Thursday, November 27, 2008

လူရွှင်တော် ဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ကို ထောင်ဒဏ်များ ထပ်မံချမှတ်

စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံထားရပြီးသော ထင်ရှားသည့် လူရွှင်တော် ကိုဇာဂနာကို ယနေ့တွင် ထောင်ဒဏ် ၁၄ နှစ်၊ အားကစား အယ်ဒီတာ ကိုဇော်သက်ထွေးအား ထောင်ဒဏ် ၄ နှစ် ထပ်တိုး၍ ပြစ်ဒဏ်များ ချမှတ်လိုက်ကြောင်း မိသားစုဝင်များကပြောသည်။

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေး (ဓာတ်ပုံ - ဧရာဝတီ)


ကိုဇာဂနာကို ဗီဒီယို အက် ၃ နှစ် အပါအ၀င် ပုဒ်မ ၅၀၅(ခ) ၂ နှစ် ၊ ၁၇/၂ အရ ၅ နှစ် ၊ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် တို့ဖြင့် ထောင်ဒဏ် စုစုပေါင်း ၁၄ နှစ် ကို အင်းစိန်ထောင် အထူးတရားရုံးက ယနေ့ ချမှတ်လိုက်သည်ဟု ခယ်မဖြစ်သူ မငြိမ်းကပြောသည်။
ကိုဇာဂနာသည် နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်သည့် ထောင်ဒဏ် ၄၅ နှစ် နှင့် ပေါင်းလျှင် စုစုပေါင်း ထောင်ဒဏ် ၅၉ နှစ် ကျခံရမည်ဖြစ်သည်။

ကိုဇာဂနာနှင့် အမှုတွဲ ကိုဇော်သက်ထွေး ကိုလည်း ပုဒ်မ ၅၀၅(ခ) ၂ နှစ် နှင့် ၂၉၅(က) ၂ နှစ် ပေါင်း ၄ နှစ် ယနေ့ ထပ်တိုး၍ ချမှတ်လိုက်ရာ နိုဝင်ဘာ ၂၁ ရက်နေ့က ချမှတ်ထားသည့် ထောင်ဒဏ် ၁၅ နှစ်နှင့် ပေါင်းလျှင် ၎င်း သည် ထောင်ဒဏ် ၁၉ နှစ် ကျခံရမည်ဖြစ်သည်။

ယခုကဲ့သို့ ထောင်ဒဏ်များ ထပ်မံချမှတ်လိုက်ခြင်းနှင့်ပတ်သက်၍ ကိုဇော်သက်ထွေး၏ ဇနီး မခိုင်ချိုက အလွန် စိတ်ပျက်မိကြောင်း ပြောဆိုသည်။

“အခုဟာက တရားတယ်၊ မတရားဘူးဆိုတာ အားလုံးကလည်း သိနေကြပါပြီ၊ ကျမအမျိုးသားက နာဂစ်ကိစ္စ လုပ်နေရင်းနဲ့ ဖြစ်သွားတာဆိုတော့ ဒီတခါမှာတော့ လုံးဝမျှော်လင့်မထားဘူး၊ အလှူအတန်းကိစ္စ လုပ်နေရင်း ဖြစ်သွားတာဆိုတော့လည်း ကျမ ဒီထောင်ဒဏ်အပေါ်ကို တော်တော်လေးကို စိတ်ပျက်မိပါတယ်၊ ကောင်းတာ လုပ်ရင်း ဖြစ်ရတာ ဖြစ်တဲ့အတွက် ကောင်းတာတွေပဲဖြစ်လာလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်”ဟု မခိုင်ချိုက ဧရာဝတီသို့ ပြောပြသည်။

အယူခံဝင် နိုင်ရန် ရှေ့နေများနှင့် တိုင်ပင်၍ အတတ်နိုင်ဆုံး ကြိုးစားသွားမည်ဟုလည်း ၎င်းက ဆက်ပြောသည်။

ကိုဇာဂနာ ၊ ကိုဇော်သက်ထွေတို့နှင့်အတူ နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရသော ကိုသန့်ဇင် အောင်ကိုလည်း ယနေ့ ဗီဒီယို အက် အရ ထောင်ဒဏ် ၃ နှစ် တိုး၍ ချလိုက်သောကြောင့် ၎င်းသည် လည်း စုစုပေါင်း ထောင်ဒဏ် ၁၈ နှစ် ကျခံရမည်ဖြစ်ကြောင်း သိရသည်။

ကိုဇာဂနာ၏ ခယ်မ မငြိမ်းက“စွဲထားတဲ့ ပုဒ်မတွေတော့ အကုန်ပြီးသွားပါပြီ၊ ထပ်မတိုးရင်တော့ ပြီးသွားပြီပေါ့”ဟု ပြောသည်။

