစဉ်က သိမ်းယူသွားခဲ့သော လေဘေးကယ်ဆယ်ရေး လုပ်ငန်းမှတ်တမ်းတင် စီဒီ ဓာတ်ပြားတစ်ချပ်၊ ရမ်ဘို အပိုင်း(၄) ရုပ်ရှင် ဓာတ်ပြား၊ စိန်စီသောည စီဒီဓာတ်ပြား၊ အမေရိကန် ဒေါ်လာ (၁၀၀၀) fec (၃၀) တို့ဖြင့် ဗွီဒီယိုဥပဒေ၊ နိုင်ငံတော်ငြိမ်ဝပ် ပိပြားမှုထိခိုက်စေမှု၊ သာသနာညှိုးနွမ်းစေမှု စသည့်ပုဒ်မ (၄) ခုဖြင့် အမှုဆင်ထောင်ချခဲ့ခြင်းဖြစ်သည်။ ဇာဂနာ၏ အမှုတွဲများဖြစ်ကြသော ကိုဇော်သက်ထွေးအား ထောင်ဒဏ် (၄) နှစ်၊ ကိုသန့်ဇင်အောင်အား ဗွီဒီယိုဥပဒေဖြင့် (၃) နှစ် ကျခံ စေခဲ့သည်။

(၈၈) မျိုးဆက်များ

တရားရုံးအားမထေမဲ့မြင်ပြုမှုဖြင့် ထောင်ဒဏ် (၆) လ ရှေ့ပြေးချမှတ်ကာ အင်းစိန်ထောင်မှ မအူပင်ထောင်သို့ပြောင်းခံခဲ့ကြရသော ၈၈ ခေါင်းဆောင် (၉) ဦးအနက် (၈) ဦးအား နိုဝင်ဘာလ (၁၀) ရက်နေ့၌ မအူပင်ထောင်က ထောင်ဒဏ် (၆၅) နှစ်စီ စီရင်ချက်ချခဲ့ပြီးနောက် ဝေးလံခေါင်သီသော ထောင်အသီးသီးသို့ပြောင်းရွှေ့ရန် နိုဝင်ဘာ (၁၅) ရက်တွင် အင်းစိန်သို့ ပြန်ခေါ်လာခဲ့သော်လည်း မိသားစုများအား အသိပေး အကြောင်းကြားခြင်းမရှိခဲ့ ကြောင်းသိရသည်။

(၆၅) နှစ် စာရင်းပေါက်သူ (၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့် အပို့ခံရသော ထောင်များမှာ အောက်ပါအတိုင်းဖြစ်သည်။

ကိုမင်းကိုနိုင်နှင့် ကိုကိုကြီး (ကျိုင်းတုံထောင်)၊
ကိုဌေးကြွယ် (ဘူးသီးတောင်ထောင်)၊
ကိုမြအေး (လွိုင်ကော်ထောင်)၊
ကိုပြုံးချို (ကော့သောင်းထောင် )၊
ကိုအောင်သူ (ပူတာအိုထောင်)၊
ကိုလှမျိုးနောင် (မြစ်ကြီးနားထောင်)၊
ကိုအောင်နိုင် (ကလေးထောင်)၊
ကိုဉာဏ်လင်းကို အင်းစိန်မှ ထပ်မံမပြောင်းရွှေ့သေးပါ။
(အထက်ပါစာရင်းဝင်များမှာ (၆၅) နှစ်မတိုင်မီ ရုံးတော်အား မထေမဲ့မြင်ပြုမှု… ဟုဆိုလျှက် ထောင်ဒဏ် (၆) လ ဦးစွာချထားပြီးဖြစ်သည်။)

ရုံးတော်အတွင်း တရားရင်ဆိုင်နေစဉ် လက်ထိပ်ခတ် မထားရန်ကိုလည်းကောင်း၊ မိမိတို့သည် ပြစ်မှုကျူးလွန်ခြင်းမရှိသော အကျဉ်းသားများ ဖြစ်သည့်အတွက် “တရားခံ” ဟု မသုံးစွဲဘဲ “စွပ်စွဲခံရသူ” ဟုသာ သုံးနှုံးရန်၊ လွတ်လပ်သော တရားစီရင်မှု ဖြစ်စေရေးအတွက် အများပြည်သူ များ လာရောက်ကြားနာခွင့်တို့ကို တရားခွင်၌ တရားဝင်တောင်းဆိုခြင်းအား စစ်အုပ်စုက ရုံးတော်အား မထေမဲ့မြင်ပြုမှုအဖြစ် သတ်မှတ်သည်။

ဆက်လက်၍ -- ကိုမင်းဇေယျာ၊ ကိုဂျင်မီ ခေါ် ကိုကျော်မင်းယု၊ ကိုအံ့ဘွယ်ကျော်၊ ကိုမာကီး ခေါ် ကိုကျော်ကျော်ထွေး၊ ကြီးသန်း ခေါ် ကိုသန်းတင်၊ ကိုပဏ္ဍိတ်ထွန်း၊ ကိုဇေယျ၊ ကိုသက်ဇော်၊ ကိုဇော်ဇော်မင်း၊ မနီလာသိန်း၊ မမာမာဦး၊ မီးမီး ခေါ် မသင်းသင်းအေး၊ ရွှီး ခေါ် စန္ဒာမင်း၊ မသက်သက်အောင်တို့လည်း (၆၅) နှစ်ပစ်ဒဏ်ကျခံသူများဖြစ်သည်။

လားရှိုးထောင်သို့ အပို့ခံထားရသော ကိုမင်းဇေယျာသည် ယခု ဆောင်းဝင်လာသောအခါ ရာသီပြင်းသောဒေသတွင် တိုက်ပိတ်ခံထားရသည့် အတွက် ယခင်ခွဲထားသည့် ခါးမှ ပြန်လည်နာကျင်မှုရှိလာကြောင်း ဇနီးဖြစ်သူ မချိုချိုဝင်းက ဒီဗွီဘီသို့ပြောသည်။