အဆိုပါ ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့သည် ဆိုင်ကလုန်း လေဘေး ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို အတူ လုပ်ကိုင်ခဲ့ကြသူများဖြစ်ပြီး ၎င်းတို့ကို ပုဒ် ၅၀၅(ခ)၊ ၁၇/၁၊ စသည့် ပုဒ်မများ အပါအ၀င် ပုဒ်မ ၇ ခုဖြင့် အာဏာပိုင်များက စွဲဆိုထားခဲ့သည်။
ကိုဇာဂနာကို လွန်ခဲ့သည့် ဇွန်လဆန်းပိုင်းက ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ နေအိမ်တွင် အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး လေဘေးကယ်ဆယ်ရေးလုပ်ငန်းများ မှတ်တမ်းတင် စီဒီ ဓာတ်ပြား တချပ်၊ ရမ်ဘိုအပိုင်း ၄ ရုပ်ရှင် စီဒီ၊ စိန်စီသော ည စီဒီ၊ ကွန်ပျူတာ ဟတ်ဒစ် တလုံး၊ အမေရိကန်ဒေါ်လာ ၁၀၀၀ နှင့် အက်ဖ်အီးစီ ၃၀ တို့ကို သိမ်းယူသွားခဲ့သည်။

ကိုဇော်သက်ထွေးကို မူ ဇွန်လ ၁၃ ရက်နေ့က မြန်မာနိုင်ငံ အလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့် အမှုတွဲဖြစ်သော ကိုတင်မောင်အေးကိုလည်း နိုဝင်ဘာ ၂၁ ရက်နေ့က ထောင်ဒဏ် ၂၉ နှစ် ချမှတ်ထားသည်။

နိုဝင်ဘာ ၂၄ ရက်နေ့ကလည်း မျိုးဆက်သစ် လူငယ်များ အစည်းအရုံး အဖွဲ့(GW)မှ ကိုတင်မျိုးထွတ် ခေါ် ကိုကျော်ဦး နှင့် ကိုစောမောင်တို့ ၂ ဦးကို လ၀က ပုဒ်မ ၁၃/၁ ၊ တရားမ၀င် အဖွဲ့အစည်း ပုဒ်မ ၁၇/၁ တို့အရ ထောင်ဒဏ် ၈ နှစ် ချမှတ်ခဲ့သည်။

ယင်းသို့ ပြစ်ဒဏ်မှတ်ချခြင်းများသည် တဖက်သတ် မတရား ချမှတ်ခြင်းဖြစ်ကြောင်းနှင့် ငြိမ်းချမ်းသော နည်းလမ်း များဖြင့် ဆန္ဒ ထုတ်ဖော်ခဲ့သော မျိုးဆက်သစ် လူငယ်များကို ယခုကဲ့သို့ မတရား ဖမ်းဆီးထောင်ချနေရုံဖြင့် နိုင်ငံ တွင်း ပဋိပက္ခများ ပြေလည်သွားမည် မဟုတ်ဘဲ စစ်အစိုးရ အနေနှင့် ပိုမိုအင်အားကြီးမားသော လှုပ်ရှားမှုများနှင့်သာ ရင်ဆိုင်ရမည် ဖြစ်ကြောင်း ယမန်နေ့တွင် GW အဖွဲ့က ကြေညာချက် ထုတ်ပြန်ထားသည်။

ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း(အေအေပီပီ) ၏ ပြောဆိုချက် အရ စစ်အစိုးရက ယခုလအတွင်း နိုင်ငံရေးအမှုလိုက်ရှေ့နေများအပါအ၀င် ထင်ရှားသည့် ကျောင်းသားခေါင်း ဆောင်များ၊ စာနယ်ဇင်းသမားများ၊ အနုပညာရှင်များ၊ သံဃာတော်များ စသည့်နိုင်ငံရေးလှုပ်ရှားသူ ၁၄၃ ဦးကို ထောင်ဒဏ်များ ချမှတ်ခဲ့ပြီး နိုင်ငံရေးအကျဉ်းသား ၁၀၀ ကျော်ကို ထောင်ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။

Thursday, 27 November 2008 18:54 ၊ ကိုစိုး

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူမျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

အင်တာနက် အသုံးပြုသူများ လုံခြုံမှုအတွက် စိုးရိမ်

နယူးဒေလီ(မဇ္ဈိမ)။ ။ အတိုက်အခံများကို အီလက်ထရောနစ် အက်ဥပဒေအရ နှစ်ရှည် ထောင်ဒဏ်များ ချမှတ်လာခြင်းကြောင့် မြန်မာပြည်တွင်းရှိ အင်တာနက် သုံးသူများအတွင်း မလုံခြုံမှု ပိုမို ခံစားလာနေရသည်။

ဘလော့ဂ်ဂါ ကိုနေဘုန်းလတ် အပါအ၀င် ဟာသ သရုပ်ဆောင် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့အား အီလက်ထရောနစ် အက်ဥပဒေ ပုဒ်မများတပ်ကာ အမြင့်ဆုံး ထောင်ဒဏ် ၄၅ နှစ်အထိ နှစ်ရှည်ထောင်ဒဏ် အသီးသီး ချမှတ်ခဲ့သည့် နောက်ပိုင်း စိုးရိမ်မှု ပိုလာခဲ့ခြင်း ဖြစ်သည်။

"မလုံခြုံဘူး။ စိတ်လည်း ညစ်ရပါတယ်။ အခုဆို စာပို့ပြီးတာနဲ့ အကုန်ဖျက်ချရမလို ဖြစ်နေပြီ။ အင်တာနက် သုံးရုံနဲ့ ထောင်ချ အပြစ်ပေးတာတော့ မဖြစ်သင့်ပါဘူး။ သူတို့ (အာဏာပိုင်) တွေလည်း အင်တာနက် သုံးနေတာပဲ" ဟု အမည်မဖော်လိုသူ ပြည်တွင်း ဘလော့ဂ်ဂါတဦးက ပြောသည်။