မိုင်းဆတ်ထောင်အတွင်း ကိုကိုကြီးကျန်းမာရေးအခြေအနေဆိုး မိသားစုစိုးရိမ်နေ (အသည်းကြီးသောကြောင့် ဗိုက်မှာရေရှိ။ ယခင် ထောင် (၁၃) နှစ်တာကာလအတွင် အသည်းရောင်အသားဝါ ဘီပိုးဝင်ခဲ့) နိုင်ငံရေးအကျဉ်းသားများဖြစ်သော ကိုသိန်းဝင်း၊ ကိုဝေလွင်မျိုး၊ ကိုကျော် ဆန်း တို့နှင့်အတူ ထောင်ဒဏ် (၆၅) နှစ်ကျခံရသော ၈၈ မျိုးဆက်ခေါင်းဆောင် မသင်းသင်းအေး ခေါ် မီးမီးအား နိုဝင်ဘာ (၂၀) ရက်နေ့က အင်းစိန်ထောင်မှ ပုသိမ်ထောင်သို့ပြောင်းလိုက်သည်။ မီးမီးသည် (၉၆) တွင် တခါကျပြီး ၂၀၀၅ မှာပြန်လွတ်ခဲ့ပြီး သားတစ်ယောက် သမီး တစ်ယောက်ရှိသည်။ လေးဘက်နာရှိသည်ဟု ခင်ပွန်းဖြစ်သူ ကိုလှမိုးက ခေတ်ပြိုင်သို့ပြောသည်။

ကိုဌေးကြွယ်။ ။ ရန်ကုန်၊ အင်းစိန်မှ ဘူးသီးတောင်သို့အပြောင်းခံရသော ကိုဌေးကြွယ် (၈ပေ-၁၀ပေ) အခန်းထဲမှ လမ်းထွက် လျှောက်ခွင့် မရသေး။ ယခင်ဗိုက်ခွဲထားသည်က ပြန်နာလာခြင်း၊ ရေချိုးခွင့်မရသောကြောင့် ယားနာပေါက်ခြင်းနှင့် ထမင်းဝအောင်မကျွေးကြောင်း ဘူးသီးထောင်တွင် ထောင်ဆရာဝန်မရှိကြောင်းတို့ကို မိသားစုအသိုင်းအ၀ိုင်းမှတဆင့်သိရသည်။

အင်းစိန်ထောင်အတွင်းရှိနေကြသော (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင်များအနက် သိန်းသန်းထွန်း (ခေါ်) စမ်းချောင်း ကိုကိုကြီး သည် ထောင်ဆေးရုံတက်ကာ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းယူနေရကြောင်း ဒီဗွီဘီသတင်းတွင် ဖော်ပြထားသည်။ ထောင်တွင်း၌ အနွေး ထည်နှင့် စောင်မလုံလောက်မှု၊ လမ်းလျှောက်ခွင့်နည်းပါးမှုတို့ကြောင့် အကျဉ်းသားများမှာ ထုံကျင်ကိုက်ခဲမှု ဝေဒနာကို အနည်းနှင့်အများ ခံစားနေကြရကြောင်းလည်း ဖော်ပြထားသည်။ စမ်းချောင်း ကိုကိုကြီးအပါအ၀င် အင်းစိန်ထောင်တွင်း၌ (၈၈) မျိုးဆက် (၁၃) ဦးကျန်ရစ်ခဲ့ပြီး။ (၁၁) ကျခံသူ (၈) ဦးနှင့် (၉) နှစ်ကျသူ (၅) ဦးဖြစ်သည်။ ၎င်းတို့အား စွဲဆိုသည့်အမှုများတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအား ထိခိုက်စေမှု တစ်မှုတည်းအတွက် ထောင်ဒဏ် (၆) နှစ် သတ်မှတ်သည်။

(၈၈) ခေါင်းဆောင်များအနက် (၁၁) နှစ်ကျသူများမှာ သိန်းသန်းထွန်း (ခေါ်) စမ်းချောင်းကိုကိုကြီး၊ ဇော်ထက်ကိုကို၊ ချစ်ကိုလင်း၊ မလေးလေး မွန်၊ မနိုဘယ်အေး (ခေါ်) နှင်းမေအောင်၊ မနှင်းရီ (ခေါ်) နိုးနိုး၊ မသရဖီ သိမ့်သိမ့်ထွန်း၊ မအေးသီတာ တို့ဖြစ်ကြသည်။ (၉) နှစ်ကျခံရသူများမှာ ကိုသော်ဇင်ထွန်း၊ ကိုကြည်သန်း၊ စောမျိုးမင်းလှိုင် (ခေါ်) ဂျိမ်း၊ ကိုအောင်သိုက်စိုးနှင့် ဒေါ်စန်းစန်းတင်တို့ဖြစ်ကြသည်။ အင်းစိန်ထောင် အတွင်းတွင် ၎င်း (၁၃) အပြင် နောက်ထပ် နိုင်ငံရေးအကျဉ်းသား အနည်းဆုံး (၅၀) ခန့် ရှိနေသေးကြောင်း အကျဉ်းသားမိသားစုဝင်များက ပြောသည်။

(၈၈) မျိုးဆက် ကျောင်းသား ခေါင်းဆောင် (အင်္ဂလိပ်စာပြ ဆရာတစ်ဦး) ကိုတိုးကျော်လှိုင်အား ဘိုကလေးမြို့နာဂစ်ဒုက္ခသည်များအား ကူညီ ပြီး ပြန်လာပြီးနောက် ဖမ်းဆီးသွားခဲ့သည်။ ကိုတိုးကျော်လှိုင်နှင့်အတူ (၈၈) မျိုးဆက်မှ သုံးဦးအဖမ်းခံရသည်။ ယခုရက်ပိုင်းအတွင်း အခြား အဖမ်းခံရသူများမှာ မအိမ့်ခိုင်ဦး၊ မယဉ်ယဉ်ဝိုင်း ခေါ် ဆည်းဆာ၊ မတင်တင်ချို၊ ကိုဇော်၊ ကိုတင်မောင်ဦး၊ မနှင့်ပွင့်ဝေ၊ ကိုလင်းထက်နိုင်၊ ကိုရဲတံခွန်၊ မနီမိုလှိုင် တို့ဖြစ်ကြသည်။

အောက်တိုဘာ (၁၇) ရက်တွင် ၈၈ မျိုးဆက်ကျောင်းသားများအနက် (၂) ဦးဖြစ်သူ မခင်မိုးအေးနှင့် ကိုကျော်စိုးတို့အား နိုင်ငံခြားငွေ လက် ၀ယ် တွေ့ရှိမှုအက်ဥပဒေ ပုဒ်မ ၂၄ (၁) အရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်(၃) နှစ်စီ ချမှတ်ခြင်းခံရသည်။ ၎င်းတို့အား ၂၀၀၇ ခုနှစ် ဒီဇင်ဘာလ (၁၂) ရက်နေ့တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် စအဖ မှ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

မခင်မိုးအေးသည် ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှုများအတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂတွင် ပါဝင်ခဲ့ပြီး ၁၉၉၁ ခုနှစ်တွင် ဒေါ်အောင်ဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရစဉ်က ရန်ကုန်တက္ကသိုလ်တွင်ပြုလုပ်ခဲ့သည့် ထောက်ခံပွဲများကို ဦးဆောင်ခဲ့သဖြင့် ထောင်ဒဏ် (၁၀) နှစ် ကျခံခဲ့ရသည်။ သို့သော် နှစ်ပြည့်မနေခဲ့ရဘဲ ၁၉၉၂ ခုနှစ်တွင် ပြန်လည်လွှတ်ပေးခြင်းခံရပြီး ကိုအောင်ထွန်း ရေးသား ပြုစုသော မြန်မာနိုင်ငံကျောင်းသားသမိုင်းစာအုပ်ကို အကူအညီပေးခဲ့သဖြင့် ၁၉၉၈ ဖေဖော်ဝါရီလတွင် နောက်တစ်ကြိမ် အဖမ်းခံရသည်။ ၂၀၀၃ ခုနှစ် မေလတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

ကိုကျော်စိုးသည် ၁၉၉၀ က ကိုဖုန်းမော် (၂) နှစ်ပြည့်အခမ်းအနားဖြစ်မြောက်ရေး (၁၉) ဦးကော်မတီတွင် ပါဝင်ခဲ့သောကြောင့် အခြား ကော်မတီဝင်များနှင့်အတူ အဖမ်းခံခဲ့ရပြီး ထောင်မှပြန်လွတ်လာသောအခါတွင်လည်း ဒီမိုကရေစီရေးနှင့်ကျောင်းသားရေးရာများကို ဆက် လက် ဆောင်ရွက်နေဆဲဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ် (ဗကသ)

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများအဖွဲ့ချုပ်ခေါင်းဆောင် ဒီငြိမ်းလင်းကိုလည်း ထောင်ဒဏ် (၁၀) နှစ်ခွဲချထားပြီးဖြစ်သည့်အပြင် နောက် တိုး သင်းဖွဲ့ ပုဒ်မနှင့် ဆက်လက်ရုံးထုတ်နေဆဲဖြစ်သည်။

နိုဝင်ဘာ (၁၃) ရက်တွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ အဖွဲ့ချုပ် (ဗကသအဖွဲ့ချုပ်) ခေါင်းဆောင်တစ်ဦး ဖြစ်သည့် မဟန်နီဦး အား အသင်းအဖွဲ့ပုဒ်မ (၆) ၅၀၅/ခ တို့ဖြင့် ထောင် (၉) နှစ်ခွဲ ချမှတ်ခံရသည်။အသက် (၂၁) နှစ်အရွယ် ဥပဒေကျောင်းသူ မဟန်နီဦးတွင် လေးဘက်နာရှိကြောင်း မိသားစုဝင်များက ပြောသည်။

(စည်သူမောင်နှင့်အတူ။ စက်တင်ဘာနောက်ပိုင်း) ရှမ်းပြည်နယ်၊ လားရှိုးထောင်သို့ပြောင်းရွှေ့ခဲ့။ ထိုထောင်တွင် ဒေါပုံမြို့နယ်မှ ကိုအုန်းဂျော်၊ ကိုထွန်းမြင့်ထွန်း၊ ကိုမင်းဇေယျ၊ ကိုမြင့်ဟန်နှင့် မဂ္ဂင်ဆရာတော်တို့လည်းရှိသည်။

ထို့အပြင် (၈၈) မျိုးဆက် ကျောင်းသားအဖွဲ့နှင့် ၂၀၀၇ ခုနှစ်က ပြန်လည်ဖွဲ့စည်းခဲ့သည့် ဗကသများအဖွဲ့ချုပ်ကို အကူအညီပေးသည့် ကိုယ်ပိုင် စီးပွားရေးလုပ်ငန်းရှင်၊ ကဗျာဆရာများသမဂ္ဂကိုဦးဆောင်ခဲ့သူ ကိုမင်းဟန်အားလည်း အင်းစိန်ထောင်တွင်းအထူးတရားရုံးမှ ထောင်ဒဏ် (၁၁) နှစ် ချမှတ်လိုက်ကြောင်း (၈၈) ကျောင်းသားအဖွဲ့ဝင်တစ်ဦးက အတည်ပြုပြောကြားသည်။