ဟာသ သရုပ်ဆောင် ကိုဇာဂနာက သူ့အား အမှုစီရင်ချက် ချသည့်နေ့တွင် တရားခွင်၌ "ကျနော့်ကို (အိုင်) သုံးလုံးနဲ့ ထောင် ၄၅ နှစ်ချလိုက်တာ။ အိုင်တီကို လေ့လာချင်လို့ အင်တာနက် သုံးလိုက်တာ အင်းစိန်ထောင် ရောက်သွားတယ်" ဟု ဟာသနှောပြီးပြော ဆိုခဲ့ကြောင်း သူ၏ ခယ်မဖြစ်သူ မငြိမ်းက ပြန်လည် ပြောပြသည်။

လွန်ခဲ့သည့် အောက်တိုဘာလအတွင်း စစ်တပ်မှ မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်းရှိ လယ်ယာမြေများအား သိမ်းယူခဲ့ရာ ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ် (ILO) တိုင်ကြားခဲ့သည့် လယ်သမား ၃ ဦးအား အီလက်ထရောနစ် အက်ဥပဒေဖြင့် ပုဒ်မတပ် တရားစွဲဆိုခဲ့သည်။

အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကလည်း အင်တာနက်ကို နေ့စဉ်အားကိုး အသုံးပြုနေရသည့် မီဒီယာသမားများ အနေဖြင့် စိုးရိမ်စရာ ရှိနေသည်ဟု ဆိုသည်။

"အကြမ်းဖျင်းတော့ စိုးရိမ်စရာ ကောင်းတယ်။ မီဒီယာသမားတွေဆိုတာကတော့ သတင်းနဲ့ပတ်သက်တာ အကုန်လိုက်ဖတ်ရတာလေ။ ဒါပေမဲ့ သုံးစွဲတဲ့လူ ကြည့်တဲ့ဆိုဒ်ကို ဘယ်သူက လိုက်ကြည့်နေလဲ ဆိုတာလဲ ရှိသေးတယ်။ တရားဝင် သုံးစွဲခွင့် ရတဲ့ဆိုဒ်တွေ ကြည့်ပြီးတော့ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘာမှမဖြစ်ပါဘူး" ဟု အပတ်စဉ်ထုတ် ဂျာနယ်အယ်ဒီတာ တဦးကပြောသည်။

"ကျနော်တို့ ကြည့်နေတဲ့ ဟာတွေက တရားဝင်ဆိုဒ်တွေ ခွင့်ပြုဆိုဒ်တွေ ကြည့်တာလေ။"

အီလက်ထရောနစ် အက်ဥပဒေသည် စစ်အစိုးရက သူနှင့် သဘောကွဲလွဲသူများအပေါ် စွဲဆိုလေ့ရှိသော လက်နက်တခုဖြစ်ပြီး အင်တာနက်ကို အသုံးပြု၍ အာဏာပိုင်များကို ထိခိုက်နစ်နာစေရန် သတင်း အချက်အလက်များ ဖြန့်ဝေသည်ဟု ဆိုသည်။

ယခုလို အီလက်ထရောနစ် အက်ဥပဒေဖြင့် နှစ်ရှည်ထောင်ဒဏ် ချခံရသူ အများစုသည် အာဏာပိုင်များ သတ်မှတ်ထားသည့် ဥပဒေနှင့် ငြိစွန်းခြင်း မရှိသည့်အပြင် လက်ရှိ သုံးစွဲနေသူများကို ခြိမ်းခြောက်သည့် မတရားသည့် ဥပဒေ တခုသာဖြစ်ကြောင်း ထိုင်းအခြေစိုက် မြန်မာ့သတင်းသမဂ္ဂ (BMA) ၏ အတွင်းရေးမှူးဖြစ်သူ ဦးစံမိုးဝေက ပြောသည်။

"ဒီဟာက အတိုက်အခံတွေ၊ စာနယ်ဇင်း သမားတွေ၊ နိုင်ငံရေး ပြုပြင် ပြောင်းလဲချင်သူတွေကို နှိပ်ကွပ်ဖို့ လုပ်ထားတဲ့ ဥပဒေ။ မလုပ်ရဲအောင်၊ မသုံးရဲအောင် ခြိမ်းခြောက်နေတဲ့ မတရားတဲ့ ဥပဒေ၊ ဖိနိပ်မှုတခုပဲ ဖြစ်တယ်" ဟု သူက ပြောသည်။

သို့သော်လည်း လက်တွန့်သွားမှာ မဟုတ်ကြောင်း ထုတ်ဖော် ပြောဆိုသူများလည်း ရှိနေသေးသည်။

"ပုဒ်မ အမျိုးမျိုးတပ်ပြီး ထောင်ဒဏ်ချမှာပဲ။ သူတို့တွေ ဘယ်လိုပဲလုပ်လုပ်၊ ဘယ်လိုပဲ ကြောက်အောင် ခြောက်ခြောက် ကျနော်တို့ လုပ်စရာတွေကို ဆက်လုပ်သွားမှာပဲ" ဟု ပြည်တွင်း ဘလော့ဂ်ဂါ တဦးက ပြောသည်။

နန်းဒေ၀ီ
ကြာသပတေးနေ့၊ နိုဝင်ဘာလ 27 2008 15:24 - မြန်မာစံတော်ချိန်

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.mizzimaburmese.com မှ ကူးယူတင်ပြပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