၂၀၀၇ မျိုးဆက်၊ ဗကသ (အထက်မြန်မာပြည်-လူငယ်) ကျောင်းသားခေါင်းဆောင် ကိုထွန်းထွန်းအား မိအောင်မဖမ်းနိုင်သည့်အတွက် ကိုယ်ဝန် သုံးလဖြင့် မိခင်လောင်း မကေသီအောင်အား ဖမ်းဆီးသွားခဲ့ပြီး ဒီဇင်ဘာ (၁၅) ရက်နေ့က စာရွက် စာတမ်းဖြန့်ဝေမှု၊ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် စွဲချက်တင်ကာ ထောင်ဒဏ် (၂၆) နှစ်ချမှတ်လိုက်သည်။ အမှုတွဲများဖြစ်ကြသော ကိုထွန်းထွန်း၏အကို ကိုဝေမျိုး အား (၂၆) နှစ်နှင့် ဦးဇင်းမေတ္တာနိုင်၊ ဦးဇင်းဦးသာဂရနှင့် ဦးသုမင်္ဂလတို့မှာလည်း ၎င်းတို့နှင့် အမှုတွဲများဖြစ်ကြောင်း Freedom News Group ၏ ဘလော့တွင် ရေးသားဖော်ပြထားသည်။

အထက်ဗမာပြည် (မန္တလေး) ဗကသ လူငယ်ကျောင်းသား ကိုဗိုလ်မင်းယုအား အမှုပေါင်း (၄၀) ဖြင့် ထောင်ဒဏ် နှစ်ပေါင်း (၁၀၄) နှစ် ချမှတ်ထားသည်။ မန္တလေးတိုင်း၊ အိုးဘိုထောင်တွင်း တရားရုံးတွင် ရှေ့နေမပါဘဲ တစ်ဘက်သတ်ချမှတ်ခဲ့ခြင်းဖြစ်ပြီး မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ (မဆလ) ခေတ်က ကျောင်းသားခေါင်းဆောင် ကိုတင်မောင်ဦးအေား သေဒဏ်ပေးသည့်ဖြစ်ရပ်နောက်ပိုင်းတွင် ဒုတိယ အကြီးမားဆုံးပြစ်ဒဏ်ဖြစ်ကြောင်း၊ ဗကသ အထက်ဗမာပြည် (မန္တလေး) အဖွဲ့ဝင် ကိုညီညီအားလည်း မန္တလေးထောင်တွင်းတရားရုံးမှ ထောင်ဒဏ် နှစ် (၅၀) ချမှတ်လိုက်ကြောင်း ဖရီးဒဲမ်း သတင်းအုပ်စုဘလော့ဂ်တွင် ဖော်ပြပါရှိသည်။

နာဂစ်မုန်တိုင်းကြောင့် အတိဒုက္ခရောက်နေသော ပြည်သူများကို ကူညီမှုဖြင့် ဖမ်းဆီးထောင်ချခံရသော မျိုးဆက်သစ် လူငယ်များအစည်းအရုံး နှင့် အကောင်းဆုံးမြေသြဇာအဖွဲ့မှ ကျောင်းသားလူငယ်များ၊ ဆရာတော် ဦးစန္ဒိမာအပါအ၀င် ခုနစ်ဦး အမှုတွဲ။ (၈၈) မျိုးဆက်မှ ထောင်ဒဏ် ချကာ နယ်ပို့ခံရပြီးသော မာမာဦး၏ အမှုတွဲများဖြစ်ကြသော (၆) ဦးတို့မှာ အမှုရင်ဆိုင်နေရဆဲဖြစ်သည်။ စုစုပေါင်း (၂၅၀) ခန့်ကို ဝေးလံသော နယ်ထောင်များသို့ ပို့ပစ်ခဲ့ကြောင်း ဒီဗွီဘီ သတင်းတွင် ဖော်ပြထားသည်။

နိုဝင်ဘာ (၁၃) (၈၈) မျိုးဆက် ကျောင်းသားအဖွဲ့ဝင် ကိုမျိုးရန်နောင်သိန်းနှင့် ကိုမင်းမင်းစိုးတို့အား ထောင်ဒဏ် (၂) နှစ်စီနှင့် ကွန်ပြူတာ ပညာရှင် မမြမြသိမ့်အား လှိုင်မြို့နယ်တရားရုံးမှ ထောင်ဒဏ် (၅) နှစ် ချမှတ်လိုက်သည်။ စက်တင်ဘာလအတွင်း နောက်ထပ်ဖမ်းဆီးခံရသူ များမှာ မျိုးဆက်သစ်လူငယ်များအစည်းအရုံးအဖွဲ့ဝင် ကိုစောမောင်နှင့် ကိုကျော်ဦး၊ တရားမျှတမှုအတွက် မျိုးဆက်သစ်လှုပ်ရှားမှု အဖွဲ့ဝင် ကိုကို၊ အကောင်းဆုံးမြေသြဇာအဖွဲ့ဝင် ကိုမောင်ငယ်တို့ဖြစ်ကြသည်။

ပဲခူးထောင်တွင် ကျခံနေရသော နိုင်ငံရေးအကျဉ်းသူ မထားထားသက်အား ထောင်အာဏာပိုင်များက ရာဇ၀တ်မှု အကျဉ်းသူများနှင့် ရောနှော ထားခဲ့ရာ လူပေါင်းစုံနှင့် စီးကရက်ဆေးလိပ်နံ့တို့အား မခံနိုင်သဖြင့် ထောင်ပြောင်းရန်တောင်းဆိုခဲ့ရာ ခန္တီးထောင်သို့ ပို့လိုက်ကြောင်း မိသားစု မှ အတည်ပြုပြောကြားသည်။ မထားထားသက်အား လူဝင်မှုကြီးကြပ်ရေး အက်ဥပ ဒေ ပုဒ်မ ၁၃ (၁) နယ်စပ်ဖြတ်ကျော်မှုအပါအ၀င် ပုဒ်မ (၇) ခုဖြင့် ထောင်ဒဏ် (၁၉) နှစ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