Wednesday, November 26, 2008

ထိုင်းမှာ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေကို ပိတ်လိုက်ရပြီ


(ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ ကို ဆဗန်န်နဘွန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်းတွင်းထဲမှာတွေ့ရစဉ်)
လေဆိပ်ကို ပိတ်လိုက်ရခြင်းကြောင့် စီးပွားရေးအရ ဘတ်ငွေ ၃ ဘီလီယံ ဆုံးရှုံးခဲ့
တနေ့ ကို စီးပွားရေးအရ ခန့်မှန်းခြေ ဘတ်ငွေ ၁ ဘီလီယံ ဆုံးရှုံးနိုင်

ထိုင်းနိုင်ငံ၏ အဓိကအချက်အချာကျတဲ့ ဘန်ကောက်မြို့ရှိ ဆဗန်န်နဘွန် (သုဝဏ္ဏဘူမိ ) အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ ဗုဒ္ဓဟူးနေ့ နံနက် (၅:၀၀) ၌ ဗုံးပေါက်ကွဲမှုတခု ဖြစ်ပွားပြီး လူ ၄ ယောက် အပြင်းအထန် ဒဏ်ရာရရှိခဲ့သလို၊ ဒွန်မောင်း အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ လည်း နံနက် (၆:၄၀) ၌ ပေါက်ကွဲမှုတခု ဆက်တိုက် ဖြစ်ပွားခဲ့တာကြောင့် လူ ၃ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ ကြောင်း ထိုင်းရဲအဖွဲ့က အတည်ပြု ပြောကြား ခဲ့ပါတယ်။ ကျွန်နော်တို့ဆီကို နောက်ထပ် ၀င်ရောက်လာတဲ့ သတင်းတွေ အရ၊ ဆဗန်န်နဘွန် (သုဝဏ္ဏဘူမိ ) အပြည်ပြည်ဆိုင်ရာ လေယာဉ်ကွင်း မှာ ဗုံးသုံးလုံး၊ ဒွန်မောင်း အပြည်ပြည် ဆိုင်ရာ လေယာဉ်ကွင်းမှာ လေးလုံး ဆက်လက် ဗုံး ပေါက်ကွဲ သံတွေ ကြားနေရတယ် လို့ဆိုတယ်။

ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင် က သူဟာ ထိုင်းနိုင်ငံပြန်လာပြီး၊ ထိုင်းနိုင်ငံရေးလောက ကိုပြန်လည်ခြေချဖို့ မနေ့က တရားဝင် ကြေညာခဲ့ပြီးနောက်၊လက်ရှိ ထိုင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ နှင့် အတိုက်အခံတွေ ပါတီတွေ ဟာ တော်တော့်ကို အမျက်ဒေါသ ဖြစ်နေကြတယ်။ လက်ရှိ ၀န်ကြီးချုပ် ဆွန်ချိုင်း က ပါလီမာန်ကို မဖျက်သိမ်းပေးနိုင်ဘူး ဟု အသိပေးကြေညာခဲ့မှုအပေါ် ကို လည်း ထိုင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေက ပြင်းပြင်း ထန်ထန် စိတ်ဆိုးဒေါသ ထွက်ခဲ့ကြတယ်။ အတိုက်အခံ ပီအေဒီ ကို ထောက်ခံဆန္ဒပြသူတွေက ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် (Somchai Wongsawat) နုတ်မထွက်မချင်း လေယာဉ်ကွင်းကို သွားတဲ့ အဓိက လမ်းမကြီးကို ဆက်ပြီး ပိတ်ဆို့ထား မှာဖြစ်တယ်လို့ ဆိုပါတယ်။ ထိုင်း အစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ ဟာ လေဆိပ်အတွင်းထိဆီကိုတောင် အလုံးအရင်နဲ့ ၀င်ရောက် လာပြီး၊၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်၏ လေယာဉ်ကိုမဆင်းသက်နိုင်အောင် ကျိုးစားမှုတွေရှိနေကြတယ်။ အစိုးရ ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေ အကြား အကြမ်းဖက်မှု ဖြစ်တဲ့အထိ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။ တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် သေနတ်တွေ လောက်လေးခွတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေကြ ပါတယ်။ လောလော ဆယ် မှာတော့ အ၀င်၊ အထွက် လေယာဉ်တွေကို ထိမ်းချုပ်ကွပ်ကဲ သူတွေဟာ အလုပ်တာဝန်ထမ်းဆောင်နိုင်မှုမရှိတော့ တာကြောင့်၊ လေဆိပ်တွေ ကို ပိတ်ပြစ် လိုက်ရပါပြီ။ ထိုင်းနိုင်ငံရှိ နိုင်ငံတကာ သံရုံးအသီးသီးကလည်း လုံခြုံရေးအတွက် သူတို့နိုင်ငံသားများကို လေဆိပ်နဲ့ အဝေးဆုံးတွေမှာ ရှိနေကြဖို့ ညွှန်းကြားချက်၊ အကြံပေးချက်တွေ ထွက်ပေါ်နေပါတယ်။