နာဂစ်မုန်တိုင်းအတွင်းတွင် ကိုးနှစ်အရွယ် တစ်ဦးတည်းသောသားနှင့် မိဘနှစ်ပါးတို့ ဆုံးပါးခဲ့ရသော ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်မှ ကိုသီဟသက်ဇင်သည် ယခုအခါတွင် မြစ်ကြီးနားထောင်အတွင်း၌ အအေးဒဏ်ကို မခံနိုင်သောကြောင့် ခေါင်းကိုက်ခြင်းနှင့် နောက်ကျော တက်ခြင်းဝေဒနာကို ပြင်းထန်စွာ ခံစားနေရကြောင်း ထောင်ဝင်စာတွေ့ပြီး ပြန်လာသည့် ဇနီးဖြစ်သူက ဒီဗွီဘီသို့ အတည်ပြုပြောကြားသည်။ ကိုသီဟသက်ဇင်သည် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ (၃) ခုဖြင့် ထောင်ဒဏ် (၁၈) နှစ် စီရင်ခြင်း ခံထားရသူဖြစ်သည်။

ဒီဇင်ဘာ (၁၉) ရက်နေ့ကလည်း ပဲခူးထောင်တွင် (၂) နှစ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား မောင်ဆန်းသည် ဆေးကုသခွင့် တောင်းခံသည်ကို မရသဖြင့် မိမိကိုယ်ကိုယ်သေကြောင်းကြံစည်သွားခဲ့သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ -

၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာ (၃၀) တွင် အဖွဲ့ချုပ်အဖွဲ့ဝင်လူငယ်အား ပြည်သူ့လွှတ်တော်ရှေ့တွင် ဖမ်းဆီးခြင်းခဲ့ကြရသည်။ အဖွဲ့ချုပ်ရုံးတွင် ပြုလုပ်သော လူငယ်ဟောပြောပွဲမှ အပြန်တွင် ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေး…စာတန်းပါ ပိတ်ဖြူဆိုင်းဘုတ်ကို ကိုင်ဆောင်၍ တိတ်ဆိတ် ငြိမ်းချမ်းစွာ လမ်းလျှောက်လာကြစဉ် ရိုက်နှက်ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံရသူ(၉) ဦးမှာ -

စမ်းချောင်းမြို့နယ်မှ အဖွဲ့ဝင်များဖြစ်ကြသော ကိုထွန်းထွန်းဝင်း (လူငယ်တာဝန်ခံ)၊ ကိုထွန်းလင်း၊ ကိုပြည့်ပြည့် (ဒဂုံတက္ကသိုလ် ပထမနှစ် ဥပဒေကျောင်းသား)၊ ကောင်းထက်လှိုင်၊ အောင်ဖြိုးဝေ၊ သက်မောင်ထွန်း၊ ထက်ထက်ဦးဝေ (ရွှေပြည်သာ)၊ ၀င်းမြင့်မောင် ခေါ် ပဲပြုတ် (ခရမ်း)၊ ကိုမင်းသိန်း (သာကေတ) တို့ဖြစ်ကြသည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၁၀) ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် လူငယ် ဘလော့ဂါ နေဘုန်းလတ် (၂၈) နှစ်အား ဗွီဒီယိုပုဒ်မ၊ ပုဒ်မ ၅၀၅ (ခ)၊ အီလက်ထရွန်းနစ်ဥပဒေတို့ဖြင့် တရားစွဲဆိုခဲ့ပြီး ထောင်ဒဏ် အနှစ် (၂၀) နှင့် (၆) လချမှတ်ကာ ကရင်ပြည်နယ်၊ ဘားအံ ထောင်သို့ ပို့ခြင်းခံခဲ့ရသည်။ ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီလ (၂၉) ရက်က ရန်ကုန်တိုင်း၊ သင်္ကန်းကျွန်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင် သွားခဲ့ပြီးနောက် (၉) လအကြာတွင် ထိုသို့စီရင်ခဲ့ခြင်းဖြစ်သည်။ နေဘုန်းလတ် နှင့်အတူ အဖမ်းခံခဲ့ရသော မသင်းဇူလိုင်ကျော်ကိုလည်း ဗီဒီယို အက်ဥပဒေပုဒ်မ ၃၂ (ခ) ၃၆ ဖြင့် ထောင်ဒဏ် (၂) နှစ် ချမှတ်ခဲ့သည်။

၂၀၀၈ ခုနှစ်၊ နိုဝင်ဘာ (၁၂) ရက်က မစုစုနွေးအား ထောင်ဒဏ် (၁၂) နှစ်နှင့် (၆) လနှင့် အမှုတွဲ ဘိုဘိုဝင်းလှိုင်ကို (၈) နှစ် ချလိုက်သည်။ မစုစုနွေးအား ဦးစွာ စွဲဆိုထားသော ပုဒ်မ ၁၂၄ (က)၊ ၁၃၀ (ခ)၊ ၅၀၅ (ခ)/၃၄ တို့ဖြင့် စွဲဆိုထားရာမှ ပုဒ်မ ၁၂၄ (က) ကိုဖြုတ်၍ ပုဒ်မ ၁၅၂၊ ၁၃၀ (ခ)၊ ၅၀၅ (ခ) တို့ဖြင့် ပြောင်းလဲစွဲဆိုခဲ့ သည်။ ၂၀၀၇ ခုနှစ်၊ နိုဝင်ဘာလ (၁၃) ရက်နေ့က စစ်အစိုးရစိုက်ထူထားသည့် “အမေရိကန် အားကိုး၊ ပုဆိန်ရိုး… အဆိုး မြင်ဝါဒီများအား ဆန့်ကျင်ကြ” ဆိုသည့် ဆိုင်းဘုတ်တွင် စစ်အစိုးရဆန့်ကျင်ရေးပိုစတာ ချိတ်ဆွဲစဉ် အဖမ်းခံ ခဲ့ရခြင်းဖြစ်သည်။

ကနေဒါနိုင်ငံအခြေစိုက် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအဖွဲ့ချုပ်က ဂျွန်ဟမ်းဖရေး လွတ်လပ်ရေးဆုကို ၂၀၀၆ ခုနှစ်က ရရှိထားခဲ့သူ မစုစုနွေး တွင် မွေးရာပါ နှလုံးရောဂါနှင့် လေးဘက်နာရောဂါတို့ကို ခံစားနေရပြီး တိမ်းရှောင်နေစဉ် ကာလများအတွင်းက ခွဲစိတ်မှုတစ်ကြိမ် ပြုခဲ့ရသူ လည်း ဖြစ်သည်။ မစုစုနွေး၏လည်ပင်းတွင် အကြိတ်ပေါက်နေသဖြင့် ဆရာဝန်နှင့်တွေ့ခွင့်တောင်းသော်လည်း အာဏာပိုင်များက ခွင့်မပြု ခဲ့ပေ။

နိုဝင်ဘာလ (၁၃) ရက်တွင် အဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးအား အများပြည်သူ ဆူပူမှုဖြစ်ရန်လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) အပါအ၀င် ပုဒ်မ လေးခုဖြင့် တရားစွဲဆိုထားရာမှ ထောင်ဒဏ် (၇ နှစ်၊ ၆ လ) စီ ချမှတ်လိုက်သည်။ ထို (၁၁) ဦးတွင် အသက် (၇၂) နှစ်အရွယ် ဦးတင်ယုအပါအ၀င် လှိုင်သာယာမြို့နယ်မှ ကိုသန်းနိုင်၊ မလှလှမော်၊ ကိုစိုးမင်းမင်း၊ ကိုသန့်ဇင်မျိုး၊ ကိုကျော်စိုးဝင်း၊ ကိုဆန်းဝင်း၊ ကိုအောင်မင်းနိုင်၊ ဦးဝင်းမြင့်၊ ကိုမျိုးကျော်ဇင် (အင်းစိန်) နှင့် ကိုရန်နိုင်ထွန်း (ကြည့်မြင်တိုင်)တို့ဖြစ်သည်။

ရုံးတော်အားမထေမဲ့မြင်ပြုမှု (ပုဒ်မ ၂၂၈) ဖြင့် ထောင်ဒဏ် (၆) လစီ ပို၍ကျခံကြရသူများမှာ ကိုအောင်မင်းနိုင် ခေါ် မီးသွေး (ကြည့်မြင်နိုင်) ကိုမျိုးကျော်ဇင် (အင်းစိန်)၊ ကိုရန်နိုင်ထွန်း၊ ကိုသက်ဇော်မြင့်နှင့် ကိုသန့်ဇင်မျိုး (လှိုင်သာယာ) တို့ဖြစ်ပြီး ယခုအခါ ၎င်းတို့ (၁၁) ဦးအား အင်းစိန် ထောင်သို့ပို့လိုက်ကြောင်းသိရသည်။

တဆက်တည်းမှာပင် အင်းစိန်ထောင်အတွင်း ယာယီတရားရုံးမှ စီရင်ချက်အချခံရသည့် ထောင်ဒဏ် (၇) နှစ်ခွဲ ကျသူများမှာ ကမာရွတ် မြို့နယ်မှ ကိုကျော်စိုးဝင်း၊ ကိုသိုက်မင်းနှင့် မြောက်ဥက္ကလာ အဖွဲ့ချုပ်အဖွဲ့ဝင် ဒေါ်မငယ်တို့ဖြစ်ကြသည်။

တဆက်တည်းမှာပင် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်အဲန်အယ်လ်ဒီ ဥက္ကဌ ကိုမျိုးခင်အား ထောင်ဒဏ် (၄) နှစ်ခွဲ နှင့် ကိုမျိုးခိုင်အား (၆) နှစ်ခွဲ ချလိုက်ကြောင်းလည်း ဧရာဝတီသတင်းတွင်ဖော်ပြထားသည်။

ဇန်န၀ါရီလ (၃) ရက် ၂၀၀၈ ခုနှစ်က နေအိမ်များမှ ဖမ်းဆီးသွားခြင်းခံခဲ့ရသော အဖွဲ့ချုပ်အဖွဲ့ဝင်များအား နိုဝင်ဘာလ၊ (၁၄) ရက် ၂၀၀၈ ခုနှစ်က နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့သည်။ ဒေါပုံမြို့နယ်မှ ကိုကျော်ဇင်ဝင်းအား (၁၆) နှစ်၊ မကြည်ကြည်ဝါအား (၁၁) နှစ်၊ ကိုကျော်ကျော်လင်းအား (၁၃) နှစ် နှင့် ကိုနေဇာမျိုးဝင်း (လူငယ် စည်းရုံးရေးနှင့် ၀ါဒဖြန့်ချိရေးမှူး) ထောင်ဒဏ် (၅) နှစ် တို့ဖြစ်ကြသည်။

မန္တလေး အဖွဲ့ချုပ်ပါတီဝင်များဖြစ်ကြသော ကိုရွှေမောင်း၊ ကိုဝဏ္ဏအောင်နှင့် ကိုဇော်ဝင်းတို့ကိုလည်း ထောင်ဒဏ် (၄) နှစ်ခွဲစီ ချမှတ်ခဲ့သည်။