တိုင်းပြည်ရဲ့ အချက်အချာကျတဲ့လေယာဉ်ကွင်းကြီးတွေမှာ အခုလို ဆန္ဒပြမှုတွေ ဖြစ်ပေါ် နေခြင်း ဟာ လက်ရှိဝန်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်နှင့် သူ့အစိုးရကို ဖျက်သိမ်းဖို့၊ နုတ်ထွက်ဖို့ တွန်းအားဖြစ်စေတဲ့ အတိုက်အခံတို့ရဲ့ အကြီးအကျယ် စိန်ခေါ်မှုကြီး ဖြစ်တယ်။ လေဆိပ်တွေကိုပိတ်လုပ်ရတာဟာ လက်ရှိ ထိုင်းအစိုးရ အဖို့ အတော့်ကို အကျပ်အတည်း တွေ့စေပြီး၊ ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ်နုတ်ထွက် ပေးရဖို့ထိတောင် ဖြစ်ပေါ်လာ နိုင်လိမ့်မယ် လို့၊ ထိုင်းနိုင်ငံရေး လေ့လာသုံးသပ်နေသူ တွေက ခန့်မှန်းပြောဆို နေကြပါတယ်။ တချို့ ကလည်း ၀န်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် က လက်ခံမှာ မဟုတ်ဘူးလို့ တွက်ဆနေကြတယ်။

လက်ရှိ ၀န်ကြီးချုပ်ဆွန်ချိုင်း ဝေါင်ဆာဝတ်ဟာ ထိုင်းဝန်ကြီးချုပ်ဟောင်းတပ်စင်နှင့် ယောက်ဖတော်စပ်သလို၊ ထိုင်းဝန်ကြီးချုပ် ဟောင်းတပ်စင်ရဲ့ ရုပ်သေးအစိုးရတရပ်လို့၊ အတိုက်အခံတွေ နဲ့ ထိုင်းနိုင်ငံရေး လေ့လာသုံးသပ် နေသူတွေက ဝေဖန် ပြောဆို နေကြပါတယ်။

ထိုင်းစစ်ဦးစီးချူပ် အနုပွန် ပေါင်ချင်ဒါကတော့ လက်ရှိအစိုးရအနေနဲ့ ရွှေးကောက်ပွဲ အသစ်ကိုပြုလုပ်ပေးခြင်း အားဖြင့် ရင်ဆိုင်နေရတဲ့ နိုင်ငံရေးအကျပ်အတည်းပြသာနာကို ကျော်လွှားသင့်တယ်လို့၊ သတင်းစာရှင်းလင်းပွဲ တခုမှာ ပြောဆိုသွားပါတယ်။သူဟာ စစ်တပ်အကြီးအကဲတွေ၊ စီးပွားရေး၊နိုင်ငံရေးအသိပညာရှင်တွေ၊ လုံခြုံးရေးကို တာဝန်ယူထားသော အကြီးအကဲတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုအပြီး၊ ဒီလိုပြောဆိုသွားခြင်း ဖြစ်ပါတယ်။ ထိုင်းဝန်ကြီးချုပ် ဆွန်ချိုင်း ဝေါင်ဆာဝတ် ကတော့ ရွှေးကောက်ပွဲ အသစ် ပြုလုပ်ပေးရမဲ့ အဆိုပြုချက် ကို လက်မခံဘဲ၊ ပယ်ချ လိုက်တယ်။

ထိုင်းအစိုးရကို ဆန့်ကျင်ဆန္ဒပြသူတွေ အပေါ် တိုင်းစစ်တပ်၏ ကိုင်တွယ်နေမှုဟာ အမတန်မှ ယဉ်ကျေး သိမ်းမွှေ့ပြီး၊ အဆင့်အတန်းဂုဏ် သိက္ခာရှိတာမို့ ၊ လူသားမဆန်တဲ့ မြန်မာစစ်တပ် လူသတ်အာဏာရှင် တွေ အတွက်တော့ အတုခိုးပြီး သင်တန်းသွားယူသင့်တယ်။ နောင် စစ်တပ်မှာ အကြီးအကဲလုပ်လိုချင်သူများ အနေနဲ့၊ ယဉ်ကျေးတဲ့ ဒီမိုကရက်တစ် တိုင်းပြည်တွေမှာ ယဉ်ကျေးတဲ့ စစ်တပ် ခေါင်းဆောင်တွေက ဘယ်လို ယဉ်ယဉ်ကျေးကျေးနဲ့ တာဝန်ယူ ဖြေရှင်းမှုတွေကို ပြုလုပ်နေသလဲဆိုတာ လေ့လာဆည်းပူးသင့်တယ်။

-အောင်မိုး & ဂျေရာပွန်သော်မကင် ( ဘန်ကောက်)-

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://komoethee.blogspot.com မှ ကူးယူမျှဝေပါ၏ ။

အပြည့်အစုံ ဖတ်ရန် ...

Sunday, November 23, 2008

ရာစုနှစ်ကို အားကောင်းမောင်းသန် ဆန်တက်ခဲ့တဲ့ … အလံတလက်

သူငယ်ချင်း ‘ဂုရု’ သို့မဟုတ် ‘နေလ’ သို့မဟုတ် ရာစုနှစ်ကို အားကောင်းမောင်းသန် ဆန်တက်ခဲ့တဲ့…
အလံတလက်


သူရဲဘောကြောင်တဲ့ သေခြင်းတရားက
ကောက်မြည်းသွားတာ အခံရခက်ဆုံးပဲ …။

ကောင်းရာသုဂတိဆိုတာ
သူရဲကောင်းဝိညာဉ်တွေနဲ့သာ
ဌာပနာတည်တဲ့ စေတီ …။

ထို့အတူ
သူရဲကောင်းတွေသာ
မြှုပ်နှံရာ ရင်ပြင်နီ
သူငယ်ချင်းရေ … ဂွတ်ဘိုင် ။ ။

သစ်ကောင်းအိမ် (ဇော်ကြီး)

တင်ပြသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ တင်ပြပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

ကျောပေါ်က တောင်ယာများ




သစ်ခြောက်ပင်ပျောက်
တတောလုံး မီးခိုးလွှမ်းခဲ့ရ
သူဟာ အမာဆုံး သစ်သား
ပြီးတော့
သူ့အနှစ်အသားတွေကို
ချစ်လွန်းလို့ ပေးဆပ်နေသူ
သူရင်နဲ့ ထုဆစ်ခဲ့တာ
ဖွေရှာမရနိုင်သေးတဲ့
လူတွေ၊ ဥစ္စာတွေကတော့
အပြိုအပျက်
ဒီလိုပဲ
တိမ်ဝှက်ကစားကြတဲ့အခါ
အံကြိတ်သက်မချ
သင်္ခါရဆိုတာလည်း
နေသေးသပပေါ့
မီးရှို့တောင်ယာတွေ ကျောပေါ်တင်
ယာခင်းတခွင် လှည့်ကြည့်ဖို့
ဟိုမှာ ရဲဘော်တွေ စောင့်နေကြလေရဲ့ …။ ။

(ရဲဘော်တိုက်မောင်း၊ ရဲဘော်ထက်မိုး၊ ရဲဘော်ဂုရုနဲ့ အခြားရဲဘော်များသို့ …)


ချိုစိမ့်

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

ရဲဘော်ဂုရု၏ နာရေးဖိတ်ကြားစာ



မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

အကြွေစောလွင့် ရဲရင့်တိမ်လွှာ





ရဲဘော်ဂုရု၏ ဈာပနအခမ်းအနားတွင် ဝေငှသည့် ဂုဏ်ပြုလက်ကမ်းစာရွက်

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://drlunswe.blogspot.com မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

မျိုးဆက်သစ်


ဘ၀ကိုစတေး
အသက်ကို ပေးလို့
အာဇာနည်တွေ
နှစ်ပေါင်းများစွာ
အသက်ပေါင်းများစွာ
ပေးဆပ်ခဲ့ကြ…။

အို…စစ်အာဏာရှင်ရူးတို့
တော်လှန်ရေးကို
မျိုးဆက်ပြတ်အောင်
နှိပ်ဆက်သတ်ဖြတ်
ရက်စက်သော်ငြား
အနာဂတ်အတွက်
မျိုးဆက်သစ်တွေ
အသစ်တဖန်
ရှင်သန် မွေးဖွားနေမှာ
သေချာတယ် …။ ။

မောင်တင်ထွန်း
Monday, November 24, 2008

မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.naytthit.com မှ ကူးယူ မျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...

စီးပွားပျက်ကပ်ကြောင့် စင်ကာပူရောက် မြန်မာအလုပ်သမားများ ဒုက္ခ တွေ့နေ

အလုပ်ရှာမရခြင်းနှင့် အလုပ်ရပ်နား ခံရခြင်းတို့ကြောင့် စင်ကာပူနိုင်ငံမှ မြန်မာ အလုပ်သမားများမှာ တပတ်အတွင်း ရာနှင့်ချီ၍ ပြန်သွားရကြောင်း ကြားသိရသည်။

စင်ကာပူနိုင်ငံ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန (MOM) က စင်ကာပူနိုင်ငံရှိ ကုမ္ပဏီများ အနေနှင့် အလုပ်သမားနှင့် လစာ လျှော့ချနိုင်ကြောင်းကို ယခင်လက ထုတ်ပြန်ကြေညာခဲ့သည်။



စင်ကာပူရောက် မြန်မာများ စုကာငှားနေသည့် အိမ်ခန်းများ — ဓာတ်ပုံ - ချန်း(အလုံ)

စင်ကာပူ နိုင်ငံတွင် OCBC, POSB, DBS, UOB နှင့် City Bank ဟူ၍ ဘဏ် ၅ ခုရှိသည့်အနက် ကမ္ဘာ့ စီးပွားပျက် ကပ်ကြောင့် DBS ဘဏ်၏ ဟောင်ကောင်နှင့် စင်ကာပူဘဏ်ခွဲများမှ ဝန်ထမ်း ၉၀၀ ကို ယခင်အပတ်က ဖြုတ်လိုက်ပြီး ယနေ့တွင် တကမ္ဘာလုံးရှိ စီးတီးဘဏ်ဝန်ထမ်း ၃ သိန်း ၇ သောင်းအနက် ၅ သောင်းကို အလုပ်ဖြုတ်လိုက်သောကြောင့် စင်ကာပူအခြေစိုက် စီးတီးဘဏ်အလုပ်သမား များလည်း ပါဝင်နိုင်ကြောင်း သိရသည်။