၎င်းတို့အား ဇန်န၀ါရီလ (၂၁) ရက် ၂၀၀၈ ခုနှစ်တွင် အသင်းအဖွဲ့ ဖွဲ့စည်းခြင်းပုဒ်မ (၆) ဖြင့် ရုံးတင်ခဲ့ပြီးနောက် ဇန်န၀ါရီလ (၂၃) တွင် ဗွီဒီယို အက်ဥပဒေဖြင့် ထပ်မံတရားစွဲဆိုကာ ဧပြီလ (၂) ရက်နေ့တွင် မတရားအသင်းအက်ဥပဒေ ပုဒ်မ (၁၇/၁-၂) ဖြင့် ထောင်ချခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ (၈) ရက် နေ့က မြန်မာနိုင်ငံအလယ်ပိုင်း မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ဆင်ဖြူကျွန်းမြို့နယ်နှင့် မဒဲတိုက်နယ် များမှ အဖွဲ့ဝင် (၁၀) ဦးကို ဖမ်းဆီးလိုက်ကြောင်း ဦးဉာဏ်ဝင်းမှ အတည်ပြုပြောကြားသည်။ အဖမ်းဆီးခံခဲ့ရသူများမှာ ဆင်ဖြူကျွန်းမှ ဦးသိန်းအောင်၊ ပွင့်ဖြူမှ ကိုဌေးမြင့်၊ ကိုဝင်းမောင်၊ ကိုကြည်ဌေးအောင်၊ ကိုကိုဦး၊ ကိုသန်းထွန်းတို့ဖြစ်ကြပြီး လဆန်း (၆) ရက်နှင့် (၇) ရက်များအတွင်း အဖမ်းခံ ခဲ့ရခြင်းဖြစ်ကြောင်းသိရသည်။

စက်တင်ဘာ (၅) ရက်နေ့ကလည်း လှိုင်သာယာမြို့နယ် ရပ်ကွက် (၉) တွင်နေထိုင်သော လူငယ် (၆) ဦးအား အင်းစိန်ထောင်မှအပြန်တွင် ဖမ်းဆီးထားခဲ့သည်။ အဖမ်းခံရသူများမှာ ကိုဇော်မင်းရှိန် (ခ) ကိုကြွက်ဖြူ၊ ကိုတေဇ၊ ကိုဘောလေး၊ ကိုဒိုလေး၊ ကိုဇော်လတ်နှင့် ကိုတင်မင်းထွဋ် (ခ) ကိုကျော်ကျော်တို့ဖြစ်ကြသည်။

မေ (၂၂) ရက်နေ့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးအား ဖမ်းဆီးခဲ့ပြီး (၈) ဦးကို မကြာခင်ပြန်လည် လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း မချို (တောင်ဒဂုံ)၊ ကိုထွန်းဇော်ဇော် (သင်္ကန်းကျွန်း) နှင့် ကိုခင်ထွန်း (ရန်ကုန်တိုင်း၊ အဲန်အယ်လ်ဒီ လူငယ် တာဝန်ခံ) တို့ကိုမူ ဆက်လက်ထိန်းသိမ်းထားဆဲဖြစ်သည်။ မေလ (၁၉) ရက်က အဲန်အယ်လ်ဒီ အဖွဲ့ဝင်များနှင့်ပေါင်းသင်းမှုကြောင့် သာမန်အရပ်သား ထွန်းထွန်းဦး အား စရဖ အဖွဲ့မှ ဖမ်းဆီးသွားခဲ့သည်။

၂၀၀၈ ခုနှစ် ဇွန်လက ဖမ်းဆီးခြင်းခံခဲ့ကြရသော ဒေါပုံမြို့နယ် စည်းရုံးရေး အဖွဲ့ဝင် ကိုအုန်းဂျော်နှင့် ၎င်း၏ အမှုတွဲများအား ဗွီဒီယို အက်ဥပဒေ ပုဒ်မ (၁၃/က) နှင့် (၅၀၅/ခ) ပုဒ်မများနှင့်တရားစွဲဆထောင်ဒဏ် (၅) နှစ်စီ ချမှတ်ခဲ့သည်။ ဖမ်းဆီးစဉ်က သိမ်းဆည်းသွား ခဲ့သော ဒီမိုကရေစီဆိုသည်မှာ အမည်ရှိ ဗွီစီဒီတစ်ချပ်ကိုအကြောင်းပြ၍ ထောင်ချခဲ့ခြင်းဖြစ်သည်။

ထိုနေ့မှာပင် သာကေတမြို့နယ် စည်းရုံးရေးအဖွဲ့ဝင် ဦးတင်မြင့် အား ထောင်ဒဏ် (၂) နှစ် (၆) လ ချမှတ်ခဲ့သည်။ သင်္ဃန်းကျွန်းဥက္ကဌ ဦးတင်မြနှင့် (၇) ဦးအား ဖောက်ခွဲမှုဖြင့်တရားစွဲဆိုဆဲဖြစ်သည်။

၂၀၀၇ စက်တင်ဘာလအတွင်းက လောင်စာဆီဈေးနှုန်းမြင့်တက်ခဲ့မှုကြောင့် ယာဉ်စီးခများ တိုးမြှင့်ကောက်ခံခဲ့ခြင်းအပေါ် လမ်းလျှောက် ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံခဲ့ရသော လှိုင်သာယာမြို့နယ်မှ ကိုသန့်ဇင်မျိုး၊ ကိုသန်းဇော်မြင့်နှင့် ကိုမောင်ဆန်းဝင်း တို့ (၃) ဦးအား(၁၃) ရက် နိုဝင်ဘာလ ၂၀၀၈ ခုနှစ်တွင် ထောင်ဒဏ် (၉) နှစ်နှင့် (၆) လစီ ချမှတ်ခဲ့သည်။ စွမ်းအားရှင်အဖွဲ့မှဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇိုမီးအမျိုးသား ကွန်ဂရက် ဥက္ကဌ ဦးပူကျင့်ရှင်းထန်၏သား ကမ်လမ်ခုပ် ခေါ် ကိုကျောက်ကျော်စိုးအား ထောင်ဒဏ် (၃၃) နှစ်၊ တူ ကမ်ခန့်ခွာလ်အား (၈) နှစ် နှင့် အခြားတစ်ဦးအားလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်လိုက်ကြောင်း ဦးပူကျင့်ရှင်းထန်က ခေတ်ပြိုင်သို့ အတည်ပြုပြောကြားသည်။ ၎င်းတို့မှာ စက်တင်ဘာအရေးအခင်းနှင့်ပတ်သက်၍ အဖမ်းခံခဲ့ကြရခြင်းဖြစ်သည်။