စီးပွားပျက်ကပ်ကြောင့် အလုပ်သမားများလျှော့ချရာတွင် စင်ကာပူနိုင်ငံရှိ မြန်မာအလုပ်သမားများပါ ထိခိုက် ခြင်းဖြစ်ပြီး တချို့မှာ နေထိုင်ခွင့် (ပီအာရ်) ရရှိထားသူများပင် ပါဝင်သည်ဟု အော်တိုကတ် ဒရက်ဖ်မင်း (AutoCAD Draftsman) တဦးဖြစ်သူ ကိုဇော်မင်းဦးက ပြောသည်။

“ကျနော့်အခန်းဖော်ဆို ဗိသုကာဘွဲ့ရ၊ စင်ကာပူနိုင်ငံမှာ ၁ နှစ်ခွဲ လုပ်သက်ရှိတာ။ ခု အလုပ်ပြုတ် သွားပြီ။ အောက်တိုဘာ ၃၁ ရက်နေ့ကမှ ပြန်သွားတာ” ဟု သူကဆိုသည်။ ၎င်း၏ အခန်းဖော်မှာ မပြန်ခင်တွင် S - pass ကဒ်ပြန်မသိမ်းသေးဘဲ တလခန့်အလုပ်ရှာရန် အချိန်ပေးသည့်ကြားမှ အလုပ်မရနိုင်ဘဲ ပြန်သွားရခြင်းဖြစ်သည်။

ဆက်လက်၍ ၎င်းက တချို့ကုမ္ပဏီများတွင် သောကြာနေ့ကို နှစ်စဉ်ခံစားခွင့်သဘောဖြင့် ခွင့်ပေးခြင်း၊ တချို့မှာ လစာမဲ့ခွင့် အကန့်အသက်မရှိ ယူခိုင်းခြင်း၊ တချို့က လစာ ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်းထိ လျှော့ခြင်းများ ပြုလုပ်သည်ဟု ဆိုသည်။ ထိုသို့လျှော့ချခံရသူ၊ ခွင့်ပေးခံရသူ၊ အလုပ်ဖြုတ်ခံရသူများထဲတွင် ၎င်း၏ သူငယ်ချင်း များပါရှိသည်ဟု ပြောသည်။

“ပြည်တွင်းက အလုပ်လာရှာပြီး မရလို့ ပြန်ရတဲ့သူတွေကတော့ မှိုလိုပေါက်နေတာပဲ။ ခုချိန်မှာ ထွက်မလာပါနဲ့ လို့ပဲ ပြောချင်တယ်။ ဒီကဘဝတွေကို ဒီကလူတွေပဲ နားလည်ပါတယ်” ဟု သူကဆိုသည်။ စင်ကာပူတွင် ရှိသော ကာစီနို ကစားဝိုင်းတခုလည်း ရပ်နားလိုက်ပြီဖြစ်ရာ ဝန်ထမ်းများကို နေရပ်သို့ ပြန်ခိုင်းလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

အလုပ်ပြုတ်သူများမှာ အထွေထွေ အလုပ်သမားများသာမက အင်ဂျင်နီယာများနှင့် တခြားသော ပညာရှင်ဝန်ထမ်းများပါ ပါဝင်ကြောင်း စင်ကာပူနိုင်ငံတွင် အလုပ်လုပ် နေသည့် Senior consultant တဦးဖြစ်သူ ကိုဖိုးဂျူက ပြောပြသည်။

“တချို့အလုပ်က လစာလျှော့တယ်၊ တချို့ကဝန်ထမ်းလျှော့တယ်။ တချို့အလုပ်က ကျတော့ လစာလည်းမလျှော့ လူလည်း မလျှော့ဘူး ဒါပေမယ့် ကုမ္ပဏီကို မကြာခင် အပြီး ဖျက်သိမ်းမယ်လို့ ပြောတယ်” ဟု ၎င်းကဆက်ပြောသည်။

၎င်းကိုယ်တိုင် မကြာခင်ကမှ ရာထူးနှင့်လစာ တိုးထားသော်လည်း မည်သည့်အချိန်တွင် အိမ်ပြန်ရမည် မပြောနိုင်ဟု ဆိုသည်။ သူတို့ ရှေ့တွင်ပင် မကြာခင်ကမှ ဝန်ထမ်း ၈ ဦး အလုပ်ဖြုတ် ခံလိုက်ရသေးကြောင်း ပြောပြသည်။

“ဘဏ်တွေမှာ ဖြုတ်တာ ဒါရိုက်တာတွေပါ ပါတယ်။ ဘဏ်တွေပြီးရင် အရင်ဆုံးထိတာ ဆောက်လုပ်ရေး ဝန်ထမ်းတွေပဲ” ဟု ကိုဖိုးဂျူက ဆိုသည်။

ယခုနောက်ပိုင်းတွင် မြန်မာပြည်မှ စင်ကာပူနိုင်ငံသို့ အလုပ်ရှာရန်ထွက်လာသည့် ဦးရေ များပြားလာပြီး အများစုမှာ အလည်အပတ် ဗီဇာဖြင့် ထွက်ခွာလာကြခြင်း ဖြစ်ကြောင်း စင်ကာပူနိုင်ငံတွင် ဆိပ်ကမ်း အင်ဂျင်နီယာအလုပ် လုပ်ကိုင်နေသူတဦးက ပြောပြသည်။

“သူငယ်ချင်းတွေ ရောက်နေပြီး ကျနော်တို့ အခန်းတွေမှာ သောင်တင်နေကြတယ်။ ခု ပြန်ရဖို့ ရက်နီးနေပြီ။ အလုပ်ကရှာမရသေးဘူး” ဟု သူကဆိုသည်။

တချို့မှာ ၂ ခါ၊ သုံးခါ ပြန်ကျော့၍ အလုပ်လာရှာကြခြင်း ဖြစ်ရာ စရိတ်သာကုန်၍ အလုပ်မရသောကြောင့် အခက် တွေ့ကြကြောင်း ကြားသိရသည်။

“ကျနော့်သူငယ်ချင်း တယောက်ဆို အိမ်နဲ့ခြံကို ပေါင်ပြီးလာတာ။ နောက်တယောက်က သူများဆီက အတိုးနဲ့ ငွေချေးလာတာ။ နှစ်ယောက်လုံး အင်ဂျင်နီယာတွေပဲ။ အလုပ်မရလို့ ပြန်ရတော့မယ်” ဟု စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသည့် ကွန်ပျူတာ ပညာရှင် တဦးဖြစ်သူ ကိုမိုးဦးက ပြောပြသည်။

မြန်မာနိုင်ငံမှ နိုင်ငံခြားအလုပ်ရှာဖွေရေး ကုမ္ပဏီများအနေနှင့် အမှန်တကယ် အလုပ် ရှာဖွေပေးနိုင်သူများ ရှိသော်လည်း အများစုမှာ ဝန်ဆောင်မှု အမှန်တကယ်မပေးနိုင် သောကြောင့် ပြည်ပတွင် တင်ကြို ရောက်ရှိနေသော အသိမိတ်ဆွေ တဦးဦး၏ အဆက်အသွယ်ဖြင့် အလည်အပတ်ဗီဇာလျှောက်ကာ အလုပ်ရှာကြကြောင်း ကြားသိရသည်။

“အလုပ်တွေ ဖြုတ်နေပေမယ့် အလုပ်ရှာဖို့ လာတဲ့သူတွေကတော့ လာနေတုန်းပဲ” ဟု စင်ကာပူ လေဆိပ်တွင် အလုပ်လုပ်သည့် မြန်မာဝန်ထမ်း တဦးက ပြောပြသည်။

ယခင်က အလည်အပတ်ဗီဇာနှင့်လာ၍ အလုပ်ရှာသူများမှာ အဆင်ပြေကြသော်လည်း ယခုနောက်ပိုင်း ကမ္ဘာ့စီးပွားပျက်ကပ်မတိုင်ခင် သုံး လေးလ အလိုကစ၍ အဆင်မပြေကြတော့ကြောင်း စင်ကာပူ နိုင်ငံတွင် နေထိုင်ခွင့် ဗီဇာ ရရှိနေပြီးဖြစ်သူ အင်ဂျင်နီယာတဦးက ပြောပြသည်။

တချို့မှာ အလုပ်ပွဲစားများနှင့် ချိတ်ခဲ့၍ အလုပ်ရသော်လည်း အလုပ်ရှင်နှင့် အလုပ်ပွဲစား ကြိုတင် ညှိထားသဖြင့် ၂ ပတ်ခန့်သာ အလုပ်လုပ်ရပြီး အလုပ်ပြုတ်ခဲ့ရသူများ ရှိသည်ဟု သူက ဆက်ပြောသည်။ ထိုအခါ ပွဲစားခ ဆုံးကြရသည်။

“ကျနော့်အလုပ်ကတော့ လောလောဆယ် ခိုင်တယ်လို့ ပြောရမယ် ကန်ထရိုက်စနစ်ဆိုတော့ စာချုပ်မပြည့် မချင်းအေးအေးဆေးဆေးပါ။ ဒါပေမယ့် အရမ်းတော့ခိုင်းတယ်။ ခုက ခိုင်းတာကိုပဲ ကျေးဇူးတင်ရမလို ဖြစ်နေပြီလေ” ဟု ကိုဇော်မင်းဦးက ပြောသည်။

လက်ရှိတွင် အလုပ်အဆင်ပြေနေသူတို့မှာလည်း အချိန်မရွေး အလုပ်ပြုတ်နိုင်သောကြောင့် ရင်ထိတ်နေရ သည်ဟု ကိုဖိုးဂျူက ပြောသည်။ အလုပ်ပြုတ်ခြင်း မပြုတ်ခြင်းမှာ အလုပ်ကြိုးစားခြင်း မကြိုးစားခြင်းနှင့် တိုက်ရိုက်သက်ဆိုင်ခြင်း မရှိတော့ကြောင်း သူက ဆက်ပြောသည်။

“ခုအချိန်မှာ စင်ကာပူ နိုင်ငံသားတွေက အပေါင်ဆိုင်တွေရောက်၊ ပီအာရ်တွေက အလုပ်လက်မဲ့ဖြစ်၊ နိုင်ငံခြားသား အလုပ်သမားတွေက ကိုယ့်နိုင်ငံကိုယ်ပြန် … အဲလိုဖြစ်နေတာ” ဟု ကိုဇော်မင်းဦးက ဆိုသည်။


Tuesday, 18 November 2008 19:42 အေးချမ်းမြေ့
မျှဝေသူ ။ ။ နော်မန်
မှတ်ချက် ။ ။ http://www.irrawaddy.org မှ ကူးယူမျှဝေပါသည် ။

အပြည့်အစုံ ဖတ်ရန် ...