ဒေါင်းမာန် အမည်ရှိ ကဗျာများရေးသားထုတ်ဝေမှုဖြင့် ထောင်ဒဏ် (၁၉) နှစ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်အဖွဲ့ဝင်၊ ကဗျာဆရာ (၃၆) နှစ်ခန့်အရွယ် ကိုအောင်သန်း၌ HIV ပိုး ကူးစက်ခံနေရကြောင်း သိရသည်။ ၂၀၀၆ ခုနှစ်၊ အောက်တိုဘာလတွင်းက အကျဉ်းထောင်တွင်းတွင် အမျိုးသားဆီလမ်းကြောင်းဆိုင်ရာ ဝေဒနာဖြင့် အင်းစိန် ထောင်ဆေးရုံ၌ ကုသမှုခံယူစဉ် တာဝန်ကျ ဆရာဝန်များ၏ ညွှန်ကြားချက်မပါဘဲ ဆေးထိုးပေးခြင်းခံခဲ့ရကြောင်း၊ လအနည်းငယ် ကြာသောအခါ မကြာခဏ အဖျားတက်၍ ကိုယ်ခံအားကျဆင်းလာခြင်း၊ အရေပြားများအမြဲတမ်းအေးနေခြင်းတို့ကြောင့် ဆေးစစ်ပေးရန်တောင်းဆိုသော်လည်း ထောင်အာဏာပိုင်များက ငြင်းဆိုခဲ့ကြောင်း မိခင် ဖြစ်သူ ဒေါ်ခင်စီကို ကိုးကား၍ နယ်ခြားမဲ့သတင်းထောက်များအဖွဲ့နှင့် မြန်မာ့ သတင်းနှင့်မီဒီယာ အဖွဲ့တို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထား သည်။ ကိုအောင်သန်းနှင့်အတူ အဖမ်းခံခဲ့ရသူများမှာ ကိုမောင်မောင်ဦး၊ ကိုဇေယျအောင်(ကျောင်းသား) နှင့် အတိုက်အခံ နိုင်ငံရေး လှုပ်ရှားသူ ကိုစိန်လှိုင်တို့ဖြစ်ကြသည်။

မန္တလေးတိုင်း၊ အမရပူမြို့နယ်၊ အဖွဲ့ချုပ်လူငယ်အဖွဲ့ဝင် ကိုဌေးလွင်ဦးသည် ဒီဇင်ဘာ (၂၈) ရက်နေ့တွင် အဆုပ်ရောဂါဖြင့် ကွယ်လွန် သွားခဲ့သည်။ ကိုဌေးလွင်ဦးအား ပုဒ်မ ၅ (ည) ဖြင့် ၂၀၀၃ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်တွင် ဖမ်းဆီးခဲ့ပြီး ထောင် ဒဏ် (၇) နှစ် ချမှတ်ခံခဲ့ရပြီး ၂၀၀၈ ခုနှစ် နှစ်ဆန်းပိုင်းတွင် ထောင်တွင်း၌ အဆုပ်ရောဂါစတင်ဖြစ်ပွားခဲ့သည်။ ဆေးဝါးကု သခွင့်မရှိခဲ့ခြင်းကြောင့် ရောဂါ အခြေအနေ ပိုမိုဆိုးဝါးလာခဲ့ကြောင်း၊ ဆေးရုံပေါ်တွင် သုံးလကျော် လေးလခန့် တင်ထားပေးသော်လည်း ဆရာဝန်မှ ဆေးညွှန်ကြားချက်တစ်စုံတစ်ရာ မပေးခဲ့ကြောင်း၊ ဆေးဝါး လုံလောက်စွာမရရှိခြင်းကြောင့် အနာတစ်ခြား ဆေးတစ်ခြားဖြစ်ကာ ယခုကဲ့သို့ ဆုံးပါးသွားရခြင်းဖြစ်ကြောင်း တို့ကိုလည်း ဆက်လက်ပြောပြသွားခဲ့သည်။

ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) နှင့်ဆက်သွယ်သောကြောင့် ကိုဌေးလွင်ဦးနှင့်အတူ အဖွဲ့ချုပ် အဖွဲ့ဝင် (၁၁) ဦးလည်း ဖမ်းဆီးခံ ခဲ့ရခြင်းဖြစ်သည်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မှတ်တမ်းများအရ ကိုဌေးလွင်ဦးသည် ထောင်ထဲတွင် ကျဆုံးခဲ့သော (၁၃၈) ယောက်မြောက် နိုင်ငံရေးအကျဉ်းသားဖြစ်သည်။

(ဧရာဝတီ၊ ခေတ်ပြိုင်၊ ဗွီအိုအေ၊ ဒီဗွီဘီ၊ ဖရီးဒမ်း သတင်းအုပ်စုအဖွဲ့များတွင် သွားရောက်ရှာဖွေခဲ့ပါသည်။)

(This is easy from http://www.newmyaaeinkhin.blogspot.com/)


ခွာညို


မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...